အပိုင်း ၁၀
Viewers 1k

 

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၀

 

 

 

 

 

နောက်နေ့မနက်မှာတော့ စုချန်ယန်က သေသေသပ်သပ် ဝတ်ဆင်ပြီး Starlight ဖျော်ဖြေရေး ကုမ္ပဏီနဲ့ စာချုပ်အကြောင်း ဆွေးနွေးဖို့ ကုမ္ပဏီဖို့ သွားခဲ့သည်။

 

 

လျိုဝမ်က စုချန်ယန်ကို မြင်တဲ့အခါ ကြက်သေသေသွားပြီး မေးခဲ့သည်။ "မင်း ဘယ်လိုဖြစ်လို့..."

 

 

စုချန်ယန်က ဘာမှမသိသည့် ပုံစံလေးဖြင့် မေးခဲ့သည်။ "ဝိတ်တက်လာလို့လား ထန်ယွဲ့လည်း ကျွန်မ ဝိတ်တက်လာတယ်လို့ပြောတယ်"

 

 

လျိုဝမ်က သက်ပြင်းချပြီး စုချန်ယန်ရဲ့ အရင် စာချုပ်ဟောင်းကို ယူကာ ပြောခဲ့သည်။ "လာ မစ္စတာလင်းဆီ သွားရအောင်"

 

 

"အိုခေ"

 

 

စုချန်ယန်က ကုမ္ပဏီမှထွက်လာခဲ့ပြီး ခန်းမကို ဖြတ်သွားစဉ် ပတ်ပတ်လည်က အကြည့်များက သူမကို ကျည်ဆန်များဖြင့် အပစ်ခံရသလို ခံစားလိုက်ရသည်။တချို့က မကျေနပ်တဲ့ပုံ၊ တချို့က မနာလိုတဲ့ပုံနဲ့ တချို့က လေးစားအားကျတဲ့ ပုံစံတွေ အသီးသီးကြည့်ရှိကြသည်။

 

 

အထူးသဖြင့် ချမ်းသာပြီး ကျော်ကြားတဲ့ မိန်းကလေးနားက ဖြတ်လျှောက်မိစဉ် သူမက စုချန်ယန်ကို ဒေါသအပြည့်ဖြင့် ပေါက်ထွက်မတတ် ကြည့်နေခဲ့သည်။

 

 

ဒါပေမဲ့ စုချန်ယန်က သူမခေါင်းကို မော့ထားပြီး ဘယ်ကိုမှလည်းမကြည့်ပဲ စိတ်ထဲလည်း မထားခဲ့ပေ။

 

 

လျိုဝမ်က သူမမျက်စိထောင့်မှ ဝေ့ကာကြည့်လိုက်သည်။ စုချန်ယန်ကို တခြားအနုပညာရှင်တွေနဲ့ ယှဉ်ရင် ပင်ကိုယ်စရိုက်က အနည်းငယ် ကွဲထွက်နေတာကိုတော့သူမလက်ခံရလိမ့်မည်။ သူမ၏ ကြော့ရှင်းမှုက ယုံကြည်မှုရှိပြီး နေရထိုင်ရတာ သက်သတောင့်သက်သာရှိသည့်ဟန်ပင်။

 

 

သိပ်မကြာခင်ပဲ သူမတို့ ကားဖြင့် Starlight ဖျော်ဖြေရေးကုမ္ပဏီဆီ ရောက်သွားကြသည်။

 

 

ဧည့်ကြိုက သူတို့ကို လင်းယွီ ရုံးခန်းဆီ လိုက်ပို့ခဲ့သည်။ ထိုလူက သူအလုပ်လုပ်နေသည့် စားပွဲတွင်ထိုင်ရင်း သူမကို ကြည့်နေတာ မြင်လိုက်သည်။ တစ်ပတ်အကြာလေးမှာ ပိုဝလာတဲ့ စုချန်ယန်ကို မြင်လိုက်ချိန် တဒင်္ဂမျှပြောစရာစကားတွေ ပျောက်ဆုံးသွားသည်အထိ အံ့ဩနေခဲ့သည်။

 

 

သူမ ရှေ့တွင် ရှိနေ‌သော သူ့ တည်ငြိမ်မှုကို အမြဲ ထိန်းနိုင်‌နေကျ လူကြီးလူကောင်းကို ကြည့်မိတော့ သူမလည်း ထိုလူရဲ့ ပြောစရာစကား ပျောက်ရှနေသည့်ပုံစံကို မြင်တာကြောင့် နေရတာ သိပ်အဆင်မပြေသလိုပင် ခံစားလာမိသည်။

 

 

စုချန်ယန်က အရေထူသည့် မိန်းကလေးမျိုးပင်ဖြစ်သည်။ အထွေထွေမန်နေဂျာ လင်းကို အားနာသလိုတော့ဖြစ်မိပေမဲ့ သူမပုံစံက ပွက်ပွက်ဆူနေသည့်ရေနွေးအိုးထဲ ထည့်ပြုတ်ခံရမှာကို မကြောက်တဲ့ ဝက်သေတစ်ကောင်လို ဖြစ်နေသည်။

 

 

တစ်မျိုးတစ်ဖုံအားဖြင့် လျိုဝမ်လည်းပဲ ထိုကိစ္စကိုမကိုင်တွယ်နိုင်ခဲ့ပေ။ မန်နေဂျာလင်းမှ သူမအား မေးခွန်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်စဉ်  သူမလည်း ရှက်လွန်းလို့ မြေကြီးထဲ တွင်းတူးပြီး ဝင်ပုန်းလိုက်ချင်သည်။

 

 

အနုပညာရှင်တစ်ယောက်၏ သွင်ပြင်ကို ထိန်းသိမ်းစီမံရမည့် သူမ တာဝန်က ဆိုးဆိုးရွားရွား ကျရှုံးပြီပင်။ ၎င်းမှာ သူမ၏ တာဝန်အရဂရုမစိုက်ပဲ လျစ်လျူရှုထားခြင်း၏ အကျိုးရလဒ်ပင်ဖြစ်သည်။ သို့ပေမဲ့ စုချန်ယန်သည် ဒီလောက်ထိ အစားကြီးပြီး ဝိတ်တက်လွယ်မယ်လို့မထင်ထားခဲ့ခြင်းက သူမကိုယ်သူမ အကြီးအကျယ် အရှက်ရစေသည်။

 

 

ကံကောင်းထောက်မစွာနဲ့ပဲ မန်နေဂျာလင်းက သူမတို့ကို စိတ်ကျဥ်းကြပ်ရ‌အောင် မလုပ်ခဲ့‌ပေ။ စုချန်ယန်ကို အနည်းငယ်ကြာ ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်ပြီး သူမတို့၂ယောက်လုံးကို ပြောခဲ့သည်။ " ခဏလောက်စောင့်ပေးပါဦး။ စာချုပ်ကိစ္စကို မန်နေဂျာတစ်ယောက်က လာပြောပြပေးပါလိမ့်မယ်"

 

 

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် GM လင်းရှင့်"

(လင်းယွီကို အထွေအထွေမန်နေဂျာလို့ ရေးထားပေမဲ့ ဖတ်ရထောက်နေမှာစိုးလို့ GM လို့ပဲ အတိုကောက်ရေးလိုက်တယ်နော်)

 

 

"ရပါတယ်"

 

 

ထို့နောက် GM.လင်းသည် သူ့လက်ထဲရှိ (Ms.စုချန်ယန်၏ ခန္ဓာကိုယ်ထိမ်းသိမ်းမှုစီမံချက်) ဆိုသည့် စာလုံးအမဲဖြင့် ထင်းနေအောင်ရေးထားသော ခေါင်းစဉ်ကို ဖတ်ကာ စက္ကန့်အနည်းငယ်မျှ ကြည့်နေခဲ့ပြီး ရုတ်တရတ် ချက်ချင်း စက္ကူဖြတ်စက်ထဲ ထည့်လိုက်သည်။

 

 

ပြီးနောက် သူ ကွန်ပျူတာဘက် လှည့်လိုက်ပြီး စာမျက်နှာ ခေါင်းစဉ်အသစ်တစ်ခု ထပ်ရေးလိုက်သည်။

'Ms. စုချန်ယန်၏ ခန္ဓာကိုယ်ထိန်းသိမ်းမှုစီမံချက်

မှတ်ချက်။  ။ ဝိတ်တက်လွယ်တတ်ခြင်း '

မကြာခင်မှာပဲ မန်နေဂျာတစ်ဦးက သူမတို့၂ဦးကို သီးသန့်ရုံးခန်းဆီ ခေါ်သွားခဲ့ပြီး စာချုပ်ကိစ္စ ပြောခဲ့သည်။

 

 

အဓိကအချက်ကတော့ စုချန်ယန်က သူမ၏ အရင်ကုမ္ပဏီမှ Starlight ဖျော်ဖြေရေးကုမ္ပဏီဆီ ပြောင်းလာဖို့နှင့် စာချုပ်သက်တမ်းမှာလည်း တစ်နှစ်သာလျှင် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

 

 

စုချန်ယန်လည်း အလွန်ကျေနပ်သွားမိသည်။ သူမတခြားကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ရင်တောင် အေးအေးဆေးဆေး နှပ်လို့‌ရပြီး တစ်နှစ်ကုန်လျှင် သူမဘဝအတွက် ပူပင်ကြောင့်ကြနေစရာမလိုပဲ ဘဝအသစ် ဖန်တီးနိုင်ပြီဖြစ်သည်။

 

 

စာချုပ်ကိစ္စကို အပြီးသတ်လိုက်ပြီးနောက် စုချန်ယန်

နဲ့ လျိုဝမ်လည်း လက်ခံလိုက်ကြပြီး စာချုပ်ပေါ် လက်ဗွေ နှိပ်လိုက်ကြတော့သည်။ ဒီနေ့ကစပြီး စုချန်ယန်က Starlight ဖျော်ဖြေရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသည့် အနုပညာရှင်တစ်ဦး ဖြစ်လာပြီပင်။

 

 

သူမတို့ ၂ဦး ရုံးခန်းထဲမှ ထွက်လာသည်နှင့် စုချန်ယန်သည် လုံခြုံရေးများ အတင်းဆွဲထားသည့်ကြားမှ သူမဆီ ဒေါသတကြီးလာနေသော ယန်ရှို့ရီကို တွေ့လိုက်ရသည်။

 

 

ယန်ရှို့ရီက ဖျော်ဖြေရေးနယ်ပယ်ထဲ ရေပန်းစားလျက်ရှိသော နာမည်ကြီး အနုပညာရှင်တစ်ယောက်ပင်။ သူ့ကို သီးသန့် အလုပ်ခိုင်းစရာမရှိရင်တောင် တကယ်ကိုကြည့်ကောင်းပြီးချောနေပေးသည့် သူမျိုးပင်။ ဒါပေမဲ့စုချန်ယန် အမြင်မှာတော့ ထိုသူက GM လင်းကို မမှီပေ။

 

 

"စုချန်ယန်!" ယန်ရှို့ရီက စုချန်ယန်ကို လက်ညှိုးထိုးကာအော်လိုက်သည်။

 

 

လျိုဝမ်က ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းသွားရင်း စုချန်ယန်ကို အနောက် ပို့ကာ မေးလိုက်သည်။"ဒါက ကုမ္ပဏီမှာနော် နင်ဘာလိုချင်လို့လဲ"

 

 

စုချန်ယန်က အရင်က ထိုကဲ့သို့ တစ်စုံတစ်ယောက်ဆီက ကာကွယ်ပေးတာမျိုး မကြုံခဲ့ဖူးပေ။ သူမသည် လျိုဝမ်ကို နောက်ကို‌ ဆွဲလိုက်ပြီး ယန်ရှို့ရီကို တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်သည်။ "မစ္စတာယန် ကျွန်မကို ပြောချင်တာတစ်ခုခုများ ရှိလို့လား။ ကျွန်မတို့ အချင်းချင်းသိတယ်လို့ မထင်ဘူးနော်"

 

 

သူမတို့နှစ်ဦး ဆက်ဆံရေးအကြောင်း ဖော်ထုတ်ခံရမှုက ယန်ရှို့ရီအပေါ်ကြီးမားသော သက်ရောက်မှုပင်ဖြစ်သည်။ သူက အစထဲက တုန်လှုပ်ခြောက်ခြားနေပြီး ကုမ္ပဏီက စုချန်ယန်နဲ့ စာချုပ်ချုပ်လိုက်တာက သူ့ကိုပိုပြီး ကယောက်ကယက်ဖြစ်စေသည်။

 

 

အပြစ်ပုံချဖို့ စုချန်ယန်ကို အသုံးချခြင်းက အနည်းငယ်စွန့်စားရာကျပြီး အဖြစ်မှန်သာ ပေါ်သွားလျှင်  အကျိုးဆက်မှာ မတွေးရဲစရာပင်။ လင်းယွီ ရှေ့တွင်လည်း ပြဿနာတက်ခဲ့ပြီး အလုပ်ဖြုတ်ခံလုနီးပါးထိဖြစ်ခဲ့သည်။

 

 

သူ့လက်ရှိအခြေအနေအရ လင်းယွီရှေ့တွင် ပြဿနာထပ်ဖြစ်ဖို့ရာ မစွမ်းသာတာကြောင့် စုချန်ယန်နဲ့သာ ထိပ်တိုက်ရှင်းလိုက်သည်။

 

 

သူ့အမြင်တွင် စုချန်ယန်က ဘာတွေပဲဖြစ်လာဖြစ်လာအမြဲတမ်း ပြန်အထွန့်မတက်ပဲ အလိုက်သင့်နာခံတတ်သည့်သူတစ်ဦးဟုပင်။ fanတစ်ယောက်

တိုက်ခိုက်တာ ခံရပြီးနောက် ဒီ့ထက်ပိုပြီး ပြဿနာမကြီးအောင် သူ့လက်ရှိအ‌နေအထားကို စုချန်ယန် လက်ခံလိုက်မည်ဟု ထင်ခဲ့မိသည်။

 

 

ဒါပေမဲ့ စုချန်ယန်ဘက်က ငြင်းလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့သည့်အပြင် သူမက ရဲတင်းစွာ သူနဲ့ ကုမ္ပဏီတစ်ခုထဲမှာ စာချုပ်ချုပ်ခဲ့သေးသည်။

 

 

ယန်ရှို့ရီက သူမကို တစ်စစီဆွဲဖြဲချင်လောက်တဲ့အထိ စုချန်ယန်ကို ရွံရှာခြင်းများ ပြည့်နှက်စွာဖြင့် ကြည့်ခဲ့သည်။

 

 

စုချန်ယန်က ဒီလိုအခြေနေမျိုးနဲ့ တစ်ခါမှနဖူးတွေ့ဒူးတွေ့ မကြုံဖူးပေ။ ယန်ရှို့ရီရဲ့ စိုက်ကြည့်နေမှုက သူမကို ရင်ထဲအသည်းထဲကပါ ကြောက်ရွံ့စေ

ပေမဲ့ ကြောက်နေရတာက အဓိပ္ပာယ်မရှိပေ။

 

 

စုချန်ယန်ဘက်က အပြစ်ကင်းခဲ့တယ်ဆိုတာ သိသာထင်ရှားသည်။ ဒါပေမဲ့ သူတို့ဘက်က စုချန်းယန်ကို နှစ်ကြိမ်တိတိ အပြစ်တင်ခဲ့ကြသည်။ အခု သူတို့ဘက်ကပဲ မတရားခံရတဲ့ပုံစံနဲ့ ပြုမူနေကြပြန်သည်။

 

 

"မင်း ပိုက်ဆံဘယ်လောက်လိုချင်လဲ မင်းလိုချင်သလောက်ပြော ငါပေးမယ်။ ဒါပေမဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်ရင်တော့ တစ်ပြားမှမရဘူး။ အခု မင်းလိုချင်သလောက်ပြော ပြီးရင် ပိုက်ဆံ ယူပြီး ငါ့ရှေ့က အခုချက်ချင်းထွက်သွား"

 

 

ယန်ရှို့ရီ ပြောတာကြားပြီးနောက် လျိုဝမ်လည်း ဒေါသထွက်ကာ မျက်မှောင်ကျုံ့မိသွားသည်။ Starlight ဖျော်ဖြေရေး ကုမ္ပဏီရဲ့ မန်နေဂျာကတောင် သူ့ကို

မကြည်လင်စွာကြည့်ကာ သတိပေးခဲ့သည်။ "ယန်ရှို့ရီ ဒါကုမ္ပဏီမှာနော် ထိန်းထားစမ်း ဒီထက်လွန်မလာနဲ့"

 

 

"ကျွန်တော်က လွန်‌လို့လား စုချန်ယန်နဲ့ မတွဲတော့တာကျွန်တော့အပြစ်လား ပြီးတော့ ကုမ္ပဏီကပါ သူမနဲ့ စာချုပ် ချုပ်လိုက်သေးတယ်လား" ဘယ်သူက လွန်နေတာလဲ

 

 

"မင်း!.."

 

 

စုချန်ယန်က အရင်ကဒီလို ပြဿနာမျိုး တစ်ခါမှ မကြုံဖူးပေ။ ဒါပေမဲ့ ယန်ရှို့ရီရဲ့ အပြုမူကို ရင်ဆိုင်လိုက်ရတော့ သူမလည်း ဒေါသထွက်နေပြီပင်။

 

 

သူ့အချစ်ရေး မပေါ်ချင်တာရယ် သူ့ကောင်မလေးကို မထိခိုက်စေချင်တာနဲ့ပဲ အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝနဲ့ အခွင့်အလမ်းတွေကို ပျက်စီးစေနိုင်မှန်း သိတာတောင် သူမအပေါ်ကို အပြစ်ပုံချခဲ့သည်။ အဲ့ဒါတောင်မှ သူမကို ပိုက်ဆံနဲ့လျော်ကြေးပေးမယ်လို့ပြောရဲလောက်တဲ့ထိ ရဲတင်းလှသည်။

 

 

စုချန်ယန်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး အသံမြှင့်ဖို့ ပြင်လိုက်သည်။ သူမအတွက် တစ်ယောက်ယောက်နဲ့စကာများ ရန်ဖြစ်တာ ဤသည်က ပထမဆုံးပင်။ သူမ အသံက သိသိသာသာ တုန်ယင်နေပြီး တစ်လုံးချင်းစီ ပီပီသသ ပြန်ပြောခဲ့သည်။ " မိန်းကလေးတစ်ယောက်ရဲ့ဘဝက ဘယ်လောက် တန်တယ်လို့ထင်လဲ လူတစ်ယောက်ကို အန္တရာယ်ဖြစ်စေမှုအပေါ် ပိုက်ဆံနဲ့ တိုင်းတာတယ်ပေါ့လေ"

 

 

တကယ်လို့ အခုကိစ္စတွေသာ သူမ တကယ့်ဘဝမှာ ဖြစ်ခဲ့မယ်ဆိုရင် ယန်ရှို့ရီရဲ့ လျော်ကြေးကို လက်ခံပြီး အနုပညာနယ်ပယ်ကနေ ရပ်နားလိုက်မှာ ဖြစ်သည်။ အဲ့ဒါကလည်း သူမ ဂရုမစိုက်ချင်၍ပင်။ တခြားသူတွေရဲ့ အမြင်က သူမအတွက် အရေးမကြီးပေ။

 

 

ဒါပေမယ့် အခုကိစ္စမှာ ဒီကမ္ဘာက စုချန်ယန် နေရာမှာ နေနေရတာ ဖြစ်လို့ သူမရဲ့ ကြိုးစားအားထုတ်မှုကိုလည်း သဘောကျသည်ပင်။ စုချန်ယန်ကို ထိခိုက်စေမှု အပေါ် သူမအနေနဲ့ ပိုက်ဆံဖြင့် တန်ဖိုးဖြတ် တိုင်းတာခွင့်မရှိပေ။ ဒါကြောင့် သူမအနေနဲ့ လက်ခံမှာလည်း မဟုတ်သလို ခြိမ်းခြောက်တာလည်း မခံနိုင်ပေ။

 

 

"ဒီလိုတွေသာ ဖြစ်ပြီးသွားရင် ကျွန်မ ဘာဆက်လုပ်မလဲဆိုတာ တွေးကြည့်မိရဲ့လား? ကျွန်မမှာ သာမန်ဘဝ ရှိပါတော့မလား? အဲ့ဒီ့စွပ်စွဲချက်တွေက ကျွန်မဘဝတစ်လျှောက်လုံးကို စိုးမိုးနေတော့မှာ! အဲ့ဒီ‌ပိုက်ဆံပေးရုံလောက်နဲ့ ကျွန်မက အခုကိစ္စတွေကို မတွေးမိဘူးလို့ တွေးရလောက်အောင် ရှင်ကဘာမို့လို့လဲ! ကျွန်မအနုပညာလောကထဲ ဝင်တာတစ်နှစ်ပဲ ရှိသေးတယ်။ ဇာတ်ကားတစ်ကားထဲမှာပဲ သရုပ်တောင်ဖူးသေးတာကို ကျွန်မဘဝကို ရစရာမရှိအောင် လုပ်တယ်! အခုကိစ္စကို ပိုက်ဆံနဲ့ ရှင်းနိုင်တယ်လို့ ရှင်က ထင်နေတာလား? ရှင့်ကိစ္စတွေတော့ ရှင်းရင်ရှင်းနိုင်မှာပေါ့ ကျွန်မကတော့မဟုတ်ဘူး!" စုချန်ယန်က ဒေါသကြောင့် တုန်ယင်နေပြီး အားပါပါ ပြန်ပြောခဲ့သည်။

 

 

လျိုဝမ်နဲ့ မန်နေဂျာလည်း ပျာယာခတ်နေပြီပင်။ သူတို့သည်လည်း အနုပညာနယ်ပယ်ထဲ အခုလို ပဋိပက္ခများစွာကို နှစ်စဉ်ကြုံဖူးနေကျပေမဲ့ အဲ့လောက်ထိပြင်းပြင်းထန်ထန် မဖြစ်ခဲ့ဖူးပေ။ ဒါပေမယ့် စုချန်ယန်ဘက်က ရဲရဲတင်းတင်းပြောလာတော့ သူတို့ထင်ထားသည့် အထွေအထူးမဟုတ်သည့်ကိစ္စတို့က လူတစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေနိုင်မှန်း သတိထားမိသွားခဲ့သည်။