Chapter 47
Viewers 2k

♎️Chapter 47



ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ပေါင်ပေါ်တွင်ထိုင်ပြီး Pocky စားပြီးရင်ပြီးသွားပြီဟု ယခုလေးတင်အထင်ရောက်နေခဲ့သည်။ သို့ထိတိုင် သည့်ထက်ဆိုးသည့်ကိစ္စဖြစ်လာလိမ့်မည်ဟု မတွေးထားမိပေ။


ကတ်ဆွဲလိုက်သူက လုပ်ရမည့်အရာကိုဖတ်ပြပြီးသည်နှင့် သူ့ခေါင်းမှာ စပ်ဖျင်းဖျင်းဖြစ်သွားရလေ၏၊ ရှဲ့လင်ကသူ့အားကြည့်လာသည့်အခါ သူသည်ဆိုဖာမှချက်ချင်းခုန်ထလိုက်ရင်း ငြင်းလိုက်လေသည်။ 


"ဒါကမကောင်းဘူးနော်..."


အားလုံးကသူ့အားကြည့်လာသည့်အခါ ဖုယွမ်ကျိုးမှာ မကောင်းရသည့်အကြောင်းအရင်းကို ရှာကြံရှင်းပြရတော့သည်။


"ကြည့်...ရှဲ့လင်ကငါတို့နဲ့အတန်းမတူဘူးလေ...ဘယ်သူနဲ့မှလည်းရင်းနှီးတာမဟုတ်ဘူး...အခုလိုကစားတာကဘယ်ကောင်းပါ့မလဲ..အခုကပိတ်ရက်မလို့ထားပါတော့..ဒိတ်တယ်ဆိုရင်တောင် ကြည့်ပေးမယ့်သူမရှိဘူး...ဒီလိုဆို ကစားတာနဲ့ဘယ်တူပါတော့မလဲ.."


သူက ကြိုးစားပမ်းစားနှင့်ရှေ့နောက်ညီအောင်ဖြေရှင်းပြနေသော်လည်း ရှဲ့လင်ကအဖက်မလုပ်ပေ။


 "ငါအဆင်ပြေပါတယ်..."


ကျန်သည့်သူများကလည်းပြုံးလိုက်ကြသည်။ 


"အားလပ်ရက်မလို့ လူတိုင်းကအပျင်းပြေကစားနေကြရုံပဲလေ.ဘယ်သူမှလည်းအတည်မယူကြပါဘူး..မင်းအုပ်ကြီးနဲ့သုံးရက်ပဲဒိတ်ရမှာပါ...နောက်ပိုင်းမင်းဒီအကြောင်းကိုပြောဖြစ်ခဲ့ရင် ဂုဏ်တောင်ယူရဦးမှာ..."


ဒါပေမဲ့ ရှဲ့လင်ကတော့အတည်ကြီးလုပ်နေတာလေ။ ဖုယွမ်ကျိုး စိတ်ထဲမှသာ ဝုန်းဒိုင်းကြဲနေလိုက်သည်။


ယွမ်ယဲ့ကမူ ဘီယာကိုတစ်ငုံသောက်ကာ ရှဲ့လင်ကိုပျင်းရိပျင်းတွဲဖြင့်လှမ်းကြည့်သည်။ 


"ဒီလိုဟာမျိုးက စေတနာကိုအရင်းခံရတာမလား..စီနီယာရှဲ့သာ တစ်ယောက်ကိုရွေးလိုက်ရင် အဲဒီလူပျော်ရမှာမဟုတ်ဘူး...ဂိမ်းကလည်းအလကားဖြစ်သွားမှာပဲ..." 

သူသည်ကား နှုတ်ခမ်းထောင့်လေးများကိုကွေးလိုက်ချေ၏။ 


"ဒါမှမဟုတ် စီနီယာကရေးတဲ့သူနဲ့သုံးရက်ဒိတ်လိုက်ရင်ရော...ဒါဆိုအဆင်ပြေသွားပြီ.."


"မရဘူး...ငါ့မှာကောင်မလေးရှိတယ်" 

Dare ရေးသူက ထအော်လိုက်သည်။


သူမှလွဲပြီး ဘယ်သူကမှစကားမပြောလာပေ။ အမူအရာများက တစ်ယောက်တစ်မျိုးစီဖြစ်နေကြသည်၊ အချို့က ဂိမ်းကစားသည့်အပေါ်တွင်သာအာရုံရှိနေသည်၊ အချို့ကဘာသိဘာသာပင်။ အချို့ကမူ စမ်းသပ်ကြည့်ရန်စိတ်အားထက်သန်နေလေသည်။


ရန်ရှူးထန်ကတိတ်ဆိတ်နေဆဲ။ မတိုင်ခင်က ဖုယွမ်ကျိုးကိုရှဲ့လင်ဘယ်လိုသဘောထားမှန်း သူမသိခဲ့သော်လည်း ရှဲ့လင်က ဖုယွမ်ကျိုး Pocky ချောင်းမစားဖြစ်အောင်ဝင်တားလိုက်သည်ကိုမြင်လိုက်ရပြီး ယခုဖုယွမ်ကျိုးကိုကြည့်လိုက်သည့်အခါတွင်လည်း တခုခုကိုသတိထားမိသွားခဲ့သည်၊၊ သူသည်ကား ပေါင်ပေါ်တင်ထားသည့်လက်များကိုပင် တင်းတင်းဆုပ်လိုက်မိလေ၏။


ယွိဖေးက ရှဲ့လင်ထံသို့လှမ်းကြည့်ကာပြုံး၍ပြောလိုက်လေသည်။


 "အခုကိစ္စက...."


"ယွမ်ကျိုး..." 

ရှဲ့လင်က ဖုယွမ်ကျိုးကို ရုတ်တရက်လှမ်းခေါ်လိုက်သည်။


ယွမ်ကျိုး? ဖုယွမ်ကျိုး? သူလား!!။


ဖုယွမ်ကျိုးမှာ ခေါင်းကိုသာတွင်တွင်ငုံ့ထားမိလေ၏၊ သူသည် ငှက်ကုလားအုတ်သာဖြစ်လိုက်ချင်ပြီး မကြားလိုက်သလိုနေသော်လည်း ဖြစ်နိုင်မည်မဟုတ်ပေ၊၊ ရှဲ့လင်၏ပြတ်သားလှသည့်အသံက သူ့နားထဲကိုတန်းနေအောင်ဝင်လာခဲ့သည်။


ရှဲ့လင်ပြောလိုက်သည့်စကားနှင့်သူတွေးထားသမျှက တခြားစီပင်။


ရှဲ့လင်: "ငါ ဘယ်သူ့ကိုရွေးရမလဲ..."


လူတိုင်းမှင်သက်ကုန်ကြသည်၊၊ ဖုယွမ်ကျိုးကလည်းအံ့ဩနေပြီး မသိစိတ်အရပြောလိုက်မိချေ၏။ 


"ဘာလဲ..."


ရှဲ့လင်: "ငါ့အတွက် အဆင်ပြေတဲ့လူကိုရွေးပေး...ငါအဲဒီလူကိုပဲရွေးမယ်..."


ဘာလို့ ယွမ်ကျိုးကနားထောင်ရမှာလဲ။


အခြားသူများလည်း အံ့အားသင့်သွားကြသော်လည်း ချက်ချင်းသဘောပေါက်သွားခဲ့ကြသည်။ အုပ်ကြီးကသူတို့ကိုမသိသောကြောင့် ယွမ်ကျိုးကို အကူညီတောင်းခြင်းဖြစ်သည်။ ၎င်းတို့အားလုံးက ဖုယွမ်ကျိုးကိုပြီတီတီပြုံးပြလာကြသည်။(ရှဲ့လင်နဲ့ သူတို့ကအတန်းမတူကြလို့ပါ)


 "အစ်ကိုယွမ်...မြန်မြန်လေး...အုပ်ကြီးအတွက်တစ်ယောက်လောက်ရွေးပေးလိုက်...."


ဖုယွမ်ကျိုးငေးငိုင်နေစဥ်မှာပင် တံခါးဘဲလ်သံပေါ်လာသည်။ တစုံတယောက်ရောက်လာပြီး သူတို့ဂိမ်းကိုနှောင့်ယှက်လာခြင်းပင်။


မိန်းကလေးတစ်ယောက်က မတ်တပ်ရပ်လိုက်၏။ 


"ရှင်းယီရောက်လာပြီထင်တယ်...သူပဲနေမှာ...နေ့လည်မှရောက်မယ်လို့ပြောထားတာ...အခုရောက်လာပြီဖြစ်မယ်.."


အန်တီကတံခါးသွားဖွင့်ပေးလိုက်သော်လည်း ရောက်လာသူက နောက်ကျနေသည့်အတန်းဖော်မဟုတ်ဘဲ စားစရာလာပို့သူဖြစ်နေလေသည်။


"ငါမှာထားတာ..အားလုံးစားကြဦး.." 

ယွိဖေးကပြုံးကာမတ်တပ်ထရပ်သည်။ 


"အိုကေ...ဂိမ်းကိုခဏလောက်ဘေးဖယ်ထား..အားလုံးကြိုက်တဲ့ကိတ်ယူစားကြ...ငါမင်းတို့ကြိုက်တာတွေကိုပဲမှာထားတာ..."


သူဖုယွမ်ကျိုးလက်ကိုကိုင်ကာ ပုခုံးကိုသာသာလေးတွန်းရင်း တံခါးဘက်သို့ခေါ်သွားခဲ့သည်။ အတန်းဖော်များလည်းရောက်လာပြီး ဂိမ်းကိုယာယီမျှမေ့သွားကြလေ၏။ ရှဲ့လင်ကသူတို့ကိုတချက်ကြည့်ပြီး တယောက်ယောက်ခေါ်သံကြားလိုက်ရသောကြောင့် အပေါ်ထပ်တွင်ဖုန်းသွားပြောရလေသည်။


ယွိဖေးက တံခါးတွင်ကိတ်သွားယူမည့်အစား ဖုယွမ်ကျိုးကိုသာဆွဲခေါ်သွားခဲ့သည်။ ယွိဖေးကသူ့အား အခန်းတစ်ခန်းထဲသို့ခေါ်သွားပြီး ညင်သာစွာဖြင့်ပြောလာလေ၏။


 "ကျိုးအာ...မင်းဘာလုပ်မှာလဲ..."


"ဘာလုပ်ရမှာလဲ..." 

ဖုယွမ်ကျိုးက သတိပြန်လည်လာပြီးအူတိအူကြောင်ဖြင့်ပြန်မေးလိုက်သည်။


"ဂိမ်းကိုပြောတာလေ..ငါ့အစ်ကိုအတွက်ဘယ်သူ့ကိုရွေးပေးမှာလဲလို့..."


ဖုယွမ်ကျိုးလည်းမပြောတတ်တော့ပေ။ မထင်မှတ်ဘဲ ရှဲ့လင်က သူ့အားရွေးခိုင်းခဲ့သည်။ အစက ရှဲ့လင် သူ့အားရွေးလိမ့်မည်ဟုထင်ခဲ့ပြီး ငြင်းရန်စဥ်းစားသေးသော်လည်း အနှီအလှည့်အပြောင်းကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။


ရှဲ့လင်ကဘာလုပ်ချင်နေတာလဲ? သူ့ကိုရွေးခိုင်းတယ်? သူ ဘယ်သူ့ကိုရွေးပေးပေး ရတယ်ပေါ့!။


လက်ရှိအုပ်စုထဲတွင် ရှဲ့လင်သဘောကျနေသည့်လူတစ်ယောက်ရှိနေမည်ဆိုပါက ဖုယွမ်ကျိုးဖြေရှင်းနိုင်သေးသည်။ သို့သော်လည်း ရှဲ့လင်ကသူ့ကိုသဘောကျနေပြီး သူ ကလည်း၎င်းကိုသိထားခဲ့သည်။ ဘာကြောင့်များ သူ့ကိုရွေးချယ်ခိုင်းရပါသနည်း။


ယင်းကဂိမ်းအသေးစားလေးပင်ဖြစ်သော်လည်း ဖုယွမ်ကျိုးကိုအာရုံနောက်စေလေသည်။ ရှဲ့လင်ဘာတွေးနေမှန်း သူတကယ်မမှန်းတတ်တော့ပေ။ 


"တကယ်တော့...သင့်တော်တဲ့နည်းလမ်းရှိမှာပါ.." 


ယွိဖေးကပြုံးကာ တံခါးကိုအနည်းငယ်ဟကာ အပြင်မှမိန်းကလေးတစ်ယောက်ကိုလက်ညိုးထိုးပြလိုက်သည်။ 


"သူငြင်းမယ်လို့တော့ငါမထင်ဘူးနော်...သူငါ့အစ်ကိုကို ခိုးကြည့်နေတာ ငါအခုလေးတင်သတိထားမိလိုက်တယ်..."


ဖုယွမ်ကျိုးက အနှီသူလက်ညိုးထိုးပြသည့်ဘက်ကိုလှမ်းကြည့်လိုက်သည်။ အခြားအတန်းမှမိန်းကလေးတစ်ယောက်ဖြစ်ပြီး လှပအေးဆေးသည်၊၊ သိမ်မွေ့ညင်သာသောကြောင့် ရှဲ့လင်ပုံစံနှင့်လိုက်ဖက်လောက်၏။


"မင်းသူ့ကိုမေးကြည့်ချင်လား..." 

ယွိဖေးကသူ့အားခပ်တိုးတိုးမေးလာလေသည်။

 "သူသဘောတူရင် ရွေးလိုက်လေ..."


"ဒါကတော့..." 


ဖုယွမ်ကျိုးလည်း သူ့ခံစားချက်ကိုသူနားမလည်နိုင်တော့ပေ။ အပြုသဘောဆောင်သည့်ခံစားချက်မဟုတ်သည်မှာသေချာ၏။ မဆိုသလောက်လွန်ဆွဲမှုလေးရှိနေပြီး သူချက်ချင်းအဖြေမပေးလိုက်ပေ။


 "ငါရှဲ့လင်ကိုမေးကြည့်လိုက်ဦးမယ်..."


"အိုကေ..." 

ယွိဖေးကလည်း ပုံမှန်အတိုင်းပင်တုံ့ပြန်လာ၏။

"သွားမေးလိုက်..."


ဖုယွမ်ကျိုးက အခန်းထဲမှထွက်လာပြီး ယွမ်ယဲ့ဘေးမှဖြတ်သွားလိုက်သည်။ အနှီသူက အနောက်မှလိုက်ထွက်လာသည့်ယွိဖေးကိုကြည့်ပြီး မျက်ခုံးပင့်ကာမေးလိုက်လေသည်။ 

"မင်းသူ့ကိုအခုလေးတင်ဘာပြောလိုက်တာလဲ..."


ယွိဖေးကပြုံးလိုက်သည့်တိုင် စိတ်မပါတပါနှင့်သာပြန်ဖြေလာ၏။ 

"မင်းနဲ့မဆိုင်ပါဘူး..."


"သူကမင်းအစ်ကိုကိုလိုက်ရှာနေတာနော်..." 

ယွမ်ယဲ့သည် အပေါ်ထပ်တက်တက်သွားသည့်ဖုယွမ်ကျိုးကိုလှမ်းကြည့်လိုက်သေး၏။ 


"သတိထားဦး...ကျန်ရစ်ဖြစ်နေမယ်.."


 ထိုသူသည် နှုတ်ခမ်းထောင့်ကို မသိမသာပင့်လိုက်သည့်အခါ အပြုံးမမည်သောအပြုံးတစ်မျိုးပေါ်လာလေ၏။ 


"သူ့စိတ်ထဲမှာတော့ မင်းအစ်ကိုကမင်းထက်ပိုအရေးကြီးမှာပဲ.."


ယွိဖေး: "အနည်းဆုံးတော့ သူကငါ့ကိုဂရုစိုက်သေးတယ်ကွ...မင်းကရော"


ယွမ်ယဲ့: "ငါကတော့သူနဲ့နေ့တိုင်း ကောင်းကောင်းကစားနိုင်တယ်လေ...စားပွဲတစ်လုံးတည်းမှာအတူထိုင်ရတယ်..ကျောင်းဆင်းတော့လည်းအတူတူပဲ...မင်းကငါ့လောက်အချိန်တွေအများကြီး အတူမကုန်ခဲ့ရဘူးလေ.."


"စားပွဲတစ်လုံးတည်း" 

ယွိဖေးကပြုံးလာသည်။ 


"ငါက ယွမ်ယွမ်နဲ့ခုတင်တစ်လုံးတည်းအတူအိပ်ခဲ့ရတာ..ငါနေမကောင်းဖြစ်နေတုန်းကလည်း သူပဲငါ့ကိုပြုစုပေးခဲ့တာ..ပင်ပန်းလွန်းလို့ငါ့ဘေးမှာပဲအိပ်ပျော်သွားရှာတာလေ..."


"မင်းတို့နှစ်ယောက်လုံး အဝတ်ဝတ်ထားတယ်မလား..." 

ယွမ်ယဲ့ကမလျှော့သေးပေ။ 


"ငါကသူအဝတ်မဝတ်ထားတဲ့ပုံစံမြင်ဖူးတယ်..သူ့ခန္ဓာကိုယ်ကအရမ်းကြည့်ကောင်းတာပဲ..."


ယွိဖေးကအရူးလုပ်မခံပေ။


 "ရေကူးသင်တဲ့အချိန်မှာ သူဘောင်းဘီမဝတ်ဘူးလား..."


ယွမ်ယဲ့: "ငါသူ့ခြေထောက်ကိုလည်းကိုင်ခဲ့ရသေးတယ်...သူ့မျက်နှာကိုလည်းနမ်းခဲ့သေးတယ်..."


ယွိဖေး: "ငါကတော့သူheatကာလဖြတ်သန်းတာကိုကြုံလိုက်ရဖူးတယ်..သူ့ကိုတောင်အမှတ်ပေးမိတော့မလို့..."


"....."


ထိုနှစ်ယောက်သည် အပြန်အလှန်စကားနာထိုးနေပြီး များများပြောလေ မျက်နှာကြောများကတင်းလာလေပင်။၎င်းတို့၏ဖယ်ရိုမုန်းက အပြင်းအထန်ထွက်ပေါ်လာပြီး ဆက်ပြောနေပါက အချင်းချင်းသတ်မိကြတော့မည့်အတိုင်း။


"ထားလိုက်တော့.." 

ယွမ်ယဲ့သည်ကား နံရံကိုမှီကာလက်ပိုက်ထားရင်း မျက်နှာကြတ်ကိုမော့ကြည့်ကာသက်ပြင်းချလိုက်လေသည်။


 "မင်းနဲ့ပြောနေတော့လည်း ဘာထူးမှာလဲ...ငါတို့နှစ်ယောက်လုံးက မင်းအစ်ကိုရဲ့ပြိုင်ဘက်မဟုတ်ဘူး..."


ယွိဖေးကခွန်းတုံ့မပြန်လိုက်ပေ၊၊ ယွမ်ယဲ့၏စကားကမှန်သည်။ သူတို့ဖုယွမ်ကျိုးနှင့်အတူ အချိန်ကုန်ခဲ့ကြစေကာမူ ရှဲ့လင်ကိုမယှဥ်နိုင်ပေ။ သူတို့ဖုယွမ်ကျိုးနှင့်ရင်းနှီးစေကာမူ ရှဲ့လင်ကသူတို့ထက် ဖုယွမ်ကျိုးနှင့်ပိုပြီးလိုက်လျောညီထွေဖြစ်နိုင်လိမ့်မည်။


"တခါတလေ သူ့ကိုငါ့အစ်ကိုမဟုတ်ရင်ကောင်းမှာပဲလို့တွေးဖူးတယ်.." 

ယွိဖေးက မျက်ခုံးများကိုကုပ်ထားရင်း ပြုံးလည်းမပြုံးတော့ပေ။


 "အခုတော့ ငါတို့မိဘတွေနဲ့စကားပြောမှဖြစ်တော့မယ်..ဒါမှသူတို့သိပ်မတင်းကျပ်မှာ..."


"တကယ်လို့ ရှေ့တိုးရနောက်ဆုတ်ရခက်လာခဲ့ရင် ဖုယွမ်ကျိုးကမင်းဘက်မှာနေမလား...မင်းအစ်ကိုဘက်မှာနေမလား...မင်းပြောကြည့်..." 


ယွမ်ယဲ့ကသူ့ကိုထပ်လှောင်လာပြန်သည်။


ယွိဖေးက နှုတ်ခမ်းတို့ကိုအသာတွန့်ကွေးလိုက်လေသည်။


 "မင်းငါ့ကိုရိုက်ပါတယ်လို့ ငါပြောလိုက်ရင်...ဖုယွမ်ကျိုးကမင်းဘက်မှာနေမလား...ငါ့ဘက်မှာနေမလား..မင်းပြောကြည့်လေ.."


ယွမ်ယဲ့က ဟမ့်ခနဲနှာမှုတ်လေ၏။ 


"မင်းကတကယ်ကို အုတ်ကြားမြက်ပေါက်ပဲ..ဖုယွမ်ကျိုးရှေ့မှာတောင် ယဥ်ကျေးပြီးအပြစ်ကင်းယောင်ဆောင်ထားသေးတယ်..."


"အဲ့တော့ဘာဖြစ်လဲ..." 

ယွိဖေးကအင်မတန်နှိမ့်ချရိုကျိုးနေ၏။ 

"ငါကမင်းလောက်တော့စိတ်ကုန်ဖို့မကောင်းပါဘူး..."


နောက်တခါရန်ပွဲပြန်စရန်တာဆူလာပြန်ပြီ။ နှစ်ယောက်သားက ခဏမျှတိတ်ဆိတ်သွားလိုက်ကြပြီးနောက် ယွမ်ယဲ့ကပြောလိုက်လေ၏။ 


"ငါတို့ပူးပေါင်းသင့်တယ်..."


"ပူးပေါင်းသင့်တယ်လား" 

ယွိဖေးကသံယောင်လိုက်ကာပြန်မေးသည်။


ယွမ်ယဲ့: "အရင်ဆုံး..ငါတို့ရဲ့အစွမ်းဆုံးအချစ်ပြိုင်ဖက်ကိုရှင်းမယ်..ပြီးမှ ငါတို့အစွမ်းအစနဲ့ငါတို့ သူ့ကိုရအောင်လိုက်ကြမယ်.."


ယွိဖေးကသင့်မသင့်အသံတိတ်စဥ်းစားနေသေး၏။ "မင်းကရောဘာလုပ်မှာလဲ.."


"ဆွေးနွေးဖို့လိုတယ်.." 

ယွမ်ယဲ့ကမျက်ခုံးပင့်လိုက်သည်။ 

"ပူးပေါင်းလိုက်ရင်ဘယ်လိုလဲ..."


"ရတယ်လေ..." 

ယွိဖေးက သူ၏မျက်ခုံးလှလှလေးများကိုတွန့်ချိုးလိုက်ရင်း နောက်ဆုံး၌သဘောတူလိုက်သည်။


"ဒါဆို ကောင်းကောင်းပူးပေါင်းကြတာပေါ့...ထားလိုက်တော့...ပျော်ရမှာလည်းမဟုတ်ပါဘူး.."


"....."


သူတို့နှစ်ယောက် ပူးပေါင်းရန် ကြံနေကြချိန်တွင် ဖုယွမ်ကျိုးက အပေါ်ထပ်ရောက်သွားလေပြီ။ 


ရှဲ့လင်က ဝရန်တာတွင် ဖုန်းပြောနေလေ၏။ ထိုသူသည် အဖြူရောင်ရှပ်ကိုဝတ်ထားပြီး ဖုယွမ်ကျိုးကိုကျောပေးထားသောကြောင့် သူ့ဘက်မှကြည့်ပါက ကျယ်ပြန့်သည့်ပုခုံးနှင့်ခြေတံရှည်များအပြင် သွယ်လျသည့်ပုံစံနှင့် အနက်ရောင်ဆံပင်တို့က နေရောင်အောက်တွင်တောက်ပနေလေသည်။


ရှဲ့လင်က ကျောင်းကိစ္စပြောနေခြင်းပင်။ ဖုယွမ်ကျိုးမှာချောင်းနားထောင်ရန်မရည်ရွယ်ထားခဲ့သည့်အပြင် စိတ်ဝင်စားစရာမကောင်းသလိုလည်းထင်မိလေ၏။ အနှီသူဖုန်းပြောနေ၍ သူထွက်သွားချင်ခဲ့သော်လည်း ရှဲ့လင်က သူလာနေသည်ကိုမြင်သွားသောကြောင့် တဖက်လှည့်ပြီးဖုယွမ်ကျိုးကိုလိုက်ကာ သူ့ခေါင်းကိုပုတ်ပေးလိုက်သည်။ 


"ကိစ္စရှိလို့လား..."


ရှဲ့လင်ကဖုန်းကိုခွာပြီး သူ့အားမေးလာချေ၏။


ထိုသူကကြည့်နေသောကြောင့် ဖုယွမ်ကျိုး၏လက်ဖဝါးက ချွေးများဖြင့်ရွှဲလာရပြီး ဘယ်လိုမေးရမှန်းပင်မသိတော့ပေ။ 


"ဒါကဂိမ်းပဲနော်...မင်းတကယ်ကြီးလား..."


"မင်းအခြားအကြံတစ်ခုတွေးမိလို့လား..."


 ရှဲ့လင်ကလည်း ပြန်မေးလာသည်။


သူတကယ်ကစားချင်နေမှန်းသိလိုက်ရသည့်အခါ ဖုယွမ်ကျိုးက ခြောက်ကပ်ကပ်လေသံဖြင့်ပြန်မေးလိုက်သည်။ 


"မင်းလိုတာရှိလား..."


ရှဲ့လင်: "မရှိပါဘူး...မင်းသဘောပဲလေ..."


ဖုယွမ်ကျိုး: "ဘယ်သူပဲဖြစ်ဖြစ်ရလား..."


ရှဲ့လင်ကား ဆက်မပြောလာတော့ပါချေ။


မကြာသေးခင်က ယွိဖေးပြောသည့်မိန်းမလှလေးဆိုသည်မှာ ဖုယွမ်ကျိုး၏သူငယ်ချင်းပင်။ ဖုန်းထဲတွင် ထိုမိန်းကလေးနှင့်ရိုက်ထားသည့်ဓာတ်ပုံပင်ရှိသေးသော်လည်း ယခုအချိန်တွင်မပြောချင်သေးသောကြောင့် ဆက်မမေးဖြစ်တော့ပေ။


"ငါ ရှောင်ဖေးကိုရွေးပေးလိုက်ရမှာ..." 


ဖုယွမ်ကျိုးက မသိမသာစကားလမ်းကြောင်းပြောင်းလိုက်သည်။ 

"ဘာပဲဖြစ်ဖြစ် မင်းတို့ကဝမ်းကွဲတွေလေ...အရမ်းကြီးလည်းစိတ်ထဲမထားပါနဲ့...အပျော်ပဲဟာ..."


"ပျော်စရာကောင်းလို့လား..."

 ရှဲ့လင်ကမေးလိုက်လေပြီ။ 

"ကိုယ်ကတကယ်စိတ်ထဲထားတာ..မင်းသဘောအတိုင်းကိုယ်လုပ်ပေးမှာ..."


ဖုယွမ်ကျိုးက တခဏမျှငြိမ်ကျသွားပြီးနောက် မေးလိုက်လေ၏။ 

"မင်းဘယ်အတိုင်းအတာလောက်အထိ စိတ်နှစ်ထားတာလဲ..."


ရှဲ့လင်: "ဂွတ်မောနင်း...ဂွတ်နိုက်...အပြင်ထွက်လည်တာ...တစ်ယောက်အကြောင်းတစ်ယောက်သိအောင်လုပ်ပြီး လက်ဆောင်တွေလဲကြတာမျိုးပေါ့..."


ရှဲ့လင်ပြောသည့်ပုံစံက သာမန်စုံတွဲများလုပ်နေကြပုံစံဖြစ်သည့်တိုင် ဖုယွမ်ကျိုးမှာ ထူးဆန်းသလိုခံစားနေရဆဲ။ သူကဂိမ်းတစ်ခုဟုသာ တွေးထားခဲ့သည်။ ဒီလောက်လုပ်ဖို့လိုလို့လား။


တကယ်စဥ်းစားကြည့်မိသော်လည်း နေရခက်သလိုခံစားလာရပြန်သည်။ ယခင်ဘဝမှ ယခုအချိန်အထိ ရှဲ့လင်ဘေးတွင်ဒုတိယလူတစ်ယောက်ရှိနေခြင်းမျိုး မမြင်ဖူးခဲ့ပေ။ သူကသာရှဲ့လင်နှင့် အနီးကပ်ဆက်ဆံရေးရှိခဲ့သူသာ။ သည့်အပြင် ရှဲ့လင်ထံ၌ သူငယ်ချင်းများများစားစားလည်းမရှိပါချေ။ 


သူငယ်ချင်းနည်းနည်းပဲထားချင်တဲ့သဘောများလား။ခဏကြာပြီးနောက် ဖုယွမ်ကျိုး ငေးငိုင်နေစဥ်မှာပင် ရှဲ့လင်က သူ ယွိဖေးနှင့်အတူရှိနေလျှင်လည်း သဘောမကျသည်ကိုသတိရသွားခဲ့သည်။ ထိုအချိန်က သူနားမလည်နိုင်ခဲ့သော်လည်း ယခုတော့ သူနားလည်သွားခဲ့ပြီ။


သူကအမြဲတစ်ယောက်တည်းပင်။ 


မင်းသူငယ်ချင်းနဲ့မင်းညီမက ရည်းစားတွေဖြစ်နေပြီး မင်းကအခုထိစင်ဂယ်ဖြစ်နေတုန်း၊ တခါတလေ မင်းသူငယ်ချင်းက ဒိတ်လုပ်ဖို့အလုပ်များနေပြီး မင်းကိုတစ်ယောက်တည်းထားခဲ့မယ်...သေလေ...စိတ်ဓာတ်ကျစရာကြီး။


"ငါဘယ်သူ့ကိုမှမရွေးတော့ဘူး..." 

ဖုယွမ်ကျိုးမှာ ကသိကအောက်ဖြစ်ရလွန်း၍ ထွက်လာခဲ့လေ၏။ 


"ဒီဂိမ်းကအဓိပ္ပါယ်ကိုမရှိဘူး...ကစားမနေနဲ့တော့!"


"ဒီတခေါက်မဖြစ်လည်း နောက်ကျဖြစ်လာမှာပဲ..."


ရှဲ့လင်က သူ့အနောက်မှနေကာ တိုးဖွဖွပြောလာလေ၏။


"ကိုယ်အခြားလူနဲ့မိသားစုတစ်ခုကိုစရမယ်ဆိုရင် မိသားစုကိုပဲဦးစားပေးမှာ..."


"မင်းကိုယ့်ကိုလိုအပ်ရင် ကိုယ်မင်းအတွက်ရှိနေပေးမယ်..မင်း မလိုအပ်တော့ရင် မင်းကကိုယ့်အတွက် အရေးကြီးဆုံးသူဆိုတာဖြစ်လာမှာမဟုတ်တော့ဘူး..."


"မင်းကြားရဲ့လား....ဖုယွမ်ကျိုး...ကိုယ်မင်းကိုထားခဲ့မှာမဟုတ်ဘူး...ဒါပေမဲ့ အနာဂတ်မှာရွေးရမှာပဲ..မင်းသဘောတူလား..."


ဖုယွမ်ကျိုးက ရုတ်တရက်သွားနေရာမှရပ်လိုက်သည်။ သူ့မျက်နှာတွင်ချွေးစိုနေသော်လည်း နှလုံးသားကမူအေးစက်နေလေ၏။


ရှဲ့လင်စကားက ယခင်ဘဝမှအဖြစ်အပျက်တစ်ခုကိုသတိပေးနေခဲ့သည်။ ထိုစဥ်က ရှန်းရှီကောနှင့်ရှဲ့လင်အကြားရွေးချယ်ရသည့်အခါ သူကရှဲ့လင်ကိုဘေးဖယ်ပြီး ရှန်းရှီကောကိုရွေးချယ်ခဲ့သည်၊၊ ထို့ကြောင့် ရှဲ့လင်ကသူနှင့်လမ်းခွဲဲ့ပြီး သူ့အားသေရာပါနာကျင်စေခဲ့သည်။


သူ့အတွက် အင်မတန်နောင်တရစရာဖြစ်ခဲ့သည်။ ထပ်တူညီသောအဖြစ်အပျက်မျိုး နောက်တကြိမ်ဖြစ်လာခဲ့ပါက သူ့အမှားသာ။ သို့တစေ သူ့ကိုယ်သူကာကွယ်ထားခြင်းကလည်း လူသားဆန်သည့်အတ္တပင်ဖြစ်သည်။ သူတကယ်ကြောက်ရွံ့မိသည်။ ရှဲ့လင်က သူ့ကိုရိုးရိုးလေးသာမေးခဲ့ပြီး လက်ခံစေချင်နေသည်။ မရဘူး...နောက်ပိုင်း ဒီလိုထပ်ဖြစ်ခဲ့ရင်။


သူ့ခန္ဓာကိုယ်က မသိမသာတုန်ယင်နေပြီး အသံကလည်ပင်းအညှစ်ခံထားရသလိုပင်။ သို့ပါသော်လည်း ရှဲ့လင်ကသူ့အားအနောက်မှ ရုတ်တရက်သိုင်းဖက်လာခဲ့သည်။


"ဒါပေမဲ့ မင်းသာကိုယ်နဲ့ဆိုရင်..." 

ရှဲ့လင်က သူ့အားပြောလာခဲ့ပါ၏။ 


"ကိုယ်တို့ နှစ်ယောက်ကြားမှာရွေးချယ်စရာဆိုတာမျိုးရှိလာမှာမဟုတ်တော့ဘူးလေ..."