♎️Chapter 53
အရာရှိကသူ့အားလာရှာခြင်းပင်။
လွန်ခဲ့သည့်ရက်က သူတွေ့ခဲ့ရသူမှာ အနှီသူ၏လက်ထောက်ပင်။ ထိုသူက ဇာတ်လိုက်ကိုတွေ့လိုက်ပြီး သူ့ပုံပန်းသွင်ပြင်ကိုမှတ်မိနေခဲ့သည်၊ ထို့နောက် အရာရှိကိုသတင်းလှမ်းပို့လိုက်ပြီး အရာရှိကသူ့အားလာတွေ့ခဲ့သည်။
နှစ်အတန်ကြာမတွေ့လိုက်ရသည့်အခါ အရာရှိက နေရာတစ်ခုအထိ ရာထူးတက်သွားခဲ့ပြီး ယခုအနှီသူကပိုပြီးအောင်မြင်ကျော်ကြားနေခဲ့သည်။ ယခုဇာတ်လိုက်ရှိနေသည့်မြို့နယ်ဆေးရုံမှာ နာမည်မသေးသော်လည်း ထိုသူကဲ့သို့ရာထူးကြီးသူတစ်ယောက်ကိုတွေ့ရရန်မှာ မလွယ်ကူပေ။
ဆေးရုံမှဝန်ထမ်းများအားလုံးက တဒင်္ဂမျှ စိတ်လွတ်သွားကြပြီး ဇာတ်လိုက်တစ်ယောက်တည်းကသာတည်ငြိမ်နေခဲ့သည်။သူက ရဲအရာရှိကိုမသိသလို လက်ဆန့်ကာပြောလိုက်လေ၏။
"ကြွလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...အရာရှိကြီးခင်ဗျာ..."
အရာရှိ၏လက်များကနွေးထွေးသည့်တိုင် ထိုသူ၏မျက်လုံးများက ပြင်းပြနေခဲ့၏။ အနှီသူကဇာတ်လိုက်ကို မီးတမျှပူပြင်းနေသည့်မျက်လုံးများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ ပျောက်ဆုံးနေခဲ့သည့်ရတနာတစ်ခုကို ပြန်ရှာတွေ့သွားသလို၊ သူ့လက်များကိုတင်းကျပ်နေအောင်ဆုပ်ကိုင်ထားရင်း ရင်ခွင်ထဲတွင်ပွေ့ဖက်ထားချင်သလိုပင်။
ထိုအချိန် ဇာတ်လိုက်၏နှလုံးသားကမူ ချဥ်စူးနေပြီး ထပ်တူညီသည့်အမှားမျိုး ထပ်မလုပ်ရန် သူ့ကိုယ်သူသတိပေးနေခဲ့သည်။ ထူးဆန်းသည့်မျက်နှာထားမျိုးကိုအလျင်းမပြပါချေ။ သူအရာရှိကိုတွန်းထုတ်လိုက်ပြီး ကုတ်အဖြူကိုဆွဲဆန့်ကာ အေးစက်စက်အသံဖြင့်ပြောလိုက်ပါ၏။
"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိပါ..."
အရာရှိ၏လှုပ်ရှားမှုများက စက္ကန့်အနည်းငယ်ကြာ တောင့်တင်းသွားခဲ့သည်။ သူ့မျက်လုံးများက အနီရောင်အဖြစ်ပြောင်းလာကာ ဇာတ်လိုက်ကမူအေးစက်သည့်မျက်လုံးများဖြင့်ပင် အခြားစစ်သားများနှင့်သူ့အား ဆေးရုံကိုတပတ်လိုက်ပြပေးခဲ့၏။.
နောက်ဆုံး၌ ရိက္ခာကိစ္စအတွက်ဆွေးနွေးရန် ရုံးခန်းကိုပြန်လာခဲ့ကြ၏။ သို့ရာတွင် အရာရှိက လက်အောက်ငယ်သားများအားလုံးကိုမောင်းထုတ်ပြီး ရုံးခန်းတံခါးကိုသော့ခတ်လိုက်ကာ ဇာတ်လိုက်ကိုအနောက်မှသိုင်းဖက်လိုက်ပြီး ခုံရှိရာသို့တွန်းလိုက်၏။
စာရွက်စာတမ်းများနှင့် ဆေးစာရွက်များက ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲကုန်သည်။ အရာရှိက သူ့ခံစားချက်များကိုချပြချင်သလို သူ့အားအပူတပြင်းနမ်းရှုံ့နေခဲ့၏။ ဇာတ်လိုက်ကခုခံနေပြီး အရာရှိခေါင်းကိုမှင်ပုလင်းဖြင့်ပင်ရိုက်လိုက်ကာ အနှီရူးသွမ်းနေသည့်လုပ်ရပ်ကို အတင်းရပ်တန့်စေလိုက်သည်။
"မင်းကိုယ့်ကိုထပ်မချစ်တော့ဘူးပဲ"
အရာရှိက နီရဲနေသည့်မျက်လုံးများ၊ အက်ကွဲနေသည့်အသံများဖြင့်သူ့အားမေးလာခဲ့သည်။
"ကျွန်တော်က အမှားမလုပ်မိအောင် အချိန်မီလေးရှောင်လိုက်ရုံပါ..."
ဇာတ်လိုက်က အရာရှိအပေါ်တွင်ရှိခဲ့ဖူးသည့် ခံစားချက်တို့ကို "အမှား" အဖြစ်သာဖော်ပြလိုက်သည်။
အရာရှိတွင်ပြောစရာစကားမကျန်တော့ဘဲ ဇာတ်လိုက်မျက်နှာကလည်း တုံဏှိဘာဝေပင်။ သူသည်ကား ပင်ပန်းနွမ်းလျနေဟန်ဖြင့် စာရေးခုံကိုမှီထားလိုက်ပြီး အိတ်ကပ်ထဲမှရေမွှေးပုလင်းကိုထုတ်ကာ ဗလာသက်သက်စိုက်ကြည့်နေခဲ့သည်၊၊ သူဘာတွေးနေမှန်းမသိသော်လည်း ရုတ်တရက်လက်မြှောက်ကာ သူ့မျက်နှာကိုအုပ်ထားလိုက်မိသည်။
ဇာတ်လိုက်သည်ကား အရာရှိခေါင်းကိုမှင်ပုလင်းဖြင့်ရိုက်ခွဲခဲ့သည်။ ဥပဒေအရ သူသည် ကြီးမားသည့်ပြစ်ဒဏ်ကိုခံရနိုင်ချေရှိသော်လည်း အရာရှိကဘာကိစ္စမှမဖြစ်ခဲ့သလိုပင်။ စစ်ဆေးမှုကို အကြောင်းပြပြီး ဆေးရုံကိုအချိန်မီသွားခဲ့သည်။ တကယ်တမ်းတွင်ဇာတ်လိုက်ကြောင့်ပင်။
ထိုသူသည် ပန်းစည်းကြီးတစ်စည်းဖြင့်ရောက်လာပြီး ဇာတ်လိုက်၏ရုံးခန်းထဲတွင် ဘာမှမလုပ်ဘဲထိုင်နေခဲ့သည်။ သည့်နောက် ဇာတ်လိုက်ကလူနာများအပေါ် စိတ်ရှည်လက်ရှည်ဖြင့်ကုသပေးနေသည်ကိုထိုင်ကြည့်နေခဲ့သည်။ ဇာတ်လိုက်က အလုပ်အရမ်းများသော်လည်း သူသွားသည့်နေရာတိုင်း အရာရှိကနောက်မှလိုက်ပြီး ဇာတ်လိုက်လိုသမျှကိုကူညီပေးခဲ့သည်။ ဇာတ်လိုက်ကလူနာနှင့် သို့မဟုတ် သူနာပြုနှင့်နီးကပ်လွန်းနေပါက သူဒေါသထွက်လာတတ်၏။
"ပိုက်ဆံလာတောင်းတာလား...အရာရှိဗျ"
ဇာတ်လိုက်က လစာကိုထုတ်လိုက်ပြီး အရာရှိသူ့ကိုပေးခဲ့သည့် စာအိတ်လေးထဲထည့်ကာပြန်ပေးလိုက်သည်။
"ဒါခင်ဗျားကျွန်တော့်ကိုပေးခဲ့တဲ့ပိုက်ဆံအကုန်ပဲ...စာရင်းလည်းမှတ်ထားတယ်...ခင်ဗျားမယုံရင်..."
သူစကားပင်မဆုံးသေးခင် အရာရှိက သူ့နှုတ်ခမ်းများနမ်းကာပိတ်ဆို့ထားလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။
"ပိုက်ဆံကမင်းအတွက်...အဲဒီအချိန်က ကိုယ်မင်းကိုဘာဝယ်ပေးရမလဲမသိလို့...ပိုက်ဆံပဲပေးလိုက်ရတာ..."
ဇာတ်လိုက်: "အဲဒီပိုက်ဆံတွေကိုခင်ဗျားနာမည်နဲ့ ဆေးရုံကိုလှူလိုက်ပြီ..."
"ကိုယ်မင်းကိုအချိန်တွေအကြာကြီးလိုက်ရှာခဲ့ရတာ..."
အရာရှိကတီးတိုးပြောလာခဲ့၏။
"မင်းထွက်သွားတည်းက ကိုယ်မင်းကိုလိုက်ရှာခဲ့ရတာ..."
"ခင်ဗျားကျွန်တော့်ခန္ဓာကိုယ်ကို ဒီလောက်တောင်ကြိုက်လား..."
ဇာတ်လိုက်က သူ့အား တည်ငြိမ်စွာပင်မေးလာ၏။
"ကျွန်တော်ကတော့ဝမ်းသာပါတယ်ဗျာ...အခုတော့ ကျွန်တော်ကဆရာဝန်ဖြစ်နေပြီ...ခင်ဗျားရဲ့ချစ်သူရော...အိပ်ရာပေါ်ကပျော်တော်ဆက်အနေနဲ့ရော လုပ်မပေးနိုင်တော့တဲ့အတွက်စိတ်မရှိပါနဲ့..."
"အိပ်ရာပေါ်ကပျော်တော်ဆက်မဟုတ်ပါဘူး.."
အရာရှိကဖြတ်ပြောလိုက်သည်။
"ကိုယ်ကမင်းအနောက်ကိုလိုက်နေခဲ့သူပါ..."
"လိုက်ချောင်းတာလား..."
ဇာတ်လိုက်ကမျက်လုံးပင် ပင့်မကြည့်မိပေ။
"တကယ်လား...ကျွန်တော်ကတော့မယုံဘူး..."
အရာရှိက သူ့မျက်နှာကိုကိုင်ထားပြီး အဆောတလျင်ထုတ်ပြောလိုက်သည်။
"ကိုယ်မင်းကိုချစ်တယ်..."
"ဘန်း!"
တောင်တန်းတခွင်လှုပ်ခတ်သွားပြီး ရန်သူ၏လေယာဥ်ကခံတပ်အပေါ်ပျက်ကျလာကာ မြို့နယ်ဆေးရုံကတိုက်ခိုက်ခံလိုက်ရသည်။
ဒုံးကျည်တစ်စင်းက သူတို့အနားတွင်ပင်ပေါက်ကွဲသွားခဲ့သည်။ အရာရှိက စိတ်အလိုအတိုင်း ဇာတ်လိုက်ကိုရင်ခွင်ထဲတွင်ပိုက်ထာရင်း နှစ်ယောက်လုံးလွင့်ထွက်သွားလေ၏။ ဇာတ်လိုက်မှာ မထင်မှတ်ထားသည့်တိုက်ခိုက်မှုကြောင့်ထိတ်လန့်သွားပြီး သူပြန်နိုးလာသည့်အခါ ဆေးရုံကုတင်ပေါ်တွင်လှဲနေလျက်သားဖြစ်နေခဲ့သည်။
အရာရှိကကာကွယ်ပေးခဲ့သောကြောင့် သူ့ဒဏ်ရာကမပြင်းထန်ခဲ့ပေ။ သို့သော်လည်း အရာရှိအသက်က စွန့်စားမှုထဲရောက်နေလေပြီ။ အသက်ရှင်ခဲ့လျှင်ပင် မျက်နှာကိုခွဲစိတ်ပစ်ရမည်သာ။
အသက်ကယ်ခွဲစိတ်မှုလုပ်နေချိန် အရာရှိကသွေးအများအပြားဆုံးရှုံးခဲ့ပြီး အရေးပေါ်သွေးသွင်းရန်လည်းလိုအပ်နေခဲ့သည်။ သို့သော်လည်း ဆေးရုံတွင်ဆေးဝါးအနည်းငယ်သာရှိပြီး သွေးအိတ်ကလည်းမလုံလောက်ပေ။
ဇာတ်လိုက်က သူနှင့်အရာရှိတို့သွေးချင်းတူမှန်းသိနေခဲ့သည်။ထို့ကြောင့် သူအိပ်ရာမှထကာ သူနာပြုကိုသူ့သွေးအားထုတ်ခိုင်းခဲ့သည်။ သူ့ခန္ဓာကိုယ်အခြေအနေက သွေးလျှူရန်မသင့်တော်သေးသည့်တိုင် သူကမူ သွေးအမြန်ထုတ်ခိုင်းနေခဲ့သည်။
သွေးသွင်းရန် သွေးအမျိုးအစားတူရန်လိုအပ်သည်သာမက လိင်အမျိုးအစားလည်းတူရန်လိုသေး၏။ ဖယ်ရိုမုန်းအမျိုးအစားကြောင့် အယ်လ်ဖာနှင့်အိုမီဂါတို့က အပြန်အလှန်သွေးသွင်းမရသော်ငြား ဘီတာများမှာဖယ်ရိုမုန်းမရှိသောကြောင့် သွေးလှူနိုင်သည်။
ထိုအခိုက်အတန့်လေးမှာပင် ဇာတ်လိုက်က သူဘီတာဖြစ်လိုက်ရ၍ အကြီးအကျယ်ကျေးဇူးတင်မိသွားခဲ့သည်၊ သူဘီတာဖြစ်ခွင့်ရသောကြောင့် အလွန်ပျော်ရွှင်နေခဲ့၏။
နောက်ဆုံးတွင် ခွဲစိတ်မှုအောင်မြင်သွားခဲ့သည်။ အရာရှိအသက်ကိုကယ်နိုင်ခဲ့ပြီး ခြေချောင်းလက်ချောင်းများလည်းလှုပ်ရှားနိုင်သွားခဲ့ပြီ။ သတိကားမရသေးပေ။
ဇာတ်လိုက်က သူ့အိပ်ရာဘေးတွင်ထိုင်ကာ သူ့အားနေ့ရောညပါစောင့်ကြည့်ခဲ့၏၊ အရာရှိနိုးလာလျှင် အတိတ်ကိုဂရုမစိုက်တော့ဘဲ သူ့အနားတွင်နေမည့်အကြောင်းကတိပေးမည်။ တစ်နေ့တွင်ထပ်မံကွဲကွာရလျှင်လည်း သူအမြဲအရာရှိကိုသာချစ်နေမည့်အကြောင်း ပြောပြမည်ဟုစိတ်ကူးယဥ်နေခဲ့၏။
သည်အချိန်တွင် စစ်သားများကတစ်ယောက်ပြီးတစ်ယောက်အရာရှိထံရောက်လာခဲ့ကြသည်။ ၎င်းတို့အနက် မိန်းမလှလေးတစ်ယောက်လည်းပါခဲ့၏။ ဇာတ်လိုက်ကသူမကိုချက်ချင်းမှတ်မိသွားခဲ့သည်။ သူမက အရာရှိ၏ချစ်သူများအနက်မှတစ်ယောက်ပင်။ သူမကအနှီသူကို အတော်လေးကပ်တွယ်ပြီး သူကလည်းသူမအပေါ် အတော်အတန်လေးစားခဲ့သည်။
ဇာတ်လိုက်မှာအသည်းယားလာလင့်ကစား စစ်ဝတ်စုံနှင့်အမျိုးသမီးသည် ဆေးရုံဝန်းထဲကိုလျှောက်လာပြီး စစ်တပ်ပိုင်းမှရာထူးမြင့်သူတစ်ယောက်၏ပုံစံအတိုင်း သူ့အားနှုတ်ဆက်လာလေသည်။ ညို့ငင်ဆွဲဆောင်နိုင်သည့်အသွင်အပြင်မျိုးမဟုတ်ဘဲ သူမပုံစံက အမျိုးသမီးဇာတ်လိုက်တစ်ယောက်ပုံစံဖြစ်နေလေ၏။
သူမကအလွန်အမင်းနီးကပ်လာခဲ့သည်။ စစ်ပွဲအတွင်း ရိက္ခာနှင့်ဆေးဝါးအများအပြားဆုံးရှုံးလိုက်ရသောကြောင့် သူမကိုယ်ပေါ်မှဖယ်ရိုမုန်းများက အပြီးသတ်မပြယ်သွားသေးဘဲ သူမကအယ်လ်ဖာတစ်ယောက်ဖြစ်နေခဲ့၍ ဇာတ်လိုက်ပင်အံ့ဩသွားခဲ့ရသည်။
"သူကကျွန်တော်တို့အဖွဲ့ထဲမှာဆိုရင် အားကိုးရတဲ့အေးဂျင့်တစ်ယောက်လေ..."
လက်ထောက်အရာရှိက ဆေးရုံခန်းထဲကိုဝင်လာပြီးဇာတ်လိုက်ကိုရှင်းပြလိုက်ရ၏။
"အခုတော့ စစ်ပွဲကပြီးဆုံးသွားတော့မယ်...လုပ်ရိုးလုပ်စဥ်တွေလည်းပြီးသွားပြီ..အခုတော့ကျွန်တော်တို့ဘက်က ခင်ဗျားကိုရှင်းပြလို့ရပြီပေါ့...အရာရှိနားက 'ရည်းစား' တွေအားလုံးက ထောက်လှမ်းပေးနေတဲ့ အရာရှိတွေပါ..."
လွန်ခဲ့သည့်နှစ်အနည်းငယ်က အပေါ်ယံတွင်တော့ အရာရှိက သာမန်စီနီယာအရာရှိတစ်ယောက်ဆိုသော်လည်း လက်တွေ့တွင်တော့ အနှီသူသည် ထောက်လှမ်းရေးဌာနမှခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သတင်းအချက်အလက်စီးဆင်းရေးအတွက်တာဝန်ယူထားရသည်။
ထိုသူက ရိုမန့်တစ်ဆန်ပုံရသော်လည်း လက်တွေ့တွင်တော့ ထိုသူများအပေါ်တွင် နှလုံးသားရေးအရခံစားမှုတဝက်ပင်မရှိခဲ့ပေ။ သူလုံးဝကြွေဆင်းသွားရသူမှာဇာတ်လိုက်ပင်ဖြစ်ပြီး သူ့အလုပ်သဘာဝအရ ဇာတ်လိုက်ကိုကာကွယ်ပေးရန်လိုအပ်နေခဲ့သည်။ သူဇာတ်လိုက်ကို ကိုယ်တိုင်ရှင်းပြမရသောကြောင့်လျှို့ဝှက်ထားခဲ့ရ၏။ သူ တစ်စက်လေးပင်သိသွား၍မဖြစ်ပေ။
အရာရှိမှာ ဇာတ်လိုက်နှင့်အတူရှိနေရမည့်အဖြစ်ကို ပိုပြီးကြောက်ရွံ့နေခဲ့သည်။ သူနေ့တိုင်းအန္တရာယ်ရှိသည့်နေရာများထံသွားနေရပြီး သူနှင့်နီးကပ်နေသူများကလည်းသူ့အားအဓိက ပစ်မှတ်ထားနေခဲ့ကြသည်။ နောက်ပိုင်း သူ့အားလိုက်လံသတ်ဖြတ်နေသည့် နောက်ယောင်ခံလိုက်သူကြောင့် သူ့ 'ချစ်သူ' ကိုတွေ့ရန် နောက်ကပွဲရုံတစ်ခုကိုပြောင်းလိုက်ရသည်။ ထိုသူသည်ကား အရှုပ်အထွေးထဲတွင်ဇာတ်လိုက်ကိုမပတ်သက်လိုခဲ့ပေ။
သူဇာတ်လိုက်ကို တကယ်နှစ်သက်ခဲ့သည်။ မကြာခဏဆိုသလို သူ့ကိုယ်သူအပြစ်တင်ပြီးမုန်းတီးခဲ့မိသေး၏။ သူ့ဘက်မှဇာတ်လိုက်ကိုထားခဲ့လိုက်လျှင် အကောင်းဆုံးရွေးချယ်မှုမှန်းသိနေခဲ့သော်လည်း သူ့ခံစားချက်များကိုထုတ်ပြရန်တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် ဘာမှဂရုမစိုက်သည့်လူလိုဟန်ဆောင်နေခဲ့ရ၏။
"ကျွန်တော်ဘယ်လိုခင်ဗျားကိုမှတ်မိပြီး ခေါင်းဆောင်နဲ့တွေ့ရအောင်လုပ်လိုက်လဲဆိုတာ သိချင်မှာပေါ့..."
ဇာတ်လိုက်က ရှိုက်ကြီးတငင်ငိုကြွေးနေသည့်အခါ လက်ထောက်ကသက်ပြင်းချလိုက်ပြီး သွေးစွန်းနေသည့်နာရီလေးကိုထုတ်လိုက်ကာ ဇာတ်လိုက်အားပေးလာလေသည်။
"ခေါင်းဆောင်ကဒါလေးကို သူနဲ့အမြဲဆောင်ထားတာ...သူ့အတွက်ရတနာလိုပဲ...ခင်ဗျားဖွင့်ကြည့်လိုက်ပါ.."
ဇာတ်လိုက်က အိတ်ဆောင်နာရီလေးကို တုန်ယင်နေသည့်လက်ဖြင့်ဖွင့်ကြည့်လိုက်သည်၊၊ အတွင်းမှ ကျွန်းပုံလေးကိုဖယ်လိုက်သည့်အခါ သူနှင့်အရာရှိ နှစ်ယောက်အတူရိုက်ထားသည့်ပုံလေးတစ်ပုံထွက်လာခဲ့သည်။
အနှီနှစ်ယောက်တွဲပုံလေးကိုသူမှတ်မိနေသေးသည်။ သူမွေးရပ်မြေကိုမပြန်ခင်ကပုံပင်။ ထိုနေ့ကအရာရှိသည် ကပွဲရုံကို သူငယ်ချင်းအများကြီးနှင့်ရောက်လာပြီး ဓာတ်ပုံဆရာတစ်ယောက်လည်းပါလာခဲ့သည်။ ဓာတ်ပုံဆရာက သူတို့အားလုံးကိုအဖွဲ့လိုက်ဓာတ်ပုံရိုက်ပေးပြီး အရာရှိကဇာတ်လိုက်ကိုလက်ဝှေ့ယမ်းကာလှမ်းခေါ်ခဲ့သည်၊ ပြီးနောက် သူနှင့်နှစ်ယောက်တွဲဓာတ်ပုံကိုရိုက်ခဲ့ကြသည်။ ဇာတ်လိုက်ကဓာတ်ပုံထဲတွင် စားပွဲထိုးအဝတ်အစားကိုပင်ဝတ်ထားခဲ့သေး၏။
"ကျွန်တော်ဒီပုံကို အမှတ်မထင်မြင်လိုက်ရတာ..ခေါင်းဆောင်ကတောင်ပြောခဲ့သေးတယ်...ဒါကသူ့ကောင်လေးတဲ့..."
လက်ထောက်: "ဒီဓာတ်ပုံကိုရိုက်ဖို့...သူ့မှာလူတွေအများကြီးကိုခေါ်သွားရတာ..ဒါပေမဲ့အဓိကကတော့ ခင်ဗျားနဲ့အတူနှစ်ယောက်တည်းဓာတ်ပုံရိုက်ဖို့ပဲ..."
ယင်းက သူ့အတွက် တိတ်တိတ်လေးချန်ထားခဲ့သည့် တစ်ပုံတည်းသောနှစ်ယောက်တွဲပုံလေးပင်။
အစက အရာရှိမှာရူးမလိုပင်ဖြစ်သွားရသေးသည်။ ဇာတ်လိုက်ကို ရန်သူဘက်မှသူလျှိုများခေါ်သွားပြီး အဖမ်းခံလိုက်ရပြီဟုထင်ခဲ့သည်။ အနှီသူမှာ သူ့အားလိုက်ရှာခဲ့ပြီး ရန်သူနိုင်ငံမှ သူလျှိုအေဂျင်စီတစ်ခုလုံးကိုပင်ဖျက်ဆီးခဲ့ပြီး ၎င်းတို့ကိုဝန်ခံလာသည်အထိစစ်မေးခဲ့သေးသည်။ သူမသိခဲ့သည့်တစ်ခုတည်းသောအချက်မှာ ဇာတ်လိုက်ကအဖမ်းခံရခြင်းမဟုတ်ဘဲ ထွက်သွားရန်ရွေးချယ်ခဲ့သည့်အချက်ပင်။
အခွင့်အရေးရ၍ ဇာတ်လိုက်နှင့်တွေ့သည်အထိ အနှီသူမှာစိတ်ကယောင်ချောက်ခြားဖြင့် နှစ်များစွာကိုဖြတ်သန်းလာခဲ့ရသည်။ အရာအားလုံးကို အစကပြန်စပြီး သူလည်းနောက်တဖန်အသက်ရှင်လာနိုင်ခဲ့သည်။
ဇာတ်လိုက်မှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရပြီး ရက်ပေါင်းများစွာကိုမာဝင်နေပြီးသည့်နောက်ဆုံးတွင် ထိုသူသည်မျက်လုံးပွင့်လာခဲ့လေပြီ။
ဇာတ်လိုက်ငိုနေသည်ကိုမြင်သည့်အခါ အင်မတန်အားနည်းနေချိန်မှာပင် မရမကလက်ဆန့်ထုတ်ပြီး သူ့မျက်လုံးထောင့်မှမျက်ရည်များကိုသုတ်ပေးလာခဲ့သည်။
"မင်းအခုယုံသွားပြီလား..."
ယင်းမှာ အရာရှိနိုးလာသည်နှင့်ပထမဆုံးပြောသည့်စကားပင်။
ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းအခုယုံပြီလား။
အချိန်တိုလေးအတွင်း ဗုံးဒဏ်ခံခဲ့ရသောမြို့နယ်ဆေးရုံလေးမှာ အမြန်ပြန်ပြင်နိုင်ခဲ့သည်။ဇာတ်လိုက် အံဆွဲထဲတွင်ထည့်ထားခဲ့သောရေမွှေးပုလင်းလေးက ထူးဆန်းစွာဖြင့်မပျက်စီးခဲ့ပေ။ ပြောင်စင်အောင်သုတ်လိုက်သည့်အခါ ရေမွှေးပုလင်းလေးက တောက်ပနေပြီး စွဲမက်ဖွယ်ရနံ့လေးကိုပင်ရနိုင်သေးသည်။
ရေမွှေးပုလင်းလေးက ဇာတ်လိုက်ထံပြန်ရောက်လာခဲ့သည်။ သူသည် သစ္စာဖောက်သွားခဲ့သည်ဟုထင်ခဲ့သည့် အရာရှိကို ကူကယ်ရာမဲ့စွာပွေ့ဖက် နမ်းရှုံ့လိုက်လေ၏။ သူသည်ရေမွှေးပုလင်းလေးအားကိုင်ထားရင်း ထိုအချိန်ကအနှီသူပြောခဲ့ဖူးသည့်စကားကိုအမှတ်ရလိုက်သည်။
"မင်းကဘီတာလေ..အိုမီဂါမှမဟုတ်တာ...မင်းကမင်းပဲကို..."
အရာရှိစကားများက သူ့အားအသည်းကွဲသွားစေပြီး ဝေးရာထွက်သွားရန်ဆုံးဖြတ်မိခဲ့သည်၊၊ သို့သော် ပြန်စဥ်းစားကြည့်လိုက်ပါက အရာရှိက သူ့ကိုယ်သူမြင်နိုင်ရန် ရှင်းရှင်းလင်းလင်းပြောခဲ့ခြင်းပင်။
ဖုံးကွယ်ထားရန်မလို၊ ပြောင်းလဲရန်လည်းမလို။
မင်းကမင်းပဲ။
အယ်လ်ဖာဖြစ်ဖြစ်၊ အိုမီဂါပဲဖြစ်ဖြစ်၊ အရေးမကြီးဘူး။ ကိုယ်သဘောကျတာမင်းပဲ။
မင်းက ကိုယ်သဘောအကျဆုံးလူပဲ။
"ခွမ်း" ဆိုသည့်အသံလေးနှင့် ရေမွှေးပုလင်းလေးက ကြမ်းပြင်ထက်ကျကွဲသွားခဲ့သည်။
၎င်းကိုလိုအပ်သူမရှိတော့ပေ။
...
ရုပ်ရှင်ပြီးသွားသည့်အခါ ဖုယွမ်ကျိုးနှင့်ရှဲ့လင် အပြင်ပြန်ထွက်လာခဲ့သည်။ ဖုယွမ်ကျိုးက အတွေးလွန်နေပုံရ၍ ရှဲ့လင်ကသူ့အားလှမ်းကြည့်ပြီးမေးလာလေ၏။
"မင်းဘာတွေတွေးနေတာလဲ..."
ဖုယွမ်ကျိုး: "ငါတွေးနေတာက...ငါတို့ကလိင်အမျိုးအစားမတူတော့ မင်းကိုသွေးသွင်းလို့မရဘူးပေါ့.."
"....."
ရှဲ့လင်က ဘာမှပြန်မပြောခဲ့ပေ။ သူတို့သွေးအမျိုးအစားကပါ မတူ၍ ဘယ်လိုမှသွေးသွင်း၍ရမည်မဟုတ်ပေ။
"ရုပ်ရှင်ကမဆိုးဘူးပဲ..." ဖုယွမ်ကျိုးက မှတ်ချက်ကောင်းကောင်းပေးလိုက်သည်။
"ငါဇာတ်ကွက်ပြောင်းသွားမယ်လို့မထင်ထားခဲ့ဘူး...အရာရှိက အရမ်းချစ်တတ်တာပဲ...ဒီလောက်ဉာဏ်ကောင်းမယ်လို့မထင်ရတဲ့လူကလေ...ဇာတ်သိမ်းပိုင်းကိုတော့ ငါလက်မခံနိုင်ဘူး..."
ထိုစကားပြောနေချိန် သူ့မျက်နှာပေါ်၌ ရှုပ်ထွေးနေသည့်ခံစားချက်များ ပေါ်နေခဲ့သည်။ မင်းလက်ထပ်ရင် လက်ထပ်လိုက်ပေါ့။ လက်ထပ်ပြီးဘာကိစ္စကလေးယူဦးမှာလဲ။
၎င်းက ဤကမ္ဘာပေါ်ရှိယောကျ်ားတိုင်း လက်ထပ်ပြီးကလေးမွေးရမည်ဆိုသည့်အချက်ကို သူ့အားအမြဲသတိပေးနေသလိုပင်။ သရဲကားဆယ်ကားမျှကြည့်လျှင်ပင် ဤမျှကြောက်စရာကောင်းမည်မဟုတ်ပေ။