အပိုင်း ၆၉
Viewers 10k

Chapter 69

၁၆ရက်မြောက်နေ့ ည ၉နာရီ 🖌️

ယနေ့ ညစာက ဂဏန်းဟင်းစားသောက်ပွဲကြီးဖြစ်သည်။

ဟယ်ကျစ်ယွမ်က သီးသန့်ခန်းတစ်ခန်း ငှားထားခဲ့သည်။ အဓိကဟင်းပွဲကိုးမျိုးကို ပေါင်းခြင်း၊ ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ ကြော်ခြင်း၊ အစိမ်းစသဖြင့် မျိုးစုံချက်ပြုတ်ထားခဲ့သည်။ ထိုဟင်းပွဲများအပြင် ထမင်း၊ အချိုပွဲများနှင့် ဂဏန်းစွပ်ပြုတ်အိုးတို့လည်း ပါဝင်သောကြောင့် ဟင်းပွဲ ၃၀ထက် ပိုသွားခဲ့သည်။

ဂဏန်းခြေထောက်နှင့် လက်မများကိုလည်း ကြိုတင်ခွာထားပေးပြီး အငွေ့တလူလူထွက်နေသည်။ အခွံအနီရောင်ထဲမှ နှင်းတမျှ ဖြူဖွေးသည့် ဂဏန်းအသားများကို အရှည်လိုက် ဖြတ်တောက်ပေးထား၍ တူနှင့် တစ်ချက်ထိုးလိုက်ရုံဖြင့် အခွံကိုဖယ်ရန် လုံလောက်ပြီဖြစ်သည်။ ရှာလကာရည်အနည်းငယ်နှင့် ကြိတ်ထားသောဂျင်းထဲစိမ်လိုက်ပါက သဘာဝအရသာ ထွက်လာမည်ဖြစ်သည်။ ဖုတ်ထားသော ဂဏန်းအသားက ကြွပ်ဆတ်ပြီး ဟင်းခတ်အမွှေးအကြိုင် မလိုအပ်ပေ။ လီမွန်ရည်အနည်းငယ်ဖြင့် ညှီနံ့ကိုဖျောက်နိုင်ပြီး အရသာကလည်း အလွန်အမင်းလတ်ဆတ်လှပေသည်။ ကျန်ရှိနေသည့် ဂဏန်းဥများကိုမူ ကြက်ဥပေါင်း၊ ဆန်ပြုတ်နှင့် တို့ဟူးဖုတ်များထဲတွင် ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုထားသည်။ အားလုံးက သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်နေသည်။ 

ဤစားသောက်ဆိုင်မှ ပန်းကန်ပြားများက ဂဏန်းကြီးပုံစံဖြစ်ပြီး တူကိုတင်သည့်ပစ္စည်းလေးများက ဂဏန်းပေါက်စလေးပုံစံများဖြစ်သည်။ ပုပုက အစားအသောက်ထဲတွင် စိတ်မဝင်စား၍ များများမစားပဲ ပန်းကန်ပြားများဖြင့် ဆော့ကစားနေသည်။ ရံဖန်ရံခါတွင် ဂဏန်းပေါက်စလေးများကို အတန်းလိုက်စီထားပြီး ဂဏန်းကြီးပုံစံပန်းကန်များကို ထပ်ထားသည်။ သူ့ကို ကျွေးမှသာ စားပေသည်။ 

စုန့်ရန်က နူးညံ့သည့် ရွှေရောင်ကြက်ဥပေါင်းတစ်ဇွန်းကိုခပ်လိုက်ပြီး ပုပုကို ခွံ့ကျွေးလိုက်သည်။

" အာ..."

ပုစွန်အဖြူရောင်၊ အစိမ်းရောင်ဟင်းနုနွယ်၊ အနီရောင်ဂဏန်းအသားနှင့် အနက်ရောင်မြေအောင်းမှိုတို့ပါဝင်သည့် စွပ်ပြုတ်ရည်က ပင်လယ်ငါးအရသာမျိုး သင်းပျံ့နေသည်။ 

" အွန်း..."

ပုပုက ခေါင်းတဆတ်ဆတ်ငြိမ့်၍ ပျော်ရွှင်စွာစားသောက်နေပြီး 'အွန်း'ဟု အသံပြုကာ ခေါင်းငုံ့ပြီး ဆက်ကစားနေသည်။ စုန့်ရန်က ငါးဥနှင့် ထမင်းတစ်ဇွန်းစာခပ်လိုက်သည်။ ဆန်စေ့များက ဖောင်းဖောင်းလေးဖြစ်ပြီး နူးညံ့ မွှေးပျံ့နေသည့်အပြင် ချိစ်အမျှင်လေးများတန်းနေသည်။ 

" အာ..."

" အွန်း..."

ပုပုက ပါးစပ်ဟပြီးစားလိုက်သည်။ သို့ရာတွင် ဤတစ်ကြိမ်၌ ခေါင်းပင် မော့မကြည့်တော့ပေ။ သူ့အကြည့်များကို ဂဏန်းပိစိလေးများမှထံ မလွှဲနိုင်တော့ပေ။ 

စုန့်ရန်က တို့ဟူးတစ်ဇွန်းခပ်၍ သူ့ကို ကျွေးမည်အပြုတွင် ဟယ်ကျစ်ယွမ်က တားလိုက်သည်။ ဟယ်ကျစ်ယွမ်က သူ၏စိတ်ပျံ့လွင့်နေသော သားဖြစ်သူကို သဘောမကျဟန်ဖြင့်ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။ 

" ကိုယ့်ဘာသာစားပါ... သူ့ကို သိပ်အလိုမလိုက်နဲ့..."

" အိုး..."

ကြည့်ရတာတော့ သူ ဒီကလေးကို တော်တော်အလိုလိုက်မိသွားတာထင်တယ်...

ပုပု စုန့်ရန်၏အိမ်ကို ပထမဦးဆုံးအကြိမ်ရောက်ရှိလာစဉ်က အလွန်လိမ္မာပြီး ထမင်းကိုလည်း အရိပ်အခြေကြည့်ကာ ဂရုတစိုက်စားနေ၍ စုန့်ရန်၏ရင်ထဲ အချိန်အတော်ကြာအောင် နာကျင်ခဲ့ရသည်။ 

ဒါပေမဲ့ အခုတော့ ဒါ သူ့အပြစ်တွေဖြစ်ကုန်ပြီ သူက အကျင့်ပျက်အောင် လုပ်မိတာပဲ...

" ပုပု ပုပုရေ..."

စုန့်ရန်က ဆော့ချင်စိတ်များနေသော ကလေးလေးကို တို့လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

" မဆော့နဲ့တော့ ထမင်းသေချာစား... ပါပါး စိတ်ဆိုးတော့မယ်နော်..."

ဟမ် ပါပါး စိတ်‌ဆိုးတော့မှာလား...

ပုပု ကြောက်လန့်တကြားဖြင့် ဆတ်ခနဲခေါင်းမော့လိုက်သည်။ ဟယ်ကျစ်ယွမ်၏ မျက်နှာတည်ကြီးကို မြင်သောအခါ ဂဏန်းပေါက်စလေးများကို ဆယ်စင်တီမီတာအကွာသို့ ပစ်လိုက်ပြီး ခါးမတ်မတ်ထိုင်၍ ဘယ်ဘက်လက်ဖြင့်ဇွန်းကိုကိုင်ကာ ညာဘက်လက်မှ တူကိုကိုင်ပြီး သေသေချာချာစားရန် ပြင်လိုက်သည်။ စားနေစဉ်တွင်လည်း ရှေ့ကို ခိုးကြည့်နေသည်။ 

ဟယ်ကျစ်ယွမ်နှင့် စုန့်ရန်တို့က အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် တစ်ချိန်တည်းတွင် ပြုံးလိုက်မိသည်။

ညစာစားပြီးသည့်နောက်တွင် ဟယ်ကျစ်ယွမ်က ငွေသွားရှင်းသည်။ စုန့်ရန်က ပုပုကို သန့်စင်‌ခန်းခေါ်သွားပြီး ပုပု၏လက်ကို ဆေးကြောပေး၍ အခြောက်ခံပြီးနောက်မှ သူ့အဖေရှိရာသို့ ပြန်ခေါ်သွားသည်။

သူတို့သုံးယောက် ဈေးဝယ်စင်တာထဲ လျှောက်နေစဉ်တွင် ဟယ်ကျစ်ယွမ်က ရုတ်တရက်မေးလာသည်။

" နောက်ထပ် ဘာလုပ်ချင်သေးလဲ... ရုပ်ရှင်ကြည့်ကြမလား..."

ပုပုက မျက်နှာချင်းဆိုင်မှ Tom’s World အပန်းဖြေစင်တာကို လက်ညှိုးထိုးပြလိုက်သည်။

" ပါပါး... သား အဲဒီမှာဆော့ချင်တယ်..."

ဤနေရာသို့ ယခင်ကလာခဲ့စဉ်အခါကလည်း ပုပုက တူညီသော တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ဖူးသည်။ သို့ရာတွင် ဟယ်ကျစ်ယွမ်က ပညာသားပါပါဖြင့် ငြင်းဆန်ခဲ့သည်။ ယခုအချိန်တွင်မူ စုန့်ရန်က ပုပုဘက်မှ ပါနေ၍ နှစ်ယောက်၊ တစ်ယောက်ဖြစ်နေသောကြောင့် အကောင်ပေါက်စလေးက ယုံကြည်ချက်ရှိနေပြီး နောက်တစ်ခေါက်တောင်းဆိုရန် သတ္တိရှိနေသည်။ ဤတစ်ကြိမ်တွင်မူ ဟယ်ကျစ်ယွမ်က သဘောတူလိုက်ရုံသာမက အင်္ကျီလက်ကိုခေါက်တင်ပြီး သူနှင့်တူတူ ဆော့ပေးလိုက်သည်။

အရပ်က ၁.၉မီတာခန့်ရှိပြီး မည်းနက်နေသည့်ဆံပင်နှင့် ဟယ်ကျစ်ယွမ်က မည်သည့်နေရာမှကြည့်ကြည့် စီးပွားရေးပညာရှင်တစ်ယောက်နှင့် တူနေသည်။ သို့ရာတွင် ယခုချိန်တွင် သူက လက်ထဲတွင် တုတ်နှစ်ချောင်းကိုင်ထားပြီး ဒရမ်တီးနေကာ ကလေးလေးနှင့် Drum Masterဂိမ်းကို ဆော့ကစားနေ၍ သူ့ပုံစံက အနည်းငယ်ဟာသဖြစ်နေသည်။ ဖြတ်သွားဖ့တ်လာအချို့ကပင် အနားတွင်ရပ်ပြီး စူးစမ်းနေကြသည်။ 

ခဏအကြာတွင် ဟယ်ကျစ်ယွမ်က စုန့်ရန်နှင့်အတူ ဟော်ကီကစားရန် နေရာလဲလိုက်သည်။ ပုပုက အလယ်တွင်ရပ်ပြီး ဒိုင်လုပ်နေသည်။ နောက်ဆုံးတွင်မူ လူအများက ဤမိသားစု၏ အနေအထားက မမှန်မကန်ဖြစ်နေသည်ကို သတိပြုမိ၍ သူတို့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေသည်။ ထိုအကြည့်များကြောင့် စုန့်ရန်က ခေါင်းအစ ခြေအဆုံး စိတ်မသက်မသာဖြစ်နေမိပြီး အမှတ်များဆက်တိုက်လျော့ကုန်သည်။ ဟယ်ကျစ်ယွမ် သတိပြုမိသည့်အခါ သူ့ကို အားပေးဟန်ဖြင့်ကြည့်ပြီး နှစ်သိမ့်စကားပြောလိုက်သည်။

" ဘာမှမဖြစ်ပါဘူး ဂိမ်းကိုပဲ အာရုံစိုက်ပါ..."

စုန့်ရန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အသက်ပြင်းပြင်းရှုကာ ပတ်ဝန်းကျင်မှ စပ်စုနေသူများကို လေကဲ့သို့သဘောထားလိုက်သည်။

သူတို့သုံးယောက်သား ည ၉နာရီထိုးသည်အထိ အသည်းအသန်ဆော့ကစားနေခဲ့ကြသည်။ သူတို့ Tom’s Worldမှ ထွက်လာချိန်တွင် တစ်ယောက်ချင်းစီက လက်ထဲတွင် အရုပ်တစ်ရုပ်စီ ကိုင်ထားကြသည်။ ပုပုက ပီကာချူးကိုဖက်ထားပြီး စုန့်ရန်ကJigglypuff၊ ဟယ်ကျစ်ယွမ်က Eeveeကို ကိုင်ထားသည်။ သူတို့သုံးယောက်လုံးက ဟယ်ကျစ်ယွမ်၏ ကြိုးစားအားထုတ်မှုကြောင့် အရုပ်ကောက်စက်တွင် ဤအရုပ်များ ရရှိခဲ့ခြင်းဖြစ်သည်။ သူက စုစုပေါင်း တိုကင်ပြားသုံးခုသာ အသုံးပြုခဲ့ရသည်။

( T/N - အရုပ်သုံးခုလုံးက ပိုကီမွန်တွေပါပဲ ပီကာချူးကိုတော့ လူတိုင်းသိကြပါတယ်၊ Jigglypuffက ပန်းရောင်ကောင်လေး၊ Eeveeက မြေခွေးလို အညိုရောင်ကောင်လေးပါ )

" သားရဲ့ ပါပါးက အရမ်းအရမ်းကို တော်တာပဲ..."

ပုပုက သူ၏ ပီတိဖြစ်မှုများကို မထိန်းချုပ်ထားပဲ ဘေးတိုက်ပုံစံဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ ဂဏန်းတစ်ကောင်သဖွယ် လမ်းလျှောက်နေသည်။ မိဘနှစ်ပါးက သူ့ဘေးတွင် ဘေးချင်းယှဉ်၍ လျှောက်နေသည်။ စုန့်ရန်က Jigglypuffအရုပ်လေး၏ နားရွက်ကို ညှစ်နေပြီး အရုပ်ကောက်ရာတွင် ကံဆိုးခဲ့သည်ကြောင့် မပျော်မရွှင်ဖြင့် မေးလိုက်သည်။ 

" ခင်ဗျား အရုပ်ကောက်တာတော်အောင် ဘယ်လောက်ကြာကြာလေ့ကျင့်ခဲ့တာလဲ..."

" ကိုယ် အရင်က တစ်ခါမှ မကောက်ဖူးပါဘူး..."

ဟယ်ကျစ်ယွမ်က မျက်ခုံးပင့်၍ ပြုံးပြလိုက်ပြီး စုန့်ရန် မခံချင်အောင် တမင်ပြောလိုက်သည်။ 

" အခုမှစလုပ်ပေမယ့် ကံကောင်းသွားတာ ဖြစ်မှာပေါ့..."

အိမ်အပြန်လမ်းတွင်မူ အချိန်တန်ကြာ အလုပ်လုပ်နိုင်သည့် အလုပ်ဂျပိုးဟယ်ကျစ်ယွမ်မှလွဲ၍ စုန့်ရန်နှင့်ပုပု နှစ်ယောက်လုံး ပင်ပန်းနေကြပြီဖြစ်သည်။ 

ပုပုက ကျေနပ်အားရစွာဖြင့် အရုပ်သုံးရုပ်လုံးကိုဖက်ထားပြီး ကားထဲရောက်သည်နှင့် အိပ်မောကျသွားတော့သည်။ စုန့်ရန်က ဆယိမိနစ်ခန့် တောင့်ခံထားသေးသော်လည်း နောက်ဆုံးတွင် အရှုံးပေးလိုက်ရသည်။ သူ့မျက်ခွံများ တဖြည်းဖြည်း လေးလံလာကာ ခေါင်းတစ်ဖက်သို့စောင်းပြီး အိပ်ပျော်သွားတော့သည်။ ဟယ်ကျစ်ယွမ်က ရေဒီယိုကို ပိတ်ပေးလိုက်ပြီး အပူချိန် မြှင့်ပေးလိုက်ကာ စုန့်ရန်၏ ကိုယ်နေဟန်ထားကို ပြင်ပေးလိုက်ပြီး Uပုံစံခေါင်းအုံးလေးကို သူ့လည်ပင်းနောက်တွင် ဖိပေးလိုက်သည်။ 

ငွေရောင်Infinitiကားလေးက မိသားစုသုံးယောက်ကို သယ်ဆောင်ကာ ကျောက်စိမ်းပင်လယ်အော် အဆောက်အဦးဘက်သို့ တဖြည်းဖြည်း မောင်းထွက်သွားသည်။ 

စုန့်ရန် နိုးလာသည့်အခါ ကားကရပ်နေပြီး ဒရိုင်ဘာခုံနေရာက လွတ်နေသည်။ ဟယ်ကျစ်ယွမ် မည်သည့်နေရာသို့ရောက်သွားကြောင်း သူ မသိပေ။ အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုပွတ်လိုက်ပြီးနောက် သမ်းဝေလိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ 

လမ်းမီးတိုင်တွေ၊ ဈေးဆိုင်တွေနဲ့ ဖြတ်သွားဖြတ်လာလူတွေ... သူတို့တွေ ကျောက်စိမ်းပင်လယ်အော်ကို မရောက်ကြသေးဘူးပဲ...

ကားကို မရင်းနှီးသော လမ်းသွယ်တစ်ခု၌ ရပ်ထားသည်။ FamilyMartဆိုင်းဘုတ်တစ်ခုက အနီးအနားတွင်ရှိနေသည်။ ဆိုင်းဘုတ်မှ အဖြူရောင်နှင့်အစိမ်းရောင်အလင်းက အမှောင်ထဲတွင် အလွန်တောက်ပနေ၍ မျက်လုံးမဖွင့်နိုင်သည်အထိ ဖြစ်သွားရသည်။

စုန့်ရန် အနောက်ခုံကိုလှည့်ကြည့်လိုက်သည်။ ပုပုက ထိုင်ခုံတွင် ငြိမ်သက်စွာဖြင့် ထိုင်နေဆဲဖြစ်သော်လည်း သူ့အမူအရာက အနည်းငယ်ထူးဆန်းနေသည်။ Jigglypuffအရုပ်လေးကို ဖက်ထားပြီး တောက်ပသော မျက်ဝန်းလေးများက ရန်လိုသည့်အလင်းတန်းများ ဖြာထွက်နေသည်။ 

" ပုပုအဖေရော... သူ ဘယ်ကိုထွက်သွားတာလဲ..."

စုန့်ရန် မေးလိုက်သည်။

ပုပုက FamilyMartဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

" ပါပါးက သားဖို့ ရေခဲမုန့်သွားဝယ်တယ်..."

“…”

ညဘက် ဒီလိုအချိန်ကြီးမှာ ရေခဲမုန့်စားတယ်ပေါ့... ဘယ်လောက်တောင်ဆိုးတဲ့ အကျင့်လဲ...

စုန့်ရန်က ထိုင်ခုံတွင် ပြန်မှီနေလိုက်ပြီး လက်ပိုက်ကာ မျက်ဆံလှန်နေလိုက်သည်။ 

ငါ့ကိုကျတော့ ကလေးကို အလိုလိုက်တယ်လို့ပြောတယ်... ငါ ဘယ်လောက် အလိုလိုက်လိုက် ‌ည ၉နာရီ ၁၀နာရီလောက်ကြီးမှာတော့ ရေခဲမုန့်ဝယ်ကျွေးတဲ့အထိ မဟုတ်ဘူးလေ...

မကြာမီအချိန်တွင် ဟယ်ကျစ်ယွမ်ပြန်ရောက်လာသည်။ ကားတံခါးဖွင့်လိုက်ပြီးနောက် ရေခဲမုန့်တစ်ဘူး ပုပုကို ပေးလိုက်သည်။

" အဲဒါ ဗန်နီလာအရသာနော် သားကြိုက်ရဲ့လား..."

" ကြိုက်တယ်..."

ပုပုက ရေခဲမုန့်ဘူးကိုလှမ်းယူကာ ပလတ်စတစ်အဖတ်ကို ခွာလိုက်ပြီး ဇွန်းဖြင့် ကြီးကြီးခပ်လိုက်သည်။ 

ဟယ်ကျစ်ယွမ်က ဒရိုင်ဘာခုံကို ပြန်ရောက်လာပြီး FamilyMartတံဆိပ်နှင့် ပလတ်စတစ်အိတ်ကို စုန့်ရန်၏လက်ထဲ ထည့်ပေးလိုက်သည်။

" ကျန်တာက မင်းဖို့နော်... လိမ္မော်နဲ့ စတော်ဘယ်ရီ အရသာတွေလည်းပါတယ် ကြိုက်တာရွေးလို့ရတယ်..."

" ကျွန်တော် မစားတော့ဘူး..."

စုန့်ရန် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ 

ဟယ်ကျစ်ယွမ်က ခါးပတ်ပတ်လိုက်ပြီးနောက် ကားစက်နှိုးလိုက်သည်။

" ဘာလို့လဲ..."

" နောက်ကျနေပြီလေ... ဒီအချိန်ကြီး ရေခဲမုန့်

စားချင်တယ်ဆိုမှ ထူးဆန်းမှပေါ့..."

စုန့်ရန်က လက်ပတ်နာရီကိုကြည့်ပြီး ရေရွတ်လိုက်သည်။ 

" ၁၀နာရီတောင် ထိုးပြီလေ... ကျွန်တော်တို့ အိမ်ပြန်ရောက်ရင် ရေချိုးပြီး အိပ်ရာဝင်ရတော့မှာကို ရေခဲမုန့်တွေ ဝယ်လာရလား ဘာတွေ တွေးနေတာလဲ..."

ဟယ်ကျစ်ယွမ်၏ အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။

" အိမ်မှာ တစ်ခုမှ မရှိဘူးလေ..."

စုန့်ရန် ပြောစရာစကားမဲ့သွားသည်။ 

" ‌ဒါ... ဒါဆိုလည်း မနက်ဖြန်မနက်ထိစောင့်ပြီးမှ ဝယ်ပါလား... တစ်ညလောက်စောင့်လိုက်ရုံနဲ့ ဗိုက်ဆာပြီး မသေပါဘူး..."

" ကိုယ် တစ်နာရီလောက် ထပ်စောင့်နေရင်ကို ဗိုက်ဆာလို့ သေသွားနိုင်တယ်..."

ဟယ်ကျစ်ယွမ်က ပြတ်သားစွာပြောလိုက်သည်။

“…”

စုန့်ရန်က ပြောစရာစကားမရှိတော့၍ စိတ်ထဲမှသာ ဝေဖန်နေလိုက်သည်။

ထူးဆန်းလိုက်တာ... သူ အဲ့လောက်အချိုကြိုက်တာ ငါ့ကိုလည်း မပြောဖူးပါလား...

ဟယ်ကျစ်ယွမ် ပြုံးလိုက်သည်။ ထို့နောက် သူရှေ့သို့ အနည်းငယ်တိုးလာပြီး ရေရွတ်လိုက်သည်။ 

" ဒါမှမဟုတ် စုန့်ရန် မင်းပြောချင်တာက ... ကိုယ်တို့ အဲဒါမသုံးလည်းရတယ်ပေါ့ ဟုတ်လား..."

သူ့စကားများက တဖြည်းဖြည်း။ပို၍ ထူးဆန်းလာပြီး ဟာသဆန်ဆန်နှင့် ပရောပရည်လုပ်နေသည်ဟုပင် ထင်ရသည်။ စုန့်ရန် သဘောမပေါက်နိုင်သေးပေ။ ခဏအကြာတွင်မှ တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားပြီး သူ့ပေါင်ပေါ်မှ ပလတ်စတစ်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ 

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့မျက်နှာက ဝက်အသည်းကဲ့သို့ ချက်ချင်းနီရဲသွားသည်။ 

၎င်းက ကွန်ဒုံးဆိုဒ်အကြီး ၁၂ထုပ်ဖြစ်နေသည်။ ဘူးနှစ်ဘူး ပါရှိပြီး တစ်ဘူးက လိမ္မော်အရသာနှင့် တစ်ဘူးက စတော်ဘယ်ရီအရသာဖြစ်ကာ ချောဆီတစ်ပုလင်းလည်းပါသည်။

" ခင်ဗျား..."

အထုပ်ပေါ်မှ စာလုံးအကြီးများကို စိုက်ကြည့်နေလျက် ဒေါသနှင့် ရှက်ရွံ့မှုတို့ ပေါင်းစပ်သွားကာ ခေါင်းမော့၍ ဟယ်ကျစ်ယွမ်ကို ကြည့်လိုက်သည်။ ထိုလူကြီးက သု့မျက်နှာပေါ်မှ ‌မကောင်းဆိုးဝါးဆန်ဆန်အပြုံးကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိသည့်ပုံပေါ်သည်။ စုန့်ရန် ဒေါသထွက်သွားပြီး ချက်ချင်း ဟယ်ကျစ်ယွမ်၏လက်မောင်းကို လိမ်ဆွဲလိုက်သည်။

" ခင်ဗျားဘာလို့ ဒီလိုထပ်လုပ်ရပြန်တာတုန်း..."

လူကြီးမင်းဟယ်က စိတ်ကြည်လင်နေ၍ အိမ်အပြန်လမ်းတစ်ယောက်လုံး စုန့်ရန်ကို ထိကပါးရိကပါးလုပ်လာသည်။ အစတွင်မူ ပုပု ကားထဲတွင် ရှိနေ၍ စိတ်ပူနေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားရန် မကြိုးစားခဲ့ပေ။ မထိတထိဖြင့် မသိမသာစနောက်နေခြင်းဟု ပြောနိုင်သည်။ သို့ရာတွင် ပုပု ရေခဲမုန့်စားပြီး၍ ပြန်အိပ်ပျော်သွားချိန်တွင် အရေခြုံထားသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ သွားစွယ်များ ထုတ်ပြလာပြီး မျက်နှာပြောင်တိုက်လာသည်။ 

ဤမတိုင်ခင်ကလည်း စုန့်ရန်က ဖုန်းထဲမှတစ်ဆင့် ထိကပါးရိကပါးအလုပ်ခံရသော်လည်း လူချင်းတွေ့၍ ထိုသို့ပြုလုပ်ခံရခြင်းက ယခင်နှင့် လားလားမှ မသက်ဆိုင်သကဲ့သို့ဖြစ်သည်။ 

မျက်နှာကြီး နီရဲနေလျက် အရောင်စုံ Durexများထာ့်ထားသည့် အိတ်ကြီးကိုကိုင်ကာ အံကြိတ်၍ ပြောလိုက်သည်။

" ကျွန်... ကျွန်တော် လက်စားပြန်ချေမှာ..."

" ကိုယ် စောင့်နေပါ့မယ်..."

ဟယ်ကျစ်ယွမ်က သူ့ကို စနောက်နေရသည်ကို ပျော်ရွှင်နေ၍ အတည်မယူလိုက်ပေ။ ရလဒ်အနေဖြင့် သူ့လက်မောင်းက အကြိမ်ပေါင်းများစွာ လိမ်ဆွဲခံလိုက်ရသည်။ 

Xxxxxxxx