♎️Chapter 51
ထိုအချိန်၌ သူ တံခါးကို တွန်းဖွင့်ဝင်လာသောပုံရိပ်တစ်ရိပ်ကိုမြင်လိုက်ရသည်။ အထဲဝင်လာသူမှာရှဲ့လင်ပင်။
ရှဲ့လင်ကလည်း မျက်နှာချင်းဆိုင်အိမ်မှ ပစ္စည်းများသယ်ပို့နေကြသည့်လူများကိုမြင်ခဲ့ပြီးသလို ရှန်းရှီကောကိုလည်းမြင်လိုက်ရပြီးပြီ။ အနှီသူကအိမ်နီးချင်းအသစ်ဖြစ်ကြောင်းသိလိုက်ရသည့်အခါ သူ့မျက်လုံးများကအေးစက်သွားပြီး ရှန်းရှီကောကိုကျော်ကာ ဖုယွမ်ကျိုးခါးကိုဖက်လိုက်သည်။
"အထဲဝင်ရအောင်..."
သူသည်ဖုယွမ်ကျိုးဖက်ပြီး အခန်းထဲသို့ဝင်သွားနိုင်သော်လည်း ရှန်းရှီကောကထွက်မသွားသေးဘဲ သူတို့ကိုရပ်ကြည့်နေခဲ့သည်။
သူတို့သည် ဆင်ဝင်အောက်အထိလျှောက်လာပြီး ရှဲ့လင်ကခေါင်းကိုလှည့်ကာ ရှန်းရှီကောကိုတချက်ကြည့်လိုက်ပြီး ရုတ်တရက်ရပ်လိုက်သည်။ သည့်နောက် ဖုယွမ်ကျိုးကိုမြဲမြဲဖက်ထားရင်း ခေါင်းငုံ့ကာ နှုတ်ခမ်းကိုနမ်းလာလေသည်။
ဘယ်သူမှရှိမနေသလို မွတ်သိပ်ပြင်းပြစွာဖြင့်နမ်းနေခဲ့ခြင်းပင်။ ဖုယွမ်ကျိုးက သူ့အားယခုလိုလုပ်လာလိမ့်မည်ဟုထင်မထားခဲ့သောကြောင့် အံ့အားသင့်မှုနှင့်အတူ မျက်လုံးများကဝိုင်းစက်သွားခဲ့ပြီး မသိစိတ်အရ ရှန်းရှီကောကိုလှမ်းကြည့်လိုက်မိသည်။ သို့ထိတိုင် ရှဲ့လင်က သူ့လက်ဖြင့်ကာထားပြီး နမ်းသည့်အပေါ်တွင်သာအာရုံစိုက်ထားလိုက်သည်။
ရှန်းရှီကောမျက်ဝန်းများက အေးစက်သွားရကာ သူကခပ်တိုးတိုးပင်မေးလာလေ၏။
"မင်းတို့နှစ်ယောက်ကချစ်သူတွေလား..."
ဘယ်သူမှပြန်မဖြေကြပေ။ရှဲ့လင်က ဖုယွမ်ကျိုး၏စိုစွတ်နေသည့်နှုတ်ခမ်းလေးများကိုထပ်နမ်းလိုက်ပြီး တံခါးဖွင့်ဝင်သွားသည်။ ရှန်းရှီကောကို ထပ်ပြီးလှည့်မကြည့်တော့ပေ။
ရှန်းရှီကောက ကျောက်ရုပ်ကြီးနှယ် ထိုနေရာတွင်သာရပ်နေမိပြီး ဝန်ထမ်းတစ်ယောက်ကသူ့ဘက်သို့လျှောက်လာကာ ယဥ်ယဥ်ကျေးကျေးပင်မေးလာလေ၏။
"လူကြီးမင်းရှန်း...ပစ္စည်းတွေကရွှေ့တာပြီးသလောက်ဖြစ်ပါပြီ...ကြည့်ဦးမလားဗျ..."
"အိုကေ..."
ရှန်းရှီကောက ပြုံးလိုက်ပြီး သိမ်မွေ့သည့်အပြုအမူဖြင့်သာတုံ့ပြန်လိုက်လေသည်။ ဝန်ထမ်းကသူ့အားလိုက်လာခဲ့ရန်ပြောပြီး ရှန်းရှီကောကလက်သီးတင်းတင်းဆုပ်ထားသောကြောင့် သွေးတစက်စက်ကျနေသည်ကိုမြင်သွားခဲ့သည်။ ၎င်းက ကြမ်းပြင်တလျှောက် မြင်မကောင်းသည့်အမှတ်အသားကိုကျန်ရစ်စေခဲ့၏။
*****
ဖုယွမ်ကျိုးကို ရှဲ့လင်ကအိမ်ပြန်ခေါ်လာခဲ့သည်။ ဝင်ပေါက်တွင်ရပ်နေရင်း ရှဲ့လင်ကသူ့ကိုပွေ့ဖက်နမ်းရှုံ့ခဲ့သည်။
အဒေါ်က မီးဖိုချောင်ထဲတွင်မနက်စာပြင်ပေးနေပြီး လှုပ်ရှားမှုမှန်သမျှကိုကြားနိုင်သောကြောင့် ဖုယွမ်ကျိုးမှာ သွေးများစက်လက်ကျလာသလို နားနှစ်ဖက်လုံးနီရဲလာလေသည်။
"အဒေါ်ရှိနေတယ်...ရပ်..."
နောက်ဆုံးတော့ ရှဲ့လင်ကရပ်သွားပြီး သူ့နှုတ်ခမ်းထောင့်မှရွှဲစိုနေသည့်အမှတ်အသားကို သုတ်ပစ်လိုက်သည်။ ဖုယွမ်ကျိုးက သူ့လက်ချောင်းများကိုကိုက်ပစ်လိုက်ပြီး ဒေါသတကြီးကြိမ်းမေ္င်းလာလေ၏။
"ဘာလုပ်တာလဲ...မင်း..."
ရှဲ့လင်: "ဒီနေ့ကကိုယ်တို့ ပထမဆုံးဒိတ်တဲ့နေ့လေ..."
ဖုယွမ်ကျိုးက တောင့်တင်းသွားရကာ ချက်ချင်းပြန်ချေပလိုက်ရသည်။
"မဟုတ်ဘူး...မနေ့ကနေ့လည်တည်းကစတာ.."
"ဒီနေ့မှပါ..."
ရှဲ့လင်ကလည်း မခံခဲ့ပေ။
"မနေ့ကဆိုတာအသိသာကြီးကို!"
ဖုယွမ်ကျိုး တကယ်စိတ်ဆိုးလာရပြီ။ မဟုတ်လျှင် မနေ့က ရှဲ့လင်ကိုယ်တိုင်သူ့ကိုလာခေါ်မည်မဟုတ်ပေ။
"နေရအဆင်ပြေပြီလား...."
ရှဲ့လင်က သူနှင့်ဆက်ပြီးငြင်းခုန်မနေတော့ဘဲ သူ့ဆံပင်လေးများကိုထိုးဖွလာသည်။
"မင်းကိုအခုလေးတင်ကြည့်ရတာ ဒေါသထွက်နေသလိုပဲ...သူ့ကြောင့်လား..."
ရှန်းရှီကောကိုတွေ့လိုက်ရချိန်တွင် ဖုယွမ်ကျိုး၏စိတ်အခြေအနေက အောက်ဆုံးအထိထိုးကျသွားပြီး ပျင်းရိသလိုခံစားလိုက်ရသည်။ ထို့ကြောင့် သူစိတ်ပျက်လက်ပျက်ဖြင့်ခေါင်းညိတ်လိုက်၏။
"သူမျက်နှာချင်းဆိုင်မှာ ဗီလာတစ်လုံးဝယ်လိုက်တယ်...ပြီးတော့ နောက်ပိုင်းကျရင် ဒီမှာအခြေချတော့မှာ..."
ရှဲ့လင်: "မင်းကြောင့်ပေါ့..."
ဖုယွမ်ကျိုးက နှုတ်ခမ်းတို့ကိုဖိလိုက်ပြီး ရှန်းရှီကောက ဘာလုပ်ရန်ကြံစည်နေမှန်းမသိသော်လည်း ဤဘဝတွင် သူလုံးဝရှန်းရှီကောနှင့် မနီးစပ်ချင်တော့ပေ။
သူရှန်းရှီကောအကြောင်းကိုလည်းမပြောချင်တော့၍ အခြားအကြောင်းအရာတစ်ခုကိုသာမေးလိုက်သည်။
"ရှောင်ဖေးရော မင်းရောက်လာပြီး သူကဘာလို့ပါမလာတာလဲ..."
ရှဲ့လင်: "ကိုယ်သူ့ကိုအိမ်မှာနေခိုင်းခဲ့တာ..ဒီသုံးရက်လုံးက ကိုယ်နဲ့မင်းနဲ့ပဲအတူရှိသင့်တယ်လေ.."
"နှစ်ရက်နဲ့နေ့တဝက်ပါဟ..."
ဖုယွမ်ကျိုးကအမှန်ပြင်ပေးလိုက်သည်။
"....." ရှဲ့လင်က သူ့အားတခဏမျှကြည့်နေပြီး ရုတ်တရက်မေးလိုက်သည်။
"ကိုယ်ကဘယ်သူလဲ.."
"?"
ဖုယွမ်ကျိုးကသူ့စကားကို နားမလည်တော့ပေ။
"မင်းကရှဲ့လင်လေ..."
"မင်းနဲ့ကိုယ်နဲ့ကဘာတွေလဲ..."
ရှဲ့လင်ကထပ်မေးလာပြန်သည်။
သူနဲ့ငါနဲ့က....
ဖုယွမ်ကျိုးစိတ်ထဲတွင် စကားလုံးပေါင်းများစွာပြန့်ကျဲနေခဲ့သည်။ သူတို့က ကလေးဘဝတည်းကသူငယ်ချင်းဖြစ်ခဲ့ကြပြီး အိမ်နီးချင်းများလည်းဖြစ်နေကြသေးသည်၊ ရှဲ့လင်ကသူ၏စီနီယာလည်းဖြစ်ပြီး...ထိုအခိုက် ရှဲ့လင်မေးချင်သည့်အဓိပ္ပါယ်ကိုဖျတ်ကနဲနားလည်သွားပြီး သူ့မျက်နှာကတမဟုတ်ချင်းနီရဲလာလေ၏။
"မင်း..."
သူသည်ကား တုံ့ဆိုင်းသွားရကာ အသံမှာလည်းတမဟုတ်ချင်းပျော့ပျောင်းသွားရလေသည်။
"မင်းကငါ့ရဲ့ကောင်လေး..."
ရှဲ့လင်က နှုတ်ခမ်းတို့ကိုအသာပင့်တင်ကာ ဖုယွမ်ကျိုးကဖြည့်ပြောလိုက်လေသည်။
"အနည်းဆုံးတော့ နှစ်ရက်ခွဲကျန်ပါသေးတယ်..."
"......" ရှဲ့လင်နှုတ်ခမ်းတို့က ညွတ်ကျသွားခဲ့သည်။
ဖုယွမ်ကျိုးက သူ့အတွေးများကိုမသိရှာပေ။ ဝန်ခံလိုက်ရခြင်းပင် သူ့အားအရည်ပျော်ကျသွားနိုင်သည်အထိ ရှက်စရာကောင်းနေပြီဖြစ်သော်လည်း ရှဲ့လင်က ကတ္တီပါဘူးတစ်ဘူးကိုထုတ်လိုက်သည်။ ဖွင့်ကြည့်လိုက်သည့်အခါ ငွေရောင်လက်စွပ်နှစ်ကွင်းဖြစ်နေ၏။
လက်စွပ်နှစ်ကွင်း၏ပုံစံက ထွင်းထားသည့်စာတန်းနှစ်ခုသာပါပြီး အင်မတန်ရိုးရှင်းလွန်းသည်။ ရှဲ့လင်က FYZ ဆိုသည့်လက်စွပ်ကို သူ့လက်တွင်ဝတ်ပေးလိုက်၏။
"မင်း...မင်းမှာဘယ်လိုလုပ်ဒါမျိုးရှိနေရတာလဲ..."
ဖုယွမ်ကျိုး မှင်သက်သွားရလေပြီ။ ရှဲ့လင်က ဒါကိုတစ်ညလုံးများလုပ်နေခဲ့တာလား။
"ကိုယ်ပြင်ထားခဲ့တာကြာလှပြီ..."
ရှဲ့လင်ကဖုယွမ်ကျိုးလက်ကိုကိုင်ကာ ဖုယွမ်ကျိုးနာမည်ဖြင့်လက်စွပ်ကိုဝတ်ပေးလိုက်သည်။ သည့်နောက် သူ့လက်ကိုကိုင်ကာ လက်စွပ်ဝတ်ထားသည့်လက်ချောင်းလေးကိုငုံ့နမ်းလိုက်လေ၏။
"ဒါကို ကိုယ် ကိုယ်တိုင်ဝတ်ပေးနိုင်မယ့်နေ့ကိုစောင့်နေခဲ့ရတာကြာခဲ့ပြီ..."
လက်ခုံကိုအနမ်းပေးခံလိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာ အပူလောင်သွားသလိုပင်။ ချက်ချင်းလက်ပြန်ရုတ်လိုက်ပြီး လက်စွပ်ကိုပါချွတ်လိုက်၏။ လက်စွပ်ချွတ်လိုက်ပြီးသည့်နောက် သူပြောလိုက်ပါသေးသည်။
"ဒါကဂိမ်းပဲဟာကို..မင်းငါ့ကိုဘာလို့လက်စွပ်ပါပေးရတာလဲ..."
လက်ထပ်ပြီးသားသူ သို့မဟုတ် လက်ထပ်တော့မည့်သူများသာ လက်စွပ်ဝတ်ကြလေ့ရှိသည်။ ရှဲ့လင်နှင့်သူက တွဲနေသည်ဟုပင်ပြောမရသောကြောင့် လက်စွပ်သာဝတ်လိုက်ပါက...။
ရှဲ့လင်က သူလက်စွပ်မချွတ်နိုင်အောင်တားထားလိုက်၏။
"ကိုယ်တို့ကအတွဲတွေဆိုတာသက်သေပြရမယ်လေ...အချိန်စေ့မှချွတ်ရမယ်.."
"အတွဲ" ဆိုသည့်စကားလုံးကြောင့် ဖုယွမ်ကျိုးမှာရင်တုန်သွားရပြီး မျက်နှာပူလာသောကြောင့် လက်စွပ်ကိုချွတ်ပစ်ချင်လာရသည်။
သို့သော်လည်း ရှဲ့လင်ကခွင့်မပြုပေ။ အကြိမ်များစွာကြိုးစားသည့်တိုင် အချည်းနှီးသာဖြစ်ခဲ့သည်။ နောက်ဆုံး၌ သူရုန်းကန်မနေတော့ဘဲ သဘောတူညီချက်တစ်ခုလုပ်ရန် ကြိုးပမ်းလိုက်ရတော့သည်။
"ငါအိမ်ထဲမှာတော့ ဝတ်မထားနိုင်ဘူး..."
သူ့မိသားစုကိုမူ မမြင်စေချင်ပေ။ ရှဲ့လင်ကသူ့အားစက္ကန့်အနည်းငယ်ကြာသည်အထိကြည့်နေပြီးမှ လက်လွှတ်ပေးလိုက်ကာ အင်တင်တင်ဖြင့်ခေါင်းညိတ်ပြလေ၏။ ဖုယွမ်ကျိုးက အဒေါ်ထွက်မလာခင် လက်စွပ်ကိုချွတ်ပြီးညဝတ်အင်္ကျီအိတ်ထဲထည့်ထားလိုက်သည်။
ရှဲ့လင်: "မင်းနဲ့အတူဆောင်ထား...အပြင်ထွက်မှဝတ်ချေ..."
ဖုယွမ်ကျိုးက သုံးရက်လုံးအပြင်မထွက်ရန် ဆုံးဖြတ်လိုက်သည်။ ရှဲ့လင်လာချင်လျှင် ထိုသူကို အာဘွားနည်းနည်းပေးလိုက်ရုံပင်။ ၎င်းကသာကိစ္စကြီးဖြစ်နေပြီဆိုပါက သူရှောင်ဖေးထံတွင်သွားရှောင်နေ၍ရသည်။
အစီအစဥ်ကျရှုံးသွားသည်မှာ နှမြောစရာပင်။ ဖုယွမ်ကျိုးက ငှက်ကုလားအုတ်ဖြစ်ချင်သော်လည်း လူတစ်ယောက်ကသူဆန္ဒအတိုင်းဖြစ်ခွင့်မပေးပေ။
သူ မနက်စာစားပြီး အပေါ်ထပ်တက်လာခဲ့သည်။ ထို့နောက် သူအိပ်ပျော်နေစဥ် WeChat မှပို့ပေးထားသည့်စာများကိုကြည့်ရန် ဖုန်းဖွင့်လိုက်၏။ အဖွဲ့ဝင်များအားလုံးမှာ မနေ့ကသူ့အိမ်ကိုလာကစားသွားကြသူများဖြစ်ပြီး ရှဲ့လင်နှင့်ယွိဖေးလည်းပါလေသည်။
"ဒါက?"
ဖုယွမ်ကျိုးတစ်ယောက် စိတ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့် စာပို့လိုက်သည်။ အဖွဲ့ထဲမှအတက်ကြွဆုံးလူတစ်ယောက်က မနေ့ကဂိမ်း၏သက်သေအဖြစ်ဆက်လုပ်နေကြောင်းရှင်းပြလာပြီး ဖုယွမ်ကျိုးနှင့်ရှဲ့လင်ကို သုံးရက်ဒိတ်ရန်အတွက် စောင့်ကြည့်နေကြောင်းပြောပြလာ၏။
"...."
ဖုယွမ်ကျိုးစာပြန်လိုက်သည်။
"မင်းမှာလုပ်စရာမရှိဘူးလား..."
"လုပ်စရာမရှိတာတော့မဟုတ်ပါဘူး...အခုက ပိတ်ရက်လေ..."
တစ်ယောက်ကဝင်ပြောလာသည်။
"လုပ်စမ်းပါ...မင်းတို့နှစ်ယောက်တစ်ခါလောက်မြန်မြန်လေးနမ်းပြီး အဖွဲ့ထဲကိုဓာတ်ပုံပို့ပေး..."
"ဓာတ်ပုံမပို့နဲ့...ပျင်းစရာကြီး...အုပ်ကြီးနဲ့ယွမ်ကျိုးတို့နှစ်ယောက် live လွှင့်ပြရမယ်..."
"+1"
"+2"
"+10086...အချင်းချင်းနမ်းကြပါ..."
"သွားစမ်းပါ!!!"
ဖုယွမ်ကျိုး စိတ်တိုသွားလေသည်၊ အနှီမျိုးမစစ်လေးများက သူတို့ကိုယ်သူတို့တရားသူကြီးများနှယ်ထင်နေကြခြင်းပင်။ နမ်းတာကိုမြင်ချင်တယ်ပေါ့...အိပ်မက်မက်နေလိုက်...သူတို့ဖြစ်ချင်တာဘယ်တော့မှဖြစ်မလာစေရဘူး...။
သူကသာဒေါသထွက်နေသည့်တိုင် ရယ်သူကရယ်နေကြပြီး တစ်ယောက်ကလောင်စာခပ်ထည့်ပေးနေသည်။ အဖွဲ့ခေါင်းဆောင်တုမန်ပင်မကျန်ပေ။
"နင်တို့နှစ်ယောက် ဒီနေ့အစီအစဥ်ကဘာလဲ..ဒိတ်လုပ်ဖို့အဆင်ပြေလား.."
အဆင်ပြေလည်း သူသွားမည်မဟုတ်ပေ။ ဖုယွမ်ကျိုးကဂရုမစိုက်ဘဲ စာပြန်ရိုက်လိုက်ပြီး ရှဲ့လင်ကသူ့အားမေးလာခဲ့သည်။
"မင်းရုပ်ရှင်ကြည့်ချင်လား..."
ရုပ်ရှင်ကြည့်ဖို့လား...
ဖုယွမ်ကျိုး တွေဝေနေသော်ငြား ရှဲ့လင်ကသူပြောမည့်စကားကိုနားလည်လိုက်၍ သူ့နှလုံးသားလေးကကြွေဆင်းသွားရသည်။ သူရုပ်ရှင်ရုံများကိုသွားပြီး ရုပ်ရှင်ကြည့်ရသည့်အရသာကိုနှစ်သက်သည်၊ သို့ရာတွင် အချိန်သာကြာသွားပြီးတစ်ခါမှမကြည့်ဖြစ်ခဲ့ပေ။ သူ ရုပ်ရှင်တစ်ကားခန့်ကြည့်ရန် ရုပ်ရှင်ရုံသွားရန်စီစဥ်လိုက်ပြီး ကြိုထွက်ထားသည့်ထွေလာအချို့ကို အွန်လိုင်းမှတဆင့်ကြည့်လိုက်သည်။
အမျိုးသားနေ့ဖြစ်၍ ရုပ်ရှင်အများစုက စစ်ကားများဖြစ်သော်လည်း အချို့ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံများကမူ အခြားရုပ်ရှင်ကားများကိုသာပြထားကြသည်။
ရှဲ့လင်က ရုပ်ရှင်တစ်ကားကိုရွေးကာ ဖုယွမ်ကျိုးကိုဖုန်းလှမ်းပေးလာသည်။ ဇာတ်ကားကအသစ်ထွက် "သေမင်းတမန်ရာဇဝတ်သား" ဟုအမည်ရ၏။ မှုခင်းစုဲထောက်အမျိုးအစားဖြစ်ပြီး ဖုယွမ်ကျိုးအကြည့်ချင်ဆုံးရုပ်ရှင်မျိုးပင်။
"...ဒါဆိုလည်းသွားကြည့်ကြမယ်!"
နောက်ဆုံး၌ စိတ်ကိုပြင်ဆင်ပြီးလက်စွပ်ဝတ်လိုက်ရသည်။ အဖွဲ့ထဲမှလူများ၏ပါးစပ်ကိုပိတ်နိုင်မည်ဖြစ်၍ ကိစ္စမရှိတော့ပါချေ။ သည့်အပြင် ရုပ်ရှင်ကြည့်ခြင်းကလည်းဒိတ်တစ်မျိုးပင်။
ရှဲ့လင်က အွန်လိုင်းမှလက်မှတ်ဖြတ်လိုက်ပြီး နှစ်ယောက်သား ရိုးရိုးရှင်းရှင်းပြင်ဆင်ကာထွက်လာခဲ့ကြသည်။
လမ်းတွင်လည်း ဖုယွမ်ကျိုးက အဖွဲ့ကိုကြည့်နေရ၏။ ယွိဖေး၊ ယွမ်ယဲ့နှင့်ရန်ရှူးထန်တို့ကမူ တစ်ခွန်းမှဝင်မပြောကြပေ။ အခြားသူများကမူ သူတို့မှုခင်းဇာတ်လမ်းမျိုးကြည့်၍ မကျေမနပ်ဖြစ်နေကြပြီး သူတို့ကိုအချစ်ဇာတ်ကားမျိုးကြည့်သင့်သည်ဟုဝေဖန်နေကြလေသည်။ သူထိုဇာတ်လမ်းမျိုးကိုစိတ်မဝင်စားပေ။ ယခုလိုအခြေအနေမျိုးတွင် ရှဲ့လင်နှင့်အတူ အချစ်ရုပ်ရှင်ကြည့်ရန်မှာလည်း
ရှက်စရာကောင်းလွန်းသည်။
သို့တစေ သူတို့ရုပ်ရှင်ရုံရောက်ချိန်တွင် ဝန်ထမ်းတစ်ယောက်က "သေမင်းတမန်ရာဇဝတ်သား" ဇာတ်လမ်းကိုပြသရာတွင် အခက်အခဲအချို့ရှိနေကြောင်းပြောလာ၏။ ၎င်းတို့အနေဖြင့် ရုပ်ရှင်ကိုပြောင်းနိုင်သလို အခမဲ့ကြည့်၍လည်းရသည်။
"သေမင်းတမန်ရာဇဝတ်သား" ဇာတ်လမ်းကိုပြနေသည့်ရုပ်ရှင်ရုံသိပ်မရှိပေ။ ဤရုံက ဖုယွမ်ကျိုးအိမ်နှင့်ဝေးသည်။ အခုလာပြီးအခုပြန်၍လည်းမရသောကြောင့် သူခဏမျှစဥ်းစားကြည့်ပြီး နောက်ထပ်ရုပ်ရှင်တစ်ကားကိုကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤအချိန်တွင် "ရေမွှေး" အမည်ရသည့်အချစ်ရုပ်ရှင်ကားကိုပြသနေ၏။
အခြေအနေကြောင့် ဖုယွမ်ကျိုးမှာ သွေးအန်လုနီးပါးပင်။သူယခုလိုဖြစ်လာမည်ဟုလုံးဝမမျှော်လင့်ထားခဲ့ပေ။ သူ့ထံတွင် ရှဲ့လင်နှင့်အတူ အချစ်ရုပ်ရှင်ကားကြည့်ရန်အခွင့်အရေးရှိနေသေးသည်။
ဖုယွမ်ကျိုး လက်မှတ်အတွက်သာပိုက်ဆံပြန်တောင်းလိုက်သည်။ ဝန်ထမ်းကစိတ်ရင်းကောင်းသည့်အပြင် ပေါက်ပေါက်တစ်ဘူးကိုပါလက်ဆောင်ပေးလိုက်၏။ ဖုယွမ်ကျိုးမှာ ပိုက်ဆံပြန်လျော်ခိုင်းခဲ့သည့်အတွက်ရှက်လွန်းလေရာ ပေါက်ပေါက်ဘူးကိုသာယူပြီးပြန်ထွက်လာခဲ့လိုက်သည်။
ဝန်ထမ်းကပြုံးပြီးပြောလိုက်သေး၏။
"မင်းလက်ကလက်စွပ်ကိုကြည့်ပါဦး..မင်းတို့ကအတွဲတွေဖြစ်မယ်...နှစ်ယောက်တွဲခုံတွေကဖရီးပါ..ငါတို့ app ကို မှတ်ချက်ကောင်းလေးတွေရေးပေးဖို့မျှော်လင့်ပါတယ်နော်..."
ဖုယွမ်ကျိုး: "...." ဟုတ်ကဲ့၊ နှစ်ယောက်တွဲခုံကတော့မလိုပါဘူးခင်ဗျာ။
"အိုကေ..."
ရှဲ့လင်က တုံ့ပြန်ပြီး ဖုယွမ်ကျိုးလက်ကိုဆွဲကာ လက်မှတ်ကိုစစ်ဆေးပြီးသည်နှင့် ရုံထဲကိုတန်းဝင်သွားခဲ့သည်။
အဝင်ဝအထိလျှောက်လာပြီးမှ ဖုယွမ်ကျိုး "ရေမွှေး" ပိုစတာကိုလှမ်းကြည့်လိုက်မိသည်။ ဇာတ်လိုက်နှစ်ယောက်က အမျိုးသားများဖြစ်နေသည့်အခါ သူရှော့ခ်ရသွားရလေ၏။ ယင်းကလိင်တူစိတ်ဝင်စားသူနှစ်ယောက်၏ အချစ်ဇာတ်လမ်းပင်။
ဖာ့ခ်...ငါအခုထွက်ပြေးဖို့နောက်ကျသွားပြီလား..