Chapter 52
Viewers 2k

♎️Chapter 52




အသေအချာကိုနောက်ကျသွားခဲ့ပြီ။ ရှဲ့လင်က သူ့အားအထဲသို့ဆွဲခေါ်သွားခဲ့ပြီပင်။ ထိုင်ခုံတွင်နေရာယူလိုက်ကြပြီးသည့်အခါ ဖုယွမ်ကျိုးတစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲနေလေပြီ။ တစ်နေ့တွင် သူယခုလိုရုပ်ရှင်မျိုးကြည့်ရလိမ့်မည်ဟု တစ်ခါဖူးမျှမျှော်လင့်မထားခဲ့မိပါချေ။


သူနှင့်ရှဲ့လင်မှာ ဘေးချင်းကပ်ထိုင်နေခဲ့ကြပြီး ပေါက်ပေါက်ဘူးကိုကိုင်ထားသည့် သူ့လက်များကတုန်ယင်နေခဲ့သည်။ နှစ်ယောက်တွဲခုံများမှာ အခြားခုံများလို ကြား၌လက်ကိုင်တန်းမရှိပေ။၎င်းကြောင့် စုံတွဲအချင်းချင်းပူးကပ်ကာ ပွေ့ဖက်ထားနိုင်လိမ့်မည်။ လောလောဆယ် သူ့ပေါင်များက ရှဲ့လင်၏ခြေထောက်နားတွင်ကပ်နေလေ၏။


ဖုယွမ်ကျိုးဘဝတွင် ယခုလောက်ထွက်ပြေးချင်စိတ်ဖြစ်ခဲ့ရသည့်အချိန်မရှိခဲ့ပေ။ သူ့ဘေးမှခုံတွင်မည်သူမှမရှိသည့်အခါ သူတိတ်တိတ်လေးသွားထိုင်ရန်စီစဥ်လိုက်သည်။ သို့သော်လည်း ရှဲ့လင်ကသူ့လက်ကိုကိုင်ကာ ငုံ့ကြည့်ပြီးပြောလာ၏။ 


"မသွားနဲ့..."


"....." 


နှစ်ယောက်သား စက္ကန့်အနည်းငယ်ကြာသည်အထိ အကြည့်ချင်းဆုံနေခဲ့ကြပြီး ဖုယွမ်ကျိုးမှာ ကပျာကယာပြန်ထိုင်လိုက်ရသည်။ ထိုအချိန်အထိ ရှဲ့လင်ကလက်ကိုပြန်မရုတ်သောကြောင့် ဖုယွမ်ကျိုးသာစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရလေ၏။


ရုပ်ရှင်စချိန်မှ သူမျှော်လင့်ထားခဲ့သည်နှင့်ကွဲလွဲနေမှန်း ဖုယွမ်ကျိုးသဘောပေါက်လိုက်သည်။ ယခုကမ္ဘာရှိလူများက လိင်အမျိုးအစားအများအပြားရှိသည်ကို သူ့မသိစိတ်မှမေ့လျော့သွားမိခြင်းဖြစ်ပြီး လက်ရှိတွင် ရုပ်ရှင်ကလည်းလိင်တူကြိုက်ကြသည့်ရုပ်ရှင်မဟုတ်ပေ။ ဇာတ်လိုက်နှစ်ယောက်တွင် တစ်ယောက်ကဘီတာဖြစ်နေပြီး ကျန်တစ်ယောက်က အယ်လ်ဖာဖြစ်နေလေသည်။


ဇာတ်လမ်းကို ရာစုနှစ်အလွန်မှခေတ်ကာလတစ်ခုတွင်အခြေခံထားပြီး တိုက်ပွဲများဖြစ်ပွားနေချိန်၊ တင်းမာမှုများမြင့်တက်နေပြီး ပရမ်းပတာအခြေအနေအောက်တွင်ရှိနေသည်။ ပျားပန်းခတ်မျှလှုပ်ရှားနေသည့်မြို့တော်တွင်မူ သီဆိုကခုန်နေကြပြီး ညအချိန်တွင်မီးရောင်များဖြင့်စည်ကားနေဆဲပင်။ ဘီတာလူငယ်လေးသည်ကား ကပွဲခန်းမထဲတွင် စားပွဲထိုးအလုပ်လုပ်နေခဲ့၏။ သူ၏ချောမောသောရုပ်သွင်ကြောင့် ဧည့်သည်များကိုအဓိကဧည့်ခံရပြီး အဖျော်ယမကာငှဲ့ပေးရကာ စီးကရက်မီးညှိပေးရသူလည်းဖြစ်သည်။


တစ်ညတွင် ဧည့်သည်တစ်ယောက်ကသူ့အားနှောင့်ယှက်နေစဥ် ရာထူးမြင့်ရဲတစ်ယောက်က သူ့ကိုကူညီပေးလိုက်သည်။ ရဲသည်ကား ဥပဓိရုပ်ကောင်းသည့်အယ်လ်ဖာဖြစ်ပြီး သူ့ပုံစံကကြောက်စရာကောင်းသော်လည်း လူတိုင်းအားဆက်ဆံပုံကမူ ညင်သာသိမ်မွေ့ပေသည်။ ဇာတ်လိုက်က သူ့အားမြင်မြင်ချင်းမှာပင် သဘောကျသွားခဲ့လေ၏။


သို့သော်လည်း သူသည် သာမန်ဘီတာတစ်ယောက်သာဖြစ်ပြီး ရဲတစ်ယောက်၏အဆင့်အတန်းကိုမမီနိုင်ပေ။ သူသည်ကား ချစ်ကြောင်းလည်းထုတ်မပြောရဲခဲ့ပေ။ အရာရှိကလည်း ရိုမန့်တစ်ဆန်သည့်လူတစ်ယောက်ပင်ဖြစ်ပြီး အလှလေးများက သူ့အနားတွင်မပြတ်တမ်း ဝိုင်းဝိုင်းလည်နေခဲ့သည်။ နောက်ပိုင်း၌ ထိုသူသည် ကပွဲခန်းမကိုမကြာခဏလာလည်ပြီး သူ့မျက်စိရှေ့ကိုရောက်လာခဲ့သည်။ အမြဲတစ်ယောက်စီနှင့်ရောက်လာတတ်ပြီး အားလုံးက ချစ်ရာကောင်းကြသည့်အိုမီဂါများသာ၊၊ တစ်ယောက်ချင်းစီတိုင်းက ဇာတ်လိုက်ကိုအရှက်ရစေလေသည်။


သို့သော်လည်း ရဲအပေါ်မှ သူ့ခံစားချက်များကိုမရုတ်သိမ်းနိုင်ပေ။ သူ့မျက်လုံးထဲမှချစ်ခြင်းမေတ္တာများက တစ်ရက်ပြီးတစ်ရက်ပိုသိသာလာခဲ့သည်။ ရဲကလည်း၎င်းကိုသတိထားမိပြီး သူ့ကိုမရှောင်ခဲ့ပေ။ ထိုအစား ကစားချင်သည့်သဘောဖြင့် ဇာတ်လိုက်ကိုပိုနီးကပ်ခွင့်ပေးခဲ့ပြီး ဇာတ်လိုက်ကသူ့ထံမှရုန်းမထွက်နိုင်ဖြစ်လာခဲ့သည်။


တစ်ညတွင် ရဲအရာရှိကထပ်ရောက်လာပြန်သည်။ ဤတခေါက်တွင် သူတစ်ယောက်တည်းရောက်လာခြင်းဖြစ်ပြီး အနည်းငယ်မူးနေခဲ့သည်။ ၎င်းက အနားယူရန်နှင့်ပွေ့ဖက်ထားပေးရန် ဇာတ်လိုက်ကိုအကူအညီတောင်းလာခဲ့၏။


"မင်းကိုယ့်ကို အကြာကြီးခိုးကြည့်နေခဲ့တာမဟုတ်လား..." 


အရာရှိက သူ့အားပြုံးပြုံးလေးမေးလာပြီး အခန်းထဲကိုဂရုတစိုက်ဆွဲခေါ်သွားခဲ့သည်။ တံခါးပိတ်လိုက်သည်နှင့် ထိုနှစ်ယောက်က ပြင်းပြမွတ်သိပ်စွာဖြင့်နမ်းနေကြပြီး ကြည့်ရှုရန်မသင့်တော်သည့်အခန်းကိုရောက်သွားလေသည်။


ဖုယွမ်ကျိုး: "..."


ပိတ်ကားပေါ်မှဇာတ်ကွက်ကြောင့် ဖုယွမ်ကျိုးမှာ ခေါင်းမွှေးများထောင်သည်အထိရှက်လာမိသည်။ ဖင်အောက်တွင်အပ်ရှိနေသလိုထိုင်နေပြီး နားပိတ်ကာ မျက်နှာလွှဲလိုက်သော်လည်း ရှဲ့လင်နှင့်မျက်လုံးချင်းဆုံသွားရသည်။


ရှဲ့လင်က မည်သည့်အမူအရာမှမပြဘဲ အင်မတန်တည်ငြိမ်နေလေ၏။ သူသည်ကား ဖုယွမ်ကျိုး၏ကဏာမငြိမ်ဖြစ်နေမှုကိုသတိထားမိသလိုနှင့် လှည့်ကြည့်လာကာ ပါးလွှာသည့်နှုတ်ခမ်းတစ်စုံက အနည်းငယ်မျှဟသွားခဲ့၏။ 


"ဘာဖြစ်လို့လဲ..."


သူဘာတတ်နိုင်မှာလဲ!


ဖုယွမ်ကျိုးမှာ မျက်နှာနီနီနှင့်သာ ရှဲ့လင်ထံ ပေါက်ပေါက်ဘူးလှမ်းပေးလိုက်ပြီး သန့်စင်ခန်းသွားဦးမည်ဟုစာရိုက်လိုက်ကာ ပြေးထွက်လာခဲ့သည်၊၊ ထိုဇာတ်ဝင်ခန်းမပြီးမချင်း ပြန်မလာရဲပါချေ။


အရာရှိက သေသေသပ်သပ်ဝတ်စားထားပြီး ဇာတ်လိုက်ကိုမူ သူ့ယူနီဖောင်းဖြင့်အုပ်ပေးထားလေသည်။ အရာရှိက သူတို့၏ပထမဆုံးအကြိမ်ကို အင်မတန်ကျေနပ်နေပုံရပြီး ဇာတ်လိုက်ကိုပိုက်ဆံတထပ်ပေးကာ နောက်လည်းလာခဲ့မည့်အကြောင်းပြောသွားခဲ့သည်။


ပိုက်ဆံပေးလိုက်ပြီးသည့်နောက် ရှက်နေပြီးပျော်ရွှင်နေပုံရသည့် ဇာတ်လိုက်မျက်နှာက တမဟုတ်ချင်းအေးခဲသွားခဲ့သည်။ သူခေါင်းငုံ့ကာ တိတ်ဆိတ်နေရင်း လက်ထဲမှပိုက်ဆံကိုမူ ကျစ်နေအောင်ကိုင်ထားခဲ့သည်။


နောက်ပိုင်း အရာရှိကဇာတ်လိုက်ကို အမြဲလာရှာခဲ့ပြီး သူ့ဘေးတွင်အခြားသူများမပါလာတော့ပေ။ အစပိုင်းတွင်မူ သူကအရာရှိ၏တစ်ဦးတည်းသောချစ်သူဟု ထင်မှတ်ပြီး ပျော်ရွှင်နေခဲ့သည်။ သို့သော်လည်း အရာရှိတွင်ချစ်သူအများအပြားရှိပြီး ကပွဲရုံကိုခေါ်မလာခြင်းပင်ဖြစ်ကြောင်း သူနောက်ပိုင်းမှသိလိုက်ရ၏။ သူသည် ဘယ်တုန်းကမှ အနှီသူ၏ချစ်သူမဖြစ်ခဲ့ပေ။


ဇာတ်လိုက်က အလွန်တရာ ကြေကွဲသွားခဲ့ရရှာသည်။ အနှီသူက မိမိတဘဝလုံးစာမြုပ်နှံထားခဲ့ရသူဖြစ်ခဲ့ပြီး သူ၏အခြားတဖက်ခြမ်းကလည်း သူ့အတွက်သာဖြစ်လိမ့်မည်ဟုမျှော်လင့်ထားခဲ့သည်။ သို့သော်လည်း သူချစ်မိနေသည့်လူက ပြင်းပြထက်သန်မှုရော စိတ်ကစားတတ်သူပါဖြစ်နေလေသည်။


သူတွေးမိသွားခဲ့သည်၊၊ အကယ်၍သူသာ လှပသည့်အိုမီဂါလေးတစ်ယောက်ဖြစ်လာခဲ့သည်ရှိသော် အတော်လေးကောင်းလိမ့်မည်ပင်။ ထိုအတိုင်းသာဆိုပါက အရာရှိ၏နှလုံးသားကိုအရယူနိုင်မည့်အခွင့်အရေးရှိလာလိမ့်မည်၊၊ သို့တစေ အမှန်တရားကရက်စက်လွန်းလှချေ၏၊ သူကသာမန်ဘီတာတစ်ယောက်သာဖြစ်ပြီး သူသဘောကျနှစ်သက်နေသူကလည်း သူလက်လှမ်းမမီနိုင်သည့်လူဖြစ်နေလေသည်။ သူက အရာရှိ၏ချစ်သူဖြစ်ခွင့်ရလျှင်ပင် ကံကောင်းနေပြီဖြစ်ပြီး ဝန်ခံရန်လည်းရှက်နေမိလေ၏။


သူသာအိုမီဂါတစ်ယောက်ဖြစ်ခဲ့လျှင်....


ဖုယွမ်ကျိုးမှာဆက်မကြည့်နိုင်တော့ပေ။ အိုမီဂါတစ်ယောက်ဖြစ်ရသည့်ကောင်းကွက်ကို သူနားမလည်ခဲ့ပေ။ သူသည် အိုမီဂါဖြစ်ချင်သည့်အချက်ကိုနောက်ဆုံးတွင်သာထားပြီး အယ်လ်ဖာကအကောင်းဆုံးဟုယူဆထားခဲ့သည်။ ဘီတာလည်းအဆင်ပြေပါသည်။ တကယ်တမ်း၌ သူရုပ်ရှင်ထဲမှဇာတ်လိုက်ကိုမနာလိုဖြစ်နေမိခြင်းပင်။


သို့ထိတိုင် သူနှင့်ဇာတ်လိုက်တွင် တူသည့်အချက်တစ်ချက်ရှိသည်။ သူတို့နှစ်ယောက်လုံး လိင်အမျိုးအစားအပေါ် ကျေနပ်မှုမရှိကြပေ။


ဖုယွမ်ကျိုးက အနည်းငယ်မျှစိတ်ဓာတ်ကျသွားပြီး အမှတ်မထင်ရှဲ့လင်ကိုလှမ်းကြည့်မိလိုက်သည်။


ရှဲ့လင်က သူ့ကိုလိင်ကြောင့် သဘောကျခြင်းမဟုတ်ကြောင်းပြောခဲ့ဖူးသည်။လက်တွေ့ကျကျပြောရလျှင် ယခင်ဘဝက ရှဲ့လင်သည်သူ့အပေါ်ခံစားချက်မရှိခဲ့သလို ယွမ်ယဲ့နှင့်ရန်ရှူးထန်ကလည်း ထိုနည်း၎င်းပင်။ ရှောင်ဖေးကသာကွဲပြားနေခဲ့ပြီး သူ့အားသဘောကျနေခဲ့သည်။


ရုတ်တရက် ရှင်းပြရခက်သည့်ခံစားချက်တစ်မျိုးက ဖုယွမ်ကျိုးနှလုံးသားထဲကိုတိုးဝင်လာခဲ့သည်။ သူဤကိစ္စအပေါ်တွင် နည်းနည်းအာရုံစိုက်နေမိသလိုပင်။


ရုပ်ရှင်ထဲမှဇာတ်လိုက်ကမူ အချိန်တစ်ခုခန့်အခက်တွေ့နေခဲ့ရှာသည်။ အရာရှိကသူ့အားသဘောကျလာစေရန် မလုပ်ခဲ့ဖူးသည့်အလုပ်များကိုလုပ်နေခဲ့၏၊၊ မိုးလောက်ဈေးကြီးသည့်ရေမွှေးပုလင်းမျိုးပင်ဝယ်ခဲ့သေးသည်။


အဆိုပါရေမွှေးပုလင်းက အိုမီဂါ၏ဖယ်ရိုမုန်းအနံ့လိုပင်။ ဖြန်းလိုက်သည့်အခါ ဇာတ်လိုက်ဘီတာအနံ့က အိုမီဂါအနံ့နှင့်တူလာခဲ့သည်။ ထိုပစ္စည်းလေးတစ်ခါတည်းအတွက် သူ့ထံမှရှိသမျှလစာအကုန်လုံးကိုသုံးလိုက်ရသော်ငြား သူကမူ တန်သည်ဟုထင်နေခဲ့သည်။ အကယ်၍ သူ့လိုဘီတာတစ်ယောက်က ယခုလိုအနံ့မျိုးရှိလျှင် အရာရှိကကျိန်းသေနှစ်သက်လိမ့်မည်သာ။


ထိုည၌ အရာရှိကသူ့ထံထပ်ရောက်လာခဲ့သည်။ ဇာတ်လိုက်က ရေချိုးပြီးသည့်နောက် ရေမွှေးစွတ်ပြီး ရှက်ကိုးရှက်ကန်းနှင့်ထွက်လာသော်လည်း အရာရှိကရေမွှေးနံ့ကိုစိတ်မဝင်စားပေ။ ဝတ်စားနေစဥ် ထိုသူကဇာတ်လိုက်ကိုမေးလာခဲ့သည်။


"ဒီလိုရေမွှေးမျိုးနောက်တခါမသုံးနဲ့...မင်းနဲ့မလိုက်ဘူး.."


"မင်းကဘီတာလေ...အိုမီဂါမှမဟုတ်တာ...မင်းကမင်းပဲဟာ..."


ဇာတ်လိုက်ကိုယ်လေးကတောင့်တင်းသွားခဲ့သည်။အရာရှိက ကိုယ့်အကြောင်းကိုယ်သိရန် သူ့အားခပ်တင်းတင်းသတိပေးလိုက်ခြင်းပင်။ 


ဟုတ်တယ်၊ ဘီတာကဘီတာပဲ၊ ဘာနည်းလမ်းသုံးသုံး၊ အကျိုးမရှိဘူး၊ သူ အိုမီဂါဖြစ်မလာသလို အရာရှိကသူ့အပိုင်ဖြစ်လာမှာမဟုတ်ဘူး။


သူရုတ်တရက် အိပ်မက်မှလန့်နိုးလာသလိုပင်။ သူလုပ်ခဲ့မိသည့်အရာအတွက် အရှက်ရသွားပြီး မကြာခင်မှာပင် ကပွဲခန်းမမှအလုပ်ထွက်ကာ မွေးရပ်မြေကိုပြန်သွားခဲ့သည်။ သို့တစေ ရေမွှေးပုလင်းကိုလွှင့်မပစ်ရက်၍ သူနှင့်အတူယူလာခဲ့လိုက်၏။


ဖုယွမ်ကျိုးမှာ ရုပ်ရှင်ကြည့်ရင်းစိတ်ဓာတ်ကျလာခဲ့သည်။ ဇာတ်လိုက်က သူ့ကိုပါလှုပ်နှိုးလိုက်သလိုပင်။ သူလည်း အရာရှိကိုယ်ပေါ်မှကောင်းကွက်ဟူ၍ တစ်ခုမှမမြင်ရပါချေ။


သူရှဲ့လင်ကို ဖျတ်ကနဲလှမ်းကြည့်မိလိုက်ရာ ရှဲ့လင်ကလည်းသူ့အားပြန်ကြည့်နေခဲ့လေ၏။ ရုတ်တရက်ပင် ဖုယွမ်ကျိုး နေရခက်သလိုခံစားလိုက်ရသည်။ ရှဲ့လင်ကို ရုပ်ရှင်ထဲမှဇာတ်ကောင်နှင့်နှိုင်းယှဥ်ရန် သူ့ထံတွင်အခွင့်အရေးမရှိသလို ယှဥ်စရာလည်းမရှိပေ။


ရှဲ့လင်က ပေါက်ပေါက်ဘူးကိုသူ့ထံပြန်ပေးလာပြီး စားဦးမလားဟုမေးလာခဲ့သည်။ ဖုယွမ်ကျိုးကလှမ်းယူသော်လည်း ရှဲ့လင်ကမကိုင်ခိုင်းဘဲ တစ်ခုယူပြီးဖုယွမ်ကျိုးနှုတ်ခမ်းနားကိုတေ့ပေးလာသည်။


ရှဲ့လင်လက်တွင် လက်စွပ်ရှိနေပြီး လက်စွပ်မှ ခပ်ဖျော့ဖျော့အလင်းရောင်ကြောင့် ဖုယွမ်ကျိုးမှာ နားရွက်များပူလာရကာရှောင်တိမ်းလိုက်လေ၏။ သူရှဲ့လင်လက်ထဲမှ ပေါက်ပေါက်ကိုလှမ်းစားလိုက်ပြီး သတိမထားမိလိုက်သောကြောင့် သူ့နှုတ်ခမ်းကရှဲ့လင်လက်ချောင်းထိပ်လေးများနှင့်ထိသွားရကာ ဖွဖွလေးဖိမိလိုက်သဘ်။


ဖုယွမ်ကျိုး ကိုက်ပစ်လိုက်ချင်သော်လည်း ရှဲ့လင်ပိုပျော်သွားမည်စိုးသောကြောင့် လက်လျှော့လိုက်ရသည်။


သူပေါက်ပေါက်ဆုပ်ကို ထပ်မစားချင်တော့ဘဲ ရုပ်ရှင်သာကြည့်ချင်ခဲ့သည်။ သို့ပါသော်လည်း ရှဲ့လင်ကပေါက်ပေါက်ဆုပ်ဘူးကို သူ့ထံပေးလာပြီး သူ့လက်ကိုယူကာ သူ့(ရှဲ့လင်)နှုတ်ခမ်းများအပေါ်ဖိကိုင်စေခဲ့သည်။ 


"ကိုယ့်ကိုခွံ့ကျွေး..."


လက်ချောင်းထိပ်ဖျားလေးများဆီမှ နွေးထွေးနူးညံသည့်အထိအတွေ့ကြောင့် ဖုယွမ်ကျိုး တုန်ယင်သွားခဲ့သည်။ ဘယ်နှကြိမ်ပင်ဖြစ်ပျက်ခဲ့ပြီးပါစေ၊ ရှဲ့လင်၏မထိတထိကြင်နာမှုလေးများနှင့် ဖုယွမ်ကျိုးမှာအသားမကျနိုင်သေးပေ။ အထူးသဖြင့် ယခုလိုအခြေအနေမျိုး၌ သူ့အားပိုပြီးစိတ်ရှုပ်ထွေးလာစေသည်။


သူအနည်းငယ်မျှ ပျာယာခတ်သွားခဲ့သောကြောင့် လက်ကိုဆွဲထုတ်လိုက်ပြီး တဖက်လူလက်ထဲရှိပေါက်ပေါက်ဆုပ်ဘူးထဲမှ ပေါက်ပေါက်ဆုပ်များကိုလက်တဆုပ်စာအပြည့်ယူကာ ရှဲ့လင်ထံတစ်ခုပေးလိုက်သည်။


ရှဲ့လင်က သူဟာသူယူလိမ့်မည်ဟုထင်ထားခဲ့သော်လည်း ရှဲ့လင်ကသူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လာပြီး သူ့ပါးစပ်နားအထိဆွဲယူကာ ခေါင်းငုံ့စားလိုက်လေသည်။ ထိုသူ၏နှုတ်ခမ်းတို့က သူ့လက်ဖဝါးပြင်နှင့်ထိတွေ့နေခဲ့၏။ ဖုယွမ်ကျိုးမှာရှော့ခ်ရသွားခဲ့ပြီး ပေါက်ပေါက်များပင်ဖိတ်ကျတော့မယောင်ဖြစ်သွားသော်လည်း ရှဲ့လင်ကသူ့လက်ကိုငြိမ်အောင်ကိုင်ထားခဲ့သည်။


"လျှောက်လုပ်မနေနဲ့စမ်း..."

 ဖုယွမ်ကျိုး အသံအုပ်အုပ်ဖြင့် ရှဲ့လင်ကိုသတိပေးလိုက်သည်။ 


"မင်းရုပ်ရှင်ကိုပဲကြည့်စမ်းပါ..ဒါကအများပြည်သူပိုင်နေရာ..လူတွေအများကြီးရှိနေတယ်..."


"မရဘူးလား..." 

ရှဲ့လင်ကမေးလာခဲ့၏။ 

"ကိုယ်တို့က အတွဲတွေပဲကို.."


"....." 

ချီးကိုအတွဲရမှာလား၊ ပေါက်တတ်ကရတွေ...ဒါကဂိမ်းကွ!


ဖုယွမ်ကျိုးမှာ ပိုပြီးပင်ရှက်လာရသောကြောင့် သူ့လက်ကို စိတ်တိုတိုဖြင့်ပြန်ရုတ်လိုက်သည်။ သူစားနိုင်ရန် ပေါက်ပေါက်ဆုပ်ဘူးကို ရှဲ့လင်လက်ထဲထိုးထည့်ထားလိုက်ပြီး ပိတ်ကားပေါ်မှရုပ်ရှင်ကိုသာဆက်ကြည့်နေလိုက်သည်။


အစပိုင်းတွင် ဇာတ်ရည်မလည်သေးသော်ငြား ရုပ်ရှင်ကနောက်ပိုင်းရောက်လာသည့်အခါ ဖုယွမ်ကျိုးကရုပ်ရှင်ကို တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့သည်။ သူ့အတွေးထဲကအတိုင်းဆိုပါက ဇာတ်လိုက်ကို အရာရှိနှင့်မပတ်သတ်စေချင်တော့ပေ။ အဆိုပါ ညံ့ဖျင်းလွန်းသည့်ပိုးပန်းမှုက သူ့နှလုံးသားကိုမီးဟုန်းဟုန်းတောက်နေစေသည်။


ကံကောင်းပြီး ရုပ်ရှင်ထဲမှဇာတ်လိုက်က ထွက်သွားရန် အပြီးတိုင်စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူတကယ်ထွက်သွားခဲ့သည်၊၊ ကပွဲရုံတွင်စာလေးတစ်စောင်ကိုသာချန်ထားခဲ့ပြီး အရာရှိရောက်လာသည့်အခါ ထိုစာကိုပေးလိုက်ရန် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုမှာထားခဲ့သည်။ သူက မွေးရပ်မြေကိုတစ်ယောက်တည်းပြန်သွားခဲ့ပြီး တက္ကသိုလ်တွင်စာဆက်သင်နေခဲ့၏။


မြို့ပြတွင် စားပွဲထိုးအလုပ်လာမလုပ်ခင် ဇာတ်လိုက်သည်ကျောင်း၏ထိပ်တန်းကျောင်းသားဖြစ်ခဲ့ပြီး အနာဂတ်တွင်ဆရာဝန်ဖြစ်ရန်ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း ဆင်းရဲသည့်မိသားစုနှင့် ဆေးတက္ကသိုလ်၏ငွေကြေးအကုန်အကျများမှုကြောင့် ကာလတစ်ခုအထိကျောင်းနားကာ ပိုက်ဆံစုနေခဲ့ရသည်။


အရာရှိအားစွဲလန်းသွားမှုကြောင့် ဇာတ်လိုက်သည် ရှိသမျှပိုက်ဆံများကိုရေမွှေးဝယ်ရန်သုံးလိုက်မိသော်လည်း အရာရှိပေးထားခဲ့သည့်ပိုက်ဆံများကိုမူ တပြားပင်မထိခဲ့ပေ။ သူသည် ကိုယ်စွမ်းကိုယ်စဖြင့်သာအရာရှိ၏ချစ်သူဖြစ်လာချင်ခဲ့သည်။


ယခုတော့ သူအသိတရားရသွားခဲ့သည်။ သူသည်ကား အရာရှိ၏ချစ်သူများအနက်မှ တစ်ယောက်သာဖြစ်ပြီး သူ့ ဂုဏ်သိက္ခာနိမ့်ကျသွားစေမည့်လုပ်ရပ်မျိုးကို ထပ်လုပ်ရန်မလိုပေ။ ပိုက်ဆံများကိုလည်းအလဟသတ်မဖြစ်စေရဘဲ သေအံ့စဲစဲနှင့်ဒဏ်ရာအပြင်းအထန်ရထားသူများကိုကုသရန် ထိုပိုက်ဆံများကိုအသုံးပြုနိုင်လျှင်ပိုကောင်းလိမ့်မည်။ ယင်းကသူ၏ဂုဏ်သိက္ခာနှင့်လည်းထိုက်တန်သွားမည်ပင်။


ဇာတ်လိုက်၏ အချစ်တွင်နောက်တကြိမ်မကျရှုံးတော့ပုံက ထက်မြက်လွန်းလှသည်။ နေ့ညမပြတ်စာလေ့လာလိုက်သည့်အခါ နာမည်အကြီးဆုံးဆေးတက္ကသိုလ်ကိုဝင်ခွင့်ရသွားပြီး ဘွဲ့ရပြီးနောက်ပိုင်း ဆေးရုံတစ်ရုံတွင်ဆရာဝန်အလုပ်ကိုရခဲ့သည်။ ထိုအတွက် နှစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့၏။


ထိုအချိန်တွင် အခြေအနေကပိုပြီးဆိုးရွားလာခဲ့သည်။ နောက်ဆုံး တစ်နေ့တွင် ကောင်းကင်မှဗုံးများကျလာပြီး စစ်ပွဲစတင်ခဲ့သည်။ ဇာတ်လိုက်ကဆင့်ခေါ်ခံရသောကြောင့် ရှေ့တန်းတွင်ကုသပေးခဲ့ရ၏။ သူ့အားလူအများအပြားကချစ်ခင်ကြပြီး ဒေသခံများကလည်းခင်မင်ခဲ့ကြသည်။


ရံဖန်ရံခါတွင် ဇာတ်လိုက်သည် အရာရှိကိုတီဗွီဖန်သားပြင်ထက်တွင်မြင်တွေ့ရတတ်သည်။ အနှီသူသည် သန့်ပြန့်သည့်ရုပ်ရည်ဖြင့် တီဗွီနှင့်ရေဒီယိုများတွင် မိန့်ခွန်းပြောတတ်၏။ ဤအခိုက်အတန့်လေးတွင် ဇာတ်လိုက်ကအနည်းငယ်ခန့်မှင်သက်နေခဲ့သည်။ သူနာပြုကသူ့အားသတိပေးလာမှ စိတ်နှင့်ကိုယ်ပြန်ကပ်ပြီး ဒဏ်ရာကုပေးသည့်နေရာကိုအာရုံပြန်ရောက်လာတတ်သည်။


တစ်နေ့၌ ဆေးရုံအနားပတ်လည်တွင် တိတ်တဆိတ်ကင်းလှည့်လာသည့် အရာရှိတစ်ယောက်က အလစ်တိုက်ခိုက်ခံလိုက်ရသည်။ ကံကောင်းထောက်မပြီး အပေါ်ယံဒဏ်ရာလေးမျှသာ။ ဇာတ်လိုက်ကထိုသူကို ကုသပြီး၍ဆေးရုံမှထွက်လာသည်နှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က တွေ့ခဲ့ရသည့် လူတစ်ယောက်က သူ့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရတော့သည်။


"မင်းက...."


ထိုသူကသူ့အားမှတ်မိနေပုံရသော်လည်း ဇာတ်လိုက်ကရှည်ရှည်ဝေးဝေးပြောမလာခင် သူ့ပါးစပ်ကိုပိတ်ထားလိုက်ပြီး ပြောခဲ့သည

"ကျွန်တော်တို့ ခေါင်းဆောင်ကဒေါက်တာနဲ့တွေ့ချင်နေပါတယ်..."


ဇာတ်လိုက်ကသိပ်ဂရုမစိုက်ပေ။ ကားတစ်စီးက ဆေးရုံအဝင်ဝတွင်ဖြည်းညှင်းစွာဖြင့်ရပ်သွားပြီး ကုတ်အနက်ရောင်နှင့်လူကအောက်ဆင်းလာခဲ့သည်။ ထိုအခိုက်အတန့်မှာပင် ဇာတ်လိုက်၏စိတ်အစဥ်က ဗလာကျင်းသွားခဲ့သည်။