Chapter 49
Viewers 2k

♎️Chapter 49




အားလုံးထိတ်လန့်သွားကြပြီး ပြိုင်တူစုလာကြကာမေးလိုက်ကြလေ၏။ 


"ဘာတွေဖြစ်လာတာလဲ.."


ရှင်းယီက သူတို့ကိုကြောင်တောင်တောင်ဖြင့်ပြုံးပြသည်။ သူမကြောက်လန့်နေခဲ့သည့်တိုင် ယခုမူ စိတ်အခြေအနေမှာ အတန်ငယ်မျှငြိမ်သက်သွားခဲ့၏။


 "ငါဒီကိုအလာမှာ လုယက်ခံရတယ်...ကံကောင်းလို့ပြေးလာတာမြန်သွားတယ်..."


"လုတယ်" 


သူမသူငယ်ချင်းက အလန့်တကြားဖြင့်အော်လိုက်မိပြီး သူမကိုအပေါ်အောက်ကြည့်ကာ မဆုံးနိုင်အောင်မေးလာလေ၏။ 

"ဒဏ်ရာရသွားသေးလား...ပစ္စည်းရောပါသွားလား..ရဲခေါ်လိုက်ရမလား..ဖမ်းမိသွားပြီလား.."


"ငါဘာမှမဖြစ်ပါဘူး...ဒါပေမဲ့ ငါ့ကိုကူညီပေးတဲ့သူရှိတယ်..သူတို့ကိုရဲစခန်းပို့လိုက်ပါပြီ..ဒါကြောင့် ငါနည်းနည်းကြာသွားတာ.." 

ရှင်းယီက ခေါင်းညိတ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။


 "ဟုတ်တယ်..ရှန်းမျိုးရိုးနှင့်လူတစ်ယောက်ကလည်း ငါ့ကိုကူညီပေးခဲ့တယ်...သူပဲဒီနေရာအထိငါ့ကိုကားမောင်းပြီးပို့ပေးတာလေ..."


အတန်းဖော်များက သူမကြည့်သည့်အနောက်ကိုလိုက်ကြည့်ကြသည်။ မတိုင်ခင်က အာရုံပျက်ပြားနေမှုများကြောင့် ရှင်းယီဘေးတွင်ရပ်နေသည့် လူငယ်လေးကိုသတိမထားမိလိုက်ကြပေ။ သို့ရာတွင် ၎င်း၏ထင်းထွက်နေသည့်ပုံစံကြောင့် မကြာခင်မှာပင်လူတိုင်းကသူ့ကိုမြင်သွားကြတော့သည်။


တကယ်တမ်း၌ လူတိုင်းကထိုသူကိုအထင်ကြီးနေခဲ့ကြသည်။ အနှီသူကို အားကစားစုံညီပွဲတွင်လည်းတွေ့ခဲ့ကြဖူး၏။ ၎င်း၏ကပြားမျက်နှာနှင့် မျက်ဝန်းပြာတစုံကြောင့် အနှီသူကိုမြင်လိုက်သူတိုင်း မေ့ရန်ခက်ခဲပေလိမ့်မည်။


"ဟယ်လို.."


လူငယ်လေးကသူတို့ကို နူးညံ့သည့်အပြုံးဖြင့်ပြုံးပြလိုက်သော်လည်း ဖုယွမ်ကျိုးအသားအရေက သိသိသာသာပြောင်းလဲသွားခဲ့ပြီး ယွမ်ယဲ့သည်လည်း မကောင်းသည့်ခံစားချက်ကိုရလိုက်လေသည်။


ရှန်းရှီကောပင်။


သူကဘယ်လိုလုပ်ဒီနေရာကိုရောက်လာရတာလဲ?


ဖုယွမ်ကျိုးကမူ တိုက်ဆိုင်သည်ဟုမတွေးမိတော့ပေ။ ရှန်းရှီကောက သူ့အိမ်လိပ်စာကိုကြိုတင်စုံစမ်းထားခြင်းမျိုးဖြစ်နိုင်ပြီး မတော်တဆ ရှင်းယီကိုကယ်တင်ခဲ့သလိုဟန်ဆောင်ခြင်းပင်ဖြစ်လိမ့်မည်။


အကြောင်းအရင်းကိုတွေးဆရပါက သေချာသည့်အချက်တစ်ခုရှိသည်။ သူရှန်းရှီကောကို လိပ်စာပြောခဲ့ဖူးပြီး ရှန်းရှီကောအဆင်ပြေသရွေ့ သူ့ထံအချိန်မရွေးလာရှာနိုင်သည်ဟုပြောခဲ့ဖူးလိမ့်မည်။


ဖုယွမ်ကျိုးမှာ နှလုံးရပ်လုနီးပါးဖြစ်နေပြီး တကယ်တိုက်ဆိုင်ခြင်းသာဖြစ်ပါစေဟု ဆုတောင်းမိသည်၊ ထိုအတိုင်းဆိုလျှင် သူ့အိမ်မဟုတ်ကြောင်း ပြော၍ရသေး၏၊ သို့သော်လည်း ရှန်းရှီကောကပြုံးပြီး ရှင်းယီကိုမေးလာခဲ့သည်။ 


"ဒါကဖုယွမ်ကျိုးအိမ်လား..ငါပထမဆုံးရောက်ဖူးတာ.."


"အင်း..." 

ရှန်းယီက ထိုသူအပေါ်အင်မတန်ခင်မင်နေပုံပင်။ 

"တိုက်ဆိုင်လိုက်တာ...အစ်ကိုရှန်းနဲ့ယွမ်ကျိုးတို့က သူငယ်ချင်းတွေလား..."


"ဟုတ်တယ်လေ..." 

ရှန်းရှီကောပြုံးပြီးပြန်ဖြေလာ၏။


"လော့ရန်စုန့်..မင်း..."


ယွိဖေးကမှုန်ကုပ်ကုပ်မျက်နှာဖြင့် တခုခုပြောချင်နေပုံရသော်လည်း ယွမ်ယဲ့က နှာမှုတ်ပြီးခပ်ရိုင်းရိုင်းပင်ပြန်မေးလာလေသည်။


 "တိုက်ဆိုင်တာလား"


သို့ထိတိုင် ရှန်းရှီကောကစိတ်မဆိုးပေ။ မျက်နှာပေါ်တွင်အေးချမ်းသည့်အပြုံးလေးဖြင့် လက်လေးပင့်ကာမေးလာ၏။ 


"ဆောရီး...ငါရေချိုးခန်းခဏသွားလို့ရမလား..."


သူ့လက်က သွေးပေနေပြီး လက်ဖဝါးတွင်လည်းဒဏ်ရာရနေခဲ့သည်။ ရှန်းယီက အသက်ပြင်းပြင်းရှူသွင်းလိုက်ရင်း တိုးတိုးလေးမေးလိုက်၏။


 "ဘယ်အချိန်တုန်းက ဒဏ်ရာရသွားတာလဲ..."


"နည်းနည်းပါ..." 

ရှန်းရှီကောက ဖုယွမ်ကျိုးကိုလှမ်းကြည့်ပြီး ထပ်မေးလိုက်ပြန်သည်။ 

"ရလား..."


ဖုယွမ်ကျိုးမှာ ရင်တလှပ်လှပ်ဖြစ်နေလေ၏၊၊ ရှန်းရှီကောလက်ပေါ်မှသွေးများကြောင့် ယခင်ဘဝက ရှန်းရှီကော၏ကိုယ်တိုင်လုပ်ဒဏ်ရာများကိုသတိရမိပြီး တခဏမျှစိတ်ရှုပ်ထွေးသွားခဲ့သည်၊၊ ကြောက်စိတ်နှင့် ပျာယာခတ်နေမှုတို့ရောထွေးနေလင့်ကစား ပြောပြမတတ်သည့်နာကျင်မှုကိုလည်းခံစားရ၍ ခြောက်သွေ့နေသည့်အသံဖြင့်ပြောလိုက်လေသည်။ 


"ဝင်ခဲ့လေ..."


"ကျေးဇူး..." 


ရှန်းရှီကောပြုံးပြီး အသံမှာလည်းမတိုင်ခင်ကနှင့်ကွဲပြားသွားခဲ့သည်။ မတိုင်ခင်က ယဥ်ကျေးသည့်အပြုံးဆိုပါက ယခုအပြုံးမှာ နှလုံးသားထဲမှလာသည့် အစစ်အမှန်အပြုံးမျိုးပင်။


သူအိမ်ထဲဝင်လာပြီး ရှင်းယီနှင့်အခြားသူများက အနောက်မှလိုက်လာသော်လည်း ရှဲ့လင်နှင့်ကျန်သည့်နှစ်ယောက်ကဝင်မလာပေ။ ထိုနေရာတွင်ရပ်နေသေးသည့် ဖုယွမ်ကျိုးကိုကြည့်နေခဲ့ကြသည်။


ယွမ်ယဲ့: "မင်းသူ့ကိုမတွေ့ချင်ဘူးမလား...ဒါဆိုမဝင်သွားနဲ့...အပြင်မှာခဏနေလိုက်..သူဟာသူလက်ဆေးပြီးပြန်ထွက်လာပါစေ..."


"ရပါတယ်..." 

ဖုယွမ်ကျိုးက ခဏမျှအသံတိတ်သွားပြီးမှ ဆက်ပြောလိုက်လေ၏။ 


"​ဒေါက်တာစွင်းကိုခေါ်လိုက်မယ်..."


သူသည် မိသားစုဆရာဝန် ဒေါက်တာစွင်းကိုလှမ်းခေါ်လိုက်ပြီး တဖက်မှမကြာခင်ရောက်လာမည်ဖြစ်ကြောင်း အကြောင်းပြန်လာခဲ့၍ သူနှင့်ရှဲ့လင်တို့နှစ်ယောက် အထဲဝင်လာခဲ့ကြသည်။ ရှန်းရှီကောက လက်မှသွေးများကိုသုတ်ပစ်ပြီး အခြားအတန်းဖော်များနှင့်စကားပြောနေသေးသော်လည်း အားလုံးက ဖုယွမ်ကျိုးနှင့်ဆိုင်သည့်မေးခွန်းများသာ။


"လာပြီလား..."

 ဖုယွမ်ကျိုးဝင်လာသည့်အခါ ရှန်းရှီကောကမတ်တပ်ရပ်ပြီးပြောလိုက်လေ၏။


 "ငါမင်းနဲ့နှစ်ယောက်တည်းစကားပြောလို့ရလား..."


"မင်းတို့ကောင်တွေဘာအကြောင်းပြောမှာမလို့လဲ..." 

ယွမ်ယဲ့က မျက်ခုံးပင့်လိုက်သည်။


"သူနဲ့ငါနဲ့ကြားမှာ ကိုယ်ရေးကိုယ်တာကိစ္စလေးနည်းနည်းရှိတယ်..." 

ရှန်းရှီကောက ပြန်ဖြေလာသည်။

 "မင်းစိတ်မချရင် ငါအပြင်မှာပြောပါ့မယ်..." 


သူသည် ပြတင်းအပြင်မှ ကြမ်းခင်းနှင့်တဆက်တည်း လေသာဆောင်နေရာကိုလက်ညိုးထိုးပြလိုက်သည်။ ၎င်းက ဧည့်ခန်းမှကြည့်လျှင် ရှင်းရှင်းလင်းလင်းမြင်နေရ၏။


ဖုယွမ်ကျိုးက ရှန်းရှီကောနှင့်စကားမပြောချင်သလို အသံတိတ်နေပြီး ရှန်းရှီကောကမူ သူ့ကိုကြည့်ကာရုတ်တရက်ခေါ်လာခဲ့သည်။


"ရှောင်ချီး..."


ထိုသူက ပြတ်ပြတ်သားသားပင်ခေါ်လာခဲ့၏။


ရင်းနှီးနေသည့်အခေါ်အဝေါ်ကြောင့် ဖုယွမ်ကျိုးလက်ချောင်းထိပ်လေးများက တုန်ယင်သွားရပြီး လေသာဆောင်ဘက်သို့လျှောက်သွားလိုက်၏။ ရှန်းရှီကောက သူ့နောက်မှလိုက်လာပြီး ပြတင်းတံခါးကိုပိတ်လိုက်သည်။ အားလုံးကမြင်ရသော်လည်း သူတို့ပြောစကားများကိုမူမကြားရပေ။


"ဆောရီး...မင်းအတန်းဖော်ကိုကယ်လိုက်မိတာ...အကုန်လုံးကတိုက်ဆိုင်တာချည်းပဲမဟုတ်ပါဘူး.."


နှစ်ယောက်တည်းရှိနေချိန်တွင် ဖုယွမ်ကျိုးကခေါင်းငုံ့နေပြီး ရှန်းရှီကောကပြောလာသည်။ 


"သူကမင်းအတန်းဖော်မှန်းကိုယ်သိပါတယ်..အားကစားစုံညီပွဲမှာမင်းကိုသူအားပေးနေခဲ့တာ...ကိုယ်သူ့ကိုမှတ်မိတယ်...ဒါကြောင့်ကယ်လိုက်တာ...မဟုတ်ရင် ကိုယ်ဂရုစိုက်နေမှာမဟုတ်ဘူး..."


"သူကမင်းအိမ်ကိုလာကစားချင်တယ်ပြောလို့...ကိုယ်သူ့ကိုခေါ်လာပေးလိုက်တာ..."


"မင်းကရှောင်ချီးပဲဟာ..."


သူသည်ကား ဖုန်းထုတ်လိုက်ကာ ဖုယွမ်ကျိုးကိုဓာတ်ပုံတစ်ပုံပြလာ၏။


"မင်းကိုစုံစမ်းဖို့ ကိုယ်အထူးနည်းလမ်းတွေတော့မသုံးချင်ပါဘူး...မင်းကိုယ့်ကိုပိုပြီးမုန်းသွားမှာစိုးလို့လေ...ဒီတော့ ကိုယ်တိုင်ပဲသက်သေရှာရတော့တာပေါ့...ပြီးတော့ အခု ကိုယ်မင်းကိုသက်သေပြနိုင်ပြီ..ဒီမှာကြည့်...မင်းကိုယ့်ကို 'ရှောင်ချီး' အကောင့်နဲ့ဓာတ်ပုံပို့ဖူးတယ်...မင်းအိမ်ကနေပဲ.."


ဓာတ်ပုံမြင်လိုက်သည့်အခါ ဖုယွမ်ကျိုးမျက်နှာမှာအေးခဲသွားခဲ့၏။ ဓာတ်ပုံထဲမှဧည့်ခန်းက သူ့အိမ်ထဲမှဧည့်ခန်းဖြစ်နေပြီး အိမ်တွင်းပစ္စည်းအသေးစားလေးများမှအစ တပုံစံတည်းပင်။ ဤသက်သေမျိုးကို မေးခွန်းပြန်ထုတ်၍မရပေ။


သူသာ ရှန်းရှီကောကို ဓာတ်ပုံပို့ပေးမိမှန်းမှတ်မိခဲ့ပါက ရှန်းရှီကောကိုအိမ်ထဲခေါ်သွင်းခဲ့မည်မဟုတ်ပေ။ သို့တစေ သူပို့ပေးခဲ့ဖူးသည်ကို မေ့နေသည်မှာကြာခဲ့ပြီဖြစ်ရာ ဆင်ခြေပေးစရာမရှိတော့ပါချေ။


သူအသံတိတ်နေမိသည်။ သို့သော်လည်း ပြောင်းလဲသွားသည့်မျက်နှာအမူအရာများက အားလုံးကိုရှင်းပြပြီးသားဖြစ်နေလေပြီ။ ရှန်းရှီကောကသူ့ကိုကြည့်လာပြီး အတော်လေးသည်းခံခဲ့ရသည့် ခံစားချက်မျိုးက မျက်လုံးထဲတွင်ပေါ်လာခဲ့သည်။


"ဘာလို့မင်းက 'ရှောင်ချီး' ဆိုတာဝန်မခံရတာလဲ..." 

ထိုသူကမေးလာခဲ့၏။ 


"ဘာလို့ကိုယ့်ကိုအဆက်အသွယ်ဖြတ်ရတာလဲ..ကိုယ်မင်းဆီကိုလာခဲ့တယ်...ဒါပေမဲ့ မင်းကရှောင်နေခဲ့တယ်..ကိုယ်မင်းကိုစိတ်ခုအောင်လုပ်မိလို့လား..."


"ငါ့မှာဘာရှင်းပြစရာမှမရှိဘူး..." 

ဖုယွမ်ကျိုးက နောက်ဆုတ်လိုက်ပြီး သူ့တကိုယ်လုံးတောင့်တင်းသွားခဲ့သည်။


"ကိုယ်ကတော့ နားမလည်နိုင်တော့ဘူး..." 

ရှန်းရှီကောက ဖြည်းဖြည်းချင်းပြောလိုက်သည်။ 


"အရင်ရက်က မင်းကိုယ့်ကို block ပစ်ခဲ့တယ်..ကိုယ်တို့စကားတွေအများကြီးပြောခဲ့ပြတာကိုလေ..မင်းကိုယ့်ကိုသူငယ်ချင်းလိုသဘောထားတာသိသာနေတာပဲ...ဘာလို့ နောက်နေ့မှတမျိုးပြောင်းသွားရတာလဲ..ကိုယ်ဘာလုပ်မိလို့လဲ..မင်းစိတ်ဆိုးအောင်လုပ်မိလို့လား..."


ဖုယွမ်ကျိုး: "မင်းသိစရာလည်းမလိုပါဘူး...မင်းငါ့ရဲ့အတန်းဖော်ကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်..ခဏနေဆရာဝန်ရောက်လာရင် မင်းဒဏ်ရာကိုကုပေးလိမ့်မယ်...ပြီးတော့ မင်းချက်ချင်းအိမ်ပြန်ဖို့ငါမျှော်လင့်ပါတယ်..."


"ကိုယ်ကမင်းမုန်းသွားမှာကိုပဲစိုးရိမ်တာပါ..." 

ရှန်းရှီကောကသူ့ကိုကြည့်လာပြန်သည်။


 "မင်းကိုယ့်ကိုအကြောင်းပြချက် ကောင်းကောင်းမပေးရင်...မင်းကိုယ့်ကိုမုန်းလည်း ကိုယ်ကတော့နောက်မဆုတ်နိုင်ဘူး..."


"မင်းသဘောပဲ..."


ဖုယွမ်ကျိုး ဆက်မပြောနိုင်တော့၍ ရပ်လိုက်သည်။ အနှီသူက သူ့ကိုအသက်ရှူကြပ်အောင်လုပ်သည်မှာ ဤမျှလောက်ပင်။ သူသွားတော့မည်အပြု ရှန်းရှီကောက သူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလာသည်။ 


"ရှောင်ချီး..."


"ငါ့ကိုမထိနဲ့..!"


ဖုယွမ်ကျိုးက ရှန်းရှီကောလက်ကိုဖယ်ထုတ်လိုက်ပြီး အသားအရေကဖြူဖတ်ဖြူရော်ဖြစ်လာကာ သူ့တုံ့ပြန်မှုကပြင်းထန်နေခဲ့သည်။


ရှန်းရှီကောလက်က လေထဲတွင်ပင်ရပ်သွားခဲ့၏။


"မင်းကိုယ့်ကိုကြောက်လို့လား.." 


စက္ကန့်အနည်းငယ်ကြာအသံတိတ်နေပြီးမှ သူသည်တိုးလျသောအသံဖြင့်မေးလိုက်လေ၏။

 "မင်းကကိုယ့်ကိုမုန်းရုံတင်မက ကြောက်ပါကြောက်နေတာလား...ကိုယ်မင်းကိုနာကျင်အောင်လုပ်မိလို့လား..ဒါမှမဟုတ် ကိုယ်ကြောင့်မင်းစိတ်ဒဏ်ရာရသွားခဲ့ဖူးလို့လား..."


နှစ်ယောက်ကြား ကတောက်ကဆဖြစ်နေမှုကို ဧည့်ခန်းထဲမှလူအားလုံးမြင်နိုင်သည်။ ယွမ်ယဲ့က အနီးနားမှစောင့်ကြည့်နေခဲ့၏။ သူသည်တံခါးကိုအရင်ဖွင့်ကာ ဖုယွမ်ကျိုးကိုခေါ်ထုတ်သွားလိုက်ပြီး ရှန်းရှီကောကို အေးတိအေးစက်အသံဖြင့်သတိပေးလိုက်သည်။ 


"မင်းသူ့ကိုထပ်ထိရဲရင်...ငါမင်းလက်ကိုချိုးပစ်မယ်..."


ယခင်က ယွိဖေးနှင့်ရှန်းရှီကောတို့သည် သူငယ်ချင်းများဖြစ်ခဲ့ကြပြီး ရှန်းရှီကောလက်ထဲတွင် သူ၏လျှို့ဝှက်ချက်အချို့ရှိနေခဲ့သည်။သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့မျက်နှာပေါ်၌အပြုံးဟူ၍ တစ်စပင်မရှိနေတော့ပေ။ 


"မင်းယွမ်ယွမ်ကိုဘာလုပ်လိုက်တာလဲ..."


"ငါကဘာလုပ်ရမှာလဲ..." 

ရှန်းရှီကောက မျက်လုံးမှေးကာပြောလိုက်၏။ 

"ငါကသူ့ကိုဘာလုပ်နိုင်မှာလဲ..."


ယွိဖေး: "မင်းပဲသိမှာပေါ့..." 


အဆိုပါမြင်ကွင်းကြောင့် ရှင်းယီနှင့်ကျန်အတန်းဖော်များက စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ကရှန်းရှီကောအပေါ် ကောင်းမွန်သည့်အမြင်များရှိနေပြီး ဖုယွမ်ကျိုးသူငယ်ချင်းဟု ထင်ထားသော်လည်း အခုတော့ ကိစ္စက သူတို့ထင်ထားသည့်အတိုင်းမဟုတ်တော့ပြီထင်သည်။


ဖုယွမ်ကျိုး သူ့အခန်းထဲကိုပြေးဝင်သွားပြီးပုန်းနေလိုက်သည်။ ခဏအကြာ ရှဲ့လင်ကအခန်းထဲဝင်လာပြီး သူ့အားပြောလာ၏။ 

"သူထွက်သွားပြီ..."


"သွားပြီလား" 

ရှန်းရှီကောထွက်သွားပြီဆိုမှ ဖုယွမ်ကျိုးက သက်ပြင်းချကာ အိပ်ရာထဲမှထွက်လိုက်သည်။


ရှန်းရှီကောက သူ့ပုံစံကိုသိထားလိမ့်မည်ဟုမထင်ခဲ့သော်လည်း သူ့ကို 'ရှောင်ချီး' ဟုပင်ခေါ်ခဲ့သေးသည်၊၊ သူသည်အနှီသူ၏ သွေးများကြောင့် ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး တခဏမျှတုန်လှုပ်သွားခဲ့ရခြင်းပင်။


အချိန်အနည်းငယ်ယူကာ တစ်ယောက်တည်းနေလိုက်ရသောကြောင့် သူနေထိုင်ရပိုကောင်းလာပြီး ရှဲ့လင်ကိုတွေ့လိုက်ရမှ စ်ိတ်သက်သာခဲ့ရသည်။ သူရှဲ့လင်ကိုဖက်ထားချင်သော်လည်း ရှက်နေမိ၏။


သို့ထိတိုင် ရှဲ့လင်က သူ့စိတ်ကိုဖောက်ထွင်းမြင်နိုင်သလို သူ့ကိုအိပ်ရာမှဆွဲထူပြီး ဖက်ပေးလာသည်။ သူ့ကျောကိုပင်ပုတ်ပေးပြီး မေးလာခဲ့သေး၏။ 


"အောက်ဆင်းမလား? ဒီမှာပဲဆက်နေမလား..."


"ရပါတယ်...အောက်ဆင်းရအောင်..အားလုံးကိုဆက်စောင့်ခိုင်းထားလို့မကောင်းဘူး..."


ဖုယွမ်ကျိုးက သူ့မျက်နှာကိုပွတ်လိုက်ကာ အတန်းဖော်များကိုကစားရန်ခေါ်လိုက်၏၊ သူလူတိုင်း၏ ပျော်နေသည့်စိတ်လေးကိုမဖျက်ဆီးလိုပါချေ။


စိတ်ကတဖန်တက်ကြွလာသောကြောင့် သူ့မျက်နှာက မည်းမှောင်မနေတော့​ပေ။ သူရှဲ့လင်နှင့်အောက်ထပ်ကိုဆင်းသွားလိုက်သည်။ သူထွက်လာသည့်အခါ အတန်းဖော်များကသတိထားနေကြပြီး ရှန်းရှီကောအကြောင်းထပ်မပြောကြတော့ပေ။


Truth or Dare ဂိမ်းအတွက် ရှဲ့လင်နှင့်တွဲပေးမည့်လူကို ရွေးထားပြီးဖြစ်ကြောင်းနှင့်သူကိုယ်တိုင်ပင်ဖြစ်​ကြောင်း ဖုယွမ်ကျိုးက ရှင်းပြလိုက်သည်။ သူကရယ်စရာလေသံနှင့်ပြောလိုက်ခြင်းကြောင့် အတန်းဖော်များကရယ်လိုက်ကြသည်။ လူတိုင်းက တစ်ရက်လုံးပွက်လောရိုက်နေကြပြီး ညအထိမရပ်ကြပေ။


ထိုနေ့တွင် ဖုယွမ်ကျိုးက အိပ်ရာစောစောဝင်သွားပြီး မည်သူကမှသူ့အားမနှောင့်ယှက်ခဲ့ကြပေ။ သို့သော်လည်း အိပ်မက်များစိုးမိုးခဲ့သည့်ညများဖြစ်ခဲ့ပြီး သူကောင်းကောင်းမအိပ်စက်နိုင်ခဲ့ပေ။


တိတ်ဆိတ်နေသည့်ဗီလာထဲတွင် ကုန်တင်ကားများမောင်းနှင်သွားသည့်အသံကို တရစပ်ကြားနေရတတ်သည်။ ဖုယွမ်ကျိုး အိပ်မရတော့ပေ။ သူ လိုက်ကာကိုဖွင့်ကာ အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည့်အခါ သူ့ဗီလာ၏မျက်နှာချင်းဆိုင်တွင် အိမ်နီးချင်းအသစ်ရောက်လာသည်ကိုတွေ့လိုက်ရ၏၊ ကုန်တင်ကားက အနှီသူအိမ်သို့ ပစ္စည်းများကိုသယ်ပို့ပေးနေခြင်းဖြစ်လိမ့်မည်။


သူသိချင်စိတ်ဖြစ်လာသောကြောင့် အိမ်နေရင်းဝတ်စုံဖြင့်ပင် အိမ်အပြင်ကိုလမ်းလျှောက်ထွက်သွားလိုက်သည်။ ခြံဝန်းထဲတွင်ရပ်နေရင်း တံခါးမှလှမ်းကြည့်လိုက်သော်လည်း အိမ်နီးချင်းအသစ်ကိုမြင်လိုက်ရသည့်အခါ သူချက်ချင်းတောင့်တင်းသွားပြီး ထုံထိုင်းသွားခဲ့လေ၏။


ရှန်းရှီကောက မျက်နှာချင်းဆိုင်ဗီလာမှလှည့်ကြည့်လာသည်။ တစ်ခုခုကိုခံစားမိသလို လှည့်ကြည့်လိုက်သည့်အခါ ဖုယွမ်ကျိုးကိုတွေ့သွားပြီး ခေါင်းညိတ်၍ပြုံးပြလာလေသည်။ 


"ဟယ်လို...ရှောင်ချီး...ဒီနေ့ကစပြီး ကိုယ်ကမင်းရဲ့အိမ်နီးချင်းအသစ်ပဲနော်..."