♎️Chapter 48
"ဒါပေမဲ့ မင်းသာကိုယ်နဲ့ဆိုရင်..."
ရှဲ့လင်က သူ့အားပြောလာခဲ့ပါ၏။
"ကိုယ်တို့ နှစ်ယောက်ကြားမှာရွေးချယ်စရာဆိုတာမျိုးရှိလာမှာမဟုတ်တော့ဘူးလေ..."
"အခုဖြစ်ဖြစ်..နောက်ပဲဖြစ်ဖြစ် ဘာများကွာသွားလို့လဲကွာ..."
"ကိုယ်မင်းအကြောင်းကိုကောင်းကောင်းသိတယ်...မင်းနဲ့အတူကစားပေးမယ်...မင်းကိုလက်ဆောင်တွေလည်းပေးမယ်...ဂွတ်မောနင်း...ဂွတ်နိုက်လည်းပြောပေးမယ်...ဖြစ်နိုင်ရင်လေ..."
သူသည် ဖုယွမ်ကျိုးကိုလှည့်လိုက်ပြီး မျက်နှာကိုနှင့်နှုတ်ခမ်းကိုနမ်းလိုက်ကာ ထိုသူ၏မျက်လုံးထဲသို့တည့်တည့်ကြည့်လာ၏။
"ကိုယ်တို့နမ်းလည်းနမ်းပြီးသွားပြီ...တကြိမ်ထက်တောင်ပိုခဲ့တယ်..မင်းလက်ခံလိုက်တော့.."
"ဒီလိုအထိဖြစ်ပြီးတာတောင် ကိုယ်တို့ဒိတ်လို့မရသေးဘူးလား..."
"ဒီသုံးရက်ထဲမှာ..ကိုယ်တို့တမျိုးစီအတူလုပ်လို့ရပါတယ်...အချိန်စေ့သွားတာနဲ့ဒါလည်းပြီးသွားမှာလေ..မင်းကိုယ့်ကိုချစ်မိသွားမလားတော့စောင့်ကြည့်ရမှာပေါ့...သဘောတူမယ်မလား...ယွမ်ကျိုး..."
ထိုသူကသူ့အား နွေးနွေးထွေးထွေးဖက်ထား၍လည်းဖြစ်နိုင်သည်။ ရင်းနှီးနေသည့် လေငွေ့နွေးနွေးကြောင့် စိတ်လက်ပေါ့ပါးနေခြင်းလည်းဖြစ်နိုင်သည်။ အသံကညင်သာလွန်းနေ၍လည်းဖြစ်နိုင်သည်။ သို့သော်လည်း ဖုယွမ်ကျိုးကမျက်လုံးမှိတ်လိုက်ပြီး စိတ်လျှော့လိုက်ကာ တိုးလျသည့်အသံဖြင့်သာတုံ့ပြန်လိုက်လေ၏။
",အင်း...."
ဖုယွမ်ကျိုး ပြန်ဖြေပြီးမှ တောင့်တင်းသွားခဲ့သည်။ သူ 'အင်း' ဟုဖြေလိုက်ချိန်က အများအပြားမစဥ်းစားခဲ့ပေ။ သူ သည်အတိုင်းခေါင်းညိတ်လိုက်ရုံသာ။ ထုတ်ပြောပြီးကာမှ သူနောင်တရသွားခဲ့သည်။ သူ့လက်ဖဝါးတွင်ချွေးများရွှဲနေခဲ့ပြီး သူ့လျှာသူပင်ပြန်ကိုက်မိတော့မတတ်ပင်။
သူဘာလို့များလက်ခံလိုက်မိတာလဲ။ အခုသူ့စိတ်ကဘာတွေဖြစ်နေတာလဲ..။ရူးသွားပြီလား...။မူးနေတာလား။ဒါပေမဲ့ သူဘီယာတစ်ခွက်ပဲသောက်ရသေးတာပါ..။ဒီလောက်လည်းမမူးပါဘူး။ရှဲ့လင်ပြောတာနဲ့ပဲ တန်းပြီးခေါင်းမညိတ်လိုက်နဲ့လေ။
သုံးရက်သာဒိတ်ရမည်ဆိုလျှင်ပင် ဖုယွမ်ကျိုးမှာ ပျာယာခတ်နေရပြီ။ ထိုသူအပေါ်အာရုံစိုက်ရန် မရည်ရွယ်ထားသော်လည်း ရှဲ့လင်က ရုတ်တရက်သူ့နှုတ်ခမ်းများအပေါ်သို့နမ်းလာခဲ့သည်။
ဖုယွမ်ကျိုးမှာအေးခဲသွားရပြီး ခေါင်းကိုအားသုံးပြီးပင့်ခံထားရသည်။ လေပူများက သူ၏အာရုံခံအင်္ဂါအားလုံးကိုစိုးမိုးထားသလို တိုက်ရိုက်ကျရောက်လာခဲ့၏။ ရှဲ့လင်ကသူ့အားစဥ်းစားရန်အချိန်မပေးပါချေ၊ ခြေထောက်များပျော့ခွေသွားသည်အထိ အနမ်းခံလိုက်ရပြီး ဤတခေါက်တွင် ငြင်းရန်မပြောနှင့်။ အသက်ပင်မနည်းရှူနေရလေသည်။
"မင်းတော့...."
ဖုယွမ်ကျိုး ခက်ခက်ခဲခဲ အသက်ရှူလိုက်နိုင်ပြီ။ သူမမူးလျှင်ပင် အတင်းအကြပ်အနမ်းခံလိုက်ရပြီး မိန်းမောနေသော်လည်း မစဥ်းစားဘဲပြောလိုက်ပါသေးသည်။
"မင်းနမ်းတာတော့ကျွမ်းသားပဲ...တယောက်ယောက်ကမင်းကိုလေ့ကျင့်ပေးထားတာလား..."
ရှဲ့လင်က လက်မောင်းထဲမှလူကိုငုံ့ကြည့်ပြီး နဖူးကိုဖွဖွလေးနမ်းကာ ထုံထိုင်းမှုနှင့်ယားယံမှုအချို့ကိုကျန်ရစ်ခဲ့စေသည်။
"ကိုယ်ကမင်းကိုပဲနမ်းရသေးတာပါ..."
သူသည်ကား ဖုယွမ်ကျိုးမေးကိုပင့်လိုက်ရင်း မျက်လုံးထောင့်လေးများကိုနမ်းလာပြန်သည်။
"ကိုယ့်ရဲ့ပထမဆုံးအနမ်းကမင်းအတွက်ပဲ...နောင်လည်းမင်းကိုပဲနမ်းမှာပါ..."
ဖုယွမ်ကျိုးမှာ ရှက်လွန်းသောကြောင့် မျက်နှာမှာထင်ထားသည်ထက်နီရဲနေခဲ့သည်။ ဘဝနှစ်ခုလုံးတွင် ရှဲ့လင်၏ပထမဆုံးအနမ်းက သူနှင့်သာဖြစ်ခဲ့သည်...တွေးကြည့်ရုံနှင့်ပင် ရှက်လွန်း၍သေသွားနိုင်သော်လည်း အနှီသူက သူ၏ပထမဆုံးအနမ်းကိုယူသွားခဲ့သည်ပင်။
ရှဲ့လင်ကသူ့အား အဝနမ်းပြီးသည့်နောက် ကိုယ်ချင်းခွာလိုက်ပြီး နှစ်ယောက်အကြားတွင် နေရာလွတ်အနည်းငယ်ခြားသွားခဲ့ကာ ထိုသူကသူ့မျက်လုံးထဲသို့ငေးကြည့်ရင်းမေးလာခဲ့သည်။
"ကိုယ့်ရဲ့နမ်းတဲ့စကေးကကောင်းတာကို မင်းဘယ်လိုသိတာလဲ အရင်ကနမ်းဖူးလို့လား..."
ဖုယွမ်ကျိုးမှာ တခဏမျှတောင့်တင်းသွားခဲ့သည်။ ရှဲ့လင်ဘက်မှ ယခုလိုမေးလာလိမ့်မည်ဟုမထင်ထားခဲ့လေရာ သူဘယ်လိုဖြေသင့်မှန်းမသိတော့ပေ။ ဤဘဝတွင် သူ့ဘဝ၏ပထမဆုံးအနမ်းကို ရှဲ့လင်ထံပေးလိုက်ရသော်လည်း ယခင်ဘဝက သူပထမဆုံးနမ်းခဲ့သူမှာရှောင်ဖေးပင်။ သို့ဖြစ်၍ သူတို့မနမ်းဖူးသည့်အချိန်မရှိပေ။
ယွိဖေးအကြောင်းတွေးလိုက်မိချိန်၌ သူအပြည့်အဝနိုးကြားသွားပြီး ရုတ်တရက်တုန်လှုပ်သွားခဲ့လေ၏။ သူနှင့်ရှဲ့လင်တို့က ဂိမ်းကြောင့်သုံးရက်သာတွဲရမည်ဖြစ်သော်လည်း ရှောင်ဖေးကဝမ်းနည်းနေလေမလား။
လက်ရှိဘဝတွင်လည်း ယွိဖေးကသူ့အားသဘောကျနေဆဲဖြစ်ကြောင်း သူသိထားသော်လည်း သူယွိဖေးနှင့်အဆင်မပြေခဲ့ဘဲ ရှဲ့လင်နှင့်သာရှိနေခဲ့သည်။ နှစ်ယောက်ကတဝမ်းကွဲများအဖြစ်တော်စပ်နေကြပြီး ဖုယွမ်ကျိုးနှလုံးသားထဲတွင် အပြစ်ရှိစိတ်များက နွယ်ပင်ပမာအညွန့်တလူလူတက်လာလေရာ သူငြိမ်နေလိုက်ရတော့သည်။
"မင်းဘယ်သူ့ကိုနမ်းခဲ့လို့လဲ..."
သူသည်ကား ပြန်လည်မပြောလိုက်သလို မျက်နှာမှာလည်းသိပ်မကောင်းလှပေ။ ရှဲ့လင်မျက်လုံးများထဲတွင် အေးစက်မှုကရိပ်ကနဲဖြတ်ပြေးသွားခဲ့ပြီး သူ့အားမေးလာလေ၏။
"ကိုယ့်ကိုပြော..."
"မရှိပါဘူး..."
ဖုယွမ်ကျိုးဘယ်လိုဖြေရမှန်းမသိပေ။ သူတကယ် ရှဲ့လင်တစ်ယောက်တည်းကိုသာနမ်းခဲ့ရသေးသည်။ သူယွိဖေးအကြောင်းပြောလိုက်လျှင်ပင် ဤဘဝတွင်ယွိဖေးကမပတ်သတ်တော့သောကြောင့် သူရိုးရိုးတမ်းတမ်းသာငြင်းလိုက်လေသည်။
"ငါကစဥ်းစားနေရုံပါ..ငါတို့တကယ်ပဲသုံးရက်ပဲဒိတ်ရမှာလား..ငါထင်တာက..."
ရှဲ့လင်: "မင်းကိုယ့်ကိုကတိပေးလိုက်ပြီးပြီ...စကားကိုပြန်သိမ်းလို့မရတော့ဘူး...နောက်သုံးရက်လုံး မင်းကိုယ့်ကိုပဲကြည့်နေရမယ်..."
ငါကရော အဲဒီအထိမတွေးထားဘူးထင်နေတာလား...
သူပြန်လည်မွေးဖွားလာပြီးတည်းက ရှဲ့လင်အကြောင်းကိုသာအများဆုံးစဥ်းစားခဲ့သည်။ သို့သော်လည်း သူ့ပါးစပ်မှထုတ်မပြောခဲ့ပေ။ ကိစ္စက ဤအခြေအနေအထိရောက်လာပြီဖြစ်၍ ရှဲ့လင်ကသူ့ကိုနောက်ပြန်လှည့်ခွင့်ပေးတော့မည်မဟုတ်၍ သူလက်လျှော့လိုက်ရတော့သည်။
"ခပ်လျိုလျိုနေ...တခြားလူတွေမတွေ့စေနဲ့...အထူးသဖြင့်ရှောင်ဖေးပဲ..."
"ဘာလို့လဲ..."
သူယွိဖေးအကြောင်းစဥ်းစားနေသည်ကိုတွေ့လိုက်ရသည့်အခါ ရှဲ့လင်အသံကတည်ငြိမ်နေသေးသော်လည်း ၎င်း၏မျက်လုံးများကမူ သတိထားနေသယောင်ပင်။
"ဘာလို့လဲဆိုတော့..."
ဖုယွမ်ကျိုးမှာ ရှင်းပြရခက်နေလေသည်။ သူ့ကိုရှောင်ဖေးကကြိုက်နေသည်ဟုလည်း မပြောနိုင်သလို ရှဲ့လင်ကလည်းသိ၍မဖြစ်။
"ဘာဖြစ်ဖြစ် ငါပြောသလိုပဲလုပ်စမ်းပါ..."
ရှဲ့လင်: "သူသိသွားမှာပဲ...အားလုံးကဂိမ်းရဲ့အဆုံးသတ်ကိုစောင့်နေကြတာလေ..."
ဖုယွမ်ကျိုး ဒေါသထွက်ထွက်ဖြင့်
"အကုန်လုံးကမင်းမွှေတာလေ!"
သူတွေးထားပြီးဖြစ်ကာ ရယ်စရာတစ်ခုအဖြစ် အားလုံးကိုကြေညာရန်စီစဥ်ထားလိုက်သည်၊၊ ထိုသို့ဆိုပါက မည်သူကမှအတည်ယူဆကြတော့မည်မဟုတ်ပေ။
ရှဲ့လင်: "ကိုယ်မင်းကိုကတိပေးပါတယ်...ဒါပေမဲ့ သူမေးလာရင်တော့ ကိုယ်လိမ်မှာမဟုတ်ဘူးနော်..."
"အိုကေ...."
၎င်းကသာဖြေရှင်းရန်အကောင်းဆုံးနည်းလမ်းဖြစ်၍ ဖုယွမ်ကျိုးကခေါင်းသာညိတ်ပြလိုက်ပြီး ခြောက်ကပ်ကပ်ဖြင့် နောက်မေးခွန်းတစ်ခုမေးလိုက်သည်။
"မင်းဒိတ်လုပ်နေတယ်လို့ပြောလိုက်ပြီဆိုတော့ ငါတို့ဘာဆက်လုပ်ကြမှာလဲ..."
သူတို့ရင်းနှီးနေသည့်ပုံစံအရ လုံလောက်ပြီဖြစ်သည့်အကြောင်း ရှဲ့လင်ကပြောထားသောကြောင့် သာမန်စုံတွဲများအတိုင်း ဆက်ဆံနိုင်သည်။ သို့ဖြစ်၍ သူနောက်ပိုင်းကိစ္စများကိုမစဥ်းစားထားမိပေ။
"ငါ့ကိုအမှတ်အသားတော့မပေးနဲ့နော်"
ဖုယွမ်ကျိုး အလျင်စလိုဖြင့်သူ့ဂုတ်ကို လက်ဖြင့်ကာလိုက်ပြီး လည်ပတ်ကိုပါဖုံးလိုက်သည်။
"ဘာမှထပ်လုပ်မယ်မကြံနဲ့နော်...လုပ်ရဲလုပ်ကြည့်...သတ်ပစ်မှာ!"
"မလုပ်ပါဘူး..."
ဖုယွမ်ကျိုး၏ထိတ်လန့်နေသည့်ပုံစံလေးကြောင့် ရှဲ့လင်မှာအံ့အားသင့်သွားရသည်။ သူသည်ကားဖွဖွလေးပြုံးကာ သူ့ဆံပင်များကိုဖွပေးလာ၏။
"စိတ်ချပါ..."
"မင်းရယ်ရဲလား..."
ဖုယွမ်ကျိုး စိတ်ဆိုးလာရလေပြီ။
"ကိုယ်ပျော်နေလို့ပါ..."
ရှဲ့လင်ကသူ့ကို ကျောဘက်မှသိုင်းဖက်လာပြီး ခေါင်းငုံ့လိုက်သောကြောင့် သူ့ခေါင်းနှင့်နီးကပ်သွားခဲ့သည်။
"ငါဖွင့်ပြောတော့ မင်းရောက်လာပြီးမဒိတ်နိုင်ဘူးလို့ပြောခဲ့တယ်..အခုတော့ကိုယ်တို့အတူရှိနေကြပြီလေ.."
ဖုယွမ်ကျိုးလည်း အစကသူအပြတ်အသတ်ငြင်းခဲ့သမျှကိုမှတ်မိသေးသည်။သို့သော်လည်း နှစ်လကြာပြီးသည့်နောက်... ရှက်စိတ်နှင့်ကြောက်စိတ်ကြောင့် သူ့မျက်နှာသူပြန်ရိုက်ချင်လာရ၏၊၊ သူသည်ကား တမျက်နှာလုံးနီရဲလာရကာ ခေါင်းမာမာဖြင့်ငြင်းလိုက်သေးသည်။
"ငါတို့ဂိမ်းအတွက် သုံးရက်ပဲတွဲရမှာနော်..."
"ကိုယ်ကတော့ သုံးရက်ကို တသက်လုံးအဖြစ်ပြောင်းလိုက်လည်းရပါတယ်..."
ရှဲ့လင်က သူ့အားနမ်းတော့မယောင်ခေါင်းငုံ့လာရာ ဖုယွမ်ကျိုးက စိတ်လှုပ်ရှားစွာဖြင့်မျက်လုံးမှိတ်လိုက်မိသည်။ ထိုအခိုက် အပေါ်ထပ်သို့တက်လာသည့်ခြေသံကိုကြားလိုက်ရ၏။ တစ်ယောက်ယောက်လာနေခြင်းပင်။ ဖုယွမ်ကျိုးကအထိတ်တလန့်ဖြင့် ရှဲ့လင်ကိုတွန်းထုတ်ပစ်လိုက်ပြီး အပေါ်တက်လာသူက ယွိဖေးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
အပေါ်ထပ်တက်လာသူကိုတွေ့လိုက်ရ၍ ရှဲ့လင်က ဖုယွမ်ကျိုးကိုမနမ်းတော့ဘဲ လူချင်းခွာလိုက်သည့်တိုင် ဖုယွမ်ကျိုးလက်ကိုဆက်ကိုင်ထားကာ လွှတ်မပေးခဲ့ပေ။
နှစ်ယောက်ကတွန့်ဆုတ်ဆုတ်ဖြင့်လူခွဲခဲ့ကြသည်။ ယခုလေးတင် သူတို့နှစ်ယောက်သည် အပြန်အလှန်ပွေ့ဖက်နေခဲ့ကြ၏။ ယွိဖေးကသူတို့ကိုမြင်လိုက်ရသည့်အခါ ၎င်း၏မျက်လုံးက တဒင်္ဂမျှမည်းမှောင်သွားရပြီးနောက် ပြုံးလိုက်လေသည်။
"အစ်ကို...ယွမ်ယွမ်...မင်းတို့ဘာတွေပြောနေကြတာလဲ...အစ်ကိုရော ကောင်မလေးကိုသဘောကျရဲ့လား..."
"ဘာတွေပြောနေတာလဲ..."
ရှဲ့လင်က ပြန်မေးလာခြင်းပင်။
ယွိဖေး: "ကျိုးအာအတန်းထဲက ကောင်မလေးလေ...မဆိုးပါဘူး..သူကအစ်ကို့ကိုစိတ်ဝင်စားနေပုံပေါ်တယ်...ငါကသူ့ကိုအစ်ကိုနဲ့မိတ်ဆက်ပေးရင်ကောင်းမလားလို့တွေးနေတာ.."
ရှဲ့လင်ကဖုယွမ်ကျိုးကိုလှည့်ကြည့်သည်။ ဖုယွမ်ကျိုးနှလုံးကဒိတ်ကနဲခုန်သွားရကာ ရှဲ့လင်နားလည်မှုလွဲသွားမည်ကိုစိုးရိမ်မိ၍သူပြန်ပြောလိုက်မိ၏။
"ငါပြောချင်တာက..."
"မလိုဘူး..."
ကံကောင်း၍သူအတွေးလွန်နေရုံသာဖြစ်ပြီး ယွိဖေးစကားကြောင့် ရှဲ့လင်ကစိတ်လှုပ်ရှားသွားပုံမရပေ။ အနှီသူသည်သူ့အားခါးမှတဆင့်ပွေ့ဖက်လိုက်ရင်း မာနတခွဲသားဖြင့်ယွိဖေးကိုတုံ့ပြန်လိုက်သည်။
"ငါ့မှာကျိုးအာရှိနေပြီ...သူကငါနဲ့သုံးရက်ဒိတ်လုပ်ဖို့လက်ခံလိုက်တယ်..."
ယွိဖေးက တခဏမျှကြောင်တက်သွားပြီးနောက် မျက်လုံးထဲမှ အလင်းရောင်လေးအနည်းငယ်ထွက်လာလေ၏။ ထိုသူ၏အသံမှာ မဆိုသလောက်တုန်ယင်နေကာပြန်မေးလာသည်။
"တကယ်ကြီးလား..."
ထိုသူသည် ဘာမှမပြောလာသည့်တိုင် အမူအရာမှာနာကျင်ကြေကွဲနေလေ၏။ ဖုယွမ်ကျိုးမှာဆက်မကြည့်နိုင်တော့၍ ရှဲ့လင်လက်ကို အသာညှစ်လိုက်သည်။ ယခုလိုတည့်တိုးမပြောရန် သူမှာထားခဲ့သည်။ ယခုတော့စကားတစ်ခွန်းနှင့်ပင် ဘာဆိုဘာမှပြောရန်မကျန်တော့ပေ။
"ပြန်ဆင်းတော့..."
ရှဲ့လင်က သူ့လက်ကိုဆွဲကာအောက်ထပ်သို့ခေါ်သွားခဲ့သည်။ ဖုယွမ်ကျိုးက ယွိဖေးကိုလှည့်ခေါ်လိုက်ပြီး ယွိဖေးကလည်းညင်သာစွာတုံ့ပြန်ကာ စပ်စုနေသည့်မျက်နှာဖြင့်အနောက်မှလိုက်လာလေသည်။
သူတို့အောက်ထပ်သို့ဆင်းလာချိန်တွင် အတန်းဖော်များကအချိုပွဲစားရင်း စကားပြောနေကြပြီး တုမန်နှင့်မိန်းကလေးများက ဖုန်းတစ်လုံးစီဖြင့်စုထိုင်နေကြလေသည်။
"ဘာလို့ရှင်းယီက အခုထိမရောက်သေးတာလဲ..."
"သူမလာသေးဘူးလား..."
ဖုယွမ်ကျိုးက ဧည့်ခန်းကိုဝေ့ကြည့်ပြီး သူမ မရောက်သေးသည်ကိုအတည်ပြုလိုက်သည်။
တုမန်ကခေါင်းညိတ်ပြသည်။
"ဟုတ်တယ်...ငါတို့သူ့ကို WeChat ကနေစာပို့ထားတာပဲ...စာလည်းမပြန်ဘူး...တစ်ခုခုဖြစ်နေတာများလား...ဖုန်းခေါ်ကြည့်ရအောင်..."
ဖုယွမ်ကျိုး: "ခေါ်လိုက်လေ..."
"ဒါနဲ့ အစ်ကိုယွမ်...အုပ်ကြီးအတွက်လူရွေးပြီးပြီလား...ကျွန်တော်တို့အကုန်လုံးစောင့်နေတယ်နော်..."
ကောင်လေးများက အပြုံးကိုယ်စီဖြင့်။
အားလုံးက စိတ်ဝင်စားနေကြသည်။ ရန်ရှူးထန်ကစိတ်လှုပ်ရှားနေ၏။ ယွမ်ယဲ့က ချောကလက်ချောင်းကိုက်ထားသည်။ ရလဒ်ကိုကြိုခန့်မှန်းထားပြီးသလို ခပ်တည်တည်ပင်။
"အဲဒါက...."
ဖုယွမ်ကျိုးဖြေရခက်နေစဥ် တံခါးဘဲလ်သံပေါ်လာခဲ့သည်။ တုမန်ကချက်ချင်းမတ်တပ်ရပ်ကာ တံခါးဖွင့်ပေးလိုက်၏။
"နင်တို့ခဏနေဦး...ရှင်းယီရောက်လာပြီထင်တယ်...ငါသွားခေါ်လိုက်ဦးမယ်..."
သူမက အင်တာကွန်းကိုဖွင့်ကာ ပုံမှန်အတိုင်းပြုံးပြလိုက်၏၊ သို့တစေ အင်တာကွန်းပေါ်မှပုံရိပ်ကိုမြင်ကာ ကြက်သေသေသွားပြီး သူမမျက်နှာလည်းပြောင်းလဲသွားခဲ့၏။
"ရှင်းယီ...အဆင်ပြေရဲ့လား..."
"ဘာဖြစ်လို့လဲ..."
ထို့နောက် တုမန်ကပြေးထွက်သွားပြီး အတန်းဖော်များကသူမအနောက်မှလိုက်လာကြသည်။ ခြံဝန်းထဲရောက်သည်နှင့် ကပိုကရိုနှင့်မိန်းမလှလေးတစ်ယောက်ကိုတွေ့လိုက်ရလေ၏၊ သူမကငိုထားပုံရပြီး ဆံပင်များလည်းစုတ်ဖွာနေကာ အဝတ်အစားများလည်းပြဲစုတ်နေလေသည်။
"ရှင်းယီ...!"