♎️Chapter 50
ရှန်းရှီကောက မျက်နှာချင်းဆိုင်အိမ်တွင်ပေါ်လာပြီး သူနှင့်အိမ်နီးချင်းဖြစ်လာသည်။ ဖုယွမ်ကျိုးမှာ ထိုနေရာတွင်အတန်ကြာသည်အထိ သတိလက်လွတ်ရပ်နေရင်း နဖူးပြင်၌ချွေးတလွှာစို့လာရလေ၏။
လွန်ခဲ့သည့်တစ်ရက်က ရှန်းရှီကောသည် ပိုင်ရှင်ကိုဆက်သွယ်ပြီး အိမ်ကိုဝယ်ခဲ့သည်။ ရှန်းရှီကော ဤမျှမြန်လိမ့်မည်ဟု ဖုယွမ်ကျိုးကအိပ်မက်ထဲမှာပင်ထည့်မမက်ခဲ့ဖူးပေ။ မူလက ရှန်းရှီကောကို blacklist သွင်းထားခဲ့ပြီး နောင်အနာဂတ်တွင် သူနှင့်ထပ်မပက်သတ်နိုင်တော့ရန် စီစဥ်ထားခဲ့သည်။ သို့ရာတွင် အပြီးမသတ်ရသေးခင် ရှန်းရှီကောက သူနှင့်အိမ်နီးချင်းဖြစ်လာခဲ့ပြီ။
ရှန်းရှီကောက သူ့ထံဦးတည်လာခြင်းပင်ဖြစ်ကြောင်း တွေးနေစရာပင်မလိုတော့ပေ။ နောင်အနာဂတ်တွင် သူရှန်းရှီကောကိုနေ့စဥ်နေ့တိုင်းတွေ့ရတော့မည်။ ဖုယွမ်ကျိုး ဘယ်နေရာပင်ရောက်နေပါစေ။ ထိုအတွေးက သူ့အား တုန်လှုပ်စေလိမ့်မည်။
သူ့မျက်နှာမှာလုံးဝပြောင်းလဲသွားရပြီ၊၊ ရှန်းရှီကောကသူ့မျက်လုံးများကိုကြည့်ကာ အပြုံးကတဖြည်းဖြည်းဖျော့တော့လာရင်း သူ့အားနူးညံ့သည့်အသံဖြင့်ပင်မေးလာလေသည်။
"ပြောပါဦး...မင်းကိုယ့်ကိုဘာကြောင့်ကြောက်နေရတာလဲ...မင်းဘာတွေတွေးမိနေလို့လဲ..."
"ကိုယ်နဲ့ပတ်သက်တာကိုလား...ကိုယ့်ကိုလား..."
ဖုယွမ်ကျိုးကား ပါးစပ်မဟဘဲ ရှန်းရှီကောကိုတချက်လှမ်းကြည့်လိုက်ပြီး လက်ဖဝါးပေါ်မှအစင်းရာကို အမှတ်မထင်မြင်လိုက်သည့်အခါ ရုတ်တရက်တန့်သွားရလေ၏။
မနေ့က ရှန်းရှီကောဒဏ်ရာကိုကြည့်ပေးရန် သူဒေါက်တာစွင်းကိုခေါ်ထားခဲ့သော်လည်း ဒေါက်တာပင်ရောက်မလာသေးခင် ရှန်းရှီကောကအရင်ထွက်သွားနှင့်ခဲ့သည်။ တစ်ညကုန်သွားခဲ့ပြီး ထိုသူ၏ဒဏ်ရာကနဂိုအတိုင်းပင်။
သွေးများကိုဆေးကြောပစ်ပြီးပြီဖြစ်၍ ဖုယွမ်ကျိုး ဒဏ်ရာကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ ချွန်ထက်သည့်အရာတစ်ခုနှင့် ခွဲခံထားရသလိုပင်။ ဒဏ်ရာကနက်နေပြီး အထဲမှအသားကိုပင်တွေ့နေရသည်။ ထိတ်လန့်စရာကောင်းသည့်တိုင် ရှန်းရှီကောက ဂရုစိုက်ပုံမရပေ။
အနှီသူကဒဏ်ရာရခဲ့သည့်အကြောင်းကို မပြောပြထားပေ။ ဖုယွမ်ကျိုးကမူ ထိုသူကလုယက်သူနှင့်ရင်ဆိုင်လာရ၍ဖြစ်မည်ဟုကောက်ချက်ချလိုက်ပြီး သူ့နှလုံးသားကတုန်လှုပ်သွားရကာ ရှုပ်ထွေးနေသည့်ခံစားချက်တို့ကပေါ်ထွက်လာခဲ့သည်။
ရှန်းရှီကောက ရှင်းယီကိုမည်သည့်ရည်ရွယ်ချက်ဖြင့်ကယ်လိုက်ပါစေ အရေးမကြီးပေ၊၊ မပြောင်းလဲသည့်အချက်မှာ အနှီသူက သူမကိုကယ်တင်ခဲ့ပြီး အန္တရာယ်နှင့်လည်းကြုံတွေ့ခဲ့ရသည်။
အချိန်အမြောက်အများကြာပြီးမှ ရှန်းရှီကောက သူ့ခန္ဓာကိုယ်ကိုနှစ်သက်ခြင်းမဟုတ်ကြောင်း ဖုယွမ်ကျိုးသိလာခဲ့ရသည်။ သူပိတ်လှောင်ခံထားရချိန်တွင် သူရှန်းရှီကောကိုသတ်ပစ်မိတော့မည်အထိဖြစ်ခဲ့သော်လည်း ရှန်းရှီကောကပြုံးနေဆဲပင်။ နောက်ပိုင်းတွင် သူ့ကိုယ်သူထိခိုက်စေခဲ့ပြီး အပြစ်ပေးခဲ့သည်။ ပြတ်ရှဒဏ်ရာလေးပင်မလွတ်ပေ။ ဖုယွမ်ကျိုးက သူပိုကြောက်လာမည်ကိုစိုးရိမ်၍ ရှန်းရှီကောက သူ့ဒဏ်ရာများကိုပက်တီးဖြင့်ဖုံးထားခြင်းဖြစ်မည်ဟုပင် သံသယဝင်ခဲ့သည်။
လက်ရှိရှန်းရှီကောသည်လည်း ယခင်အတိုင်းပင်။ ဒဏ်ရာကိုသူကိုယ်တိုင်မလုပ်သလိုဟန်ဆောင်နေပြီး နာကျင်ရသူမှာလည်းသူမဟုတ်သလိုပင်။
ဒဏ်ရာကိုကြည့်နေရင်း ဖုယွမ်ကျိုးအတွေးလွန်နေမိသည်။ သူရှန်းရှီကောကိုစိတ်ပူနေမိမှန်း သူ့ကိုယ်သူသိနေသည်။ ထိုအခါ သူ့ကိုယ်သူအပြစ်တင်မနေတော့ဘဲ ရှန်းရှီကော ဒဏ်ရာကိုအမြန်ပတ်တီးစည်းပါစေဟုသာဆုတောင်းမိလေသည်။
ရှန်းရှီကောအပေါ်မှ သူ့ခံစားချက်များကထူးဆန်းသည်။ အနှီသူကိုကြောက်သည်။ အနားကပ်မခံဘဲ ရှောင်ချင်သည်။ ထိုသူအပေါ်မကောင်းသည့်အမြင်များဖြင့်သာ ပြည့်နေခဲ့သည်။ သို့သော်လည်း မုန်းတီးမိခြင်းမရှိပေ။ ရှိခဲ့လျှင်ပင် ယခင်ဘဝကသာဖြစ်လိမ့်မည်။
လွန်ခဲ့သောနှစ်အနည်းငယ်ကအထိ သူနှစ်သက်ခဲ့သူမှာ ရှန်းရှီကောပင် - ဝေဝါးနေခြင်းမျိုးမရှိခဲ့ပေ။ အဆင်ပြေနိုင်ကြလိမ့်မည်ဆိုသည့် ယုံကြည်ချက်အပြည့်ဖြင့် ရှန်းရှီကောသာ သူ့အနားရှိနေပါက အရာအားလုံးကိုမေ့နိုင်ခဲ့မည်။ ရှန်းရှီကောကသာ သူ့စရိုက်နှင့်ကွက်တိကျပြီး သူ့အတွက်မွေးဖွားပေးလာခဲ့သည်ဟုထင်ခဲ့၏။
ကိစ္စများမြောင်ဖြစ်ပျက်သွားပြီးနောက်ပိုင်း သူတို့၏ခင်မင်မှုတွင် သွေးနှင့်အမှောင်ထုတို့စွန်းထင်းခဲ့သည်။ သူရှန်းရှီကောကိုမုန်းတီးခဲ့သည်။ နာကျင်ခဲ့ရသည်၊ နောင်တရပြီး ကြောက်ရွံ့ခဲ့ရသည်။ အတိတ်ကအင်မတန်လှပလွန်းသောကြောင့် အိပ်မက်များပျက်စီးသွားသည့်အခါ သူပိုပြီးနာကျင်ခဲ့ရသည်။
နောက်တကြိမ်ပြန်လည်မွေးဖွားလာပြီးသည့်နောက် ဖုယွမ်ကျိုးသည် ယခင်ဘဝမှအမှားများကိုထပ်မလုပ်ချင်တော့ပေ။ သူရှန်းရှီကောနှင့်လွတ်ရာကျွတ်ရာတွင်နေချင်သည်။ ထိုနောက်ပိုင်းမှစပြီး သူတို့သူစိမ်းများဖြစ်သွားခဲ့ကြသည်။ သူရှန်းရှီကောကို ကြောက်နေရုံသာဟုထင်ခဲ့လင့်ကစား ယခုတော့ သူရှန်းရှီကောအပေါ်တွင် အခြားခံစားချက်များပါရောထွေးနေသည်ကိုသတိထားမိလာခဲ့၏။
မဖြစ်နိုင်လိုက်တာ....သူရှန်းရှီကောကိုရှောင်ရမယ်။
ဖုယွမ်ကျိုးက သူဂရုစိုက်နေသည့်အရာကိုထုတ်မပြောနိုင်၍ မပြောခဲ့ပေ။ သူသည် အရေးမစိုက်သလိုပင် တဖက်ကိုအကြည့်လွှဲလိုက်လေ၏။ ရှန်းရှီကောက သူ့မျက်လုံးထဲမှအပြောင်းအလဲလေးကိုမြင်တွေ့သွားပြီး ဒဏ်ရာကိုလက်အနောက်တွင်ထားကာ ပြောလာလေသည်။
"ဆောရီး...ကိုယ်မင်းကိုကြောက်အောင်လုပ်မိသွားလား..ကိုယ်မနေ့ကမှအိမ်ဝယ်လိုက်တာ...ဒဏ်ရာကိုတောင်ဆေးထည့်ဖို့အချိန်မရလိုက်ဘူး..ကိုယ်ခဏနေရင်လုပ်လိုက်ပါ့မယ်..."
ထိုစကားကြောင့် ဖုယွမ်ကျိုးစိတ်မချမ်းမသာဖြစ်သွားခဲ့သည်။သူသည် အမြန်ပင်တဖက်သို့လှည့်ကာ အိမ်ထဲပြန်ဝင်ရန် ခြေဦးလှည့်လိုက်သည်။ တံခါးကိုဖြတ်လိုက်သည့်အခါ ရှန်းရှီကောကအနောက်မှ သူ့ကိုလှမ်းခေါ်လေ၏။
"ရှောင်ချီး..."
"ငါ့ကိုအဲဒီလိုမခေါ်နဲ့..."
ဖုယွမ်ကျိုးမှာ ထိုနာမည်ကိုထပ်မကြားချင်တော့ပေ။
"အိုကေ...ကိုယ်မင်းကိုယွမ်ကျိုးလို့ခေါ်ပါ့မယ်..."
ဖုယွမ်ကျိုးတိတ်ဆိတ်နေပြန်သည့်အခါ ရှန်းရှီကောကသူ့ကိုဆက်ပြောလာပြန်သည်။
"ကိုယ်တို့စကားပြောပြီး အရင်လိုပြန်ဖြစ်အောင်လုပ်လို့ရပါတယ်...ကိုယ့်ကြောင့်မင်းမထိခိုက်စေရပါဘူး...ကိုယ့်ကိုပြောပါ..ကိုယ်မင်းအတွက်ဘာမဆိုလုပ်ပေးပါ့မယ်...ကိုယ်တတ်နိုင်တာအကုန်လုံး... အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါ့မယ်..ဒါပေမဲ့...."
သူသည်ကား တောင်းပန်နေသလို အသံကိုနှိမ့်ပြောလိုက်ပြီး အနည်းငယ်ပင် သနားစရာကောင်းနေလေသည်။
"ကိုယ့်ကိုလျစ်လျူမရှုထားလိုက်ပါနဲ့...ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ပြောလို့ရတယ်..ကိုယ့်ကိုထပ်ပြီးတွန်းမထုတ်လိုက်ပါနဲ့...ဘာမှန်းမသိဘဲ မင်းကိုယ့်ကိုငြင်းပယ်နေတာက ကိုယ့်ကိုဝမ်းနည်းစေတယ်...ယွမ်ကျိုး...မင်းမသိပါဘူး...ကိုယ့်အတွက်ကလေ...မင်းမရှိရင် ဘဝကြီးကအဓိပ္ပါယ်လည်းမရှိတော့ဘူး..."
ဖုယွမ်ကျိုးလက်ကို မမြင်နိုင်သည့်လက်တစုံက ဆုပ်ကိုင်ထားသလိုပင်။ နှလုံးသားက တခဏမျှကိုက်ခဲနေခဲ့သည်။
တကယ်တမ်းတွင် သူကောင်းကောင်းသိနေခဲ့ပါသည်၊၊ ယခင်ဘဝကလည်း တူညီသည့်ခံစားချက်ရှိခဲ့သည်ပင်။ ရှန်းရှီကောသာ သူနှင့်အတူမရှိပေးခဲ့လျှင် ပျင်းစရာကောင်းလိမ့်မည်။ ရှန်းရှီကောယခုလိုပြောလာသည်ကို ကြားရသည်မှာ သူ့အတွက်ပထမဆုံးမဟုတ်ပေ။ ယခင်ဘဝက အထက်တန်းကျောင်းပြီးချိန်တွင် သူရှန်းရှီကောကိုရှာဖွေရန် နိုင်ငံခြားထွက်ခဲ့သည်။ ယင်းက သူတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပင်။ သည့်နောက် ရှန်းရှီကောကလည်း တူညီသည့်စကားမျိုးပြောခဲ့သည်ပင်။
ထိုအချိန်တုန်းက ရှန်းရှီကောက သူ့ကိုကစားရန်ခေါ်သွားပေးခဲ့သည်။ ရှန်းရှီကောက ခရီးအများအပြားထွက်ခဲ့၍ အတွေ့အကြုံကြွယ်ဝပြီး လူအများအပြားနှင့်လည်းသိထား၏။ ထိုသူသည် သူ့သူငယ်ချင်းများနှင့်စုပေါင်းပြီးပျော်ရွှင်ကြသည့် အပျော်စီးသင်္ဘောပေါ်မှ ပါတီပွဲတစ်ခုသို့ခေါ်သွားခဲ့သည်။
ဇိမ်ခံအပျော်စီးသင်္ဘောက ရေလယ်တွင်ကျောက်ချနားထားခဲ့သည်။ ညအချိန် ကမ်းပေါ်မှမီးအလင်းရောင်တို့ကို မှုန်ပြပြမြင်နိုင်၏။ သင်္ဘောပေါ်မှလူများက ချမ်းသားသည့်အသိုင်းအဝိုင်းမှမျိုးဆက်များဖြစ်ပြီး မော်ဒယ်နှင့် အင်တာနက်ဆယ်လီများကိုပင်ဖိတ်ခေါ်ထားခဲ့သည်။ အားလုံးက တရုန်းရုန်းပျော်ပါးနေခဲ့ကြ၏။ သို့သော်လည်း ရှန်းရှီကောက သူ့အားပါတီနှင့်ဝေးရာကိုဆွဲခေါ်သွားခဲ့ပြီး သင်္ဘောကုန်းပတ်ပေါ်တွင်ပင် ညလေအေးခံစေခဲ့သည်။
"လော့ရန်စုန့်...လာလေ...အားလုံးကမင်းကိုစောင့်နေကြတာ..."
ရွှေအိုရောင်ဆံပင်နှင့် မျက်ဝန်းပြာရှိသည့် ထူးကဲအလှလေးများက ရှန်းရှီကောကိုလာကစားရန်ခေါ်ကြသည်။ ရှန်းရှီကောကပြုံးကာငြင်းပယ်လိုက်ပြီး ဖုယွမ်ကျိုးက ကော့တေးသောက်ကာ အလှလေးများထွက်သွားသည့်မြင်ကွင်းကိုကြည့်နေလိုက်သည်။ သူရှန်းရှီကောလက်မောင်းကိုပုတ်ကာ သီချင်းသံအကျယ်ကြီးကိုလွှမ်းနိုင်အောင် အော်ပြောလိုက်၏။
"ငါ့ကိုစိတ်မပူနဲ့..သွားကစားကြ!"
ရှန်းရှီကောက သူ့စကားကိုမကြာမှာစိုးရိမ်၍ ခေါင်းယမ်းလိုက်မိသည်။ သူသည်ကားဖုယွမ်ကျိုးပုခုံးကိုသိုင်းဖက်ကာ သူနှင့်ကပ်သည်အထိဆွဲလိုက်၏။ သူ့နားထဲသို့ ပူနွေးသည့်လေများနှင့်အတူပြောလာခဲ့သည်။
"ရတယ်..ကိုယ်မင်းကိုအဖော်လုပ်ပေးပါ့မယ်..."
သူတို့နှစ်ယောက်အကွာအဝေးကနီးကပ်လွန်းနေ၍ ဖုယွမ်ကျိုးမှာ ထိုသူနှင့်အနည်းငယ်ခွာလိုက်မိသည်။ ရှန်းရှီကောက သူ့နားကိုနမ်းတော့မလိုဖြစ်နေ၍ သူကပြုံးကာမျက်နှာချင်းဆိုင်ဘက်သို့ ကပ်လိုက်သည်။
"ငါသိပါပြီဟ...မင်းအဲဒီလောက်ကြီးမကပ်လာပါနဲ့..."
ရှန်းရှီကောကပြုံးပြီး လွှတ်မပေးပေ။ ဖုယွမ်ကျိုးလက်ထဲမှခွက်ကို တစ်ငုံယူသောက်လိုက်သည်၊၊ ဖုယွမ်ကျိုးအခုလေးတင်သောက်လိုက်သည့် အစွန်းနားကိုမရှောင်ဘဲ သောက်လိုက်ခြင်းပါပင်။
ဖုယွမ်ကျိုးက အနှီသူကိုမေးကြည့်လိုက်သည်။
"မင်းငါနဲ့ဒီမှာနေရတာကိုရော မပျင်းဘူးလား.."
ရှန်းရှီကော: "မင်းနဲ့ဒီလိုရှိနေရတာကိုကြိုက်လို့ပဲ...မင်းကိုခေါ်လာခဲ့တာလေ...ကိုယ်လည်းသူတို့နဲ့မနေချင်ပါဘူး...အဲဒါကြောင့်မင်းကိုပဲကြည့်နေတော့မယ်..."
"ငါကသူတို့လောက်ကြည့်မကောင်းဘူးနော်..."
သင်္ဘောပေါ်မှလူများကို သူမြင်ခဲ့ပြီးပြီ။ သင်္ဘောပေါ်တွင် နာမည်ကြီးအလှပဂေးလေးများနှင့် အင်စတာဂရမ်မှဆယ်လီအများအပြားရှိနေ၏။ ၎င်းတို့အားလုံးက အင်မတန်လှပပြီးဆွဲဆောင်မှုရှိကြသည်။ တခါတရံ ရှန်းရှီကောအင်စတာဂရမ်တွင် မက်ဆေ့ချ်လာပို့ကြသည့်တိုင် ရှန်းရှီကောကဘယ်တော့မှစာမပြန်ခဲ့ပေ။ ယခုလေးတင် တုံ့ပြန်လိုက်ပုံမှာပင် စိတ်ပါလက်ပါမရှိလှပေ။
"မင်းကိုယ်မင်းသူတို့နဲ့မနှိုင်းပါနဲ့...မတန်ပါဘူး..."
ရှန်းရှီကောက သူ့နှာခေါင်းထိပ်လေးကိုအသာညှစ်လိုက်ပြီး ဟိုမရောက်သည်မရောက်စကားကိုပြောလာလေ၏။
"မင်းမကြိုက်ရင် သွားကြမယ်လေ..."
"ကမ်းပေါ်တက်ရအောင်..."
"အိုကေ..."
ရှန်းရှီကောက ခေါင်းယမ်းကာပြုံးလိုက်ရင်း သူငယ်ချင်းများကိုလှမ်းနှုတ်ဆက်လိုက်သည်၊ သို့သော်လည်း သူငယ်ချင်းများကသူတို့ကိုမတားဘဲ ကမ်းစပ်အထိလိုက်ပို့ပေးကြသည်။ ကမ်းပေါ်ရောက်ချိန်တွင် ရှန်းရှီကောကထပ်ပြောလာ၏။
"အခြားသူတွေနဲ့ဆို အကုန်လုံးကပျင်းစရာကောင်းနေတော့တာပဲ...မင်းနဲ့အတူရှိနေတာကမှ စိတ်ဝင်စားဖို့ကောင်းတာ..."
"မင်းအနှစ်နှစ်ဆယ်လုံးကိုဘယ်လိုများကုန်လာတာလဲ..."
ဖုယွမ်ကျိုးကသူ့အားဘေးတိုက်ကြည့်ပြီး မယုံကြည်နိုင်သလိုအသံဖြင့်မေးလာလေသည်။
"အနှစ်နှစ်ဆယ်ကျော်တဲ့အထိ မင်းပျင်းနေတုန်းပဲဆိုတာဖြစ်နိုင်လို့လား..."
"မင်းပြောတာမှန်တယ်..."
ရှန်းရှီကောက သူ့လက်ကိုဆွဲလိုက်သည်။
"အဲဒါကတကယ်ကိုပျင်းစရာကောင်းတယ်...ဒါပေမဲ့ အဲဒီလိုခံစားချက်လည်းမဟုတ်တော့ပြန်ဘူး...ကိုယ်မင်းကိုမတွေ့ခင်အထိ ဘဝရဲ့အရသာဆိုတာကိုမသိခဲ့ဘူး..."
"ဒါကြောင့် ကိုယ်မခံစားချင်တော့ဘူး...ကိုယ်အရင်လိုမဖြစ်ချင်တော့ဘူး...ရှောင်ချီး..ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ..."
ဖုယွမ်ကျိုးသည် ထိုအချိန်က ရှန်းရှီကောပြောခဲ့သည့်စကားတိုင်းကိုမှတ်မိနေပြီး အစပိုင်းက ရှန်းရှီကော သူ့အားပျော်စေချင်၍ပြောခဲ့ခြင်းဖြစ်မည်ဟုထင်ခဲ့သည်။ နောက်ပိုင်းတွင် အနှီသူကစိတ်ရင်းပြောနေမှန်းသိခဲ့ရပြီး သူတို့နှစ်ယောက်လုံး သွေးထွက်သံယိုဖြစ်ပြီး နာကျင်ခဲ့ရသည့်တိုင် ရှန်းရှီကောကသူ့လက်ကိုမလွှတ်ပေးခဲ့ပေ။
ရှန်းရှီကောကသူ့အတွက်မွေးဖွားပေးလာခြင်းမျိုးမဟုတ်ဘဲ သူ့အတွက်အသက်ရှင်ပေးခဲ့ခြင်းသာ။
ဖုယွမ်ကျိုးနှလုံးသား တဆစ်ဆစ်နှင့်ခံရခက်နေခဲ့၏။ ခြံဝန်းသံပန်းတံခါးကိုဖြတ်ကျော်လာပြီးသည့်အခါ သူရှန်းရှီကောကိုလှည့်ကြည့်လိုက်သည်။ ရှန်းရှီကောကလည်း သူ့အားကြည့်နေခဲ့ပြီး မျက်ဝန်းပြာများအောက်ရှိအလင်းရောင်မှာမှေးမှိန်နေခဲ့၏၊ အနှီသူက တကယ်ကိုစိတ်မကောင်းဖြစ်နေခဲ့ရှာလေသည်။