အပိုင်း ၉
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၉

 

 

 

ထန်ယွဲ့က ချစ်စရာကောင်းပြီး ဖော်ရွေတဲ့ ပုံစံရှိတာမို့ မစ္စတာလင်း လိုချင်သည့် လူရွေးပွဲက ဇာတ်ဝင်တေးရဲ့ ဇာတ်ကောင်ပုံစံနဲ့ မလိုက်ဖက်ပေ။

 

 

စုချန်ယန်က ထန်ယွဲ့ Weibo က အကြောင်းအရာတွေကို လှန်လှောရှာဖွေမိသွားသည်။ သူမက ၂နှစ်ကြာမျှသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး  ဇာတ်ပို့အဖြစ်လည်း တော်တော်များများတွင် ပါဝင်ဖူးသည်။ သူမရဲ့ ထင်ရှားတဲ့ ဇာတ်ကောင်အချို့ကြောင့် သင့်တင့်လျောက်ပတ်တဲ့ ပရိသတ်အရေအတွက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

 

 

စုချန်ယန်လည်း နာမည် မှတ်မိသွားပေမဲ့ weiboမှာ ရှိတဲ့တခြားအကြောင်းအရာတွေကို စိတ်မဝင်စားတာကြောင့် weibo ထဲက ထွက်လိုက်သည်။

 

 

အိပ်ယာပေါ်လှဲပြီး သူမအိတ်ထဲက မစ္စတာလင်းရဲ့ လိပ်စာကဒ်ကို ထုတ်ကြည့်လိုက်သည်။ သူမ ဘာမှမတတ်နိုင်တာကြောင့် သက်ပြင်းချမိသွားသည်။

" အခုကစပြီး ငါစားချင်တာ စားခွင့်မရှိတော့ဘူးလို့ ဆိုလိုချင်တာလား... စုချန်ယန်.. အစားအသောက်ဆိုတာ ဘဝအတွက် မရှိမဖြစ်လေ"

 

 

 ခဏတာမျှ စဉ်းစားချင့်ချိန်ပြီးနောက် စုချန်ယန်က

လိပ်စာကဒ်ပေါ်က ဖုန်းနံပါတ်ကို ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။

 

 

ဖုန်းဝင်ပြီးနောက် စုချန်ယန်က ပြောမပြတတ်အောက် ရင်တွေတုန်နေရင်း  'မစ္စတာလင်းသာ နောင်တရသလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ' ဆိုတာ တွေးမိပြီးခန္ဓာကိုယ်က တောင့်သလိုဖြစ်သွားသည်။

 

 

'တကယ်လို့ သူသာစိတ်ပြောင်းသွားရင် သူ့ရှေ့

ဒူးထောက်ပြီး တောင်းပန်တာက နည်းနည်း အသုံးဝင်လောက်မလား' သူ့အနေနဲ့ သူမ ခက်ခဲအောင်

မလုပ်သင့်ဘူးလေနော်။

 

 

မိနစ်ဝက်လောက်ကြာအောင် ဖုန်းဝင်သွားပြီးနော်

စုချန်ယန် နှလုံးက သူမလည်ပင်းအထိ ရောက်နေပြီး အလုံးကြီးတစ်လုံး တစ်စို့နေသလို ခံစားမိပြီး

ဖုန်းမှ မြည်နေသည့် "beep... beep.."ဆိုသည့်အသံနှင့် သူမအသက်ရှုသံက ထပ်တူကျနေခဲ့သည်။

 

 

' မြန်မြန်ဖုန်းကိုင်ပါတော့...မြန်မြန်ကိုင်ပါတော့...."

 

 

Beep...ဟုတစ်ချက်မြည်ပြီးနောက် ဖုန်းမှ ဝါးတားတားကြီး ထွက်လာပြီးနောက် နူးညံ့ညင်သာသည့် အသံလေး တစ်ခုထွက်လာခဲ့သည်။" ဟယ်လို "

 

 

အသံလေးက စိမ့်စမ်းရေပမာ ချိုမြိန်ပြီး ကြည်နူးဖွယ်ကောင်းသည်။

 

 

စုချန်ယန်က မိနစ်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီး မစ္စတာလင်းက ကပြားတစ်ယောက်ဆိုတာကို စဉ်းစားနေမိသည်။

 

 

'ဒါပေမဲ့ သူ့မှာ ဘာလို့ တရုတ်သံမပေါက်တာလဲ? ထူးဆန်းတယ်'

 

 

ဘာမှပြန်မပြောတာကြာတော့ လင်းယွီလည်း တွေဝေသွားပြီး မေးခဲ့သည်။ " မင်း တစ်ခုခု လိုအပ်တာရှိလို့လား"

 

 

"အို့.."စုချန်ယန်လည်း စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားပြီး ဖြေလိုက်သည်။ "ကျွန်မ စုချန်ယန်ပါ "

 

 

"မိန်းကလေးစု?" လင်းယွီရဲ့ အသံက အနည်းငယ် ရယ်ရိပ်မြူးသည့် အသံ ပေါ်ထွက်လာပြီး ပြောခဲ့သည်။ " မင်း ထပ်စဉ်းစားပြီးပြီဆိုတော့ ဆုံးဖြတ်ပြီးပြီဆိုတဲ့

အကြောင်းကို အကြောင်းကြားဖို့ ဖုန်းဆက်လိုက်တာလား"

 

 

စုချန်ယန် - 'ဘာလို့ ငါ့ကိုလှောင်နေသလို ခံစားမိတာပါလိမ့်? ဟင့်အင်း မဖြစ်နိုင်ဘူး လင်းယွီက အဲ့လိုလူမျိုးလည်း မဟုတ်လောက်ပါဘူး'

 

 

စုချန်ယန်က စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မ ထပ်စဉ်းစားပြီးပါပြီ။ ဒါပေမဲ့ ရှင့်ဘက်က ပြန်စဉ်းစားဖို့ လိုတယ်လို့ထင်တယ်"

 

 

လင်းယွီက တုံ့ဆိုင်းသွားခဲ့ပြီး ပြန်မေးခဲ့သည်။ "ဘာကို စဉ်းစားရမှာလဲ?

 

 

" ကျွန်မ ပြောချင်တာက ရှင်တို့ကုမ္ပဏီရဲ့ ယန်ရှို့ရီနဲ့ကျွန်မနဲ့ကြားက ကိစ္စကြောင့်ပါ"

 

 

စုချန်ယန်က Starlight ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ပြီးရင် လင်းယွီက သူမ ကိစ္စတွေကို ဖြေရှင်းပေးမယ်ဆိုတာ သိပေမယ့် သူမအနေနဲ့ ပိုသေချာအောင် ချက်ချင်း အတည်ပြုလိုသေးသည်။

 

 

"ဪ ဆိုရှယ်မီဒီယာပေါ်က ကောလဟာလအကြောင်းကို ပြောတာလား?"လင်းယွီက ပြန်ဖြေခဲ့သည်။

 

 

"ဟုတ်တယ် ပထမအချက်အနေနဲ့ ၃လလောက် ကားရိုက်နေတုန်း မစ္စတာယန်နဲ့ ကျွန်မ အလုပ်ပြင်မှာ နည်းနည်း အဆက်အသွယ်ရှိခဲ့တယ်။ နောက်တစ်ချက်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်က ကောလဟာလတွေကြောင့် ကောင်းကောင်းကြီး ပြဿနာတက်ပြီး ကျွန်မကို ဝိုင်းနှိပ်ကြတော့တာပဲ"

 

 

"ရှင်းရှင်းပြောရရင် မစ္စတာယန် သူ့ရဲ့အချစ်ရေးအကြောင်းကြေငြာခဲ့တဲ့ လွန်ခဲ့တဲ့၂ပတ်တုန်းက

သူ့ပရိတ်သတ်တစ်ယောက်ရဲ့ တိုက်ခိုက်တာကိုခံရပြီး

ဆေးရုံတက်ရလောက်တဲ့ထိ ခေါင်းကို ထိခိုက်သွားခဲ့တယ်"

 

 

"နောက်နေ့ကျတော့ ကျွန်မနဲ့ ပက်သက်တဲ့အခြေအမြစ်မရှိတဲ့ ကောလဟာလတွေက လိုင်းပေါ်ပြန့်ကုန်ပြီး ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအပေါ်မှာပါ ကြီးကြီးမားမား သက်ရောက်ခဲ့တယ်။ နောက်ဆုံးအချက်က ကျွန်မ ရှင်တို့ကုမ္ပဏီနဲ့ စာချုပ်ချုပ်တယ်ပဲထားပါတော့ ကျွန်မ နာမည်မထိခိုက်အောင် ရှင်တို့အနေနဲ့ မစ္စတာယန်နဲ့ အတူအလုပ်တွဲလုပ်ပြလို့ရနိုင်မလား?"

 

 

အဲ့လိုပြောပြီးနောက်  စုချန်းယန်က အနည်းငယ် ရင်တုန်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ယန်ရှို့ရီကလည်း အဲ့လောက်အဆင့်မနိမ့်ပေ။ ဒီလိုလုပ်လိုက်တာက သူမလည်း ယန်ရှို့ရီဆီက စော်ကားမခံရသလို သူ့အလုပ်ကိစ္စနဲ့လည်း အဆင်ပြေသွားနိုင်သည်။

 

 

စုချန်ယန် ပြောတာတွေကို နားထောင်နေပြီးနောက်

လင်းယွီက ပြန်မပြောခင် အတန်ကြာ နှုန်ဆိတ်နေခဲ့သည်။အဲ့ဒီအတွက် မင်းစိုးရိမ်စရာမလိုပါဘူး။ မင်း ပြောတာသာမှန်ရင်  မင်းကို လိုအပ်သလို နစ်နာကြေးနဲ့ ရှင်းလင်းချက် ထုတ်ပြန်ပေးမယ်။ ဒါပေမဲ့ fanတွေဆီက တိုက်ခိုက်ခံရတာကိုတော့ ရဲကိုအကြောင်းကြားလိုက်ဖို့တော့ ကျွန်တော်အကြံပေးချင်တယ်။ နောက်ထပ်ဖြစ်လာနိုင်ချေတွေလည်း ရှိနေသေးတော့..."

 

 

စုချန်ယန်လည်း စိတ်အေးသလို သက်ပြင်းချလိုက်ပြီး

မစ္စတာလင်းအပေါ် အထင်ကြီးလေးစားမှုတွေက

ပိုတိုးလို့သွားခဲ့သည်။ "ကျေးဇူးတင်ပါတယ် မစ္စတာလင်းရှင့် လောလောဆယ် ကျွန်မ လက်ရှိကုမ္မဏီနဲ့က စာချုပ်အပြီးမသတ်ရသေးတာမို့  သူတို့ရဲ့သဘောတူညီမှုကို လက်ခံလိုက်ပါဦးမယ်"

 

 

လင်းယွီက ထိုကိစ္စအတွက် မတုံ့ပြန်တော့ဘဲ ပြောခဲ့သည်။ "မင်းလည်း ဆုံးဖြတ်ပြီးပြီဆိုတော့ စာချုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာအတွက် ဆွေးနွေးဖို့ မနက်ဖြန် ကုမ္ပဏီကိုလာဖို့ အဆင်ပြေမလား"

 

 

ထိုစကားကြားပြီးနောက် စုချန်ယန်လည်း ခဏလောက် တုံ့ဆိုင်းမိပြန်သည်။

 

 

မနက်ဖြန် စာချုပ်မှာသာ လက်မှတ်ထိုးလိုက်ရင် သူမ

ဟင်းတစ်ခွက်စားဖို့တောင် ဘာအခွင့်အရေးမှမရနိုင်တော့ပေ။

 

 

"အမ်....."

 

 

လင်းယွီ ကောင်းကောင်းကြီး သဘောပေါက်လိုက်သည်။ "မိန်းကလေးစု မင်းရဲ့ကုမ္ပဏီမှာ‌ ဖြေရှင်းစရာကိစ္စတွေရှိနေလို့လား။ ကျွန်တော် ရက်နည်းနည်းလောက် နောက်ဆုတ်ပေးနိုင်ပါတယ်"

 

 

" ကျေးဇူး...ကျေးဇူးပါ နောက်တစ်ပတ် တနင်္လာနေ့

ဆိုရင်ရော" စုချန်ယန် ဝမ်းသာလွန်းလို့ ငိုမိတော့မလိုပင်။

 

 

"ရတယ်လေ ဒါဆို တနင်္လာနေ့လောက် ဖုန်းဆက်လိုက်ပါ။ ကျွန်တော် ကုမ္ပဏီမှာ စောင့်နေပါ့မယ်"

 

 

"ဟုတ် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်"

 

 

ဖုန်းချလိုက်ပြီးနောက် စုချန်ယန်က မျက်နှာကျက်ကိုတည့်တည့် မော့ကြည့်ပြီး တွေးမိသွားသည်။

'၅ရက်..၅ရက်ထဲပဲ'

 

 

သူမမှာ ၅ရက်လောက် သူမ စိတ်တိုင်းကျ စားချင်တာသောက်ချင်တာ မှန်သမျှလုပ်ခွင့်ရှိသေးသည်။ ၅ရက် ကျော်သွားရင်တော့ သူမရဲ့ အစားအသောက်ပုံစံကိုကုမ္ပဏီက စီစဉ်ချမှတ်ပေးမည်ဖြစ်သည်။

 

 

ထို့နောက် စုချန်ယန်က ချုပ်တည်းထားမနေတော့ပဲ

စားချင်တာစားဖို့ စပြီးပြင်ဆင်လိုက်သည်။ သူမစားချင်နေတာတွေရော မစားရသေးတာတွေ အကုန်လုံးကိုပါ ချစားခဲ့သည်။

 

 

အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ သူမနဲ့ ယန်ရှို့ရီတို့အပေါ်ဝေဖန်သုံးသပ်မှုတွေအကြောင်း စုချန်ယန်က လုံးဝစိတ်မစားခဲ့ပါ။ နောက်ဆုံးမှာတော့ သူမသည်လည်းပဲ လောကဓံရဲ့ ရိုက်ခတ်မှု အနိမ့်အမြင့်ကို ရင်ဆိုင်ခဲ့ရသည်ပင်။

 

 

Weiboတွင် ထန်ယွဲ့၏ တုံ့ပြန်မှုကြောင့် အတော်လေးရှုပ်ယှက်ခတ်သွားသည်။ ကုမ္ပဏီက သိသွားတော့

ထန်ယွဲ့ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်လို့ လျိုဝမ်ဆီက သိရပြန်သည်။ တစ်ချိန်ထဲမှာပဲ comment ထဲတွင် စုချန်ယန်သည် နှစ်ကြိမ်မျှ အပြစ်တင်ခံခဲ့ရကြောင်း ဝေဖန်ထောက်ပြသည့် အကြံပြုချက်များလည်း ပျံ့နှံ့လာခဲ့သည်။

 

 

ရုံးပိတ်ရက်တွင် စုချန်ယန်က လျိုဝမ်ဆီက ထန်ယွဲ့ရဲ့ ဖုန်းနံပါတ်ကိုရခဲ့သည်။ လူရွေးပွဲဖြေဖို့ အခွင့်ရေးရတာက ထန်ယွဲ့ အကူအညီကြောင့် ဖြစ်မှန်း သူမသိသည်။  သူမဘက်ကနေပြီး ရပ်တည်ပေးခဲ့သည်။ စုချန်ယန်အနေနဲ့ သူမကို သေသေချာချာ ကျေးဇူးတင်ကြောင်းပြောချင်ခဲ့သည်။

 

 

ထပ်ပြီး weiboက ပို့စ်အကြောင်း ပြန့်‌သွား‌တော့ ယန်ရှို့ရီရဲ့ fanတွေက သူမကို fan group အသေးစားထောင်ပြီး သူမရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးရအောင် အကြီးအကျယ် ပြဿနာရှာခဲ့ကြသေးတယ်လို့လည်း သိရသည်။

 

 

စုချန်ယန်က ဒီကိစ္စနဲ့ ပက်သက်ပြီး သူမ အပြစ်လည်း မကင်းတာကြောင့် အဲ့ဒီ့နေ့ညမှာပဲ ထန်ယွဲ့ကို သူမနဲ့အတူတူညစာစားဖို့ ဖိတ်လိုက်သည်။

 

 

"ဒါစားဖို့ ငါ့ကို ဒီထိခေါ်လာတာလား"

 

 

ထန်ယွဲ့က လမ်းဘေးဆိုင်လးဘေးတွင် ထွက်ရပ်နေပြီး ခန္ဓာကိုယ်မှာ အနေကျုံ့နေသည့်ဟန် ရှိသည်။ သူမဘေးက ဆီဝနေသည့်မုန့်ကိုကြည့်ပြီး နှုတ်ခမ်းကို မဲ့လိုက်သည်။

 

 

စုချန်ယန်က လူနည်းပြီး သန့်ရှင်းသပ်ရပ်တဲ့ နေရာကိုသေချာရွေးပြီး သူမထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ "နေ့တိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာတွေ စားနေရတာ မငြီးငွေ့ဘူးလား။ တခါတလေတော့ သာမန်လူတွေ စားတာလဲ စားကြည့်သင့်တယ်။ ပြီးတော့ ဒါကတကယ်အရသာရှိတာ"

 

 

ထန်ယွဲ့လည်း ဘေးမှာ လူတွေ များများစားစားမရှိတာကြောင့်  သူမ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး စုချန်ယန်ကို ပြောလိုက်သည်။ "သတင်းထောက်တွေ ငါတို့ကို ဓာတ်ပုံရိုက်သွားခဲ့ရင် 'D-list မင်းသမီး၂ဦး လမ်းဘေးစာတွေ လျှော့စားနေတာလား' ဆိုတဲ့ သတင်းခေါင်းစဉ်ကြီးနဲ့ သေချာပေါက်တက်လာမယ်ဆိုတာ ငါပြောရဲတယ်"

 

 

စုချန်ယန်လည်း ပုခုံးတွန့်ပြပြီး ဖြေခဲ့သည်။

"ကိစ္စမရှိပါဘူး မီဒီယာက ပြောတာတွေက ဘယ်နှခါလောက် မှန်တာ ရှိဖူးလို့လဲ"

 

 

ထန်ယွဲ့လည်း နှုတ်ခမ်း စူသွားပြီး ပြောခဲ့သည်။ "ဒါပေမဲ့ နင်က တကယ်အားကျစရာကြီး။ ငါအရင်ကပြောဖူးသလိုပဲ နင်လူရွေးပွဲကို တကယ်ကြီး အောင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အောင်မြင်သွားရင် ငါ့ကိုမမေ့နဲ့နော်"

 

 

ထန်ယွဲ့က ချစ်စရာကောင်းတဲ့ညမိန်းကလေးတစ်ယောက်ဆိုပေမဲ့ သူမက ထင်မထားလောက်အောင်ကို တည့်တိုးဆန်ပြီး အနည်းငယ် ရဲတင်းလွန်းသည့် မိန်းကလေးပင်။ စုချန်ယန်က သူမလိုလူမျိုးနှင့်သာ ပေါင်းသင်းရသည်ကို သဘောကျသည်။

 

 

"ဒါပေါ့" စုချန်ယန်က ထန်ယွဲ့ ခွက်ထဲကို ရေငှဲ့ပေးရင်း ပြောခဲ့သည်။ " ငါသာ အောင်မြင်လာရင် အနုပညာလောကထဲက ထွက်ခါနီးတုန်းက နင် ငါ့ကို ကူညီခဲ့တယ်ဆိုတာကို အမြဲအော်ပြောပစ်မယ်"

 

 

ထန်ယွဲ့မှ တခစ်ခစ်ရီလျက် ပြောခဲ့သည်။ "အဲ့လောက်ထိ ချဲ့ကား မပြောစမ်းပါနဲ့။ စုချန်ယန် နင်စိတ်ထားကောင်းတယ်ဆိုတာ သိပါတယ်။ အွန်လိုင်းပေါ်က လူတွေက ကျိန်ဆဲမတတ် ဖြစ်နေတာကို နင်ကတော့ ဒီမှာ စိတ်အေးအေးနဲ့ အားရပါးရကို စားနေတော့တာပဲ။ နင့်ကိုမတွေ့ရတာ ၂ပတ် ၃ပတ်‌လောက်ပဲ ရှိသေးပေမယ့် တော်တော် ဝိတ်တက်လာတာပဲ"

 

 

စုချန်ယန်လည်း သူမကိုယ်သူမ ကြည့်လိုက်ပြီး မေးခဲ့သည်။ "တကယ်ကြီးလား?"

 

 

"အင်း တကယ်" ထန်ယွဲ့က အတည်ပြုပေးလိုက်သည်။

 

 

"ငါက ဝိတ်တက်လွယ်တာမို့ များများ ထပ်စားရမယ်"

 

 

ထန်ယွဲ့ကတော့ ဆူပုတ်လျက်ပင်။