MM Storyteller
Webnovel Translations
အပိုင်း ၆၇
Viewers
10k
Chapters
98
Chapter 67
လမ်းတစ်ဖက်ခြမ်းတွင် ပါကင်ထိုးထားသော ကားတံခါးပွင့်လာပြီး သပ်ရပ်သောယူနီဖောင်းနှင့် အဖြူရောင်လက်အိတ်များဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထွက်လာသည်။ ကားသော့များကို ဟယ်ကျစ်ယွမ်အား တရိုတသေဖြင့် ပေးပြီးသည့်အခါ စုန့်ရန်၏ရှေ့ကိုလျှောက်လာပြီး ယဉ်ကျေးစွာဖြင့် မိတ်ဆက်လိုက်သည်။
" ကျွန်တော့်မျိုးရိုးနာမည်က ဝူ ပါ... ကျွန်တော်က ဥက္ကဌဟယ်ရဲ့ ဒရိုင်ဘာပါ..."
" အာ... ဟုတ် မင်္ဂလာပါ..."
စုန့်ရန်က အလျင်အမြန်ပင် သူနှင့်အတူ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် တစ်ဖက်လူက လက်ပြန်မရုတ်သေးပဲ သူ့လက်ကိုဖြန့်ထားသည်။
" ကျေးဇူးပြုပြီး ကားသော့ကို ကျွန်တော့်ဆီပေးလိုက်ပါ ... ကျွန်တော် ကိုယ်စားမောင်းလာခဲ့ပေးပါ့မယ်..."
သူ့အစား မောင်းပေးမယ်တဲ့လား...
စုန့်ရန်က ဇဝေဇဝါဖြင့် ဟယ်ကျစ်ယွမ်ကိုကြည့်လိုက်သည်။
ဟယ်ကျစ်ယွမ်က ရှင်းပြလိုက်သည်။
" စက်ဘီးသော့ပါ..."
စက်ဘီးတွေအတွက်ရော အဲ့လိုဝန်ဆောင်မှုမျိုးရှိတာပဲလား...
စုန့်ရန်က မျက်လုံးများပြူးကျယ်လျက် သူ့အင်္ကျီအိတ်ထဲမှ ကြေးနီသော့လေးကို တွန့်ဆုတ်စွာဖြင့် ထုတ်ပေးလိုက်သည်။ ဒရိုက်ဘာက စက်ဘီးသော့ကိုယူပြီးနောက် သူတို့ကို မနှောင့်ယှက်တော့ပဲ စက်ဘီးကိုသော့ဖွင့်ပြီး လက်ကိုင်နှစ်ဖက်မှ ထိန်းကိုင်လိုက်ကာ ဒေါက်ကိုကန်လိုက်ပြီးနောက် တဖြည်းဖြည်းနင်းထွက်သွားသည်။။
“…”
စုန့်ရန်က သူ၏ ကျောပြင်ကိုကြည့်နေပြီး ခဏတာ အာရုံလွင့်သွားသည်။
" ထတော့လေ ကြောင်ကြည့်မနေနဲ့ ကိုယ့်ဆီလာပါဦး..."
ဟယ်ကျစ်ယွမ်က ကားကိုမှီရပ်နေပြီး အမိုးကို လက်ဖြင့် ခေါက်လိုက်ကာ စုန့်ရန်ကို သူ့ဘက်လှည့်အောင် အချက်ပြလိုက်သည်။ စုန့်ရန် တစ်ဖက်သို့လှည့်လာသည်နှင့် ကားတစ်စီးလုံးကို သတိပြုမိသွားပြီး အံ့အားသင့်သွားပေသည်။ သူ့စိတ်ထဲတွင် အမြဲတစေ နေရာယူထားခဲ့သော Infinitiကားကို ဆေးကြောပြီး အရောင်တင်ထား၍ နေရောင်အောက်တွင် တောက်ပနေသည်။ စူးရှသောအလင်းတန်းတစ်ခုက
၎င်း၏ ငွေမှင်ရောင် အပြင်ပိုင်းကို ဖြတ်သွားသည်။
၎င်းက အလွန်လှပလွန်း၍ ကျောက်စိမ်းပင်လယ်အော်အဆောက်အဦးတွင် သူယခင်က မြင်ခဲ့သော ကားအားလုံးကို ကျော်လွန်သွားသည်ဟု ထင်ရသည်။
စုန့်ရန်က သဘောတကျဖြင့် ကားကိုယ်ထည်ကို ထိကြည့်လိုက်ပြီးနောက် ရေခဲတမျှအေးစက်လှသော သတ္တုမျက်နှာပြင်ကို ပျက်စီးသွားမည်စိုးသည့်အလား သူ့လက်ချောင်းများဖြင့် ဂရုတစိုက်ထိကြည့်နေသည်။
" ဒီနေ့ ဒီကားကိုမောင်းလာဖို့ ဘယ်လိုများတွေးမိသွားတာလဲ..."
" မင်း ဘယ်လိုထင်လဲ..."
ဟယ်ကျစ်ယွမ် သူ့ကို ပြုံးပြလိုက်သည်။
စုန့်ရန် ချက်ချင်းသဘောပေါက်သွားသည်။ သူ ရှက်သွားမိသောကြောင့် ခေါင်းငုံ့ထားပြီး ငြိမ်ကျသွားသည်။
" မင်း သဘောကျတယ်ဆို ကိုယ်ဒီကားကိုပဲ အမြဲမောင်းတော့မှာပေါ့... အင်း အနာဂတ်မှာပေါ့လေ..."
ဟယ်ကျစ်ယွမ်က ငြင်သာစွာပြောလိုက်ပြီးနောက် နက်ကတိုင်ကို ဖြည်လိုက်ပြီး အင်္ကျီကော်လံအောက်မှ ဆွဲထုတ်လိုက်ကာ ကြယ်သီးတစ်လုံးကို လက်တစ်ဖက်တည်းဖြင့် ဆွဲဖြုတ်လိုက်သည်။
" မင်း မြင်ရတာကို သဘောကျရဲ့လား..."
စုန့်ရန် အသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်သည်။
" သဘောကျပါတယ်..."
၁၀ရာခိုင်နှုန်းက ကားကို ချီးကျူးခြင်းဖြစ်ပြီး ၉၀ ရာခိုင်နှုန်းက လူကိုချီးမွမ်းလိုက်ခြင်းဖြစ်သည်။
ကြင်နာမှုများပါဝင်နေသည့် မျက်ဝန်းများက ကြည်လင်တောက်ပနေပြီး သူ့အကြည့်က ဟယ်ကျစ်ယွမ်၏ နှာတံမှတစ်ဆင့် မေးရိုးအပေါ်၊ ထိုမှတစ်ဆင့် လည်စေ့ကိုရောက်သွားပြီး နောက်ဆုံးတွင် ဟထားသည့် အင်္ကျီကေည်လံအောက်မှ ညှပ်ရိုးပေါ် ရောက်သွားသည်။ အနက်ရောင်ကြယ်သီးများဖြင့် ဤဝတ်စုံကိုဝတ်ထားသောအမျိုးသား၏ ယခုပုံစံက စုန့်ရန် ယခင်က သူ့ကိုခဏတာတွေ့ပြီး စွဲလန်းသွားချိန်ထက်ပို၍ ဆွဲဆောင်မှု ရှိနေသည်။
သူတို့က လူအကြားတွင်ရှိပြီး ကျောင်းဝင်ပေါက်တွင် ရှိနေသောကြောင့်သာ စုန့်ရန်က ဟယ်ကျစ်ယမ်ကို သူနှင့်လက်ချင်းတွဲထားခွင့်မပြုခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် ကားဘေး၌ ဘေးချင်းယှဉ်ရပ်နေပြီး ပုပုကို စောင့်နေချိန်တွင် သူတို့ပခုံးနှင့် လက်မောင်းကြားတွင် အင်္ကျီစများခံနေသော်လည်း အနည်းငယ် ပွတ်တိုက်မိကြ၍ အနည်းငယ် ပူလောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
" ပါပါးးး..."
ပုပုက အပြင်ရောက်လာသည်နှင့် မျက်လုံးများကို အဆက်မပြတ်လှုပ်ရှားလိုက်သည်။ ထို့နောက် ပစ်မှတ်ကို တွေ့သွားသည်နှင့် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဟယ်ကျစ်ယွမ်ရှိရာသို့ ပြေးလာသည်။ သူ့ဆံပင်တိုလေးများက လေတိုက်ခတ်နေသောကြောင့် လွင့်နေပြီး မိုးကြိုးပစ်ခံထားရသည့် ဆံပင်ပုံစံမျိုးဖြစ်နေသည်။
ခုန်ဆွဆွဖြင့်ပြေးလာပြီးနောက် ရေဘဝဲတစ်ကောင်အဖြစ် ပြောင်းသွားသည့်အတိုင်း ဟယ်ကျစ်ယွမ်၏ခါးကို တင်းကြပ်စွာဖက်ထားသည်။
" ပါပါးကို သားအရမ်းလွမ်းနေတာ..."
ဟယ်ကျစ်ယွမ်က ပုပုကိုချီတော့မည့်အချိန်တွင် ကလေးလေးက ကတိုက်ကရိုက်ဖြင့် သူ့ကိုလွှတ်ပေးလိုက်ပြီး သူ့ကအနားမှခွာကာ နောက်သို့ အနည်းငယ်ဆုတ်သွားပြီး ရှပ်အင်္ကျီကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" ပါပါးရဲ့ အင်္ကျီတွန့်သွားပြီ... တောင်းပန်ပါတယ်..."
ရှပ်အင်္ကျီအနားစက ခါးမှထွက်သွားပြီး အနည်းငယ်တွန့်နေသည်။ ပုပုက အားပါးတရခုန်ဝင်လာသောကြောင့် အနည်းငယ်တွန့်သွားပုံရသည်။
ကလေးလေးက နှစ်ကြိမ်တိတိ မျက်တောင်ခတ်လိုက်ပြီးနောက် စုန့်ရန်၏အနားကို မဝံ့မရဲကပ်သွားပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားဟန်ဖြင့် အင်္ကျီစကို ဆွဲထားသည်။
အခုအချိန်ထိ သူက ပါပါးရှေ့မှာ လိမ်လိမ်မာမာနေခဲ့တာလေ... ပါပါးကိုမြင်တာနဲ့ ဘာလို့ ပျာတီးပျာယာနဲ့ ခုန်လိုက်မိပါလိမ့်...
ဤလဝက်လုံးတွင် သူက စုန့်ရန်၏ အလိုလိုက်ခြင်းခံခဲ့ရ၍ သူ၏ ဇွတ်တရွတ်လုပ်တတ်သော အကျင့်က တဖြည်းဖြည်း ပိုတိုးလာပုံရသည်။ ယခုချိန်တွင်လည်း သူ မထိန်းထားနိုင်ဖြစ်သွားသည်။
ပါပါးတော့ သေချာပေါက် မပျော်မရွှင်ဖြစ်သွားမှာပဲ...
သို့ရာတွင် ဟယ်ကျစ်ယွမ်က စိတ်မဆိုးပေ။ သူ ခါးကိုင်းလိုက်ပြီး ပုပုကိုချီ၍ ပါးပြင်လုံးလုံးလေးကို နမ်းလိုက်ပြီး နှစ်သိမ့်ဟန်ဖြင့် ပြောလိုက်သည်။
" အဆင်ပြေပါတယ်... ပုပုက အရမ်းလွမ်းနေတယ်ဆိုတော့ ပါပါးအရမ်းပျော်တာပေါ့..."
" တကယ်လား..."
ပုပု၏မျက်နှာထက်တွင် မယုံနိုင်လောက်အောင် ပျော်ရွှင်နေသည့် အမူအရာမျိုး ပေါ်လာသည်။
ဟယ်ကျစ်ယွမ် ခေါင်းငြိမ့်ပြလိုက်သည်။
" တကယ်ပေါ့..."
ပုပု၏ မျက်နှာက ချက်ချင်းတောက်ပလင်းလက်သွားပြီး လက်နှစ်ဖက်ဖြင့် ဟယ်ကျစ်ယွမ်၏လည်ပင်းကို ဖက်ထားလိုက်သည်။
" ဒါဆို ပါပါးရော... သားကိုလွမ်းလား..."
" သေချာပေါက် လွမ်းတာပေါ့... ပါပါးက သားလေးကို နေ့တိုင်းလွမ်းနေတာ... ပုပုလေး ထမင်းသေချာစားရဲ့လား ညဘက်မှာ ကောင်းကောင်းအိပ်ရဲ့လား ကိုကြီးနဲ့ အဆင်ပြေရဲ့လားဆိုတာ တစ်ချိန်လုံးတွေးနေတာ..."
ဟယ်ကျစ်ယွမ် သူ့မျက်နှာလေးကို တစ်ချက်တို့လိုက်သည်။
" ကဲ ပါပါးကိုပြောပါဦး... ဒီရက်တွေထဲ ဘာတွေလုပ်နေခဲ့တာလဲ..."
" သား အရမ်းပျော်နေခဲ့တာ..."
ပုပုက အလွန်အမင်းပျော်ရွှင်နေပေသည်။ ထို့နောက် ချိုသာသော အသံလေးဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
" အခု ပါပါးပြန်လာပြီဆိုတော့ ပိုပျော်တာပေါ့..."
ထိုစကားများကြောင့် စုန့်ရန် အားပါးတရရယ်မိလုနီးပါးဖြစ်သွားသည်။
ဒီကလေးလေး တော်တော်ပျော်နေတာပဲ သူ့ပါးစပ်က ထွက်လာသမျှစကားတိုင်းက ကြံလိုမျိုးချိုသာနေတာပဲ...
သူတို့မိသားစုံသုံးယောက် ကားထဲဝင်သွားကြသည်။ ပုပုက သီးသန့်ကလေးထိုင်ခုံလေးတွင်ထိုင်ပြီး တက်ကြွစွာဖြင့် ခါးပတ်သေချာပတ်နေစဉ်တွင် စုန့်ရန်က မဝံ့မရဲဖြင့် ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ သူ့ဖိနပ်များက ယခုမှ ဆေးလာသည့်ကားကို ညစ်ပေသွားမည်စိုး၍ ခြေထောက်ကို မြှောက်ထားမိသည်။
သူ ယခုအချိန်ထိ တွေဝေမိန်းမောနေမိဆဲဖြစ်သည်။ သူ ယခင်တည်းက စိတ်ကူးယဉ်ခဲ့ရသော Infinitiပေါ် တွင် ထိုင်နေသည်ကို ယုံကြည်ရန် ခက်ခဲနေမိသည်။ ဤကားက အလွန်ဈေးမကြီးသည့်အပြင် ဂိုထောင်ထဲအမြဲပိတ်ထားကာ ဟယ်ကျစ်ယွမ်၏ အခြားကားနှစ်သီးနှင့် ယှဉ်မရကြောင်းကို သူသိသည်။ သို့ရာတွင် ဤကားက အဖိုးတန်မှုကို ကိုယ်စားပြုနေပေသည်။ ၎င်းက စုန့်ရန်တစ်ချိန်လုံး မျှော်လင့်နေခဲ့ရသောအရာဖြစ်သည်။
သူ စိတ်ဂနာမငြိမ်ဖြစ်နေသည်ကို မြင်သောအခါ ဟယ်ကျစ်ယွမ်က ကားထဲမှထွက်ကာ သူ့ဘေးနားရောက်လာပြီး ထိုင်ခုံခါးပတ် သေချာပတ်ပေးလိုက်သည်။ ထို့နောက် စုန့်ရန်ကို ချော့မြူသည့်ပုံဖြင့် ပြောလိုက်သည်။
" ဒါ ကိုယ်တို့ကားလေ ညစ်ပတ်လည်းဘာဖြစ်လဲ အဆင်ပြေပါတယ်..."
ကိုယ်တို့... O_O
စုန့်ရန် ရှက်သွားမိသည်။
သူက ဟယ်ကျစ်ယွမ်နှင့် ချစ်သူဆက်ဆံရေးဖြစ်နေသော်လည်း ဤကားကို သူပိုင်ဆိုင်သည်ဟု မတွေးခဲ့ဖူးပေ။ သို့ရာတွင် 'ကိုယ်တို့' ဟူသည့်စကားလေးက နားဝင်ချိုလွန်းပေသည်။ ထိုစကားလေးအကြောင်း အကြိမ်အနည်းငယ်ခန့် ပြန်တွေးတောနေမိပြီး ပို၍ စိတ်သက်တောင့်သက်သာဖြစ်လာကာ ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။ ကားစက်နှိုးလိုက်ချိန်တွင် ထိုင်ခုံနောက်သို့ ငြင်သာစွာ မှီထိုင်လိုက်ပေသည်။
ကျောင်းမှ သူတို့အိမ်ရှိရာသို့ ၅မိနစ်ခန့်သာ ကားမောင်းရပေသည်။ သို့ရာတွင် အချိန် ၅မိနစ်ကျော်သွားသော်လည်း လမ်းနံဘေးမှ ရှုခင်းက ရင်းနှီးနေသည့်နေရာ မဟုတ်လာခဲ့ပေ။ အဆုံးတွင် သူတို့က မြစ်ကူးတံတားကိုပါ ကျော်လာခဲ့သည်။ စုန့်ရန်က မည်သည့်နေရာကိုသွားနေကြောင်း မေးလိုက်သော်လည်း ဟယ်ကျစ်ယွမ်က ကားစတီယာရင်ကိုသာ လက်ချောင်းများဖြင့်တောက်နေသည်။
" မင်း အရင်တုန်းက ဂဏန်းစားချင်တယ်လို့ပြောတယ်မလား... ကိုယ်လည်းမင်းကို ဂဏန်းဟင်းကောင်းတဲ့ဆိုင်ခေါ်သွားမယ်လို့ ကတိပေးခဲ့တယ်လေ မှတ်မိသေးလား..."
စုန့်ရန်က ထိုအကြောင်းအရာကို မေ့သွားသည်မှာကြာပြီဖြစ်သည်။ သူ မနည်းစဉ်းစားပြီးမှသာ ဝိုးတဝါးပြန်မှတ်မိသွားခဲ့သည်။
သူတို့က ယနေ့ညတွင် အိမ်၌ ရိုးရိုးရှင်းရှင်းညစာစားကြမည်ဟု မူလကထင်ခဲ့၍ အသားနှင့် အသီးအရွက်များကို ခြင်းတောင်းတစ်ခုစာအပြည့်ဝယ်ထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သုက ဖက်ထုပ်ဖြူလေး အခု ၃၀ကိုလည်း ထုပ်ထားခဲ့မိသည်။ ယခုလက်ရှိအချိန်တွင် ၎င်းတို့က ရေခဲသေတ္တာထဲတွင်ထိုင်ကာ အပြုတ်ခံရတော့မည့်အချိန်ကို စောင့်ဆိုင်းနေပေသည်။
ပုပုက ဂဏန်းစားရတော့မည်ဟု ကြားလိုက်ရသောအခါ အားရဝမ်းသာဖြင့် အော်ဟစ်လိုက်သည်။
" ဂဏန်း ဂဏန်း... ဂဏန်းစားရတော့မယ်..."
သူ၏ စိတ်အားတက်ကြွနေပုံကြောင့် ဂဏန်းရှစ်ကောင်လုံးကို တစ်ပြိုင်နက် စားပစ်တော့မည်ဟုပင် ထင်ရသည်။
စုန့်ရန်ကိုယ်တိုင်ကလည်း ဂဏန်းမစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ စားချင်နေမိသောကြောင့် ငြင်းဆိုဟန်မပြပေ။ ဟယ်ကျစ်ယွမ်ကို ကျေးဇူးတင်ပြီးသောအခါ ခုံတွင် တိတ်ဆိတ်စွာမှီနေပြီး သူကားမောင်းသည်ကိုသာ ကြည့်နေလိုက်သည်။သူ့အကြည့်များက မရည်ရွယ်ပဲ ဟယ်ကျစ်ယွမ်၏ ညာဘက်လက်ပေါ်သို့ ရောက်သွားသည်။ ထိုလူ၏ လက်များကပင် အလွန်လှပလွန်းသည်။ ကောက်ကွေးနေခြင်းမရှိပဲ သွယ်လျပြီး လက်သည်းများကလည်း ချောမွတ်နေသည်။ လက်ဖမိုးပေါ်တွင် ထင်ရှားသောအရိုးများနှင့် စိမ်းပြာရောင်သွေးကြောများ ရှိနေသေးသည်။
ဤလက်များဖြင့် ဆုပ်ကိုင်ခံလိုက်သောအခါတွင် ၎င်း၏ စွမ်းအားနှင့် အပူက လွတ်မြောက်မှုလမ်းကြောင်းကို ခွင့်မပြုနိုင်လောက်အောင် ပြင်းထန်လှသည်။
စုန့်ရန်၏ရင်ထဲတွင် ယားယံသွားမိ၍ တိတ်တဆိတ် လျှာသပ်နေလိုက်မိသည်။
" အဲ့လိုကြီးကြည့်နေရင် ကိုယ် ပျာယာခတ်ကုန်တော့မှာပဲ..."
ဟယ်ကျစ်ယွမ်က ရှေ့တည့်တည့်ကိုသာကြည့်နေလျက်ဖြင့် ပြောလိုက်သည်။
စုန့်ရန်က ဓာတ်လိုက်ခံလိုက်ရသည့်နှယ် ထိတ်လန့်သွားပြီး တစ်ဖက်ကို အကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့၍ သူ့ဘောင်းဘီရှည်ကိုသာကြည့်နေလိုက်သည်။ ဟယ်ကျစ်ယွမ်အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ ထို့နောက် လမ်းဆုံမှ မီးပွိုင့်က မီးနီနေသောကြောင့် စောင့်ဆိုင်းနေချိန်တွင် ကားစတီယာရင်ကိုလွှတ်လိုက်ပြီး စုန့်ရန်၏လက်ကိုလှမ်းကိုင်လိုက်သည်။ သူတို့၏ လက်ဆယ်ချောင်းက အချင်းချင်း ယှက်ပြီး နူးညံ့စွာ ဆုပ်ကိုင်ထားသည်။
ဟယ်ကျစ်ယွမ် ယူဆောင်လာခဲ့သောလက်ဆောင်များက အနောက်ခုံတွင် ပြည့်နေသည်။ ပုပုက ကားစီးနေစဉ်တစ်လျှောက်လုံး ၎င်းတို့ဖြင့် ဆော့ကစားနေခဲ့သည်။ သူတို့မရောက်မီအချိန်မှာပင် လက်ဆောင်အများစုကို ဖွင့်ဖောက်ပြီးပြီဖြစ်သည်။ အများစုမှာ သရေစာများ၊ အရုပ်များ၊ ရုပ်ပုံစာအုပ်များဖြစ်ပြီး ပထမဦးဆုံးအကြိမ်အနေဖြင့် ဒရုန်းတစ်ခုလည်း ပါဝင်သည်။
အရုပ်ဘူးလေးများကို ဖွင့်ပြီးသည့်အခါ ပုပုက စိတ်အားတက်ကြွနေပြီး အကြီးဆုံး လက်ဆောင်ဘူးကြီးကိုပါ ဖွင့်ဖောက်ချင်လာသည်။ ဟယ်ကျစ်ယွမ်က နောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး သတိပြုမိသွား၍ သူ့ကိုချက်ချင်းတားလိုက်သည်။
" အဲဒါကိုမဖွင့်နဲ့ဦးနော်... အဲဒါက သားအစ်ကိုကြီးစုန့်ရန်အတွက်လက်ဆောင်..."
" အယ် အဲဒါဘာလေးလဲ..."
ပုပုက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
စုန့်ရန်က သူ့အတွက်လည်း လက်ဆောင်တစ်ခု ပါလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့၍ သိချင်သွားမိသည်။
" ဘာလေးလဲ..."
" ပန်းချီပစ္စည်းလေးတွေပါ... စာရွက်၊ စုတ်တံ၊ ဆေး အဲဒါမျိုးတွေ... ကိုယ်က အဲ့နယ်ပယ်မှာ သိပ်မကျွမ်းဘူးဆိုတော့ ကုမ္ပဏီက ဒီဇိုင်နာတွေကို ကူရွေးခိုင်းလိုက်တာ... Brandအခုနှစ်ဆယ်လောက်တော့ရှိမယ်ထင်တယ်... တစ်ခါကို တစ်မျိုးနဲ့ စမ်းဆွဲကြည့်လိုက်ပေါ့... သုံးလို့အဆင်ပြေတာရှိရင် ကိုယ်နောက်မှ ထပ်ဝယ်ပေးမယ်လေ..."
စုန့်ရန် မှင်သက်သွားမိသည်။
" ကျေးဇူးတင်ပါတယ်..."
အကယ်၍ ဟယ်ကျစ်ယွမ်က အခြားတန်ဖိုးကြီးပစ္စည်းများ ပေးမည်ဆိုပါက ၎င်းတို့ကို ငြင်းဆန်မိလျှင် ရိုင်းပြသွားပေလိမ့်မည်။ သို့ရာတွင် ဤပစ္စည်းများကို လက်ခံရသည်ကို စိတ်မသက်မသာ မဖြစ်မိပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပန်းချီပစ္စည်းများက အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပေသည်။ အရည်အသွေးနိမ့်စာရွက်များ၊ စုတ်တံများနှင့် ဆေးများကို ဝယ်ရသည်က ငွေကုန်ကြေးကျမများသော်လည်း အရည်အသွေးမြင့်သည့်ပစ္စည်းများကို တစ်ကြိမ်ဝယ်လိုက်သည်နှင့် ကုန်ကျမှုက ပိုများလာမည်ဖြစ်သည်။
Xxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN