♎️Chapter 46
"ငါ အမှန်တိုင်းပြောမယ်.."
ရန်ရှူးထန်ပြောလာသည့်အခါ တုမန်က ကတ်တစ်ကတ်ကိုဆွဲပြီး စာဖတ်ပြလာသည်။
"နင်သဘောကျနေတဲ့လူရှိလား..ဘာလို့သူ့ကိုသဘောကျရတာလဲ..."
ထိုမေးခွန်းကို လူတိုင်းအာရုံစိုက်ထားကြသည်။ သူတို့စိတ်ထဲတွင် ရန်ရှူးထန်သဘောကျနေသူဟူ၍ မရှိခဲ့သော်လည်း ခဏအကြာတွင်သူတို့အားလုံးတောင့်တင်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရန်ရှူးထန်၏နီမြန်းနေသောမျက်နှာက သူသဘောကျသည့်လူတစ်ယောက်ရှိနေကြောင်း ရှင်းရှင်းလင်းလင်းသိသာနေ၍ပင်။
ဘယ်သူပါလိမ့်။
ရုတ်တရက်ကြီး လေထုကလှုပ်ခတ်သွားခဲ့သည်၊၊ ဖုယွမ်ကျိုး ဝှစ်ကနဲထရပ်လိုက်ပြီး လူတိုင်းကိုမေးလိုက်၏။
"မင်းတို့ဘာသောက်ချင်လဲ...ငါသွားယူပေးမယ်.."
သူရေလိုက်ငါးလိုက်ပြုမူနေသော်လည်း နောက်လှည့်မကြည့်ရဲပေ၊၊ ရန်ရှူးထန်အသံက တိုးသည့်တိုင် သူ့နားထဲကိုမူတန်းတန်းကြီးဝင်လာခဲ့သည်။
"အင်း..."
"ငါသူ့ကိုသဘောကျတာက...သူကငါတမ်းတရတဲ့သူမလို့..."
ရန်ရှူးထန်တမ်းတနေရတဲ့သူ။
ထိုအဖြေကြောင့် သူ ရန်ရှူးထန်ကို လှည့်ကြည့်မိမလိုဖြစ်သွားသော်လည်း ကံကောင်း၍လှည့်မကြည့်မိလိုက်ပေ။
ဂိမ်းကစားနေသူတိုင်း ရန်ရှူးထန်တမ်းတနေရသူ၏စွမ်းပကားကြောင့် အော်ဟစ်လိုက်ကြသည်။ ဖုယွမ်ကျိုး ရေခဲသေတ္တာထဲမှသောက်စရာအချို့ကိုထုတ်လိုက်ပြီး စိတ်ထဲမှနေ၍ ပြောလိုက်၏။ ငါတကယ်တောင်းပန်ပါတယ်ကွာ...ရန်ရှူးထန်တမ်းတနေရသူက တကယ့်ကိုနလပိန်းတုံးကောင်...အနည်းဆုံးတော့ သူအခုနလပိန်းတုံးဖြစ်နေပြီ။
လူတိုင်း၏အကြည့်အောက်တွင် ရန်ရှူးထန်က စကားကိုရှေ့ဆက်ရန်ငြင်းပယ်လိုက်ပြီး ဖုယွမ်ကျိုးကိုလှမ်းကြည့်မိလိုက်သည်။
သူတို့နှစ်ယောက်လုံးက သေမျိုးရန်သူများသာ။ လွန်ခဲ့သည့်နှစ်ရက်ကအထိ ဖုယွမ်ကျိုးသည်ရန်ရှူးထန်နှင့်သူငယ်ချင်းလုပ်ချင်ခဲ့သော်လည်း လူတိုင်းကမယုံကြည်ခဲ့ကြပေ။ထို့ကြောင့် ယခုတွင် ဖုယွမ်ကျိုးက ရန်ရှူးထန်ကို ဖိအားပေး၍ သူသဘောကျနေသည့်လူအကြောင်း အတင်းအကျပ်ပြောခိုင်းလိမ့်မည်ဟုမျှော်လင့်ထားခဲ့ကြသည်။
ယခင်ဘဝကအတိုင်းသာဆိုပါက ဖုယွမ်ကျိုးသည် ရန်ရှူးထန်သဘောကျနေသည့်သူကို မြေကြီးအားသုံးပေအနက်အထိတူးရမည်ဆိုလျှင်ပင် တွေ့အောင်ရှာပေလိမ့်မည်။ သို့သော်လည်း ယခုတော့ ရန်ရှူးထန်သဘောကျနေသူက သူကိုယ်တိုင်ဖြစ်နေသောကြောင့် တဖက်သူများ၏ဆန္ဒအတိုင်း ဘယ်လိုလုပ်လိုက်လျောပေးနိုင်ပါမည်နည်း။
ရန်ရှူးထန်က သူ့အတွေးများကိုထုတ်ပြမိမှန်းမသိသောကြောင့် ယောင်ဝါးဝါးနှင့်သာပြောလိုက်သည်။ ဖုယွမ်ကျိုးသာ လွန်ခဲ့သည့်နှစ်ရက်က ထိုသူဖွင့်ပြောလိုက်သည့်စကားကိုသာမကြားခဲ့ရပါက ရန်ရှူးထန်ကသူ့အားသဘောကျပြီးမျှော်လင့်နေမှန်းသိနိုင်မည်မဟုတ်ပေ။
ဖုယွမ်ကျိုးက မေး၍လည်းမဖြစ်သောကြောင့် မသိဟန်ဆောင်လိုက်ပြီး နောက်တပွဲစရန်လောဆော်လိုက်၏။ မမျှော်လင့်ဘဲ နောက်တပွဲတွင် ကံဆိုးသူမောင်ရှင်မှာသူကိုယ်တိုင်ဖြစ်သွားခဲ့လေသည်။
"...ငါအမှန်အတိုင်းပြောတာကိုရွေးတယ်..."
သူသည် စက္ကန့်အနည်းငယ်ကြာအထိစဥ်းစားကြည့်ပြီးနောက် အမှန်အတိုင်းပြောလိုက်ခြင်းက စွန့်စားမှုနည်းလိမ့်မည်ဟုခန့်မှန်းလိုက်သည်။
ဖယ်ထားသည့်ကတ်ကိုရွေးလိုက်သည့်သူက ကတ်တစ်ကတ်ကိုရွေးလိုက်ပြီး ကြက်သီးထဖွယ်ရာအပြုံးဖြင့်ပြောလာချေ၏။
"မင်းစိတ်ထဲရှိအတိုင်းဆိုရင် ဘယ်အယ်လ်ဖာကမင်းနဲ့သင့်တော်လဲ...ဘာလို့လဲ..."
ဖုယွမ်ကျိုး: "....."
ဖုယွမ်ကျိုး: "ဒါတော့များသွားပြီထင်တယ်..."
တဖက်သူ: "မများပါဘူး...မင်းကိုယ်တိုင်ရွေးတာလေ..."
သူတို့ကပဲရွေးအောင်လုပ်လို့ငါကရွေးရတာလေ။
သူ့အပေါ်ကျရောက်လာနေသည့်မျက်လုံးများကိုခံစားမိပြီး ဖုယွမ်ကျိုးမှာ လက်ထဲမှကတ်ကို တုန်တုန်ယင်ယင်ဖြင့်ကိုင်ထားမိသည်။ ရုတ်တရက် သူဖိအားများလာသလိုပင်။
သူရှဲ့လင်ကိုကြည့်လိုက်သော်လည်း ရှဲ့လင်ကသူ့ကိုကြည့်ပြီးသည်နှင့် တဖက်လှည့်သွားခဲ့သည်။
ယွိဖေးက တဖက်လူများနှင့်ပူးပေါင်းပြီး သူတို့နည်းတူ တဖျတ်ဖျတ်လက်နေသည့်မျက်လုံးများနှင့်နူးညံ့သိမ်မွေ့စွာကြည့်နေလေသည်၊၊ ၎င်းမျက်လုံးထဲတွင် တဖက်လူကိုမျက်နှာပူလာစေမည့်စကားလုံးအများအပြားပါဝင်နေ၏။
ရန်ရှူးထန်က သူနှင့်ဘာမှမဆိုင်သလိုပင် ခေါင်းငုံ့ရင်းရေသောက်နေသော်လည်း မျက်ခွံလေးများက တလှုပ်လှုပ်နှင့်စိတ်မငြိမ်ပါချေ။
ယွမ်ယဲ့ကမူ....ယွမ်ယဲ့က ပျင်းတွဲတွဲဖြင့်သာဆိုဖာကိုမှီရင်း သူ့အားတည့်တည့်ပင်ပြုံးပြလာလေသည်။
"ငါ့ကိုရွေးလိုက်လေ..."
ဖုယွမ်ကျိုး: "......"
ဆုတောင်းလေ!
ထိုအခိုက်အတန့်လေးမှာပင် ဖုယွမ်ကျိုးစိတ်ထဲ၌ ဝမ်းနည်းမှုတစ်ခါဖြစ်တည်လာရလေသည်။ ယခင်ဘဝက လူတိုင်းသည်သူ့အားတပြိုင်တည်းလိုက်ခဲ့ကြသော်လည်း ၎င်းတို့အားလုံးက ချစ်စရာကောင်းသောမိန်းကလေးများသာ။ ယခုတော့ လူလေးယောက်ကသူ့အားသဘောကျနေကြသော်လည်း ၎င်းတို့ကယောကျ်ားလေးများဖြစ်နေပြီး တစ်ယောက်ဆိုလျှင် အခြားသူများထက်သူ့အားသတ်ပစ်နိုင်သည့်အနေအထားတွင်ရှိနေလေသည်။
အမှန်ပင်။သူထိုလေးယောက်လုံးကိုမရွေးနိုင်၍ ခက်ခက်ခဲခဲပင်ပြောလိုက်ရတော့သည်။
"ငါသာတကယ်ရွေးခွင့်ရရင် အတန်းခေါင်းဆောင်ကိုရွေးမှာ..."
တုမန်က သူ့အားအကြည့်တစ်ချက်နှင့်ပင် သစ္စာဖောက်ပစ်လိုက်သည်။
"နင့်အသံကတုန်နေသလိုပဲ.."
ဖုယွမ်ကျိုး: "ဘာလို့တုန်ရမှာလဲ..."
ကျန်တဲ့လေးယောက်နဲ့ယှဥ်ရင် တုမန်ကကောင်းသေးတယ်လေ။
တုမန်: "အကြောင်းပြချက်က..."
"....."
ဖုယွမ်ကျိုးမှာ သူ့အားကြည့်နေသည့်မျက်လုံးများက ပို၍ပိုကာပြင်းထန်လာသလိုခံစားမိပြီး အမှတ်မထင် ဖန်ခွက်ကိုမြှောက်ကာ ရေနည်းနည်းသောက်လိုက်သည်။ သူတစ်ခုခုမှားသွားသည်နှင့် သည်နေရာတွင် အရိုးပင်မကျန်အောင် အသတ်ခံရနိုင်၏။
"အနည်းဆုံးတော့ အတန်းခေါင်းဆောင်ကမိန်းကလေးလေ..."
သူသည်ကား တွန့်ဆုတ်ဆုတ်နှင့်သာဖြေလိုက်ရလေ၏။
"ယောကျ်ားလေးအယ်လ်ဖာတွေထက်စာရင် မိန်းကလေးအယ်လ်ဖာတွေကပိုပြီး.."
ရှဲ့လင်က ခပ်တိုးတိုးပင်မေးလာသည်။
"သူ့ကလေးကိုလွယ်ပေးရလည်းကိစ္စမရှိဘူးပေါ့..."
ရုတ်တရက်ချောင်းဟန့်သံများက တအိမ်လုံးညံသွားခဲ့ပြီး လူတိုင်းက သောက်စားနေရင်းသီးကုန်ကြလေ၏။
ယီး....အုပ်ကြီးကတော့အုပ်ကြီးပါပဲ...တကယ်ကြမ်းတယ်..ဒီလိုလူမျိုးကိုတစ်ခါမှမမြင်ဖူးပါဘူး..ကိုယ်ဝန်ဆောင်တဲ့ကိစ္စတောင် အရေးမဟုတ်သလိုပြောရဲတယ်..တကယ်ခန့်မှန်းကြည့်ရရင် ဒီနေရာမှာပဲရန်ပွဲဖြစ်သွားနိုင်တယ်။
ရှဲ့လင်မေးခွန်းက သူ့ထံတည့်တည့်ကြီးပျံလာသောကြောင့် ဖုယွမ်ကျိုးမျက်နှာမှာ နီလိုက်ဖြူလိုက်ဖြစ်နေလေသည်။ တကယ်တော့ သူရှောင်လွှဲပြီးပြောလိုက်ခြင်းသာ။ သူ့စိတ်ထဲတွင် မိန်းကလေးအယ်လ်ဖာများက ယောကျ်ားလေးအယ်လ်ဖာထက်ပင် ပိုပြီးကြောက်စရာကောင်းနေခဲ့သည်။ သူသာအယ်လ်ဖာတစ်ယောက်နှင့်ဒိတ်ရမည်ဆိုလျှင် မိန်းကလေးအယ်လ်ဖာများအားလုံးကို ထည့်စဥ်းစားမည်မဟုတ်ပေ။
သူ ရှဲ့လင်ကိုရှောင်ရန်အတွက်သာ တုမန်ကိုဆွဲသွင်းလိုက်ရခြင်းပင်။
ရှဲ့လင်ကထိုသူကိုကြည့်လိုက်ပြီး ဖုယွမ်ကျိုးတစ်ယောက် ပုန်းစရာရှာနေမှန်းသိလိုက်သည်။ ၎င်းကရွေးချယ်မှုတစ်ခုတည်းသာဖြစ်သော်လည်း ရှဲ့လင်ကမူ အလေးအနက်ထားပြီး မပျော်ရွှင်ရတော့ပါချေ၊ သူ့မျက်လုံးများက ထိုကောင်လေးကိုနေရာမှာတင် အပြစ်ပေးလိုက်ချင်နေပုံရသည်။
ရှဲ့လင်နှင့် အခြားသူများတင်မက ရှိနေသူတိုင်းမကျေနပ်ကြပေ။ ဖုယွမ်ကျိုးက ဝတ်ကျေတမ်းကျေလေးသာဖြေသွားပြီး တခြားသူများကသူ့အားချောင်မပိတ်ခင် ဘီယာတစ်ခွက်ကိုရှာပြီးမော့ပစ်ခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် နောက်တခေါက်တွင်လည်း ဖုယွမ်ကျိုးသာထပ်ကျပြန်လေသည်။
ဖုယွမ်ကျိုး: "ဒီတစ်ခါတော့ငါ Dare ရွေးမယ်..."
နောက်တခါ ဘယ်တော့မှအမှန်အတိုင်းမပြောတော့ဘူးကွ!
ဖယ်ထားသည့်ကတ်နှင့်အတန်းဖော်က သူ့ထံကတ်တစ်ကတ်လှမ်းပေးသည်။
"လူတစ်ယောက်နဲ့ Pocky[1] ကိုမျှပြီး သူ့ပေါင်ပေါ်မှာထိုင်ရင်း မျက်နှာချင်းဆိုင်စားပါ..."
ဘယ်လိုသောက်ကျိုးနည်း Dare ကြီးလဲဟ။
ဖုယွမ်ကျိုးမှာ သွေးအန်တော့မယောင်ပင်။
"ဒါက လုံးဝကို ပုံမှန်ထက်လွန်ကဲနေတဲ့ခိုင်းစေမှုပဲ..ဒီကတ်ကိုရေးထားတဲ့သူပဲအပြစ်ပေးခံသင့်တာ..."
"ငါရေးတာ..."
ယွမ်ယဲ့က မေးကိုမော့ထားရင်း လူဆိုးလိုရယ်ပြလာသည်။
"မင်းလွန်တယ်ထင်ရင် ငါအပြစ်ပေးတာကိုခံပါ့မယ်..ဒါပေမဲ့ ငါ့ကိုကူညီဖို့တော့လူလိုတာပေါ့..."
သူ့စကားဆုံးသွားသည်နှင့် ဖုယွမ်ကျိုးတွေးမနေတော့။ အနှီသူက သူ့ကိုသာရွေးမည်မှာသေချာသည်။
လူတစ်ယောက်ကိုရွေးရသည့်အလုပ်က သူ့အတွက်ပိုပြီူပင်ခက်ခဲသွားသေးသည်။ ဖုယွမ်ကျိုးက Pocky ချောင်းကိုကိုင်ကာ ယွမ်ယဲ့ထံသွားလိုက်၏။ သူ ၎င်းပေါင်ပေါ်တွင်ထိုင်တော့မည့်အချိန် လူတစ်ယောက်ကသူ့လက်ကိုဆွဲကာရပ်တန့်စေလိုက်သည်။
ရှဲ့လင်: "ဂိမ်းပွဲကဒီမှာတင်ပြီးပြီ..."
ယွမ်ယဲ့က ဖုယွမ်ကျိုးပုခုံးကိုကိုင်ကာ သူ့ပေါင်ပေါ်တွင်ထိုင်ခိုင်းနေပြီး ရှဲ့လင်ကိုပြုံးပြကာပြောလိုက်လေသည်။
"စီနီယာရှဲ့...ဒါကညှာပေးတာလား...ဒီနေရာကကျောင်းမဟုတ်တော့ အစ်ကို့ရဲ့ ဥက္ကဌရာထူးကအသုံးမဝင်ဘူး...ပြီးတော့ ဖုယွမ်ကျိုးကလည်း အစ်ကို့ကောင်လေးမဟုတ်ဘူး..ဘာလို့ဂိမ်းဆော့နေတာကိုရပ်ခိုင်းရတာလဲ..."
သူသည် ဖုယွမ်ကျိုး လက်ထဲမှ Pocky ချောင်းကိုယူကာ ဖုယွမ်ကျိုးပါးစပ်ထဲကိုထိုးထည့်ပေးလိုက်ပြီး ကိုယ်ကိုကိုင်းလိုက်၏။ ဖုယွမ်ကျိုးမျက်နှာကိုကိုင်ကာ တဖက်လူကိုက်ထားသည့်ဘက်သို့ တရွေ့ရွေ့ကိုက်သွားလိုက်သည်။
"ဂျွတ်"
တဝက်ကျိုးသွားပြီ၊ မျက်နှာနှစ်ခုကပိုနီးလာပြီး မကြာခင်နမ်းမိတော့မည်။
ရှဲ့လင်မျက်နှာထားကအေးစက်လာနေပြီး ဖုယွမ်ကျိုးကိုဆွဲထူချင်နေသည်။ ယွမ်ယဲ့ကလည်းရှဲ့လင်ရှေ့မှာတင် ဖုယွမ်ကျိုးခါးကိုတိုက်ရိုက်ဖက်ထားပြီး ဖုယွမ်ကျိုးနှာခေါင်းကိုပင် တမင်ပွတ်သပ်လိုက်သေးသည်။ Pocky တဝက်ကိုကိုက်ပြီးသွားချိန်တွင် ထိုသူကအပြုံးလေးနှင့်ပြောလိုက်၏။
"ဂိမ်းကအခုထိမပြီးသေးဘူး..."
ဖုယွမ်ကျိုး လက်နှင့်ခါးကပျော့ပျောင်းလာပြန်ပြီး ကိုင်ထားသည့် Pocky ချောင်းပင် လွတ်ကျသွားခဲ့သည်။ လေထုက တစ်ခုခုလွဲနေသလိုခံစားရ၍ တုမန်ပင်ချက်ချင်းဝင်တားလာလေသည်။
"အိုကေ...ရပြီ...ဒီကိုလာတော့...နောက်တပွဲစမယ်..."
"ကျိုးအာ..ထတော့..."
မတိုင်ခင်က ယွိဖေး၏နူးညံ့နေသည့်အပြုံးမှာ ပျောက်ပျက်သွားခဲ့ပြီး ဖုယွမ်ကျိုးကိုလာဆွဲသည်။ ယွမ်ယဲ့၏ အပြောင်အပျက်မျက်နှာထားက မှေးမှိန်သွားရပြီး သူ့အပြုံးမှာလည်းပျောက်သွားခဲ့သည်၊၊ သူသည်ကား ရှဲ့လင်နှင့်ယွိဖေးကိုတလှည့်စီကြည့်လိုက်သည်။
"မင်းတို့ညီအစ်ကိုနှစ်ယောက်က သူ့ကိုပဲခေါ်သွားချင်နေကြတယ်နော်..."
ယွိဖေး: "ငါတို့ကသူ့ကို ဖျက်လို့ဖျက်ဆီးလုပ်တတ်တဲ့လူနဲ့ အရမ်းရင်းနှီးခိုင်းလို့မဖြစ်ဘူးလေ...ဟုတ်တယ်မလား..."
ယွမ်ယဲ့ကရယ်လေ၏။
"ဒီတော့မင်းတို့ကအရမ်းတွေးတတ်ကြတယ်ပေါ့..ဘယ်လိုမျိုးပါလိမ့်...အိမ်နီးချင်းကိုဂရုစိုက်ပေးတာမျိုးလား..."
သူသည် "အိမ်နီးချင်း" ဆိုသည့်စကားလုံးကို ဖိပြောလိုက်လေ၏။
ယွိဖေးကလည်းပြန်လည်ပြုံးပြလိုက်လေသည်။
"ကျိုးအာက ငါတို့အတွက် အရမ်းအရေးကြီးတယ်..အဲဒါကြောင့်ပါ..."
"ဟုတ်လား..."
ယွမ်ယဲ့က စိတ်မပါလက်မပါပြန်ပြုံးပြသည်။
"စီနီယာလည်းအတူတူပဲဆိုပေမဲ့ မင်းလိုမဟုတ်ဘူးလေ..ငါထင်တာမမှားရင် မင်းကအခုမှတရုတ်ပြည်ကိုပြန်လာရုံရှိသေးတယ်..ပြီးတော့ မင်းနဲ့ဖုယွမ်ကျိုးတို့ မတွေ့ဖြစ်တာ နှစ်တွေကြာနေပြီမလား..."
ယွိဖေးမျက်လုံးများက မည်းမှောင်သွားရပြီး သုံးယောက်အကြားမှ လေထုကပိုတင်းကျပ်လာခဲ့သည်။ ရုတ်တရက် ရေခဲမှတ်နီးပါးရောက်တော့မည့်လေထုက ပြန်လည်မြင့်တက်လာခဲ့၏။
"အိုကေ...နောက်တပွဲစမယ်...အားလုံးကတ်တွေဆွဲလိုက်တော့..."
တုမန်က ကတ်များကိုလှမ်းပေးလိုက်သော်လည်း ဖုယွမ်ကျိုးမှာထိတ်လန့်နေဆဲပင်ဖြစ်ပြီး ကြောင်တက်တက်နှင့်ပင်တစ်ကတ်ဆွဲလိုက်သည်။ ရှဲ့လင်က တခဏခန့်ကြည့်နေပြီး နောက်ဆုံးတွင်တော့ တစ်ကတ်ဆွဲလိုက်ရသည်။
"ဒါကနောက်ဆုံးတစ်ပွဲပဲနော်..."
"အိုကေ...ငါတို့ထပ်မဆော့တော့ဘူး..."
တဖက်ကလည်းချက်ချင်းသဘောတူလာသည်။ ရှဲ့လင်ကအရွေးခံလိုက်ရပြီး သူက Dare ကိုရွေးချယ်လိုက်သည်။
"လူတစ်ယောက်ကိုရွေးပြီး သုံးရက်တွဲပြပါတဲ့.."
ကတ်ကိုဆွဲလိုက်သူမှာ ကြောင်အသွားရပြီး ရှက်စနိုးဖြင့်ပြောလိုက်လေသည်။
"ဒါတော့များသွားပြီထင်တယ်..ဒါကပြဿနာရှိတယ်နော်...အခုပဲဂိမ်းကိုအဆုံးသတ်လိုက်..."
"ဟင့်အင်း..."
ရှဲ့လင်: "ဂိမ်းကိုအဆုံးသတ်စရာမလိုဘူး..."
ထို့နောက် သူ့မျက်လုံးကဖုယွမ်ကျိုးအပေါ်ကျသွားခဲ့လေသည်။