♎️Chapter 54
ရှဲ့လင်ကစကားမပြောပေ။ ရေနှစ်ဘူးယူလာပြီး တစ်ဘူးကိုသူ့အားပေးလာသည်။ ဖုယွမ်ကျိုးကရေနှစ်ငုံသောက်ပြီး စားသောက်ရန်ပြောလာသည်။ ရှဲ့လင်ကသူ့သဘောအတိုင်းလုပ်ရန်ပြောလာ၏။
"အာ...နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်.."
ဖုယွမ်ကျိုးက သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက်ခေါင်းကြောများကျိန်းစပ်လာသလိုပင်၊ စိတ်ထဲရှိသည့်အတိုင်းမေးလိုက်မိသည်။
"တကယ်လို့ငါသာ...အယ်လ်ဖာတစ်ယောက်ဖြစ်နေရင်ရော...မင်းငါ့ကိုကြိုက်နေဦးမှာလား..."
"အင်း.." ရှဲ့လင်က တွေဝေနေခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေလာခဲ့သည်။
"ဒါဆိုဒီကမ္ဘာကြီးမှာ ABO လိင်အမျိုးအစားမရှိခဲ့ရင်ရော..."
ဖုယွမ်ကျိုးက ဖြည်းဖြည်းချင်းထပ်ဖြည့်ပြောလိုက်သည်။
"ဥပမာ..ယောကျ်ားတစ်ယောက်နဲ့မိန်းမတစ်ယောက်ရှိတယ်...ABO လည်းပါတာပေါ့...အရင်ကဆို ယောကျ်ားတစ်ယောက်ကမိန်းမတစ်ယောက်နဲ့ပဲလိုက်ဖက်တယ်လေ..ယောကျ်ားလေးအချင်းချင်းအတူရှိနေရင်ကျမရဘူးလေ..."
"အင်း..." ရှဲ့လင်က ယခင်ကအတိုင်းတုံ့ပြန်လိုက်၏။
"ချက်ချင်းမဖြေနဲ့ဦး..ငါပြောတာကိုအရင်နားထောင်.."
ဖုယွမ်ကျိုး နောက်တကြိမ်ချောင်းဟန့်လိုက်မိပြန်သည်။
"တကယ်လို့ ဒီကမ္ဘာမှာ ယောကျ်ားလေးနှစ်ယောက် အတူရှိခဲ့ရင် ဝေဖန်ခံရမှာ...သူတို့ဘေးကလူတွေကလည်းအားပေးမှာမဟုတ်ဘူး..ပြီးတော့လည်း သူတို့မှာကလေးဆိုတာရှိလာမှာမဟုတ်ဘူး...ပြီးတော့ ငါ့လိုယောကျ်ားတစ်ယောက်ကိုသဘောကျဖို့ကလည်း ဘယ်တော့မှစဥ်းစားမိမှာမဟုတ်ဘူးလေ.."
ရှဲ့လင်ကသွားနေသည်ကိုရပ်ပြီး သူ့အား အလေးအနက်ကြည့်လာသည်။
"ကိုယ်ကမင်းအကြောင်းပဲတွေးမှာ..အခြားသူတွေအကြောင်းတွေးမိမှာမဟုတ်ဘူး..."
"ကိုယ်တို့လိင်တွေကွဲပြားသွားလည်းအရေးမကြီးဘူး..မင်းအိုမီဂါဟုတ် မဟုတ်နဲ့လည်းမဆိုင်ဘူး..."
ပြီးတော့ အကြောင်းပြချက်လည်းမရှိဘူး...။
ဖုယွမ်ကျိုး မေ့လဲသွားမတတ်ပင်။ သူယခုလိုမေးခွန်းမျိုးမေးရန်လုပ်လိုက်သေးသော်လည်း ယနေ့အတွက်ကများလွန်းနေပြီ။ ယခုလိုမေးခွန်းမျိုးကိုလည်းမမေးသင့်ပေ။ အလွန်ထူးဆန်းနေလိမ့်မည်။
သူစကားခေါင်းစဥ်ကိုလွှဲလိုက်ပြီး ရှဲ့လင်ကို ထိုအကြောင်းနှင့်ပတ်သက်၍ထပ်မမေးတော့ပေ။ နှစ်ယောက်သား စားသောက်ဆိုင်တစ်ဆိုင်တွင်ဝင်စားလိုက်ကြသည်။ စားစရာကိုစောင့်နေစဥ် ဖုယွမ်ကျိုး ဖုန်းထုတ်ကြည့်လိုက်သည့်အခါ မကောင်းဆိုးဝါးများနှင့် WeChat က စာတပြုံကြီးပို့ထားသည်ကိုတွေ့လိုက်ရ၏။ တစ်ယောက်ကသူ့အား tag ဆွဲထားပြီး "သေမင်းတမန်ရာဇဝတ်သား" ရုပ်ရှင်နှင့်ပတ်သတ်၍မေးမြန်းထားခဲ့သည်။
"ဒီနေ့ မတော်တဆတစ်ခုဖြစ်သွားလို့ ငါတို့မကြည့်လိုက်ရဘူး..ငါတို့ "ရေမွှေး" ဆိုတဲ့အချစ်ဇာတ်ကားပဲကြည့်လိုက်ရတယ်..ဇာတ်လမ်းကအရမ်းကောင်းတယ်..."
ဇာတ်သိမ်းပိုင်းကတော့ဆိုးတယ်။ ဖုယွမ်ကျိုး စိတ်ထဲကသာပြောလိုက်ရသည်။
"ဟယ်...အချစ်ကားတဲ့လား..ငါတို့အခုလေးတင်ကြည့်သင့်တယ်လို့ပြောမလို့!"
"လစ်စမ်း!"
ဖုယွမ်ကျိုးနှလုံးသားမှာ မုန်တိုင်းထန်နေပြီး "အတွဲလေး" ဆိုသည့်စကားကပင် ကြောက်စရာကောင်းနေလေပြီ။
"နင်တို့ဘယ်ရုံမှာသွားကြည့်တာလဲ..ငါ့အိမ်နားကရုပ်ရှင်ရုံတွေရှာကြည့်ပြီးပြီ..ဒီကားကမပြသေးဘူးထင်တယ်.."
တစ်ယောက်ကမေးလာသောကြောင့် ဖုယွမ်ကျိုးက ရုပ်ရှင်လင်မှတ်ကိုဓာတ်ပုံရိုက်လိုက်သည်။ သူအမြဲ ရုပ်ရှင်လက်မှတ်ကိုကိုဓာတ်ပုံရိုက်တတ်သည့်အကျင့်ရှိ၏။
"ဒီကားလေ..."
"???"
"???"
"လက်စွပ်?? ရုတ်တရက်ကြီးဘာလို့လက်စွပ်ဝတ်ထားတာလဲ??"
တဖွဲ့လုံး အုန်းအုန်းကြွပ်ကြွပ်ဖြစ်သွားလေသည်၊ ဖုယွမ်ကျိုးက မှင်သက်သွားပြီးမှ လက်စွပ်အကြောင်းကိုမေ့နေမိမှန်းသတိရသွားလေ၏။ ထို့နောက် သူဓာတ်ပုံရိုက်လိုက်ချိန်တွင် လက်စွပ်ကမတော်တဆပါသွားခဲ့ခြင်းဖြစ်မည်။
"ရှဲ့လင်: ဆင်တူလက်စွပ်လေ"
ရှဲ့လင်က သူ့လက်မှလက်စွပ်ကိုပါဓာတ်ပုံရိုက်ပြီး အဖွဲ့ထဲတင်ပေးလိုက်သည်။ အချို့ကပြောလာသည်မှာ...
"နင်တို့နှစ်ယောက်ယူလိုက်ကြပြီလား!"
"ဇွတ်မပြောနဲ့..."
အားလုံး ပွက်လောရိုက်နေချိန်တွင် အေးစက်သည့်စကားလုံးသုံးလုံးပေါ်လာသည်။ ဖုယွမ်ကျိုးက avater ကိုကြည့်လိုက်သည့်အခါ အားလုံးကြားမှဖြတ်ပြောလိုက်သူကယွမ်ယဲ့ဖြစ်နေလေ၏။
"အိုး...အစ်ကိုယဲ့ကစိတ်ဆိုးနေပြီ"
တစ်ယောက်ကယွမ်ယဲ့ကိုမေးမြန်းလာပြီး သေမှာမကြောက်သလိုစနောက်လိုက်သေးသည်။
"အစ်ကိုယွမ်ကိုကြိုက်နေလို့လား..အစ်ကိုကအရမ်းမနာလိုဖြစ်နေတော့တာပဲ..ဟား...ဟား..အစ်ကိုကဒီလိုပဲဆိုရင် သူ့ကိုကြိုက်နေတာသေချာတယ်.."
"အဲဒီတော့ဘာဖြစ်လဲ..."
ယွမ်ယဲ့က စာပြန်လျှင်ဤမျှမြန်လိမ့်မည်ဟုမည်သူကများထင်ထားခဲ့ပါမည်နည်း။
"ငါက ဖုယွမ်ကျိုးကိုကြိုက်လို့မရဘူးလား..."
ယွမ်ယဲ့မက်ဆေ့ချ်ပေါ်လာသည့်အခါ မတိုင်ခင်က တက်ကြွနေခဲ့သည့်အုပ်စုမှာ ရုတ်တရက်တိတ်ဆိတ်သွားရပြီး စက္ကန့်အတော်ကြာသည်အထိ မည်သူကမှစကားမပြောလာကြတော့ပေ။
ဖုယွမ်ကျိုးလည်း ထပ်တူထပ်မျှပင်။ သူသည်ကား ယွမ်ယဲ့၏ရုတ်တရက်ဆန်သောဖွင့်ဟဝန်ခံချက်ကြောင့် ကြောင်အသွားရပြီး ဖုန်းပင်ပြုတ်ကျလုနီးပါးပင်။ ယွမ်ယဲ့ကသူ့အပေါ် ခံစားချက်ကိုအတိအကျပြသခဲ့သော်လည်း သူမမြင်နိုင်ခဲ့ပေ။ ယခုကဲ့သို့တိုက်ရိုက်ဝန်ခံလိုက်ခြင်းက သူ့အတွက်ပထမဆုံးအကြိမ်ဖြစ်နေလေသည်။
"ချီးပဲ!"
"ငါ့မျက်လုံးတွေ!"
"အစ်ကိုယဲ့ ထင်တောင်မထင်ရဘူး! ဒီလိုမျိုးဖွင့်ပြောလိုက်တယ်!"
ခေတ္တတိတ်ဆိတ်သွားပြီးနောက် တဖွဲ့လုံး အုတ်အော်သောင်းတင်ဖြစ်လာပြန်ပြီး မက်ဆေ့ချ်များက ဆက်တိုက်တက်လာခဲ့သည်။ မြန်လွန်းအားကြီး၍ ဖုယွမ်ကျိုးပင်စာသေချာမမြင်ရတော့ပေ။ လူအမြောက်အများက သူ့ထံသို့ ပြိုင်တူမက်ဆေ့ချ်ပို့လာကြပြီး ၎င်းတို့၏ရှော့ခ်ရမှုနှင့် အတွေးတို့ကိုသူ့ထံဖော်ထုတ်လာကြသည်။
အဖွဲ့ခေါင်းဆောင်တုမန်ပင် သူ့ထံစာပို့လာခဲ့၏။
"ယွမ်ယဲ့ အရင်တည်းကနင့်ကိုကြိုက်နေခဲ့တာ နင်သိလား..ဘယ်လိုထင်လဲ..."
"နင်ဘယ်တုန်းက ဒီလိုအတင်းပြောတာကိုဝါသနာပါသွားရတာလဲ..."
ဖုယွမ်ကျိုးက တန်ပြန်မေးခွန်းထုတ်လိုက်၏။
"နင်သိပြီးသားလား...ငါတောင် ယွမ်ယဲ့နင့်ကိုကြိုက်နေမှန်းသိတယ်..."
တုမန်ကဆက်ပြောလာ၏။
"ငါ့အထင်ပြောရရင် နင့်ကိုကြိုက်နေတာသူတစ်ယောက်တည်းမကဘူးနော်..စီနီယာရှဲ့ရော...ယွိဖေးလည်းပါတယ်..."
ဖုယွမ်ကျိုး နောက်ထပ်ပို့လာသည့်မက်ဆေ့ချ်များကိုမကြည့်တော့ပေ။ ကြာကြာဆက်ကြည့်လေ၊၊ ဗိုက်နာလာလေပင်။
ယခုတော့ ယွမ်ယဲ့သူ့ကိုကြိုက်နေသည့်အကြောင်း လူတိုင်းသိသွားကြပြီ။ နောင်တွင် သူကျိန်းသေပေါက် အစခံရတော့မည်ဖြစ်၏။ သူရှဲ့လင်နှင့်တွဲပြနေရခြင်းမှာ ဂိမ်းကြောင့်ဖြစ်ပြီး ရှောင်ဖေးသူ့အပေါ်စိတ်ဝင်စားနေသည်မှာ အသိသာကြီးပင်။ ယခုတော့ သူလှေနံသုံးဖက်နင်းထားသည်ဟု လူတိုင်းထင်သွားကြပြီ။
ဖုယွမ်ကျိုးမှာ ရန်ရှူးထန်အကြောင်းကို ထပ်မတွေးဘဲမနေနိုင်တော့ပေ။ ရုတ်တရက် ရန်ရှူးထန်ကမှပိုကောင်းနေသလိုပင်၊၊ ကနဦးက သူတို့နှစ်ယောက်၏ဆက်ဆံရေးကြောင့် ရန်ရှူးထန် သူ့အားကြိုက်နေသည်ဟုမည်သူကမှထင်ကြမည်မဟုတ်။ သူကြားသွား၍မဟုတ်ပါက ထိုအကြောင်းကိုဘယ်တော့မှတွေးမိမည်မဟုတ်ချေ။ ရန်ရှူးထန်က သူ့သူငယ်ချင်းဖြစ်နေလျှင် အကောင်းဆုံးဟုခံစားလိုက်ရသည်။
ငိုးပဲ...သူနောက်တခါမွေးဖွားလာမှဘာလို့ မက်မွန်ပွင့်တွေ ဘယ်လောက်တောင်အကြွေးတင်သွားရတာလဲ...ပြီးတော့သူက ယောကျ်ားကြီးလေ၊၊ အရင်ဘဝက ရှောင်ဖေးကလွဲပြီး သူ့အပေါ်ဘယ်သူမှစိတ်ဝင်စားခဲ့ကြတာမဟုတ်ဘူး။
သူသည်ကား စိတ်ညစ်ရလွန်း၍ စားပွဲခုံနှင့်ခေါင်းကိုပင်ဆောင့်ပစ်ချင်လာရသည်။ သည်အချိန်မှာပင် စားပွဲထိုးကစားစရာများကိုလာချပေးပြီး ရှဲ့လင်ကဖုန်းကိုအဝေးတွင်ထားကာပြောလိုက်သည်။
"မကြည့်နေနဲ့တော့..."
ဖုယွမ်ကျိုးတုံ့ပြန်လိုက်သော်လည်း မျက်လုံးကရှဲ့လင်ဖုန်းမှမခွာပေ။ထိုသူက WeChat မှအဖွဲ့လိုက်စကားပြောသည့်နေရာကိုဖွင့်ထားပြီး သူ့နှလုံးသားလေးက ကျုံ့ဝင်သွားခဲ့သည်။ ရှဲ့လင်လည်း ဖွင့်ပြောသည့်ကိစ္စကိုသိသွားလောက်ပြီ။
ပြီးလျှင် ရှောင်ဖေး...အနှီသူလည်း WeChat မှအဖွဲ့လိုက်စကားပြောနေရာကိုဖွင့်ကြည့်လျှင် သိသွားမည်ပင်...ဖုယွမ်ကျိုးမှာ လည်ချောင်းထဲ၌ တစ်ခုခုတစ်ဆို့နေသလိုခံစားလိုက်ရသည်။ စားပွဲပေါ်မှသူအကြိုက်ဆုံးဟင်းလျာများကိုကြည့်နေရင်း စားချင်စိတ်လည်းမရှိတော့ပေ။ ထို့နောက် ယွမ်ယဲ့ကဖုန်းခေါ်လာသောကြောင့် သူနည်းနည်းသာစားခဲ့ရသည်။
ဖုန်းခေါ်ဆိုသူကိုမြင်လိုက်ရ၍ ဖုယွမ်ကျိုးမှာ ရှဲ့လင်ထံအပြစ်ရှိစိတ်ဖြင့်လှမ်းကြည့်မိပြီး အမြန်ထကာဖုန်းကိုင်လိုက်သည်။ ယွမ်ယဲ့သူ့ကိုမည်သည့်စကားပြောချင်နေမှန်းမသိလင့်ကစား ရှဲ့လင်မကြားလျှင်ပိုကောင်းမည်ဟု အလိုလိုသိနေခဲ့၏။
"မင်းအိမ်ပြန်ရောက်ပြီလား..."
ယွမ်ယဲ့ကသူ့အား ဖုန်းတစ်ဖက်မှလှမ်းမေးလာပြီး အသံကတဖြောင့်တည်းဖြစ်နေကာ ခံစားချက်မရှိသလိုပင်။
"မရောက်သေးဘူး...စားနေတုန်းရှိသေးတယ်.."
ဖုယွမ်ကျိုးကလည်း ခြောက်ကပ်ကပ်ဖြင့်ပြန်ဖြေလိုက်၏။
"ရှဲ့လင်နဲ့လား..."
ယွမ်ယဲ့က စီနီယာ၏အမည်ကိုပင် လေးစားသမှုဖြင့်မခေါ်တော့ပေ။
"ဒီတိုင်း....ဒါနဲ့ ငါတို့အခုမှရုပ်ရှင်ရုံထဲက ထွက်လာခါစရှိသေးတယ်..."
ဖုယွမ်ကျိုးအသံက ကြားနေကျအတိုင်းမဟုတ်ပေ။ လွန်ခဲ့သောဆယ်မိနစ်က သူမက်ဆေ့ချ်မြင်လိုက်သော်လည်း သူဘာမှမမြင်ခဲ့သလိုသာဟန်ဆောင်နေလိုက်သည်။
ယွမ်ယဲ့: "ငါမင်းကိုတွေ့ချင်တယ်...ငါမင်းကိုပြောစရာရှိသေးတယ်...ငါမင်းအိမ်ကိုလာနေပြီ..."
"ဒါပေမဲ့ ငါအိမ်ပြန်ဖို့ကကြာဦးမှာ...ရုပ်ရှင်ရုံကငါတို့အိမ်နဲ့ဝေးတယ်..."
ဖုယွမ်ကျိုးက တုံးတိတိဖြင့်ဖြေလိုက်သည်။
"ကျောင်းပြန်တက်တဲ့နေ့မှ ပြောရအောင်လေ.."
"ရတယ်..."
ယွမ်ယဲ့ကရုတ်တရက်ပြုံးလိုက်၏။
"မင်းက တတန်းလုံးရှေ့မှာဖွင့်ပြောစေချင်တာလား...ဒါမှမဟုတ် တကျောင်းလုံးရှေ့မှာလား..."
"အိမ်မှာအဒေါ်ရှိတယ်...ရောက်ရင်တံခါးဖွင့်ခိုင်းလိုက်...ပြီးရင်မင်းငါ့ကိုခဏစောင့်နေ..ငါအမြန်ဆုံးနည်းနဲ့ပြန်လာခဲ့မယ်..."
"အိုကေ...ငါမင်းကိုစောင့်နေမယ်..."
ဖုန်းချလိုက်ပြီးသည့်အခါ ဖုယွမ်ကျိုးတခေါင်းလုံး ချွေးပြန်နေလေပြီ။ သူအိမ်ပြန်ရောက်သည်နှင့်ရင်ဆိုင်ရတော့မည့်အရာကိုသိနေသော်လည်း သူ့တွင်ပုန်းစရာနေရာမရှိတော့ပေ။
သူသည်ကား စိတ်မသက်မသာမှုများဖြင့်ဆိုင်ကိုပြန်လာခဲ့ရသည်။ ရှဲ့လင်က တူပင်မရွေ့သေးပေ။ သူသည် ဖုယွမ်ကျိုးနှင့်အတူစားရန်စောင့်နေခဲ့ခြင်းဖြစ်ပြီး အနှီသူပြန်ရောက်လာချိန်တွင် မျက်နှာမကောင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
"ဘယ်သူဖုန်းခေါ်တာလဲ..."
"အဖွဲ့ခေါင်းဆောင်တုမန်..မေးစရာရှိလို့တဲ့..."
ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ခေါ်သည့်အကြောင်းမပြောရဲလေရာ လိမ်ပြောလိုက်ပြီး တုမန်ကိုစိတ်ထဲမှတောင်းပန်လိုက်ရသည်။
"ငါသူနဲ့စကားများတော့မလို့.."
ရှဲ့လင်ကတိတ်ဆိတ်နေပြီး ဖုယွမ်ကျိုး ဇောချွေးများပြန်လာသည်အထိ ကြည့်နေခဲ့သည်။ အနှီသူကသူ့အားဖောက်ထွင်းမြင်နေရသလိုခံစားရသော်လည်း ရှဲ့လင်ကမျက်လွှာချကာပြောလိုက်၏။
"စားရအောင်..."
ဖုယွမ်ကျိုး စိတ်သက်သာသွားပြီးသက်ပြင်းချလိုက်ကာ နှစ်ယောက်အတူ ညစာစားပြီးအိမ်ပြန်လာခဲ့ကြသည်။ ဖုယွမ်ကျိုး တမှေးအိပ်ချင်သည့်အကြောင်း အကြောင်းပြကာ ရှဲ့လင်ကိုအရင်အိမ်ပြန်ခိုင်းလိုက်သည်။ ပြီးနောက် ညဘက်မှထိုသူနှင့်ရှောင်ဖေးကိုအိမ်တွင်သွားရှာပြီး ညစာအတူစားကြမည်။
ရှဲ့လင်ကိုမောင်းထုတ်လိုက်ပြီးသည့်နောက် ဖုယွမ်ကျိုးမှာ ရင်လေးစွာဖြင့်အိမ်ပြန်ခဲ့ရ၏။ သူတံခါးဖွင့်လိုက်သည်နှင့် ယွမ်ယဲ့ကဧည့်ခန်းရှိဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေပြီး ဖုန်းတစ်လုံးနှင့်ဂိမ်းဆော့နေသည်ကိုတွေ့လိုက်ရသည်။
လူတစ်ယောက်အထဲဝင်လာသည့်အသံကိုကြားလိုက်ရ၍ လှမ်းကြည့်လိုက်သည့်အခါ ဖုယွမ်ကျိုးဖြစ်နေ၍ ထိုသူကအမြန်ထကာ သူ့အားပြုံးပြလာခဲ့သည်။
"ပြန်လာပြီလား..."
"အင်း..."
ဖုယွမ်ကျိုးကခေါင်းညိတ်ပြပြီး သူ့အနားမှအဒေါ်ကိုလှမ်းကြည့်လိုက်သည်။ ပြီးနောက် ယွမ်ယဲ့ကိုပြောလိုက်၏။
"အပေါ်ထပ်ကငါ့အခန်းထဲကိုသွားရအောင်..."
"အိုကေလေ...သွားကြမယ်.."
ယွမ်ယဲ့က လက်နှစ်ဖက်ဆန့်ပြလာသည်။ ဖုယွမ်ကျိုးက အနှီသူဆိုလိုချင်သည်ကိုနားမလည်ဘဲ တဖက်လှည့်လိုက်သည့်အခါ ယွမ်ယဲ့ကသူ့အနောက်လိုက်မလာမှန်းသိလိုက်ရ၏။ သူအပေါ်တက်သွားသည်အထိ ထိုသူကကရပ်နေဆဲဖြစ်၍ သူစောင့်နေလိုက်သည်၊ ပြီးနောက်မှ ယွမ်ယဲ့ဖြစ်ချင်သည့်ဆန္ဒကိုသူသဘောပေါက်သွားခဲ့၏။ သူတွေဝေပြီးရင်းတွေဝေနေပြီးမှ ယွမ်ယဲ့လက်ကိုဆွဲကာ အပေါ်ထပ်တက်သွားလိုက်ရ၏။
ငိုးတဲ့မှ...ကလေးဆန်ချက်..
ယွမ်ယဲ့က သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည့်ခံစားချက်ကြောင့် ဖုယွမ်ကျိုးမှာခေါင်းပင်ကိုက်လာရပြီး ကူကယ်ရာမဲ့နေသလိုပင်။ အခန်းထဲရောက်သည်နှင့်သူတံခါးပိတ်လိုက်ပြီး ယွမ်ယဲ့ကသူ့အားမေးလာခဲ့သည်။
"မင်းနဲ့ရှဲ့လင်က တကယ်ကြီးအတူရှိနေတယ်ပေါ့ မင်းသူ့ကိုကြိုက်လား..."
"ဘယ်လိုလုပ်ကြိုက်မလဲ"
ဖုယွမ်ကျိုးက ယတိပြတ်ငြင်းပယ်လိုက်သည်။
"အဲဒါကဂိမ်းပဲလေ...မင်းလည်းသိပါတယ်..."
ယွမ်ယဲ့၏မျက်နှာချောချောလေးတွင် အပြုံးတစ်စပင်မရှိပေ၊ ထိုသူကသူ့အားငုံ့ကြည့်လာသည်။
"သူ့အတွက်လူတစ်ယောက်ရွေးပေးဖို့မင်းကို သူ့ဘက်ကတောင်းဆိုခဲ့တယ်..မင်းကလည်းအခြားလူတွေကိုမရွေးခဲ့ဘူး...ဘာလို့မင်းကိုယ်မင်း ထောင်ချောက်ထဲမှာပိတ်မိခံရတာလဲ...မင်းပဲသူနဲ့မပတ်သတ်ချင်ဘူးဆို"
အကြောင်းပြချက်က ရှုပ်ထွေးလွန်းနေသည်။ ဖုယွမ်ကျိုးပင် သေချာမရှင်းပြနိုင်သောကြောင့် ခေါင်းယမ်းရုံသာတတ်နိုင်တော့၏။ ယွမ်ယဲ့ကသူ့အား ခံစားချက်မပါစွာဖြင့်ကြည့်နေခဲ့သည်။ ထိုသူကမပြုံးနေသော်ငြား အရှိန်အဝါကပြင်းထန်လွန်းလှပြီး ဖိနှိပ်မှုများဖြင့်ပြည့်နေသောကြောင့် မျက်နှာထားပင်ခက်ထန်နေသယောင်။
ဖုယွမ်ကျိုးကမူ ယင်းက ယွမ်ယဲ့မိသားစုနှင့်ပတ်သက်နေလိမ့်မည်ဟုထင်နေခဲ့သည်။ သူယွမ်ယဲ့အဖေနှင့်တွေ့ခဲ့ဖူးပြီး ၎င်းက ကြမ်းတမ်းကာစည်းကမ်းကြီးသည့်သူ။ ယွမ်ယဲ့က ကပ်တွယ်တတ်သော်လည်း ထိုသူ၏ဒေါသထွက်နေသည့်အပြုအမူပေါ်လာတိုင်း သူ့အဖေကိုသာအမြဲအမှတ်ရစေတတ်သည်။
သူယွမ်ယဲ့နှင့်အဆင်ပြေခဲ့သောကြောင့် ယွမ်ယဲ့ကသူ့အားနာကျင်အောင်လုပ်မည်မဟုတ်မှန်းသူသိနေခဲ့သည်။ သို့ထိတိုင် ထိုသူ၏အရှိန်အဝါက သူ့အပေါ်ကိုမလွဲမသွေကျရောက်နေသောကြောင့် အသက်ရှူရပင်ခက်စေခဲ့၏။
ယွမ်ယဲ့ကသူ့အား စက္ကန့်အနည်းငယ်အကြာအထိ တိတ်ဆိတ်စွာကြည့်နေခဲ့ပြီး ထိုသူ၏မျက်လုံးများက သူ့လက်ပေါ်ရောက်လာခဲ့သည်၊၊ သူအခုထိ လက်စွပ်ကိုမချွတ်ရသေးပေ။
သူသည် ဖုယွမ်ကျိုးလက်ကိုဆွဲကာ လက်စွပ်ကိုအတင်းချွတ်လိုက်ပြီး စားပွဲပေါ်ကိုလွှင့်ပစ်လိုက်သည်။ "ချွင်" ဆိုသည့်အသံဖြင့် လက်စွပ်က စားပွဲပေါ်တွင်အချိန်အတန်ကြာအထိလည်နေပြီးမှရပ်သွားခဲ့သည်၊၊ ကြမ်းပြင်ကိုမူပြုတ်မကျသွားခဲ့ပေ။
"သူကမင်းကိုဝတ်ပေးရင် ငါကချွတ်ပစ်မယ်..."
ယွမ်ယဲ့က သူ့လက်ချောင်းပေါ်မှ လက်စွပ်ရာကိုပွတ်သပ်ပေးရင်း မျက်လုံးဝင့်ကာပြုံးပြလာသည်။
"အရမ်းရုပ်ဆိုးလွန်းလို့ မင်းနဲ့မလိုက်ဘူး..."
ဖုယွမ်ကျိုးဘာမှမပြောနိုင်တော့ပေ။ ယွမ်ယဲ့အကြည့်က သူ့ကိုမသက်မသာဖြစ်စေသည်။ အနှီသူ၏စိတ်ပိုင်းဆိုင်ရာကပြောင်းလဲသွားသလိုပင်။ ယွမ်ယဲ့ သူ့ကိုဖွင့်မပြောခင် သူ့သဘောထားက ပုံမှန်အတိုင်းဖြစ်နေခဲ့သည်။ ဤအချိန်၌ သူယွမ်ယဲ့ကိုတွန်းထုတ်လိုက်သင့်သော်လည်း ယခုတော့ ရှောင်လွှဲမရသည့်အန္တရာယ်ကိုခံစားနေရပြီး မလွယ်ကူတော့ပေ။