အပိုင်း ၆၅
Viewers 9k

Chapter 65

စုန့်ရန်က ဤနေ့ကို စောင့်မျှော်နေခဲ့သည်မှာ အလွန်ကြာပြီဖြစ်သည်။ ယနေ့က သူ့ဘဝတစ်ခုလုံးတွင် မြတ်နိုးတန်ဖိုးထားရမည့် အလှပဆုံးမှတ်ဉာဏ်တစ်ခု ဖြစ်နေ၍ သူ့လက်ဖြင့်ကိုယ်တိုင် မဖျက်ဆီးပစ်ချင်ပေ။ 

သူ့ကို ပို၍ ကြောက်လန့်စေခဲ့သည်က ထိန်းမနိုင်သိမ်းမရ အဓိပ္ပါယ်မဲ့သော အတွေးတစ်ခုဖြစ်သည်။ 

သူ ရေတွက်နေတုန်း တော်တော်လေး ကံဆိုးတဲ့ နံပါတ်တစ်ခုကို မတော်တဆထိမိပြီး ကောင်းကင်ဘုံကနေ ကံဆိုးမှုတွေ ယူလာမယ်ဆိုရင် အိမ်မက်ဆိုးတွေက နောက်တစ်ကြိမ် ပြန်ဖြစ်လာမှာလား... သူနဲ့တွေ့ဖို့ ချိန်းထားခဲ့တဲ့ လူကြီးမင်းဟယ်ကရော ရုတ်တရက်ကြီး ပျောက်သွားပြီးတော့ သူ့ရှေ့မှာ တစ်သက်လုံးပေါ်မလာတော့ပဲ ဖုန်းနဲ့ပါ အဆက်အသွယ်မလုပ်နိုင်တော့ရင်ရော...

ဒါဆိုရင် သူ ဘာလုပ်ရမလဲ...

ဤဖြစ်နိုင်ချေကို တွေးမိသည့်အခါ စုန့်ရန်၏ရင်ထဲတွင် ဆို့နင့်သွားသည်။ မြေပြင်ပေါ်သို့ ဖြာကျနေသည့် နေရောင်ခြည်က တစ်ယောက်ယောက်က ဖန်တီးထားသည့် ဖန်ကွဲစများအဖြစ် ပြောင်းလဲသွားပြီး သူ့နှလုံးသားကို ထိုးစိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။ 

" လူ... လူကြီးမင်းဟယ်... ကျွန်တော်တို့ ကျောင်းဝင်ပေါက်မှာပဲ တွေ့လို့ရမလား... "

စုန့်ရန်က တောင်းပန်နေသည်။ 

" ကျွန်တော် ခင်ဗျားကိုတွေ့ချင်တယ်... ကျွန်တော် ခင်‌ဗျားကို အခုပဲ တွေ့ချင်တယ် ... ကျွန်တော့်ကို မနောက်ပါနဲ့တော့.. ပုန်းမနေပဲနဲ့ အမြန်ထွက်လာခဲ့ပါ..."

လူသူကင်းမဲ့နေသည့်လမ်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ နီရဲလာကာ နောက်ဆုံးစကားတစ်ခွန်းမှ ငိုရှိုက်သံကို ဖုံးကွယ်ထားရန် အော်ပြောလိုက်သည်။ 

ဟယ်ကျစ်ယွမ်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။ 

" ဒါလင်... ကိုယ်က ဘတ်စ်ကားစောင့်နေတာ..."

စုန့်ရန် : " ဘတ်စ်... ဘတ်စ်ကား စောင့်နေတာလား..."

" ဟုတ်တယ်..."

ဟယ်ကျစ်ယွမ်က လက်တစ်ဖက်ကိုမြှောက်ပြီး နာရီကြည့်လိုက်သည်။ သူ့လေသံက ကြောင်လေးတစ်ကောင်ကို ချော့မြူနေသကဲ့သို့ နူးညံ့ညင်သာနေသည်။ 

" ကိုယ် မင်းနဲ့ အရမ်းနီးနေပါပြီ... လမ်းသုံးလမ်းနဲ့ လမ်းဆုံနှစ်ခုပဲ ဝေးတော့တာ... ကိုယ်လည်း မင်းကို တတ်နိုင်သမျှ အမြန်ဆုံးတွေ့ချင်နေပါပြီ... ကိုယ် အဲဒီနေရာကို ပျံလာလို့ရရင်ကောင်းမှာပဲ... ဒါပေမဲ့ ကံဆိုးတာက ကိုယ့်မှာ အတောင်ပံတွေ ရှိ‌မနေဘူး...ကြည့်ရတာ လောလောဆယ် အမြန်ဆုံးရောက်အောင်လာလို့ရတဲ့နည်းလမ်းက ဘတ်စ်ကားတစ်မျိုးပဲရှိတယ်... နောက် ကားတစ်စီးရောက်လာဖို့ တစ်မိနစ်ပဲ လိုတော့တယ်... အာ ကားလာနေတာကို ကိုယ်မြင်နေရပြီ... ကိုယ့်ကို အဲ့ကားပေါ် တက်လာစေချင်လား..."

စုန့်ရန်၏ အမူအရာက တွေဝေမိန်းမောနေပုံပေါ်သည်။

" အင်း..."

" ဒါဆိုရင် မင်း ကိုယ့်ကို အဲ့နေရာမှာ စောင့်နေချင်လား..."

" ကျွန်... ကျွန်တော် စောင့်နေပါ့မယ်..."

စုန့်ရန်က အသိစိတ်ပြန်ဝင်လာပြီး တောက်ပနေသည့်မျက်ဝန်များဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ကာ အသက်ရှုသံများလည်း မြန်ဆန်လာသည်။

" လူကြီးမင်းဟယ် ကျွန်တော် နံပါတ်တွေ ရေနေပါ့မယ်...အခုစပြီး ရေနေလိုက်မယ် အဲဒါကြောင့်မို့ မြန်မြန်လာပါနော်... အဲ့ဘတ်စ်ကားနဲ့ မလွဲသွားစေနဲ့..."

" ‌ကောင်းပါပြီ ကျိန်းသေပေါက် မလွဲသွားစေရဘူး..."

ဟယ်ကျစ်ယွမ်က အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ 

ခရမ်းနုရောင်ပဲနွယ်ပင်များဖြင့် ရှုပ်ထွေးနေသည့် ဘတ်ကားမှတ်တိုင်ငယ်လေးက တစ်နာရီအကြာတွင် တစ်ကြိမ်ရောက်ရှိလာမည့် ခရီးသည်များကို စောင့်ဆိုင်းနေသည်။

စုန့်ရန်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီးနောက် အဆုံးသတ်ကို မမြင်ရသည့် လမ်းရှည်ကြီးကိုကြည့်ပြီး အမည်မသိအရာတစ်ခုကို ကြောက်ရွံ့မနေတော့ပေ။ သူ့ နှလုံးသားထဲတွင် နွေးထွေးမှုများဖြင့် တဖြည်းဖြည်းပြည့်လာသည်။ သူ သတ္တိမွေးပြီး‌ တိတ်ဆိတ်စွာဖြင့် စတင်ရေတွက်တော့သည်။ 

" တစ် နှစ် သုံး လေး..."

သူ့အနောက်ဘက်တွင် ‌စက်ဘီးအဟောင်းတစ်စီးကို နင်းလာသည့် လူအိုကြီးတစ်ယောက်က စုန့်ရန်ကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။ လူအိုကြီး ဖြတ်သွားချိန်တွင် ထိုနေရာတွင် ရပ်နေသည့်လူငယ်လေးကို အထူးအဆန်းသဖွယ်ကြည့်လိုက်သည်။ ထို့နောက် စက်ဘီးကိုကွေ့လိုက်ပြီး လမ်းထောင့်၌ ပျောက်ကွယ်သွားသည်။ 

" တစ်ဆယ် ဆယ့်တစ် ဆယ့်နှစ်..."

လမ်းမျက်နှာစာရှိ အပ်ချုပ်ဆိုင်ပိုင်ရှင်က ထွက်လာပြီး သစ်ပင်များအောက်တွင် ချထားသော ဝါးခုံတန်းလျားကို ဖယ်လိုက်သည်။ သူမက ခေါင်းမော့၍ စုန့်ရန်ကို လှမ်းကြည့်လိုက်သော်လည်း သူ ဘာလုပ်နေသည်ကို မမြင်ရ၍ ခဏကြည့်နေပြီးနောက် အထဲ ပြန်ဝင်သွားသည်။

" ဆယ့်ရှစ် ဆယ့်ကိုး နှစ်ဆယ်..."

သစ်ပင်ကြီးမှ သစ်ကိုင်းတစ်ခုကို စုန့်ရန် ဖြတ်ကျော်သွားသည်။ သူ့ဖုန်းက်ို ကိုင်ပြီး အဝေးသို့လှမ်းကြည့်လိုက်ကာ သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်းတိုးလာသည်။ 

" နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ်..."

သူ ဘာလို့ ရောက်မလာသေးတာလဲ...

ပတ်ဝန်းကျင်ကလည်း ဝမ်းနည်းစရာကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ သစ်ရွက်များက လုံးဝမလှုပ်ရှားပဲ အချိန်ကလည်း ရပ်တန့်နေကာ လေပွေများကလည်း ဤလမ်းကိုတိုက်ခတ်ရန် မေ့လျော့နေပုံရသည်။ 

" သုံးဆယ့်လေး သုံးဆယ့်ငါး သုံးဆယ့်ခြောက်..."

ရုတ်ချည်းရိုက်ခတ်လာသော လေပွေတစ်ချက်ကြောင့် ငြိမ်သက်နေသည့်လမ်းမထက်တွင် ဝှစ်ခနဲဖြစ်သွားပြီး အဝေးမှ သစ်ပင်များကိုပါ ယိမ်းနွဲ့သွားစေသည်။ ‌အောက်ဘက်သို့ ဖြာကျနေသည့် တောက်ပသော နေရောင်ခြည်ကြောင့် လမ်းမရှည်ကြီး၏အဆုံးတွင် ပေါ်လာသော ဘတ်စ်ကားတစ်စီးကို စုန့်ရန် ဝိုးတဝါးမြင်လိုက်ရသည်။ 

သူ ရောက်လာပြီပဲ...

သူ့နှလုံးသားထဲတွင် အော်ဟစ်လိုက်မိသော်လည်း အမူအရာက လုံးဝမပြောင်းလဲပေ။ ဘတ်စ်ကားကို အာရုံစိုက်၍ကြည့်နေလိုက်သည်။ သူ၏ စိုးရိမ်စိတ်များ မြင့်တက်လာမှုကြောင့် ပါးစပ်အနည်းငယ်ဟထားမိပြီး ဆက်လက်မရေတွက်နိုင်တော့ပေ။ 

ဘတ်စ်ကားက စုန့်ရန်ရှိရာဘက်သို့ တဖြည်းဖြည်းမောင်းနှင်လာစဉ်တွင် သူ၏ အသွင်အပြင်က ဝိုးတဝါးဖြစ်နေရာမှ သိသာထင်ရှားလာသည်။ ဘတ်စ်ကား၏အရှေ့ဘက်က လေးထောင့်ကျကျဖြစ်ပြီး အစိမ်းရောင်ဒစ်ဂျစ်တယ်မီးရောင်က တောက်ပနေသည်။

လမ်းကြောင်း ၄၁...

ကားက အလွန်နှေးကွေးစွာ မောင်းနှင်လာသည်။ စုန့်ရန်၏ မျက်လုံးထဲတွင်မူ ၎င်းက တွားသွားနေသောခရု သို့မဟုတ် ၎င်း၏ ဘီးလေးဘီးလုံးက မညီမညာသော ရွှံနွံထဲ ပြုတ်ကျသွားသည်နှင့် တူနေသည်။ အချိန်အတော်အတန်ကြာပြီးသည့်နောက်တွင်လည်း ၎င်းက အကွာအဝေး၏ တစ်ဝက်ကိုသာ ရောက်သေးသည်။ ထပ်မံမစောင့်ဆိုင်းနိုင်တော့သည့်းစုန့်ရန်က အရူးတစ်‌ယောက်ကဲ့သို့ ပြေးသွားပြီး လမ်းတစ်ဖက်မှ လူကူမျဉ်းကြားတွင် ရပ်လိုက်သည်။ 

‌ဘတ်စ်ကားပေါ်မှ ကြေညာသံနှင့်အတူ လမ်းကြောင်း ၄၁ ကားက ဘတ်စ်ကားမှတ်တိုင်လေးရှေ့တွင် ရပ်တန့်သွားခဲ့သည်။ 

စုန့်ရန်က ဘတ်စ်ကား၏တံခါးကိုစိုက်ကြည့်နေသည်မှာ မျက်လုံးများ ပြုတ်ထွက်မတတ်ဖြစ်နေသည်။ 

လူကြီးမင်းဟယ် ခင်ဗျား အထဲမှာ ပါလာတာလား... ခင်ဗျား အဆုံးမဲ့တဲ့အချိန်တွေကို ဖြတ်ကျော်ပြီးတော့ ဒီတံခါးက ထွက်လာမှာလား...

ဘတ်စ်ကားတံခါးပွင့်သွားပြီး ခရီးသည်တစ်ယောက်တည်းကသာ မှတ်တိုင်တွင် ဆင်းလာသည်။ ကားက နှောင့်နှေးခြင်းမရှိပဲ အလွန် လျင်မြန်စွာ မောင်းထွက်သွားသည်။

ဆင်းလာသည်က အရပ်ရှည်ရှည် ခါးမတ်မတ်နှင့် လူတစ်ယောက်ဖြစ်သည်။ 

အနက်ရောင်ရှပ်အင်္ကျီ၊ မီးခိုးရောင် နက်ကတိုင်နှင့် ကုတ်အင်္ကျီကော်လံမှ ငွေရောင်ညှပ်ကလစ်က နေရောင်ခြည်အောက်တွင် ရောက်ပြန်ဟပ်နေသည်။

သူက လမ်းဘေးနားသို့ အေးအေးလူလူလျှောက်လာပြီး စုန့်ရန်ကို မျက်နှာချင်းဆိုင်လိုက်ကာ လက်နှစ်ဖက်ကို ကျယ်ကျယ်ဆန့်ထားလိုက်ပြီး ပြုံးပြကာ အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။

" ဒါလင် ကိုယ့်ဆီလာပါဦး..."

ထိုစကားများထွက်ပေါ်လာသည်နှင့် လမ်းဖြတ်ကူးလာသည့်လူငယ်လေးက ပျံသန်းသွားသည့် မြှားတစ်စင်းသဖွယ် ဟယ်ကျစ်ယွမ်၏ရင်ခွင်ထဲ ပြေးဝင်လိုက်သည်။ 

စုန့်ရန်က အရပ် ၁.၇၈မီတာရှည်ပြီး ကိုယ်အလေးချိန် ကီလို ၇၀ရှိသူဖြစ်ကာ ကြွက်သားအနည်းငယ်လည်းရှိသူဖြစ်သည်။ သူ အရှိန်ဖြင့် ပြေးဝင်လာသောကြောင့် ဟယ်ကျစ်ယွမ်က လူငယ်လေး၏အားကို မထိန်းနိုင်ဖြစ်သွားကာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားပြီး လက်ဖက်ရည်ဆိုင် ပြတင်းပေါက်နှင့် တိုက်မိသွားသည်။

ဒေါက်ခနဲအသံနှင့်အတူ ပြတင်းပေါက်ဘောင်က လှုပ်ခါသွားပြီး ပြတင်းပေါက်အပေါ်မှ ခရမ်းနုရောင်ပဲနွယ်ပင်များက ပန်းပွင့်မိုးများသဖွယ် သူတို့အပေါ် ရွာကျလာသည်။

" လူကြီးမင်းဟယ်..."

စုန့်ရန်က အခြားအရာများကို ဂရုမစိုက်တော့ပဲ ဟယ်ကျစ်ယွမ်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့်ရစ်ပတ်ပြီး တင်းကြပ်စွာဖက်ထားလိုက်သည်မှာ တစ်လက်မခန့်ပင် မခွာချင်တော့သည့်ပုံ ဖြစ်နေသည်။ 

စုန့်ရန်၏ ကလေးဆန်ဆန် တစ်ဇွတ်ထိုးအပြုအမူကို သဘောကျသွားမိ၍ ဟယ်ကျစ်ယွမ်က သူ့ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်ပြီး အဝတ်အစားနှင့် ဆံပင်များပေါ်မှ ပွင့်ဖတ်လေးများကို ဖယ်ပေးပြီး ငြင်သာစွာပြောလိုက်သည်။ 

" ကိုယ်ရောက်လာပြီလေ... ကိုယ်ရောက်လာပြီဆိုတော့ ဘာမှမဖြစ်တော့ပါဘူး... အခုပဲ မင်းကိုကြိုဖို့ရောက်လာပြီ မဟုတ်ဘူးလား..."

" အင်း အင်း အင်း..."

စုန့်ရန်က အားပါးတရခေါင်းငြိမ့်ပြလိုက်ပြီး ရုတ်တရက် သူ့ခံစားချက်များကို မထိန်းချုပ်နိုင်ဖြစ်သွားသည်။ နှာတရှုံ့ရှုံ့ဖြင့် ဟယ်ကျစ်ယွမ်၏ပခုံးကိုမှီ၍ ငိုရှိုက်နေကာ သူ့မျက်ဝန်းထဲမှကျလာသည့် မျက်ရည်စက်များက ရှပ်အင်္ကျီပေါ်တွင် ရေကွက်ငယ်လေးတစ်ခု ဖြစ်သွားစေသည်။ 

ဟယ်ကျစ်ယွမ်က သူ့ကျောပြင်ကို အထပ်ထပ်အခါခါ ငြင်သာစွာပုတ်ပေးလိုက်ပြီး စုန့်ရန်၏ မခံမရပ်နိုင်ဖြစ်မှုများကို သူ၏ပွေ့ဖက်မှုဖြင့် လက်ခံလိုက်သည်။ 

စုန့်ရန်က ဟယ်ကျစ်ယွမ်၏လည်ပင်းတွင် မျက်နှာအပ်ထားပြီး ခန္ဓာကိုယ်ကိုလည်း တစ်ဖက်လူအပေါ်တွင် မှီထားသည်မှာ သူ့အသွေးအသားများကပါ နစ်ဝင်သွားမတတ် ဖြစ်နေသည်။

" လူကြီးမင်းဟယ်..."

သူက တောင့်တင်းနေသည့်အသံဖြင့် ထပ်ခေါ်လိုက်သည်။

" ဒါလင် ကိုယ်ဒီမှာရှိတယ်လေ..."

တုံ့ပြန်မှုက ချက်ချင်းလက်ငင်းဖြစ်သည်။ 

စုန့်ရန်၏နှလုံးသားက အခွံမရှိသည့် ခရုတစ်ကောင်သဖွယ် နူးညံ့သွားပြီး သူ့ကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ 

သူ့ကို တစ်စုံတစ်ယောက်က နောက်ဆုံးအကြိမ် ပွေ့ဖက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ညအချိန် ရာသီဥတုအေးစက်နေပါကလည်း သူ့မှတ်ဉာဏ်ထဲတွင် ရှိနေဆဲဖြစ်သည့် နွေးထွေးမှုများကို တောင့်တပြီး သူ့ကိုယ်သူသာ ဖက်ထားရသည်။ အပူချိန်ထုတ်လွတ်ပေးသည့် အရေပြားအချင်းချင်းတိုက်ရိုက်ပူးကပ်နေကာ ၊ မျက်နှာပြင်အောက်တွင် တဒိတ်ဒိတ်ခုန်နေသည့် နှလုံးသားများ၊ ရနံ့များ ရောယှက်နေခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အားကိုးခြင်းတို့က သူ အလိုရှိခဲ့သည့်အရာများဖြစ်သည်။ 

သို့ရာတွင် နောက်ဆုံး၌ ၎င်းတို့က မှတ်ဉာဏ်များသာဖြစ်ပြီး စစ်မှန်သည့် နွေးထွေးမှုကို မပေးစွမ်းနိုင်ပေ။ 

သူ ပို၍ တောင့်တလေ ပို၍အေးစက်စက် ဖြစ်လာလေပင်။ သူ့အရေပြား၏ လက်မတိုင်းက အပေါက်ဖြစ်သွားပြီး ထောင်နှင့်ချီသောပုရွက်ဆိတ်များ သူ့ကိုယ်ပေါ် တက်လာသကဲ့သို့ ယားကျိကျိဖြစ်နေမိသည်။ 

ယနေ့တွင်မူ နောက်ဆုံး၌ သူက ရင့်ကျက်ပြီးသားအမျိုးသားတစ်ယောက်၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရသည်။ တစ်ဖက်လူက သူ့ထက်ပိုအရပ်ရှည်ကာ ပိုမိုသန်မာပြီး လက်မောင်းနှင့် ရင်အုပ်ကြွက်သားများက တောင့်တင်းခိုင်မာပြီး တွန်းထုတ်၍ မရနိုင်သည့် နံရံသဖွယ်ဖြစ်နေကာ အမျိုးသားဟော်မုန်းနံ့များက အလွန်သန်စွမ်းလွန်း၍ စိတ်လုံခြုံမှုကို လုံလုံလောက်လောက် ပေးနိုင်ပေသည်။ 

ငယ်ရွယ်နုနယ်သောကလေးတစ်ယောက်ကို ဖခင်တစ်ယောက်က ကာကွယ်ပေးထားသည်နှင့်ပင် အလားသဏ္ဍာန်တူနေသည်။

စုန့်ရန်က အက်ကွဲလာသည့် အသံတစ်သံကို ကြားလိုက်ရသည်။ 'တည်ကြည်ခိုင်မာမှု' ဟု အမည်ပေးထားသည့် သူ့နှလုံးသားထဲမှ အကာအကွယ်ခွံက အက်ကွဲသွားသည်။ လူငယ်လေးက ခေါင်းမော့လိုက်ပြီး သူ့အသိစိတ်များကို တစ်စုံတစ်ယောက်က ယူဆောင်သွားသကဲ့သို့ ဟယ်ကျစ်ယွမ်ကို မဝံ့မရဲဖက်ထားလိုက်ပြီး ငိုရှိုက်လျက် "ဖေဖေ" ဟု ခေါ်လိုက်မိသည်။ 

ဖေဖေ...  

ထိုအသံလေးက အလွန်နူးညံ့ပြီး တိုးညှင်းလှသော်လည်း ဟယ်ကျစ်ယွမ်က ရှင်းလင်းပီသစွာကြားလိုက်သည်။ 

သူ့နှလုံးသားထဲတွင် မနာကျင်ပဲ မနေနိုင်တော့ပေ။ 

" ဒါလင် အခုအားလုံးအဆင်ပြေသွားပါပြီ... ဖေဖေက မင်းနဲ့အတူရှိနေပြီလေ..."

သူ စုန့်ရန်ကို တင်းကြပ်စွာဖက်ထားလိုက်ပြီး ပူပြင်းလှသည့်လည်တိုင်ကို နမ်းလိုက်သည်။

" လိမ္မာတဲ့ကောင်လေး... မကြောက်ပါနဲ့တော့... ဖေဖေ မင်းနဲ့အတူရှိနေပြီလေ ကြောက်စရာမလိုတော့ပါဘူး..."

တစ်စုံတစ်ယောက်က လက်ဖက်ရည်ဆိုင်တံခါး၏လိုက်ကာကို မ'တင်လိုက်သည်။ ထိုလူက အစောပိုင်းတွင် မှန်တံခါးကွဲလုနီးပါးဖြစ်သွားခဲ့သည့် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရ၍ အခြေအနေကို စစ်ဆေးရန် အပြင်ထွက်ကြည့်သော ဆိုင်အကူဖြစ်သည်။ သူအပြင်ထွက်ထွက်လာချင်း ပြတင်းပေါက်ရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် ဖက်နေကြသည့် အမျိုးသားနှစ်ယောက်ကို မြင်သည့်အခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ 

လူတစ်ယောက်၏မျက်နှာကို မြင်သည့်အခါ ထိုလူက တအံ့တဩဖြစ်သွားသည်။

" မစ္စတာဟယ်လား..."

ဟယ်ကျစ်ယွမ်က ဤဆိုင်၏ ပုံမှန်ဖောက်သည်ဖြစ်သည့်အပြင် သူတို့၏ မျက်နှာမှတ်သားမှုစနစ်မှတစ်ဆင့် ငွေတောင်းခံလွှာကို မကြာခဏ ရှင်းပေးလေ့ရှိသောကြောင့် ဆိုင်အကူတစ်ဦးစီတိုင်းက သူ့ကို သိကြသည်။

ဟယ်ကျစ်ယွမ်၏ မျက်လုံးများက 'မနှောင့်ယှက်နဲ့'ဟူသော အမူအရာဖြင့် အချက်ပြလိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထိုလူ၏ အသံကြောင့်လန့်သွားသောစုန့်ရန်က ဟယ်ကျစ်ယွမ်ကို အလိုလိုတွန်းပစ်လိုက်ပြီး ‌ထိတ်ထိတ်ပျာပျာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ ဆိုင်အကူကို ယန်မျက်လုံးသဖွယ်နီရဲနေသည့် မျက်ဝန်းများဖြင့် အံ့ဩမှင်သက်စွာကြည့်ပြီး လက်ချောင်းများက ဘောင်းဘီစကို တင်းတင်းဆုပ်ကိုင်ထားသည်။

" ကျွန်... ကျွန်တော်တောင်းပန်ပါတယ် မစ္စတာဟယ်... နောက်တစ်ခါလာရင် ၃၀% ဈေးလျှော့ပေးပါ့မယ်..."

ဆိုင်အကူက ဦးညွတ်အရိုအသေပြုလိုက်ပြီး ကတိုက်ကရိုက်ဖြင့် ပြန်လှည့်သွားကာ ဆိုင်ထဲ ပြေးဝင်သွားတော့သည်။ 

အစောပိုင်းတွင် စုန့်ရန်က သူ့ကိုသူပင် မသိလိုက်ပဲ "ဖေဖေ" ဟု ခေါ်လိုက်မိခဲ့သည်။ ယခုချိန်၌ အသိစိတ်ပြန်ကပ်လာသည့်အခါ သူ၏အရှက်မဲ့မှုကြောင့် အလွန်အမင်းရှက်ရွံ့သွားပြီး ခေါင်းငုံ့ထားကာ ဟယ်ကျစ်ယွမ်ကို မျက်လုံးချင်းဆုံ၍ မကြည့်ရဲတော့ပေ။

" စုန့်ရန်..."

ဟယ်ကျစ်ယွမ်က သူ့လက်ကိုကိုင်ချင်၍ ရှေ့တိုးလာသော်လည်း သူက ဆတ်ခနဲ နောက်တစ်လှမ်းဆုတ်လိုက်သည်။ 

သူ့နောက်တွင် ဘတ်စ်ကားဂိတ်လေးရှိသည်။ သုံးလှမ်းခန့်နောက်ဆုတ်ပြီးချိန်တွင် သူ့ကျောပြင်ကို ရေခဲတမျှအေးစက်သော မှန်နံရံနှင့်ထိသွား၍ နောက်ဆုတ်ရန် နေရာမရှိတော့ပေ။ 

သူတော့ သွားပြီပဲ...

စုန့်ရန်က ခေါင်းငုံ့ထားပြီး အလွန်အမင်းဈေးကြီးဟန်ရသည့် လည်သာဖိနပ်တစ်ရံနှင့်အတူ သူ့ထက်သိသိသာသာရှည်သော ခြေတံရှည်နှစ်ချောင်းက သူ့ထံသို့ ချဉ်းကပ်လာသည်ကို ကြည့်နေသည်။ ဟယ်ကျစ်ယွမ်က လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး စုန့်ရန်၏ အားကစားဖိနပ်ကို သူ့ဖိနပ်ထိပ်ဖြင့် ခပ်ဖွဖွထိကာ နွေးထွေးသောလေတစ်ရှိုက်စာကို တစ်ဖက်လူ၏ နှဖူးပေါ်သို့ မှုတ်ထုတ်လိုက်သည်။

" မင်း ဘာလို့ ပုန်းနေတာလဲ..."

" ကျွန်တော် မပုန်းပါဘူး..."

ဟယ်ကျစ်ယွမ် ရယ်လိုက်မိသည်။

" မပုန်းဘူး‌ဆိုရင် ကိုယ့်ကို မင်းနှဖူးလေးကို ပြဦးလေ..."

Xxxxxxxx