အပိုင်း ၆၈
Viewers 9k

Chapter 68

သူ ယခုလက်ရှိအသုံးပြုနေသော ရေဆေးစာရွက်တွင် ပြဿနာများစွာရှိနေသည်။ ပထမဆုံးအနေဖြင့်ပြောရလျှင် ၎င်း၏ ရေစုတ်ယူမှုက ဆိုးရွားလှသည်။ ဒုတိယအနေဖြင့် ၎င်း၏ ကျုံ့နိုင်ဆန့်နိုင်အားက မလုံလောက်သောကြောင့် အလွှာထပ်ခြင်းနှင့် အရိပ်ဆွဲသည့်ရလဒ်များကို ထိခိုက်ရုံသာမက ထပ်ခါတလဲလဲ ပြန်လည်ပြင်ဆင်ခြင်းများအတွက်လည်း မသင့်တော်ပေ။ ၀ါချည်စက္ကူအစစ်ကို ပြောင်းချင်သည့် အကြိမ်ပေါင်းမြောက်များစွာ ရှိခဲ့သော်လည်း ကုန်ကျစရိတ်ကို တွက်ချက်ပြီးနောက်တွင် ဤစိတ်ကူးကို စွန့်လွှတ်ခဲ့သည်။ သူက လုပ်ခလစာများများရသူမဟုတ်သောကြောင့် အကယ်၍အသုံးစရိတ်များ တိုးလာခဲ့ပါက ထပ်မပေးနိုင်တော့မည်ကို စိတ်ပူပန်နေခဲ့ရသည်။ 

သို့ဖြစ်၍ ယခုအချိန်ထိ တောင့်ခံနေခဲ့ရခြင်းဖြစ်သည်။

စုန့်ရန်က ရုပ်ပြစာအုပ်တွင် ပန်းချီရေးဆွဲပေးရသည်ကို အလွန်သဘောကျပြီး ပိုမိုကောင်းမွန်သည့် လက်ရာများကို ထုတ်လုပ်ချင်ခဲ့သည်။ သို့ရာတွင် စာရွက်နှင့် ဆေးများအတွက် ကုန်ကျမှုက ယခုလက်ရှိ အတားအဆီးတစ်ခုသဖွယ်ဖြစ်နေသည်။ သူက ဈေးကြီးသည့် ပန်းချီပစ္စည်းမျမဝယ်နိုင်သည့်အပြင် ငွေကြေးကြောင့် ဖြစ်လာရသည့် ကွာဟချက်ကို စွမ်းရည်ဖြင့်လည်း မကာဆီးနိုင်ပေ။

လူကြီးမင်းဟယ် သူ့အတွက် ဝယ်လာခဲ့ပေးသော ပန်းချီပစ္စည်းများက အလွန် အကုန်အကျများမည့်ပုံပေါ်သည်။ 

တကယ်လို့ သူက လူကြီးဟယ်ကို ဒီပစ္စည်းတွေ ဝယ်ခိုင်းလိုက်မယ်ဆိုရင် တခြားလူတစ်ယောက်က သူ့အလုပ်ကို ထောက်ပံ့ပေးနေသလို ဖြစ်သွားမှာပေါ့...

ထိုအတွေးကြောင့် စုန့်ရန်၏ ကိုယ့်ကိုယ်ကို လေးစားမှုက ထူးဆန်းသည့်ခံစားချက်များ စတင်ပေါ်ပေါက်လာပြီး ရင်ဘတ်ထဲတွင် တင်းမာသည့် ခါးသီးမှုတစ်ခု ပေါ်ပေါက်လာသည်။

" ကျွန်တော် ဒီလက်ဆောင်တွေကို သဘောကျလို့ သေချာပေါက် တန်ဖိုးထားမှာပါ... ဒါပေမဲ့ နောက်ဆိုရင်တော့ ပန်းချီပစ္စည်းတွေကို ကိုယ့်ဘာသာပဲဝယ်ပါ့မယ်... လူကြီးမင်းဟယ်ရဲ့ငွေတွေကို မသုံးပါရစေနဲ့..."

သူ တွေးနေသည်ကို ဟယ်ကျစ်ယွမ်က သဘောပေါက်သည်။ စုန့်ရန်၏ လက်ဖမိုးကို သူ့လက်ဖြင့် အုပ်မိုးထားလိုက်ပြီးနောက် နှစ်သိမ့်သကဲ့သို့ အကြိမ်အနည်းငယ်ခန့်ပုတ်ပေးနေသည်။

 

" ဒီလိုကိစ္စလေးတွေကို ကတ်သီးကတ်ဖဲ့မတွေးနေပါနဲ့... မိသားစုဝင်တွေကြားမှာ ငွေရေးကြေးရေးအကြောင်း ပြောစရာမလိုဘူးလေ... နောက်ပိုင်းကျ ပုပုကို ပုံပြင်များများပြောပြလိုက်ရင်ရတာပဲ ဒါဆိုရင် ကျေသွားပြီလေ..."

" ဒါ... အဲ့လိုလုပ်လို့မှ မဖြစ်တာ..."

စုန့်ရန် ခေါင်းခါလိုက်သည်။

" လူကြီးမင်းဟယ် ကျွန်တော်က ခင်ဗျားပိုက်ဆံတွေကို သုံးဖြုန်းနိုင်‌တဲ့ အနေအထားမဟုတ်ပါဘူး..."

ဟယ်ကျစ်ယွမ်က ထိုစကားများကိုကြားသည့်အခါ ပြုံးလိုက်မိသည်။ 

" ကိုယ်တို့ ခဏနေ ညစာစားပြီးတာနဲ့ မင်းကို လက်ထပ်ခွင့်တောင်းရမယ်ဆိုလည်း ပြဿနာမရှိပါဘူး..."

" အဲ့... အဲ့လောက်ကြီး မ... မလောပါနဲ့..."

စုန့်ရန် အလွန်ထိတ်လန့်သွား၍ ထခုန်မိမတတ်ဖြစ်သွားသည်။ ထိုင်ခုံခါးပတ်က သူ့ကို နောက်ပြန်ဆွဲထား၍ နံရိုးများ နာကျင်သွားသည်။ 

ဟယ်ကျစ်ယွမ်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး လက်နှစ်ဖက်လုံးကို စတီယာရင်ပေါ်တင်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ 

" စုန့်ရန် ကိုယ်တို့ကြားမှာ ဒီလောက်စည်းခြားထားစရာမလိုပါဘူး... ကိုယ်တို့က လက်မထပ်ပဲ တူတူနေတဲ့လူတွေလည်းမဟုတ်သလို အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေရတဲ့ ဆက်ဆံရေးလည်း မဟုတ်ဘူးလေ... ကိုယ်တို့က မိသားစုဝင်တွေမလား ပြီးတော့ အပြန်အလှန်မှီခိုရမယ့် လက်တွဲဖော်တွေလေ..."

" ကျွန်... ကျွန်တော်သိပါတယ်..."

စုန့်ရန် ခဏရပ်လိုက်မိသည်။

" ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လောက်ပဲ ရင်းနှီးတာဖြစ်ဖြစ် ငွေရေးကြေး‌ရေးကိစ္စတွေကိုတော့ သပ်သပ်စီတွက်ချက်တာ ပိုကောင်းမယ်... ညီအစ်ကိုအရင်းတွေတောင်မှ ငွေရေးကြေးရေး အရှုပ်အရှင်း မရှိစေနဲ့ဆိုတဲ့ ဆိုရိုးတစ်ခုတောင် ရှိသေးတယ်လေ... "

" မင်း အကုန်လုံးကို တိတိကျကျတွက်ချင်တယ်ဆိုရင်လည်းရပါတယ် ကိုယ်ကူပေးမယ်..."

ဟယ်ကျစ်ယွမ်က လက်မလျှော့သေးပေ။ 

" ဒီ ၁၅ရက်စာအတွက် ကိုယ်မင်းကို လစာ ယွမ် ၁၄၀၀၀ပေးမယ်လို့ ကတိပေးထားတယ်လေ အဲ့တော့ တစ်လဆိုရင် ယွမ် ၂၈၀၀၀ပေါ့... အဲဒါက ပုပုကို စောင့်ရှောက်ပေးတဲ့အတွက်တစ်ခုတည်းနော် ကိုယ့်အတွက် မပါသေးဘူး... တကယ်လို့ ကိုယ်လည်းပါမယ်ဆိုရင် ယွမ် ၅၆၀၀၀ ဖြစ်သွားမှာ... ငွေစာရင်းကို သပ်သပ်စီခွဲထားဆိုရင်လည်းရပါတယ် ဒါပေမဲ့ အဲဒါဆိုရင် လအစတိုင်းမှာ မင်းကို ကိုယ် ယွမ် ၅၆၀၀၀ပေးမယ်..."

" လူကြီးမင်းဟယ် ခင်ဗျားဘာလို့ အဲ့လိုလုပ်နေတာလဲ..."

စုန့်ရန် ပူပန်စိတ်များ ဖြစ်ပေါ်လာသည်။ 

" ကျွန်တော်က အဲ့လိုသဘောနဲ့ ပြောတာမဟုတ်ဘူးလေ... ကျွန်တော်ရှာတဲ့ငွေနဲ့ပဲ သုံးသင့်တယ်လို့ ထင်လို့ပါ..."

ဟယ်ကျစ်ယွမ် ပခုံးတွန့်လိုက်သည်။ 

" အဲဒီ ယွမ် ၅၆၀၀၀က မင်းရှာထားတဲ့ငွေပဲလေ..."

" ဒါပေမဲ့ ကျွန်တော်တို့က မိသားစုလေ..."

စုန့်ရန်က ပုပုကို မျက်လုံးထောင့်မှ မသိမသာလှမ်းကြည့်လိုက်သည်။ ကလေးလေးက အရုပ်များနှင့် ဆော့ကစားနေသည်ကိုမြင်မှ အသံတိုးလိုက်သည်။

" ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို ဂရုစိုက်တယ် အဖော်လုပ်ပေးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တစ်ခုခုပေးနေကြတာပဲမလား... ဘာလို့ ကျွန်တော့်ကို ငွေရေးကြေးရေးအကြောင်းကြီး ပြောနေရတာလဲ..."

စုန့်ရန် စိတ်ဂနာမငြိမ်ဖြစ်လာပြီး လူကြီးမင်းဟယ်နှင့် နောက်တစ်ကြိမ် စကားအခြေအတင်ဖြစ်မည်ကို ကြောက်လာသည်။ 

" အစပိုင်းတွင်လည်း သူတို့က မိသားစုနှင့် ပတ်သက်သည့် မတူညီသောအမြင်မျိုးရှိခဲ့ပြီး ပတ်လမ်းဆန်သောလမ်းကြောင်းမျိုးဖြင့်သာ သူတို့နှစ်ယောက် သဘောတူညီမှု ရရှိခဲ့ပေသည်။ ယခု သူတို့နှစ်ယောက် တွေ့ဆုံချိန်တွင်လည်း ငွေရေးကြေးရေးအကြောင်း စပြောလိုက်ချိန်တွင် ငွေကြေးအပေါ် သူတို့၏အမြင်များ မတူညီသည်ကို သိရှိလိုက်ပြန်သည်။ 

ဒီအတိုင်းဆို အနာဂတ်မှာ ဘယ်လိုလုပ်ကြမလဲ...

သို့ရာတွင် ဟယ်ကျစ်ယွမ်က ဒေါသထွက်သည့် အရိပ်အယောင်မပြပဲ ယခင်ကဲ့သို့ပင် ကားကို ဖြည်းဖြည်းမှန်မှန်မောင်းနေသည်။

ခဏအကြာတွင်မှ သူ သက်ပြင်းခပ်ဖွဖွချလိုက်သည်။ 

" စုန့်ရန် ကိုယ်တို့က မိသားစုတွေဖြစ်နေပြီလို့ မင်းပဲပြောတယ်မလား... ကိုယ်က ဟင်းချက်မကောင်းဘူး ဒါပေမဲ့ မင်းရဲ့ ဟင်းချက်လက်ရာက ကောင်းတယ်လေ... အဲ့တော့ အနာဂတ်မှာ ကိုယ်နဲ့ပုပုအတွက် မကြာခဏ ထမင်းပွဲပြင်ပေးရမှာပဲ... ကိုယ်အရင်က ပရော်ဖက်ရှင်နယ်ကျကျ ‌လေ့ကျင့်ထားတဲ့ ကလေးထိန်းတွေကိုငှားဖို့ ငွေအများကြီးအကုန်ခံခဲ့တယ် ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဘယ်သူကမှ ပုပုကို ဒီလောက် စေတနာမထားခဲ့ဖူးဘူး မင်းကတော့ ဝီရီယရှိတယ်... ပုပုစားချင်တာတွေကို ဂရုတစိုက်ပြင်ပေးတဲ့အပြင် သူ ကြီးထွားဖို့လိုအပ်တဲ့ အစားအစာတွေကိုလည်း ထည့်တွေးပေးတယ်... မင်းကိုယ်တိုင်လုပ်ထားတဲ့ ဖက်ထုပ်အသေးလေးတွေကို ကိုယ်စားချင်တယ်လို့ ပြောပြဖူးတာကိုတောင် မှတ်မိနေသေးတယ်လေ... လွန်ခဲ့တဲ့ရက်တွေက တိုက်ခန်းကို သန့်ရှင်းရေးလုပ်တော့လည်း အိမ်ထဲမှာ အလှဆင်ပေးခဲ့သေးတယ်မလား..."

" မင်းအတွက်တော့ ဒီကိစ္စတွေက သာမန်ပဲမလား... အဲ‌ဒါကြောင့်ဖို့ ဒါတွေကို လုပ်ပေးရတာ ငွေတန်ဖိုးဘယ်လောက်ကုန်တယ်ဆိုတာ ပြောနေစရာမလိုဘူးပေါ့... ဒါပေမဲ့ မပြောဘူးဆိုတာနဲ့ပဲ အဲ့ကိစ္စတွေက ရှိမနေတာ မဟုတ်ဘူး... တကယ်တော့ ဒါတွေ လုပ်ပေးရတာ မင်းထင်တာထက်ပိုပြီး တန်ဖိုးရှိတယ်... တကယ်လို့ ကလေးထိန်းတစ်ယောက်က ဒါတွေကို လုပ်ပေးရမယ်ဆိုရင် ကုန်ကျစရိတ်ကတော့ သေးမှာမဟုတ်ဘူး... စု့န်ရန် မင်း ကိုယ့်ဆီကငွေကို လက်ခံပါလား ဒါမှမဟုတ် ဒါတွေလုပ်ပေးတဲ့အတွက် ကိုယ့်ကိုငွေပေးခွင့်ပြုပါ... မင်း ကိုယ်တို့ကို ချစ်လို့ ဒီကိစ္စတွေကို လုပ်ပေးတာသိလို့ ကိုယ်ကလည်း မင်းကို တစ်ခုခုတော့ ပြန်ပေးချင်တယ်..."

" မင်းက ပန်းချီဆွဲရတာကို သဘောကျလို့ ဒီအလုပ်နဲ့ပဲ အသက်မွေးတယ်မလား... မင်းပိုပြီး သက်တောင့်သက်သာ အလုပ်လုပ်နိုင်ဖို့ပဲ ကိုယ်မျှော်လင့်မိတာပါ... အဲဒါကြောင့်မို့ ကိုယ်မင်းကို စာရွက်တွေ၊ စုတ်တံတွေ ၊ ဆေးတွေ လက်ဆောင်ပေးတာ... မင်းဆီကနေ ကိုယ်ငွေလက်မခံတာလည်း မင်းကိုချစ်လို့လေ... စုန့်ရန် ကိုယ်တို့က အပြန်အလှန် ပေးကမ်းနေတာလို့ မင်းပဲပြောတယ်လေ... အဲဒါမှန်ပါတယ် ကိုယ်တို့က အပြန်အလှန်အကျိုးပြုနေတာပါပဲ.. မင်းမှာ မင်းရဲ့နည်းလမ်းရှိသလို ကိုယ့်မှာလည်း ကိုယ့်နည်းလမ်းရှိတယ်... ဖက်ထုပ်တစ်ပန်းကန်နဲ့ ပုံဆွဲစာရွက်တစ်ထပ်က အခြေခံအားဖြင့်ဆို ဘာတွေများ ကွာနေမှာမို့လဲ..."

စုန့်ရန် စကားပြောရန် အကြိမ်အနည်းငယ်ခန့် ပါးစပ်ဟလိုက်သော်လည်း ဘာမှပြန်မဖြေနိုင်ခဲ့ပေ။

လိမ္မော်ရောင် နေလုံးကြီးက မိုးကုပ်စက်ဝိုင်းထဲ ဝင်လုနီးနီးဖြစ်သော်လည်း နူးညံ့သော နွေးထွေးမှုကို ခံစားရစေသည်။ 

ဝင်လုဆဲဆဲနေရောင်ခြည်က ကားမှန်ပြတင်းမှတစ်ဆင့် စီးနင်းလိုက်ပါသူများအပေါ် မှိတ်တုတ်မှိတ်တုတ်ဖြင့် ဖြာကျလာသည်။ အကြောင်းအရင်းအချို့ကြောင့် လူကြီးမင်းဟယ်က ပင်ပန်းနွမ်းနယ်နေသည်ဟု စုန့်ရန် ခံစားလိုက်ရသည်။ ၁၃နာရီခန့် လေယာဉ်စီးပြီးသည့်နောက်တွင် ကုမ္ပဏီ၌လည်း တစ်နေ့ခင်းလုံး အလုပ်လုပ်ခဲ့ရ၍ ပင်ပန်းနေတော့မည်ဖြစ်သည်။ 

ဟယ်ကျစ်ယွမ်က တိတ်ဆိတ်စွာဖြင့် ကားမောင်းနေပြီးမှ ခဏအကြာတွင် ပြောလိုက်သည်။ 

" ဒါလင် ကိုယ်မင်းနဲ့ စကားမများချင်ဘူး အထူးသဖြင့် အဲ့လို ငွေပမာဏ နည်းနည်းလေးနဲ့ ပတ်သက်ပြီးတော့ပေါ့... ကိုယ့်အတွက်တော့ ကိုယ်တို့ကြားက ပတ်သက်မှုက ငွေထက်ပိုပြီး အရေးပါတယ်... မင်း လက်မခံဘူးဆိုရင်လည်း ကိုယ် ဘာမှမလုပ်နိုင်ပါဘူး... ဒါပေမဲ့ မင်း ကိုယ်ဝယ်ပေးထားတဲ့ စာရွက်တွေပေါ်မှာ ပန်းချီဆွဲနေတာကို ကိုယ်ကြည့်နေရတဲ့ ခံစားချက်က မင်းချက်ပေးတဲ့ ဖက်ထုပ်ပြုတ်ကို ကိုယ်စားနေတာကို မင်းကြည့်နေရတဲ့ ခံစားချက်နဲ့တူတူပဲဆိုတာကို မင်းသိဖို့ မျှော်လင့်မိတယ်..."

" လူကြီးဟယ် ကျွန်တော် တောင်းပန်ပါတယ်..."

စုန့်ရန် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။ 

သူက စိတ်ခံစားချက်တွင်သာမက ငွေကြေးတွင်ပါ တူညီသောအမှားတစ်ခုကို လုပ်လိုက်မိကြောင်း သဘောပေါက်လိုက်သည်။ 

 

သူ့စိတ်ပိုင်းဆိုင်ရာအရ စည်းချက်ညီသောဆက်ဆံရေးတစ်ခုကို မျှော်လင့်တောင့်တခဲ့မိသော်လည်း အလွန်အကျွံပြုလုပ်မိမည်ကို စိုးရိမ်ပြီး စွန့်ပစ်ခံရချိန်တွင် နောင်တမရစေရန် အချို့ခံစားချက်များကို ဘေးဖယ်ထားခဲ့သည်။ သို့ဖြစ်၍ သူ့နှလုံးသားကို သတိကြီးကြီးထားခဲ့ပြီး သူ့ဘက်မှ မည်သည့်တောင်းဆိုချက်မှ မပြုလုပ်ခဲ့ပေ။

 ငွေရေးကြေးရေးအရ ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ရုန်းကန်ခဲ့ရပြီး ဆာလောင်မွတ်သပ်နေသည့် အစွန်အဖျားတွင် ခြေဖျားထောက်ပြီး ရပ်နေခဲ့ရသည့် ဘဝမျိုးနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ငွေကြေးနှင့် ဂုဏ်သိက္ခာက ခိုင်မြဲစွာချည်နှောင်ထားပြီး ပြဿနာတစ်ခုတည်း အဖြစ်ပြောင်းလဲလာခဲ့သည်။ သူ့ဘက်မှ မည်မျှပေးဆပ်သည်ဖြစ်စေ၊ တစ်ဖက်မှ ၎င်းကို ငွေကြေးတန်ဖိုးတစ်ခု သတ်မှတ် ပေးမည်ကို သူ ရှက်နေခဲ့မိသည်။ 

ဖက်ထုပ်ပြုတ် ချက်ကျွေးရတာ၊ အဝတ်အစားတွေ လျှော်ပေးရတာ၊ ကလေးလေးကို ရက်နည်းနည်းလောက် စောင့်ရှောက်ပေးရတာ... ဒါတွေက အားစိုက်မထုတ်ရတဲ့ အသေးအဖွဲ့ကိစ္စလေးတွေလေ သူဘယ်လိုလုပ် ငွေတောင်းရဲမှာလဲ...

သို့ရာတွင် တစ်ဖက်လူက သူ့ကို ရေဆေးစာရွက်များ ပေးခဲ့ပြီး ၎င်းတို့အားလုံးကလည်း ပစ္စည်းကောင်းများ ဖြစ်ပေသည်။ 

ဒီစာရွက်ဆယ်ရွက်လောက်တင် ယွမ်ရာနဲ့ချီပြီးကုန်မှာလေ ဒါတွေကို ဘယ်လိုလုပ် ဒီတိုင်းလက်ခံလိုက်ရမှာလဲ...

ဒါဆိုရင်တော့ မဖြစ်သေးဘူး...

သူ ‌ဒါတွေကို သေချာပေါက်လက်ခံလို့မဖြစ်ဘူး...

သူ၏ မိမိကိုယ်ကို ကာကွယ်တတ်သည့်စိတ်ထားကြောင့် ဤထူးဆန်းသောကိစ္စကို ချန်လှပ်မထားခဲ့နိုင်ပေ။ ၎င်းကို အကောင်းမြင်စိတ်ဖြင့်ကြည့်ပါက ကိုယ်ကျိုးမငဲ့ခြင်းဟု ဆိုနိုင်သော်လည်းမကောင်းမြင်စိတ်ဖြင့်ကြည့်ပါက သူ၏ရိုးသားမှုကို ရိုးသားမှုဟုသာ သဘောထားပြီး တခြားလူ၏ရိုးသားမှုကို မကောင်းသောရည်ရွယ်ချက်ဟု သဘောထားမိလိုက်ပုံပေါ်သည်။ 

သို့ဖြစ်၍ လူကြီးမင်းဟယ်က မပျော်မရွှင်ဖြစ်သွားပုံပေါ်သည်။ 

" တောင်းပန်ပါတယ် ကျွန်တော်အခု သဘောပေါက်သွားပါပြီ..."

စုန့်ရန်က ရေခဲတမျှအေးစက်နေသော သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး နှစ်ယောက်တည်းကြားနိုင်ရုံ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ 

" ဖက်ထုပ်တစ်ပန်းကန်နဲ့ ပုံဆွဲစာရွက်တွေက အခြေခံအရဆိုရင်တော့ ဘာမှမကွာခြားပါဘူး... စိတ်ရင်းမှန်နဲ့ဆိုရင်တော့ နှစ်ခုလုံးက ဘာမှမကွဲပြားပါဘူး အဲဒါကြောင့်မို့..."

သူ ခေါင်းမော့၍ ဟယ်ကျစ်ယွမ်ကိုကြည့်ကာ စိတ်လွတ်ကိုယ်လွတ် ပြုံးပြလိုက်သည်။ 

" အဲဒါဆိုရင်တော့ ကျွန်တော် အကောင်းဆုံးရေဆေးစာရွက်ပဲ လိုချင်တယ်..."

Infinitiကားက တဖြည်းဖြည်းချင်း ကားပါကင်ထိုးလိုက်သည်။ ဟယ်ကျစ်ယွမ်က ကားစက်သတ်လိုက်ပြီး သော့ကိုဆွဲထုတ်ကာ လက်ချောင်းများဖြင့် အကြိမ်အနည်းငယ် လှည့်လိုက်သည်။

ကားအတွင်းထဲတွင် တိတ်ဆိတ်နေသည်။ 

သူ့လက်တစ်ဖက်ကို စတီယာရင်ပေါ် ထောက်ထားလိုက်ပြီး စုန့်ရန် သူ့အနားရောက်လာအောင် လည်ပင်ကိုဆွဲကပ်လိုက်ပြီး ဒရိုင်ဘာခုံအနားသို့ရောက်လာသည့်အခါ နှုတ်ခမ်းကို နမ်းလိုက်သည်။ သူတို့ အသံမထွက်ပဲ အချိန်အနည်းငယ်ကြာအောင် နမ်းနေပြီးမှ အသက်ရှုကြပ်လာပြီး အနောက်ခုံတွင် အိပ်ငိုက်နေသည့်ပုပုက အင်းအဲအသံပြု၍ ညည်းညူလိုက်ချိန်တွင် တွန့်ဆုတ်စွာဖြင့် လူချင်းခွာလိုက်သည်။ 

" ကိုယ် အရမ်းပျော်တယ်..."

ဟယ်ကျစ်ယွမ်က စုန့်ရန်ကို ချစ်ခင်မြတ်နိုးမှုပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

 

" ဒါလင် ကိုယ်မင်းကို အကောင်းဆုံးအရာတွေပဲ ပေးချင်တာပါ..."

Xxxxxxxx