အပိုင်း ၆၄
Viewers 9k

Chapter 64

တစ်နာရီခန့်အကြာတွင် စုန့်ရန်က သူ့နှဖူး၊ နားရွက်နှင့် လည်ပင်းကို ရှင်းရှင်းလင်းလင်းမြင်ရသောဆံပင်ပုံစံဖြင့် ဆံပင်ညှပ်ဆိုင်ထဲမှ တက်ကြွစွာထွက်လာပြီး လေတိုက်ခတ်လိုက်တိုင်း အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေမိသည်။ လေအဝှေ့တွင် ဆံနွယ်များယိမ်းနွဲ့နေပြီး နေရာင်ခြည်နွေးနွေးအောက်တွင် လူငယ်တစ်ယောက်၏ တက်ကြွမှုကို ပြသနေသည်။ 

အိမ်ပြန်ရောက်သည့်အချိန် mirror selfie တစ်ပုံရိုက်ပြီး လင်းဟွေ့၏ WeChatတွင်ပို့လိုက်သည်။ 

လင်းဟွေ့က အာမေဋိတ်သင်္ကေတသုံးတန်းပို့၍ ချက်ချင်းတုံ့ပြန်ခဲ့ပြီး ဖုန်းကိုဝှေ့ယမ်းပြီး ကျန်းယွီဝမ်ကို ရန်စရန် ထွက်သွားသည်။ 

နေ့ခင်းတွင် စုန့်ရန်က အိမ်မှ စောစောထွက်သွားသည်။ 

ကျောင်းမဆင်းမီ နာရီဝက်အလိုတွင် သူ့စက်ဘီးကို အပေါက်ဝရှိ ခြံစည်းရိုးအနားတွင်ရပ်ထားပြီး သစ်ပင်တစ်ပင်ကိုမှီနေသည်။ လူကြီးမင်းဟယ်က အစောပိုင်းတွင် ဘေးကင်းကင်းဖြင့် လေယာဉ်ဆိုက်လာပြီဖြစ်ကြောင်း မက်ဆေ့တစ်စောင်ပို့ထားသည်။ သူ့ရင်ထဲတွင် ယားကျိကျိဖြစ်လာမိပြီး မည်သည့်နေရာတွင် စောင့်ဆိုင်းနေရန်တွေးနေမိသည်။ 

အမျိုးသမီးအိုကြီးတစ်ယောက်က သစ်အယ်သီး၊ တို့ဟူးခြောက်နှင့် အိန္ဒိယပန်းများကိုခြင်းကိုသယ်ပြီး တဖြည်းဖြည်းလျှောက်လာနေသည်။ သူ့အိတ်ကပ်ထဲလက်ထည့်ကာ သစ်ပင်ကိုမှီနေသည်ကို မြင်လိုက်ရချိန်တွင် ဒေသိယစကားသံဖြင့် သူ့ကို စိတ်လိုလက်ရ လှမ်းနှုတ်ဆက်သည်။ 

" လူငယ်လေး မင်းရဲ့သားလေးကို လာကြိုတာလား..."

" ဟုတ် ကျွန်တော့်သားလေးကို လာကြိုတာ... အန်တီရော မြေးလေးကို လာကြိုတာလား..."

စုန့်ရန်၏မျက်နှာက လင်းလက်နေသည်။ 

" ငါတို့အိမ်က ကလေးလေးက ပဲစိလုံးလေးနဲ့တူတယ်..."

စုန့်ရန်က မန်ဒရင်းဘာသာစကားဖြင့် ပြောသည်ကို ကြားလိုက်ရသောအခါ သူက ရှန်ဟိုင်းမန်ဒရင်းဘာသာစကားဖြင့် ပြောင်းပြောလိုက်သည်။ သူမ ခြင်းတောင်းကို စုန့်ရန်ကို ပြလိုက်ပြီး အထဲမှ စားစရာများကို ပြလိုက်သည်။ 

" ဒါတွေက သူကြိုက်တဲ့ အသီးအရွက်တွေလေ... အိမ်မှာချက်ဖို့ဝယ်လာတာ... သူက ကလေးတည်းက ဖူးဖူမှုတ် အလိုလိုက်ခံထားရတော့ အစားကြေးများတယ်လေ... တို့ဟူးခြောက်ကို ပန်းနဲ့စိမ်ပြီး လတ်ဆတ်အောင်ထားရတယ် ချက်ပြီးရင်လည်း အအေးခံရသေးတယ်... ငရုတ်သီးနဲ့ ရောထားတာဆိုရင် သူက မစားဘူး..."

အမျိုးသမီးကြီးက တဗျစ်တောက်တောက်ပြောနေခြင်းဖြစ်သော်လည်း မျက်ဝန်းထဲတွင် အပြုံးများဖြင့် ပြည့်နေသည်။ စုန့်ရန်ကို ဂရုတစိုက်ကြည့်လိုက်ပြီးနောက် ကျောင်းသားအရွယ်ဖြစ်ဟန်တူသည်ဟု တွေးလိုက်မိ၍ မေးလိုက်သည်။ 

" မင်းက တော်တော်ငယ်သေးတာပဲ ကလေးလေးက ဘယ်နနှစ်လဲ..."

" လေးနှစ်သားပါ... သူက အခုမှ အလယ်တန်းခွဲတစ်ကို စတက်တာ..."

( T/N - အလယ်တန်းခွဲတစ်က ‌ငါးနှစ်ကနေ ခြောက်နှစ်အရွယ်ကလေးတွေ တက်တာပါ )

အမျိုးသမီးကြီးက ခေါင်းငြိမ့်ပြသည်။

" ငါတို့အိမ်က ပဲစိလုံးလေးထက် တစ်နှစ်ငယ်တာပဲ... ဒါပေမဲ့ ယောက်ျားလေးတွေက အကြီးထွားမြန်တယ်... သူ့အရပ်က ချက်ချင်းရှည်ထွက်လာမှာ ရပ်ဖို့ကြိုးစားလည်းမရဘူး... မင်းက အရပ်ရှည်တယ်ဆိုတော့ ကလေးလေးကလည်း အရပ်ရှည်မှာပဲ... ဟုတ်သားပဲ ကလေးအမေကရောဘယ်မှာလဲ... မင်း ဘာလို့ ကိုယ်တိုင်လာကြိုရတာလဲ..."

" အမ်... ကျွန်တော်တို့မိသားစုမှာ ကျွန်တော်က အိမ်မှုကိစ္စကို တာဝန်ယူရတာပါ... 'သူ့အမေ' က နည်းနည်းအလုပ်များတယ်..."

တစ်ကမ္ဘာအလုပ်ကိစ္စနဲ့ အလုပ်ခရီးတွေထွက်နေရပြီး အိပ်မ‌ပြန်လာသေးဘူးလေ...

စုန့်ရန်က ဤအခွင့်အရေးကိုယူ၍ လူကြီးမင်းဟယ်၏ လိင်အမျိုးအစားကို ပြောင်းလဲလိုက်ရ၍ စိတ်ထဲတွင် ဝမ်းမြောက်နေမိသည်။ 

သူက အိမ်မှုကိစ္စကို တာဝန်ယူထားသည်ဟု ကြားသော အမျိုးသမီးကြီး၏ အကြည့်များက နူးညံ့နွေးထွေးသွားသည်။

" မင်းက လူကောင်းလေးပဲ... မင်းတို့အိမ်ထောင်ရေးက သာယာလိုက်တာ...မင်းက အတ္တမကြီးပဲ ဇနီးကိုလည်း ပြုစုပေးသေးတာပေါ့... အတိတ်တုန်းက ငါ့သမီးလေးက မင်းလိုလူကောင်းမျိုးနဲ့ မတွေ့ခဲ့ဘူး...သူနဲ့ ငါ့သားမက်နှစ်ယောက်လုံးက အလုပ်များကြတော့ ပဲစိလုံးလေးက ငါနဲ့ပဲ ကြီးပြင်းလာရတာ... ငါ့ယောက်ျားကလည်း သူ့ကိုမထိန်းဘူးလေ နေ့တိုင်းကတ်ကစားလိုက်၊ ပန်းခြံထဲလမ်းလျှောက်လိုက် လုပ်နေတာ... ညနေ ၄နာရီမှာပြန်လာလို့ပြောရင် တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားက ပြန်ထွက်သွားတယ်... သူ ဘယ်ရောက်နေမှန်းတောင် ငါမသိ‌တော့ပါဘူး..."

အမျိုးသမီးကြီးက စုန့်ရန်၏ နေ့စဉ်ဘဝအကြောင်း သိရှိပြီးသည့်အခါ ဟိုဟိုသည်သည်ဖြင့် စကားစမြည်ပြောဆိုနေသည်။ စိတ်ဝင်စားစရာကောင်းသည့်အကြောင်းများဖြစ်၍ စုန့်ရန်က သူမကို စိတ်ပါလက်ပါဖြင့် အဖော်ပြုပေးနေပြီး သူမအမျိုးသားနှင့်သားမက်ကို ကျိန်ဆဲနေသည်အား နားထောင်ပေးနေသည်။ ထိုစဉ်အချိန်တွင်လည်း လမ်းမပေါ်မှ ကားများကိုကြည့်နေသည်။ သူတို့က လေးနာရီတွင်တွေ့ရန် သဘောတူထားသည်ဖြစ်ရာ မိနစ်နှစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။ သူ၏လူကြီးမင်းဟယ်က ဤ‌နေရာမှဖြတ်သွားသော ကားတစ်စီးပေါ်တွင် ထိုင်နေနိုင်ပေသည်။ 

သူ့နှလုံးခုန်သံ မြန်ဆန်လာပြီး တဒိတ်ဒိတ်အသံများထွက်လာသည်။ 

နားရွက်များသာမက လည်ပင်းနှင့် မျက်နှာလည်း တဖြည်းဖြည်းနီရဲလာပေသည်။

စုန့်ရန်က သူတစ်ညလုံးတွေးတောခဲ့ရသည့် ပထမဆုံးပြောမည့်စကားကို ပြန်စဥ်စားနေပြီး သူ့အပြုံး၏ ကြည့်အကောင်းဆုံးပုံစံနှင့်အတူ လက်ဆွဲနှုတ်ဆက်ရန်အသင့်တော်ဆုံးပုံစံကို စိတ်ထဲတွင် တွေးနေမိသည်။ သူ ကျောက်စိမ်းပင်လယ်အော်သို့ပြောင်းလာပြီး သော့ကတ်ကိုဖြတ်၍ လော်ဘီထဲဝင်ချိန်တွင် သူက လူကြီးမင်းဟယ်ကို တွေ့နိုင်သည်ဟုသော ဖြစ်နိုင်ချေလေးကြောင့် ဤအသေးအဖွဲ့ကိစ္စလေးများကို နေ့တိုင်း လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအချိန်နှစ်လ ကုန်ဆုံးသွားခဲ့သည်။ 

စုန့်ရန်၏ အိတ်ကပ်ထဲမှ ဖုန်းက စတင်တုန်ခါလာပြီး သူ့ကို အံ့အားသင့်သွားစေ၍ သူ၏ သတိထားမှုက အမြင့်ဆုံးအခြေအနေအထိ မြင့်တက်သွားခဲ့သည်။ ဖုန်းကို ထုတ်ကြည့်လိုက်သည့်အခါ အနက်ရောင်နောက်ခံတွင် အဖြူရောင်စာလုံးဖြင့် 'ဟယ်ကျစ်ယွမ်'ဟူသောနာမည်ကိုမြင်လိုက်ရ၍ အမျိုးသမီးကြီးကို မြန်မြန်ပြောလိုက်သည်။

" ကျွန်တော် ဖုန်းသွားပြောလိုက်ဦးမယ်နော်..."

" အာ သွားပါသွားပါ ကောင်လေး..."

သူမက ပြောပြောဆိုဆိုနှင့် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ 

စုန့်ရန် ဖုန်းကိုင်လိုက်ချိန်တွင် လက်ချောင်းများက ထိန်းမရအောင် တုန်ယင်လာသည်။ ဖုန်းကို unlockမလုပ်မီ မျက်နှာပြင်ကို သုံးချက်ခန့်ဆွဲလိုက်ရသည်။ 

" လူ... လူကြီးမင်းဟယ်လား..."

" စုန့်ရန် ကိုယ်ပါ..."

ဆယ်နာရီကျော်အကြာတွင် တိုးညှင်း၍ ငြင်သာသောအသံက သူ့နားထဲတွင် တစ်ကြိမ်ပဲ့တင်ထပ်လာပြန်သည်။ သူတို့ကြားမှ အကွာအဝေးက လျော့ပါးသွား၍ သူ့နားရွက်ဖျားများပင် နွေးထွေးလာသည်ဟု ထင်ရသည်။ 

" ကျောင်းကိုရောက်ပြီလား..."

" ဟုတ်... ဟုတ် ရောက်ပါပြီ..."

စုန့်ရန်က ခြေဖျားထောက်ပြီး ခေါင်းလှည့်၍ ဟိုဟိုသည်သည်ကြည့်လိုက်သည်။ 

" ကျွန်တော် ကောင်းလန်လမ်းမကြီးပေါ်မှာပဲရှိသေးတယ်... ခင်ဗျားရော ရောက်ခါနီးပြီလား..."

" အဲဒီနေရာမှာ ကားပါကင်အတွက် နေရာသိပ်မရှိဘူး နည်းနည်းလူများနေတယ်... ကိုယ်တို့ တစ်နေရာရာမှာ တွေ့ကြရင်ရော ဘယ်လိုလဲ..."

ဟယ်ကျစ်ယွမ်က အကြုံပြုလိုက်သည်။ 

" အနောက်ဘက်ကိုလာခဲ့လေ ပထမဆုံးလမ်းလေးခုဆုံတဲ့နေရာမှာ ဘယ်ကွေ့လိုက် လိုက်ကာလေးနဲ့ လက်ဖက်ရည်ဆိုင်လေးကိုတွေ့ရင် ရပ်လိုက်..."

" ဟုတ်..."

စုန့်ရန်က ပျော်ပျော်ရွှင်ရွှင်ဖြင့် အမျိုးသမီးကြီးကို နှုတ်ဆက်လိုက်ပြီး လက်ကိုဘယ်ညာလှုပ်ရှားလျက် လမ်းစလျှောက်ရန် ပြင်လိုက်သည်။ ‌သစ်ရွက်ကြွေနေသည့် မြေပြင်နားမှ ဖြတ်သွားချိန်၌ တိမ်ပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ သူ့ခြေလှမ်းများက ပေါ့ပါးနေသည်။ 

ဟယ်ကျစ်ယွမ်နှင့်သူ တွေ့ဆုံရန်သဘောတူထားသည့်နေရာက လူသွားလမ်းတစ်လျှောက်လုံးတွင် သစ်ပင်ကြီးများဖြင့် ပြည့်နေသည့် လမ်းရှည်ကြီးဖြစ်သည်။ လမ်းနှစ်ဖက်လုံးတွင်လည်း မီးခိုးဖြူရောင်နံရံများနှင့် ဘန်ဂလိုအဟောင်းကြီးများ ရှိပေသည်။ 

နေရောင်ခြည်က နက်ရှိုင်းသောအရိပ် ဖြာကျလာသော မှန်ချပ်များနှင့် ဆင်တူပြီး လမ်းတစ်လျှောက်လုံး တောက်ပြောင်နေစေကာ ဆိတ်ငြိမ်သော လမ်းရှည်ကြီးဆီသို့ အလင်းရောင်အချို့ကို ဖြန့်ဝေပေးနေသည်။

အနီးနားရှိ လမ်းဘေးအဝင်ပေါက်တွင် ရိုးရိုးရှင်းရှင်းပုံစံ လက်ဖက်ရည်ဆိုင်ငယ်တစ်ခုရှိသည်။

ဘော့စတွန်ပန်းပင်များနှင့် ဖုံးအုပ်ထားသော နံရံတစ်ဝက်၊ ခရမ်းနုရောင်ပဲနွယ်ပွင့်ပုံစံလိုက်ကာနှင့် ခဲပြာရောင်တံခါးအောက်တွင် 'လက်ဖက်ရည်' ဟူသော ဆိုင်းဘုတ်တစ်ခုကို သေသပ်သော စုတ်ချက်ဖြင့် ရေးဆွဲထားသည်။ 

 " ကျွန်တော် ဆိုင်ကို မြင်နေရပြီ... ဆိုင်ထဲရောက်နေပြီလား... ပထမထပ်မှာလား ဒုတိယထပ်မှာလား..."

စုန့်ရန်က စိတ်မရှည်စွာဖြင့် ပြေးလာသောကြောင့် သုရှာဖွေနေသည့် နေရာကို ‌‌တွေ့သောအခါ ရပ်လိုက်ပြီး အမောတကော အသက်ရှုနေသည်။ ခေါင်းစောင်းကြည့်လိုက်သည့်အခါ ဆိုင်အတွင်းက အနည်းငယ်မည်းမှောင်နေပြီး အတွင်းပိုင်းအပြင်အဆင်ကို မှန်ပြတင်းပေါက်မှတစ်ဆင့် ရှင်းလင်းစွာ မမြင်ရပေ။ 

" ကိုယ် တောင်းပန်ပါတယ်... ကိုယ် လမ်းပေါ်မှာပဲရှိသေးတယ် ခဏနေမှ ရောက်မယ်ထင်တယ်..."

ဟယ်ကျစ်ယွမ်က မနှေးမမြန်လေသံဖြင့် ပြောလိုက်သည်။ 

" ဆိုင်နားမှာ ဘတ်စ်ကားမှတ်တိုင်ရှိတယ် မြင်ရလား..."

ဘတ်စ်ကားမှတ်တိုင်လား...

စုန့်ရန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ ထင်ရှားပေါ်လွင်မှုမရှိသော ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ရှာတွေ့လိုက်ရသည်။ 

၎င်းက အလွန်ပင် သိသာထင်ရှားမှု မရှိပေ။ သစ်သာအမိုးအကာ၊ မှန်နံရံများနှင့် တစ်မီတာကျယ်သော ခုံတန်းလျားတစ်ခုတွင် လူနှစ်ယောက်သာ ရင်ဘောင်တန်းထိုင်နိုင်သည်။ အစိမ်းရောင်နှင့် အဖြူရောင်ယာဉ် အချက်အလက် ဆိုင်းဘုတ်က ဤနေရာတွင် ဘတ်စ်ကားတစ်စီးသာဖြတ်သွားကြောင်း ညွှန်ပြနေသည်။ ထို့အပြင် ဘော်စတွန်ပန်းပင်များနှင့် ခရမ်းနုရောင်ပန်းနွယ်ပင်များကြောင့် ၎င်းကို သေချာမမြင်ရဖြစ်နေသည်။ 

စုန့်ရန် နားမလည်နိုင်သောကြောင့် တအံ့တဩဖြင့် မေးလိုက်သည်။ 

" ကားမှတ်တိုင်လေးတစ်ခုတော့ရှိတယ် ဘာလို့လဲ..."

ဟယ်ကျစ်ယွမ်က တစ်စုံတစ်ခုကို ဂရုတစိုက် တွေးတောနေသကဲ့သို့ သုံး လေးစက္ကန့်ခန့် ငြိမ်သက်သွားသည်။ သူ ပြုလုပ်မိလုဆဲဆဲဖြစ်နေသည့် ဆုံးဖြတ်ချက်က အလွန်‌အရေးကြီးလှသည်ဖြစ်ရာ သူ စကားမပြောမီတွင် ၎င်း၏ ကောင်းကျိုးဆိုးကျိုးများကို ထပ်ခါတလဲလဲ တွေးတောနေသည်။ နောက်ဆုံးတွင် စိတ်ကို ခိုင်မာစွာဆုံးဖြတ်လိုက်ပြီး

လေးနက်စွာပြောလိုက်သည်။

" စုန့်ရန်... အဲ့နေရာမှာပဲနေပြီး လုံးဝမလှုပ်နဲ့နော်... ဘတ်စ်ကားမှတ်တိုင်ကိုကြည့်ပြီး တစ် ကနေ စရေတွက်နေ..."

စုန့်ရန် ချက်ချင်း ရပ်တန့်သွားတော့သည်။ 

သူ၏ ပျော်ရွှင်ဝမ်းမြောက်မှုများ တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားကာ ဘတ်စ်ကားမှတ်တိုင်ကိုကြည့်ပြီး လက်ချောင်းများကို တင်းတင်းဆုပ်ထားမိပြီး မျက်နှာက ငြှိုးငယ်သွားသည်။ သူ့တစ်ကိုယ်လုံးကို ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခေါင်းမှစ၍ ‌ရိုးတွင်းခြင်ဆီထဲအထိ အေးစက်မှုများစိမ့်ဝင်သွားသည်။ အလွန်အေးစက်လွန်း၍ တစ်ကိုယ်လုံးတုန်ယင်လာမိသည်။ 

" မရဘူး... ကျွန်တော် မလုပ်နိုင်ဘူး... အဲ့လိုမလုပ်ခိုင်းပါနဲ့..."

သူ့ခေါင်းကို ခါယမ်းလိုက်ပြီး နှုတ်ခမ်းများတုန်ယင်လျက် ရေရွတ်လာသည်။ 

" လူကြီးမင်းဟယ်... ကျွန်... ကျွန်တော် မလုပ်နိုင်ဘူး..."

သူ့လည်ချောင်းမှ တစ်လုံးပြီး တစ်လုံး ထွက်လာသည့် စကားလုံးများက ပြင်းထန်စွာ တုန်ခါသွားပြီး ကွဲကြေသွားပုံရသည်။

ဟယ်ကျစ်ယွမ်က ရင်ထဲတွင် စူးခနဲနာကျင်သွားသည်ကိုတောင့်ခံပြီး သူ့ကိုမေးလိုက်သည်။ 

" မင်း ကိုယ့်ကို မတွေ့ချင်ဘူးလား..."

စုန့်ရန် ထပ်ခါထပ်ခါ ခေါင်းခါလိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

" ကျွန်တော် ခင်ဗျားကို တွေ့ချင်တာပေါ့... အရမ်း အရမ်းကို တွေ့ချင်တာ ဒါပေမဲ့..."

ဒါပေမဲ့ ကျွန်တော့်ကို အတင်းဖိအားမပေးလို့ မရဘူးလား... ခင်ဗျားအပေါ်ထားတဲ့ ကျွန်တော့်ခံစားချက်တွေကို ဓားစာခံလုပ်ပြီး စိတ်မချမ်းသာစရာကောင်းတဲ့ ကိစ္စတွေကို အတင်းမလုပ်ခိုင်းပါနဲ့လား...

လူကြီးမင်းဟယ် ဒီ ဘတ်စ်ကားမှတ်တိုင်လေးကိုကြည့်လိုက်ပါဦး... ဒီလောက် လူသူအရောက်အပေါက်နည်းပြီး ခေါင်တဲ့နေရာမှာရှိနေတာ လူတွေကလည်း မေ့ကုန်လောက်ပါပြီ...

ဘတ်စ်ကားကလည်း လာမှာမဟုတ်ဘူး...

ဘယ်တော့မှ လာမှာ မဟုတ်တော့ဘူး...

............

၁၆ရက်မြောက်နေ့ ညနေ ၃နာရီ ၄၅မိနစ် 🖌️

စုန့်ရန် ဤလမ်းပေါ်တွင် တစ်စက္ကန့်မှ မနေချင်တော့ပေ။ 

သူ အနောက်ဆုတ်ပြီး လမ်းထောင့်ကိုသာ ပြန်သွားချင်နေသည်။ ထိုနေရာတွင် ပျော်ရွှင်စရာကောင်းသည့်အသံများဖြင့်ပြည့်နေသည့် သူငယ်တန်းကျောင်းရှိပြီး သူနှင့်လူကြီးမင်းဟယ်က နဂိုမူလက ထိုနေရာတွင် တွေ့ဆုံကြရန် သဘောတူညီထားခဲ့ခြင်းဖြစ်သည်။ သူ အနောက်ကို ပြန်ပြေးသွားပြီး မျက်လုံးမှိတ်ထားကာ အချိန် လေးနာရီ ရောက်သည်ကို စောင့်နေလိုက်ပါက လူကြီးမင်းဟယ်က သူနှင့် ကတိပေးထားသည့်အတိုင်း ထိုနေရာတွင် ပေါ်လာမည်ဖြစ်သည်။ 

လူကြီးမင်းဟယ်က သူ့ကို သနားသွား၍ အတင်းအကြပ် 'စိန်ခေါ်မှု' ပြုလုပ်ရန် အဆုံးထိ တွေးထားပုံပေါ်သည်။ 

သူ့အကြံကို ခန့်မှန်းမိသော ဟယ်ကျစ်ယွမ်က ချက်ချင်းပြောလိုက်သည်။

" ဒါလင် မကြောက်ပါနဲ့... အခု မကြောက်နဲ့နော်... ကိုယ်က မင်းအဖေနဲ့မတူပါဘူး... ကိုယ်က သူမဟုတ်ဘူးလေ... ကိုယ် မင်းနဲ့ထားထားတဲ့ကတိကို သေချာ‌ပေါက်တည်မှာပါ... ကောင်းကင်ကြီး ပြိုကျသွားမယ်ဆိုရင်တောင် ကိုယ် သေချာပေါက် ရောက်လာမှာပါ... ကျေးဇူးပြုပြီး ကိုယ့်ကို ဒီတစ်ကြိမ်ပဲ ယုံပေးပါ... အဲ့နေရာမှာရပ်နေပြီး ကိုယ့်ကိုစောင့်နေနော် ဟုတ်ပြီလား..."

သူ့လေသံက နူးညံ့ညင်သာသော်လည်း ခိုင်မာမှုများရှိနေ၍ စုန့်ရန်၏ ‌ခြေလှမ်းများ ရပ်တန့်သွားမိသည်။ အုတ်ခဲပေါ်တွက် သံတစ်ချောင်းရိုက်နှက်လိုက်သည့်သဖွယ် နောက်ပြန်မဆုတ်တော့သော်လည်း ရှေ့သို့ ဆက်မတိုးရဲတော့ပေ။

" လူကြီးမင်းဟယ် ကျွန်တော် တကယ်မလုပ်နိုင်ဘူး..."

စုန့်ရန်က ခေါင်းငိုက်စိုက်ကျသွားပြီး ငိုရှိုက်သံတိုးတိုးဖြင့် ရေရွတ်ပြောလိုက်သည်။ 

သူ ကြောက်ရွံ့သည့်အရာက များပြားလွန်းသည်။ လူကြီးမင်းဟယ်က သူ့ကို သဘောမကျတော့မည်ကို ကြောက်ရွံ့ရုံသာမက တစ်ဖက်လူကိုတွေ့ရန် စောင့်ဆိုင်းနေစဉ် ကြုံတွေ့ရသည့် အခက်အခဲများအကြားမှ ဤနေရာတွင် နောက်တစ်ကြိမ် ရောဂါဟောင်းပြန်ဖြစ်လာမည်ကို ကြောက်သည်။ ရှုပ်ထွေးလိမ်ယှက်နေသော ရုပ်စုံမှန်ပြောင်းထဲပိတ်မိကာ ပြန်မထွက်လာနိုင်သကဲ့သို့ ထိုနံပါတ်များကို အဆုံးမရှိ ရေတွက်နေခြင်းဖြင့် သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ကမောက်ကမဖြစ်သွားစေနိုင်ကာ သူ့ကို တစ်ကြိမ်လုံးသဘောကျခဲ့သော ပုပုလေးကလည်း ကြောက်လန့်သွားနိုင်ပေသည်။ 

Xxxxxxxx