အပိုင်း ၆၀
Viewers 9k

Chapter 60

စုန့်ရန်က ကားလ်၏ရှင်းလင်းချက်အနည်းငယ်ကိုသာ သဘောပေါက်သော်လည်း ရုပ်ပုံများကိုကြည့်ခြင်းအားဖြင့် အနိမ့်ဆုံးပုံစံလုပ်ဆောင်ချက်များဖြင့် ရှောင်ကျူက ဤသတင်းစာရှင်းလင်းပွဲတွင် ထိပ်တန်းဦးစားပေးဖြစ်သည်ကို အကြမ်းဖျင်းနားလည်သည်။ 

သူ့မိသားစုမှ ကလေးတစ်ယောက်က မျက်နှာသာပေးခံလိုက်ရသကဲ့သို့ သူ့ရင်ထဲတွင် ဂုဏ်ယူဝမ်းမြောက်မိလာသည်။ 

ကားလ်၏ ရှင်းလင်းချက်များကို ဆက်လက်နားစွင့်နေသော်လည်း ကားလ်က သုံးမိနစ်ခန့်အကြာတွင် သူပြောရမည့်စကားများအားလုံး ပြီးဆုံးသွား၍ စင်မြင့်၏ ဘယ်ဘက်သို့လျှောက်သွားသည်။ ထို့နောက် စင်မြင့်ပေါ်တွင် စကားဆက်ပြောမည့် နောက်လူတစ်ယောက်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

ထိုအချိန်တွင် ကင်မရာများက စင်မြင့်ကို အဝေးမှရိုက်ပြနေ၍ စုန့်ရန်က စကားဆက်ပြောမည့်လူကို ရှင်းလင်းစွာ မမြင်လိုက်ရပေ။ သို့ရာတွင် ထိုလူ၏ မည်းနက်ပြောင်လက်နေသည့်ဆံပင်ကြောင့် အာရှတိုက်သားဖြစ်ကြောင်း သိလိုက်သည်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်ကို မတ်ထားသည်။ ခြေတံရှည်များဖြင့် စင်မြင့်၏အလယ်ကို လျှောက်လာပြီး မီးရောင်များကလည်း သူ့နောက်မှ လိုက်ပါလာသည်။ သူလမ်းလျှောက်လာသည့်အရှိန်က သွက်လက်သော်လည်း တည်ငြိမ်မှုရှိနေ၍ နေရာတစ်ခုလုံးမှလူအားလုံးကို ငြိမ်သက်မှုများ ယူဆောင်လာသည်။

ဟမ်... ဒီကုမ္ပဏီမှာ ယုံကြည်စိတ်ချရတဲ့ အမှုဆောင်အရာရှိတွေ ရှိတဲ့ပုံပဲ...

စုန့်ရန် သူ့ကို အမှတ်တစ်မှတ်ပေးခဲ့သည်။

ထိုလူက စင်မြင့်အလယ်တွင်ရပ်လိုက်ပြီး ပရိသတ်ကို မျက်နှာမူလိုက်သည့်အချိန်မှသာ ကင်မရာမှန်ဘီလူးက သူ့ကိုအနီးကပ်ရိုက်ပြလာ၍ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖန်သားပြင်တွင် ပေါ်လာသည်။

ဒေါက်...

ခွက်က မတော်တဆမှောက်ကျသွား၍ နွေးထွေးသော နို့လက်ဖက်ရည်များက စုန့်ရန်၏ဘောင်းဘီပေါ်တွင် စိုရွှဲကုန်သည်။ သူက အပူကို မခံစားရပဲ ဖန်သားပြင်ကိုသာ ကြောင်အစွာဖြင့် စိုက်ကြည့်နေပြီး တံတွေးမျိုချလိုက်ချိန်တွင် လည်စေ့ကလည်း အတက်အကျဖြစ်နေသည်။ 

ဒါ သူ့ရဲ့ Infinitiနတ်ဘုရားကို မြင်လိုက်ရတာမလား...

ဒါမှမဟုတ် သူ ထင်ယောင်ထင်မှားဖြစ်နေတာလား...

၎င်းက ထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်ပေ။ သူ၏ နတ်ဘုရားက သူသိမ်းထားခဲ့သော ပုံကြမ်းလေးထဲတွင် ရှိနေခြင်းမဟုတ်တော့ပဲ ထို dimensionထဲမှ ထွက်လာကာ ဖော်ရွေမှု၊ နွေးထွေးမှုနှင့် ယုံကြည်မှုရှိသောအပြုံးဖြင့် ကင်မရာဆီသို့ ပြုံးပြခဲ့သည်။ ထို့နောက် လက်ဆန့်ထုတ်၍ မိုက်ခရိုဖုန်းအနေအထားကို ပြင်ဆင်ကာ ပရိသတ်ကို နှုတ်ဆက်လိုက်ပြီး စတင်စကားပြောတော့သည်။ 

စပီကာမှ ရင်းနှီးသောအသံတစ်သံ ထွက်လာသည့်အခါ စုန့်ရန်က ထိတ်လန့်မှုကြောင့် ထိုနေရာတွင်ပင် တောင့်တင်းသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှ HPများလည်း မကျန်ရှိတော့ပေ။

စက္ကန့်အနည်းငယ်ကြာသည်အထိ မှင်သက်ငေးငိုင်နေမိသည်။ 

မူလတွင်မူ ထိုအချိန်က ၁၀စက္ကန့်သာကြာသည်ဟု ထင်လိုက်မိသည်။ 

သို့ရာတွင် ထိုအချိန်က လုံးဝမရွေ့လျားတော့ပဲ ရပ်တန့်သွားသည့်ပုံပေါ်သည်။ သူ့ဦးနှောက်ထဲတွင် ဘာတစ်ခုကိုမှ မစဉ်းစားနိုင်တော့ပေ။ ဝိုးတဝါးဖြစ်စေ၊ အသေးစိတ်ဖြစ်စေ အရေးမကြီးပေ။ အဘယ့်ကြောင့်ဆိုသော် သူ့နားဖြင့် ကြားလိုက်ရသည့်အရာကို မျက်လုံးဖြင့် မြင်လိုက်ရသောအရာဖြင့် မနှိုင်းယှဉ်နိုင်သောကြောင့်ဖြစ်သည်။ ဤကိစ္စကို ခေါင်းထဲထည့်သွင်း၍ မရသည့်အပြင် သူ့အတွေးများလည်း အေးခဲသွားသည်။ 

Infinitiနတ်ဘုရားက ဖန်သားပြင်တွင်ပေါ်လာပြီး စပီကာမှ လူကြီးမင်းဟယ်၏အသံထွက်လာသည်။ သူတို့က စည်းချက်ကျ‌နနေ၍ စုန့်ရန်၏ နှလုံးသား အနက်ရှိုင်းဆုံးတစ်နေရာကို ဖိညှစ်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။ သူ့နှလုံးသားကို ဖိညှစ်နေပြီး ထိုလူနှင့် သူ့အသံက မူလတည်းက တစ်ယောက်တည်းဟု ပြောနေသကဲ့သို့ပင် ထင်ရသည်။

အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... 

သူတို့ကဘာလို့ လူတစ်ယောက်တည်း ဖြစ်နေရတာလဲ...

စုန့်ရန် ပြင်းပြင်းထန်ထန်စဉ်းစားသော်လည်း နားမလည်နိုင်ပေ။ 

စကား‌ဆက်ပြောနေစဉ်အချိန်တွင် စုန့်ရန်က သူ့နတ်ဘုရား၏ လှုပ်ရှားမှုများကို တွေ့လိုက်ရသည်။ အသံတိုးတိုးဖြင့်ရယ်ခြင်း၊ မျက်ခုံးပင့်ခြင်း၊ ခေါင်ငြိမ့်ခြင်း၊ လက်ဝှေ့ယမ်းပြခြင်း၊ အသံအနေအထားပြောင်းလဲခြင်းနှင့်အတူ နှုတ်ခမ်းလှုပ်ရှားမှုများနှင့် သိမ်မွေ့သော အမူအရာကို စက္ကန့်တိုင်းတွင် မြင်တွေ့နေရသည်။ 

ကြိမ်နှုန်းနှင့် ကိုက်ညီမှုကြောင့် ပဲ့တင်ထပ်ခြင်း ဖြစ်ပေါ်လာသည်။ 

မူလက မလိုက်ဖက်သော အသွင်အပြင်နှင့် အသံက တစ်စပြီးတစ်စ ပေါင်းစပ်လာပြီး တစ်ခုနှင့်တစ်ခု တင်းတင်းကြပ်ကြပ် ရောယှက်လာကာ တစ်ခုတည်းအဖြစ် အပြစ်ကင်းစင်စွာ ရောနှောကာ စုန့်ရန်၏နှလုံးသားထဲတွင် အဆက်မပြတ်တုန်လှုပ်နေသော စည်းချက်တစ်ခုကို လှုံ့ဆော်ပေးနေသည်။ စင်မြင့်ပေါ်တွင် စကားပြောနေသည့်လူက သူ၏ လူကြီးမင်းဟယ်ဖြစ်သည်။ 

ထို့အပြင် သူ၏ Infinitiနတ်ဘုရားလည်းဖြစ်သည်။ 

စုန့်ရန် သူ့ပါးစပ်ကို အုပ်ထားပြီး မျက်လုံးများ နီရဲလာကာ အမြင်အာရုံတွင်လည်း မြူနှင်းတစ်လွှာဖြင့် လွှမ်းခြုံခံလိုက်ရသည်။ 

သူ့ကိုယ်သူ မျှော်လင့်ထားမိသည့်အတိုင်း မနေမိဟု ခံစားမိလာသောကြောင့် မျက်လုံးကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သို့ရာတွင် မြူနှင်းများက ရစ်ဝဲလာပြန်ပြီး ရေစက်အဖြစ် စုဝေးကာ သူ့မျက်လုံးထောင့်မှ မေးစေ့အထိ ကျဆင်းလာသည်။

" ခင်ဗျား ဘယ်လိုတောင်..."

လက်တော့ပ်ကိုကိုင်ပြီး ဖန်သားပြင်ပေါ်မှ အမျိုးသားကို သူကြည့်နေမိသည်။ သူ့မျက်နှာတစ်ခုလုံးတွင် မျက်ရည်များဖြင့် ပေကျံနေသော်လည်း စုန့်ရန်၏ မျက်ဝန်းများက မကွေးညွတ်ပဲ မနေနိုင်ပေ။ 

နောက်ပိုင်း မိနစ်များစွာကြာပြီးသည့်နောက်တွင် စုန့်ရန်က ပျော်ရွှင်လွန်း၍ မူးနောက်နောက်ဖြစ်လာသည်။ နို့လက်ဖက်ရည်များစိုရွှဲသွားသည့် ညဝတ်ဘောင်းဘီကို ချွတ်ထားလိုက်ပြီး ဆိုဖာပေါ်တွင် ဖြူ‌ဖြူဖွေးဖွေးခြေတံသွယ်များဖြင့် ထိုင်နေကာ ခေါင်းအုံးကို ဖက်ထားလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ညှို့ယူဖမ်းစားခံလိုက်ရသည့်မျက်နှာဖြင့် ကြည့်နေသည်။ သူ စကားလုံးတိုင်း၏ အဓိပ္ပါယ်ကို အတိအကျမသိသော်လည်း ၎င်းတို့က ချစ်စရာကောင်းနေပြီး သူ့နှလုံးခုန်သံများလည်း မြန်ဆန်လာသည်။ 

စင်မြင့်ပေါ်မှာ ရပ်နေတဲ့လူကို အားလုံးလာကြည့်ကြပါဦး... သူက တည်ငြိမ်တယ်၊ စိတ်ထားမြင့်မြတ်တယ်၊ ကျက်သရေရှိတယ်၊ ဖန်သားပြင်ပေါ်က ထောင်နဲ့ချီတဲ့အကြည့်တွေကိုတောင် ဖမ်းစားထားသေးတယ်...

အားလုံး ဝေးဝေးမှာနေကြ သူက ငါတစ်ယောက်တည်းအတွက်ပဲ... ဘယ်သူမှ သူ့ကို စိတ်နဲ့တောင် မပြစ်မှားရဘူး...

စုန့်ရန် ပါးစပ်ဟထားပြီး ခေါင်းအုံး၏ထောင့်ကိုကိုက်နေကာ သူ့နှလုံးသားထဲတွင် ချိုမြိန်မှုများဖြင့် ပြည့်နေသည်။

လွန်ခဲ့သော ၁၅ရက်အတွင်း သူက ဟယ်ကျစ်ယွမ်၏ နွေးထွေး၊ ရင့်ကျက်ကာ ပရောပရည်ပြုလုပ်ရသည်ကို နှစ်သက်သည့်ဘက်ခြမ်းကိုသာ မြင်ခဲ့ရသည်။ ယခုအခါမှသာ ဤလူ အလုပ်လုပ်လျှင် မည်သည့်ပုံစံဖြစ်သည်ကို ကိုယ်တိုင်မြင်တွေ့ရခြင်းဖြစ်သည်။ ဤလူ၏ တခြားဘက်ခြမ်းကလည်း တောက်ပလွန်းနေသည်။ နည်းပညာဆိုင်ရာ နောက်ခံ‌ကောင်းရှိသည့်အပြင် လူအုပ်ကြီးကို ချုပ်ကိုင်နိုင်မှုကလည်း စီးပွားရေးနောက်ခံရှိသည့်ကားလ်ထက် မနိမ့်ပေ။ သူက စကားကို ချောမွေ့စွာပြောပြီး အကြည့်များကလည်း စူးရှသည့်အပြင် သူ့နောက်မှ ဖန်သားပြင်ကြီးကလည်း သူ၏စည်းချက်နှင့်အညီ ပြောင်းလဲနေသည်။ သူက အမှားအနည်းငယ်မျှ မပြုလုပ်ပဲ အကြိမ်တစ်ရာထက်မနည်း ပြင်ဆင်ထားသကဲ့သို့ ကျင်လည်စွာပြောနေသည်။ 

အမျိုးသားများ လေးနက်တည်ကြည်နေချိန်တွင် အခြားအချိန်များထက်ပို၍ ညှို့ငင်အားကောင်းသည်။ 

ထိုလူက ညနက်ချိန်တွင်မှ ရေချိုးပြီး ညအိပ်ဝတ်ရုံကို ဝတ်ထားကာ ရင်ဘတ်ကို လှစ်ဟထားပြီး သူ၏ ဆွဲဆောင်မှုရှိသော အသံဩဩဖြင့် 'ဒါလင်' ဟု ခေါ်သည်ကို ပြန်တွေးမိသွားချိန်တွင် သူ့ဝမ်းဗိုက်တစ်နေရာကို တစ်ချက်အထိုးခံလိုက်ရသကဲ့သို့ ခါးကလည်း ပျော့ခွေသွားကာ အသက်ရှု မြန်ဆန်လာပြီး အရိုးများပင် တကြွကြွဖြစ်လာသည်။ 

ဒီလောက်ဆို လုံလောက်ပါပြီ... ခင်ဗျားပုံစံနဲ့တင် လူတစ်ယောက်ကို သတ်နိုင်တယ်...

မကောင်းတဲ့လူကြီး...

စုန့်ရန်က ဖန်သားပြင်ထဲမှ ဟယ်ကျစ်ယွမ်ကို ဆူပူကြိမ်းမောင်းနေသည်။ သူ့လေသံက ရှက်နေသောဇနီးလေးနှင့် တူနေသည်။ 

သို့ရာတွင် သူ့ကို သေလုမျောပါးဖြစ်စေနိုင်သည်အထိ အံ့အသင့်စရာကြီးက မရောက်ရှိလာသေးသည်ကို ယခုအချိန်တွင် သူ မသိသေးပေ။ 

Q7၏အကြောင်း မိတ်ဆက်နေစဉ် တစ်ဝက်တစ်ပျက်တွင် ဟယ်ကျစ်ယွမ်က တစ်ခုခုပြောလိုက်၍ မီးအလင်းရောင်များက တစ်တန်းချင်းစီ မှိန်ကျသွားပြီး လုံးဝငြိမ်းသွား၍ ဇာတ်ရုံတစ်ခုလုံးကို အမှောင်ထုဖြင့် လွှမ်းခြုံသွားသည်။ သုံးစက္ကန့်အကြာတွင် တောက်ပသော အဖြူရောင်အလင်းတန်းများက အရပ်မျက်နှာအနှံ့တွင် ပြည့်သွားပြီး နေရောင်ခြည်ဖြာကျနေသည့် ဧည့်ခန်းတစ်ခန်းက ဇာတ်ရုံထဲတွင် ပေါ်လာသည်။ 

စိမ်းစိုသော သစ်ရွက်များဖြင့် အပင်လေးများ၊ တိရစ္ဆာန်ပုံစံဖြင့် ခွက်လေးများ၊ မျဉ်းကြောင်းငယ်လေးများဖြင့် အလှဆင်ထားသော Mondrian၏ ပန်းချီများ...

( T/N - Piet Mondrian လို့လူသိများတဲ့ ဒတ်ခ်ျပန်းချီဆရာ၊ အနုပညာသီအိုရီပညာရှင် Pieter Cornelis Mondriaan ကို ၂၀ ရာစုရဲ့ အကြီးမြတ်ဆုံးအနုပညာရှင်တွေထဲကတစ်ယောက်အဖြစ် သတ်မှတ်ထားပါတယ်။ သူက ၂၀ရာစု စိတ္တဇအနုပညာ ရှေ့ဆောင်တွေထဲက တစ်အဖြစ်လည်း လူသိများပါတယ် )

မျက်နှာပြင်အဖြစ် ဖန်တီးထားသော ဇာတ်ရုံကြီး၏ နံရံကျယ်ကြီးများပေါ်တွင် အခန်း8012B၏ ဧည့်ခန်းပေါ်လာပြီး ၃၆၀ဒီဂရီ ပရိုဂျက်ရှင်းဖြင့် ကြည့်ရှု့သူ သုံးထောင်ကျော်ကို ထိတ်လန့်သွားစေခဲ့သည်။ 

မြှောင်...

နူးညံ့ချိုသာသော ကြောင်အော်သံလေးက တစ်နေရာမှ ထွက်ပေါ်လာသည်။ 

လှပသောအမွေးများဖြင့် ကြောင်ကြီးတစ်ကောင်က ပင်မစင်မြင့်တွင် ပရိုဂျက်တာဖြင့် ထိုးပြထားသော 'ထမင်းစားခန်း' ကို ဖျတ်ခနဲဖြတ်သွားပြီး ဇာတ်ရုံနံရံတစ်လျှောက်မှ နောက်ဘက်ရှိ 'လသာဆောင်' သို့ ရောက်လာကာ နေရောင်ကောင်းကောင်းရနိုင်သော နေရာကို တွေ့ပြီး သက်တောင့်သက်သာ အိပ်နေလိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အပြစ်ကင်းစင်လွန်း၍ ပရိသတ်ထဲတွင်ပင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။

ထို့နောက်တွင် စုန့်ရန် သူ့ကိုယ်သူ မြင်လိုက်ရသည်။ 

ထို‌နေ့က သူက အရေင်ဖျော့ဖျော့ တီရှပ်တစ်ထည်နင့် ခြေဖျားအထိ ဖုံးနေသော ညဝတ်ဘောင်းဘီအဟောင်းတစ်ထည်ကို ဝတ်ထားခဲ့သည်။ အမှန်တွင် ၎င်းက သူ အစောပိုင်းက နို့လက်ဖက်ရည်များ မှောက်ကျ‌ခဲ့သော ဘောင်းဘီဖြစ်သည်။ သူ့ဆံပင်များက အနည်းငယ်ရှုပ်ပွနေသော်လည်း တိုက်ဆိုင်သည်မှာ အခြောက်ခံစက်ဖြင့် မှုတ်ထားသည်နင့်တူသောကြောင့် သူ့ပုံပန်းသွင်ပြင်က မမျှော်လင့်ပဲ ဓာတ်ပုံစားနေသည်။ သူက ဝိုင်ထည့်ထားသော ‌ဗီရိုရှေ့သို့လျှောက်သွားပြီး လက်ထဲတွင်လည်း စပရေးဘူးတစ်ဘူးနှင့် အဝတ်စတစ်စကိုကိုင်ထားကာ ဖန်တံခါးချပ်ကို ဂရုတစိုက်သုတ်နေသည်။

ထို့နောက် အဝါရောင်ဘဲရုပ်ညဝတ်အင်္ကျီနှင့်ပုပုက တိတ်ဆိတ်စွာချဉ်းကပ်လာပြီး စုန့်ရန်၏ကျောပြင်ကို ဖက်လိုက်ကာ သူ့ကိုနမ်းလိုက်သည်ကို မြင်လိုက်ရသည်။

သူ တစ်ဖက်သို့လှည့်၍ ပုပုကိုဖမ်းကာ ခပ်မြင့်မြင့်သို့ရောက်အောင် မြှောက်လိုက်သည်။

ကလေးလေးက တခစ်ခစ်ရယ်မောနေပြီး နူညံ့နွေးထွေးသောနေရောင်ခြည်ကလည်း သူတို့အပေါ် ဖြာကျနေသည်။

ပုံရိပ်က ပြောင်းလဲသွားပြန်သည်။

ပုပုက စားပွဲပေါ်တွင် စာရွက်လေးများညှပ်သည်ကို ကူညီပေးနေသည်။ ပုပုက ခေါင်းငုံ့ထားပြီး သူ၏လှုပ်ရှားမှုများက အနည်းငယ် ကိုးရို့ကားယားဖြစ်နေသော်လည်း သူ့အမူအရာက စစ်မှန်ရိုးသားလွန်းနေသည်။ ယုန်ပိစိလေးတစ်ကောင်ပုံ ညှပ်ပြီးသည်အခါ စိတ်လှုပ်ရှားစွာဖြင့် ၎င်းကို မြှောက်ပြလိုက်ပြီး ကင်မရာကိုကြည့်၍ မေးလိုက်သည်။

" ပါပါး... ဒီယုန်လေး ချစ်စရာကောင်းလား..."

အောက်ဘက်တွင် အင်္ဂလိပ်စာတန်းထိုး ပေါ်လာသည်။

( Daddy, is my bunny cute? )

ပုံရိပ်က ပြောင်းလဲသွားပြန်သည်။

ထိုရက်က မနက်၁၁နာရီတွင် ပုပုက ဆိုဖာပေါ်၌ အိပ်မောကျသွားခဲ့သည်။ ပုသို့သို့က ဆိုဖာလက်တင်ပေါ် ခုန်တက်လာပြီး ခေါင်းငုံ့ကာ ပုပု၏နှဖူးကို သူ့နှာခေါင်းဖြင့် တို့ကြည့်နေသည်။ ထို့နောက် ပုပု၏ဘေးကိုလျှောက်သွားကာ ဗိုက်ပေါ်တွင် ခေါင်းမှီ၍ အတူတူ အနားယူနေလိုက်သည်။ စုန့်ရန်က အိပ်ခန်းထဲမှ စောင်တစ်ထည်ယူလာပြီး ခေါင်းငုံ့၍ ပုပုကို ခြုံပေးလိုက်သည်။ 

ဗီဒီယိုကို တည်းဖြတ်ထား၍ အလွန်မကြာမြှင့်လှပေ။ အခန်း8012Bကို ထိုနေ့က ရှင်းလင်းခဲ့သည့်ပုံရိပ်များက မျက်နှာပြင်ပေါ်တွင် တစ်ကြိမ်လျှင် တစ်ခုချင်းစီသာ ပေါ်လာတော့သည်။

ပရိသတ်က စိတ်အားထက်သန်စွာကြည့်ရှု့နေပြီး စင်မြင့်ပေါ်မှ ဟယ်ကျစ်ယွမ်က ပို၍ စိတ်အားထက်သန်နေသည်။ 

ဗီဒီယို၏ နောက်ဆုံးနေရာတွင် ပြသလိုက်သည်မှာ စုန့်ရန်က ပုပုကိုချီထားပြီး ပုပုက ကြောင်လေးကို ချီထားသည်ကိုပင်။ သူတို့နှစ်ယောက်က ရှောင်ကျူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကင်မရာကိုကြည့်၍ ပြောလိုက်သည်။

" ကျွန်တော်တို့ အိမ်သန့်ရှင်းရေးလုပ်လို့ပြီးသွားပြီ... ဘယ်တော့အိမ်ပြန်လာမှာလဲ..."

ထိုစကားဆုံးသည်နှင့် ‌ဗီဒီယိုက ရပ်သွားသည်။ ပင်မစင်မြင့်ပေါ်မှ သူတို့၏ ပြုံးရယ်နေသောမျက်နှာနှစ်ခုမှလွဲ၍ ပတ်ဝန်းကျင်မှ ပုံရိပ်များ ပျောက်ကွယ်သွားပြီး ဇာတ်ရုံထဲတွင် အလင်းတန်းများ တစ်ဖန်ပြန်လည်ပေါ်ထွက်လာသည်။ 

စုန့်ရန်က တောက်ပနေသည့်သူ့ပုံစံကိုကြည့်ပြီး မှင်သက်သွားမိသည်။ 

ခံစားချက်က ဘာနဲ့တူလဲဆိုတော့... မင်းက အိုင်ဒေါလ်တစ်ယောက်ကို သဘောကျပေမယ့် ဆင်းရဲလွန်းလို့ လက်မှတ်မဝယ်နိုင်ဘူး... အဲဒါကြောင့်မို့ သနားစရာပုံစံလေးနဲ့ တိုက်ရိုက်လွှင့်တာကိုပဲ အိမ်ကနေကြည့်နေရပေမယ့် ကြည့်နေတဲ့အချိန်မှာ ကိုယ့်ပုံစံက စင်မြင့်ပေါ်က VCRမှာ အထူး ဧည့်သည်အနေနဲ့ ပါလာသလိုကြီးပါလား...

( T /N - VCR = Video Cassette Recorder )

ပြီးတော့ မိတ်ကပ်လိမ်းစရာမလိုတဲ့ အထူးတလည်ရိုက်ချက်တွေကို ရိုက်ပြသွားဖို့ အရည်အချင်းပြည့်မီတဲ့ လူလိုမျိုးပဲ...

ဘုရားရေ...

အဓိပ္ပါယ်မဲ့သည့်ကိစ္စတစ်ခုက စုန့်ရန်ထံတွင် ဖြစ်ပေါ်လာ၍ ပါးစပ်မပိတ်နိုင်အောင်ပင် ဖြစ်နေသည်။

ထုတ်လွှင့်မှုက ပြီးသွားသော်လည်း စင်မြင့်ပေါ်မှ ဟယ်ကျစ်ယွမ်က မလှုပ်ရှားသေးပေ။ ကင်မရာက ပို၍ ကပ်လာပြီး သူ့ကို အနီးကပ်ရိုက်နေသည်။ 

" ခေါင်းမော့၍ ပရိုဂျက်တာမှ လူနှစ်ယောက်ကိုကြည့်ကာ သူ၏ အညိုရင့်ရောင်မျက်ဝန်းထဲတွင် စိတ်ခံစားချက်တစ်မျိုး မြင့်တက်လာသည်။ 

" ချစ်ရတဲ့ကောင်လေး ... ကိုယ်မနက်ဖြန်ကျရင် အိမ်ပြန်လာမယ်နော်..."

သူ ပြောလိုက်သည်။ 

( T/N - အဲ့နေရာက Engလို ပြောလိုက်တာပါ )

သူက အရိုးရှင်းဆုံးစကားလုံးများကို အသုံးပြုလိုက်ပြီး၊ ရှင်းလင်းစွာ အသံထွက်လိုက်ကာ တဖြည်းဖြည်းပြောလိုက်၍ စုန့်ရန်ပင် နားလည်နိုင်သွားသည်။ အမှန်တွင် ဤစကားက သူသေချာကြားရအောင် ဟယ်ကျစ်ယွမ်က အထူးတလည်ပြောလိုက်ကြောင်း စုန့်ရန် သေချာသိသည်။

၎င်း၏ မူရင်းအဓိပ္ပါယ်ကို စုန့်ရန် သဘောပေါက်သော်လည်း ‌စင်မြင့်အောက်ဘက်မှ ပရိသတ်က ကွယ်ဝှက်ထားသည့် အဓိပ္ပါယ်ကို ကြားသွားကြသည်။ 

ပတ်ဝန်းကျင်တွင် မူလက တိတ်ဆိတ်ငြိမ်သက်နေပြီး မှတ်ချက်ပြုသူအနည်းငယ်သာရှိခဲ့သည်။ ထို့နောက် လူအများစုက သဘောပေါက်သွားပြီး အခြေအနေက ဗရုတ်သုတ်ခဖြစ်ကုန်သည်။

တစ်ယောက်ယောက်က ဟယ်ကျစ်ယွမ်ကို တစ်စုံတစ်ရာ အော်ပြောလိုက်သည်။ ဟယ်ကျစ်ယွမ်က ပြုံးပြီး ပြန်ဖြေသည်။

" ဟုတ်ပါတယ် ကျွန်တော်မငြင်းပါဘူး..."

စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်သွားပြီးသည့်နောက်တွင် ပရိသတ်များထံမှ ကျယ်လောင်သောအားပေးသံများ လေချွန်သံများဖြင့်ပြည့်နေသည့် လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ 

Xxxxxxxx