အပိုင်း ၁၂
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၂

 

 

 

 

 

ပြီးနောက် စုချန်ယန်က စားပွဲရှေ့မှာထိုင်နေတဲ့ လင်းယွီဘက်ကို ကြည့်လိုက်ပြီး မေးခဲ့သည်။ " မစ္စတာလင်း အခုဖော်ပြထားတဲ့ လိုအပ်ချက်တွေကို တင်းတင်းကြပ်ကြပ် လိုက်နာမှဖြစ်မှာလား"

 

 

လင်းယွီက ပြုံးကာပြောခဲ့သည်။ "မဟုတ်တာ ကုမ္ပဏီက အနုပညာရှင်တွေကို လွတ်လပ်ခွင့်ပေးဖို့ကြိုးစားပါ့မယ်"

 

 

အဲ့ဒီလိုကြားလိုက်မှ စုချန်ယန်က စိတ်အေးသွားရသလိုသက်ပြင်းချလိုက်မိသည်။ 'ကောင်းတာပေါ့ နောက်လည်း ဒါတွေစားရဖို့အခွင့်ကြုံလာဦးမှာပဲလေ'ဟု တွေးမိသည်။ ဒါပေမဲ့ အရင်ကလောက်တော့ စားခွင့်မရှိနိုင်တော့ပေ။

 

 

စုချန်ယန်က စက္ကန့်အနည်းငယ်ကြာ စိတ်မသက်သာခင် လင်းယွီက ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ မင်းအနေနဲ့ ဒီလိုကြားကာလမှာ အားစိုက်ထုတ်ဖို့တော့လိုတယ်။"

 

 

စုချန်ယန် မျက်နှာက တောင့်တင်းသွားပြီး မေးခဲ့သည်။ "ဘာကိုဆိုလိုတာလဲ"

 

 

လင်းယွီက မျက်လုံးတွေ မှေးစင်းကာ ပုံမှန် မျက်နှာထားနှင့် ပြုံးပြနေသည်မှာ နွေးထွေးလှသည်။ ဒါပေမယ့် စုချန်ယန်တစ်ယောက် အကြောင်းမရှိ ကြက်သီးထသလိုခံစားမိသွားသည်။

 

 

မိန်းမတွေရဲ့ ဆဌမအာရုံကအလုပ်ဖြစ်သည့်ပုံပင်။

 

 

လင်းယွီလည်း ပြုံးကာ ပြောခဲ့သည်။ "မစ္စစု မင်းရဲ့အခုလက်ရှိပုံစံက ကုမ္ပဏီရဲ့လိုအပ်ချက်နဲ့ သိပ်မကိုက်ညီဘူးလေ။ ဒါကြောင့် သတ်မှန်ထားတဲ့ စံနှုန်းမရောက်ခင်ထိ ကုမ္ပဏီရဲ့တောင်းဆိုချက်က စာချုပ်ထဲမှာ ပါတာထက်ပိုပြီး မင်းအပေါ် တင်းကြပ်သလို ဖြစ်နေလိမ့်မယ်။ မင်းဘက်က အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ထင်ပါတယ်

 

 

စုချန်ယန် ငြိမ်သက်သွားမိသည်။

 

 

သူမ သူ့ရဲ့ နတ်သားလို အပြုံးလေးကို ကြည့်နေမိပေမဲ့ သူ့နတ်ဆိုးဆန်တဲ့ စကားတွေကိုတော့ ကြားနေရသည်။ လင်းယွီက အပြင်ပန်းအရ စုချန်ယန် ထင်ထားသလို လုံးဝ နူးညံ့သိမ်မွေ့တဲ့ ပုံစံမဟုတ်ဘဲ စုချန်ယန်ကို သရုပ်ဆောင်ခိုင်းသည့် ဂုဏ်သရေရှိ အထက်တမ်းလွှာလို ပန်းတစ်ပွင့်အမည်ရတဲ့ ဇာတ်ဝင်တေးလိုမျိုး ခက်ထန်သည့် ပုံစံမျိုးပင်။

 

 

အဲ့ဒီ့အချိန်မှာမှ စုချန်ယန် တကယ်နောင်တရမိသွားသည်။

 

 

ဘာပဲဖြစ်ဖြစ် သူမ တစ်နှစ်အကြာမှာ ဒီအနုပညာလောကက အနားယူမှာဖြစ်ပြီး သာမန်စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ သိုသိုသိပ်သိပ်နေတော့မည်ဖြစ်သည်။ သူမကိုယ်သူမ ဘာလို့နှိပ်စက်ရမှာလဲ?

 

 

'အစ်မဝမ် အစ်မဝမ် ကျွန်မကို အစ်မနဲ့ အိမ် ခေါ်သွားပေးပါလား' လို့ သူမတွေးမိသွားသည်။

 

 

ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီပင်။ စာချုပ်တွင် လက်မှတ် ထိုးပြီးပြီဖြစ်ပြီး တံဆိပ်တုံးလည်း နှိပ်ပြီးပြီဖြစ်သည်။ စုချန်ယန် ဘယ်လောက်ပဲ နောင်တရနေပါစေ လုပ်ပြီးသားကိစ္စတစ်ခု ဖြစ်နေခဲ့ပြီးသားပင်။

 

 

ခက်ထန်တဲ့ အခြေအနေကို နားလည်သွားပြီးနောက်

ကျားပြုံးပြုံးနေသည့် G.M လင်းယွီက သူ့လက်ထောက် ရှုယန်ကို စုချန်ယန်ကို သူမ အိမ်ဆီပြန်ပို့ခိုင်းခဲ့ပြီး ၃ရက်အတွင်း ယန်ရှို့ရီနဲ့အတူ ပါဝင်ရမယ့် အင်တာဗျူး ပရိုဂရမ်အတွက် အနားယူစေခဲ့သည်။

 

 

စုချန်ယန်က လောလောဆယ် ဟိုတယ်မှာ နေနေတာကို သိထားပြီးနောက် လင်းယွီနဲ့ရှုယန်တို့ အံ့အားသင့်သွားရြသည်။

 

 

"မစ္စတာယန်လုပ်တဲ့ သက်ရောက်မှုကြောင့် ကျွန်မအရင်နေတဲ့နေရာက ဆိုရှယ်မိဒီယာမှာ ဖော်ထုတ်ခံလိုက်ရတာမို့လို့ လောလောဆယ်တော့ ဒီဟိုတယ်မှာပဲ နေဖြစ်တယ်"

 

 

ဒါကိုကြားပြီးနောက် လင်းယွီက ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "ယန်ရှို့ရီကြောင့် ဖြစ်ခဲ့တာဆိုတော့ ကုမ္ပဏီကနောက်ထပ် နေရာအသစ်တစ်ခုဘစီစဉ်ပေးပါလိမ့်မယ်။ နောက်၂ရက်လောက်ပဲ စောင့်ပေးပါ"

 

 

"ကျေးဇူးတင်ပါတယ်" စုချန်ယန်က ပြောခဲ့သည်။

 

 

လင်းယွီရဲ့ နတ်ဆိုးဆန်တဲ့ ပုံစံက စုချန်ယန်ရဲ့ နှလုံးသားထဲက ပြန်ပျောက်ကွယ်သွားပြီး နတ်သားလို အရိပ်အယောင်လေးများ ပြန်ဖြစ်တည်လာခဲ့သည်။

 

 

သူမ ပြောသင့်လား မပြောသင့်လား မသိပေမဲ့ ဖျော်ဖြေရေးလောကထဲ နှစ်အတော်ကြာကျင်လည်ခဲ့ပြီးနောက် ဒီလို အရည်ချင်းရှိပြီး တာဝန်ယူမှုရှိတဲ့ အေဂျင်စီမျိုး တစ်ခါမှမမြင်ဖူးပေ။ အစ်မဝမ် ပြောသလိုသာ ပြောရတော့မည်။ 'သူတို့ဆီမှာ ထိပ်တန်းအနုပညာရှင်တွေချည်းပဲ ရှိတာ သိပ်မထူးဆန်းတော့ဘူး'

 

 

ရှုယန်ဆိုသည့် လက်ထောက်က စုချန်ယန်ကိုသူမ ဟိုတယ်ဆီ ပြန်ပို့ပေးခဲ့ပြီး အင်တာဗျူးအတွက် ဇာတ်ညွှန်း မိတ္တူပေးထားခဲ့သည်။ Weibo တွင်လည်း အကောင့်အသစ်တစ်ခု ဖွင့်ပေးခဲ့ကာ ထိုအကောင့်က Starlight ဖျော်ဖြေရေး ကုမ္ပဏီမှ တရားဝင် စာချုပ်ချုပ်ဆိုထားသည့် အနုပညာရှင် တစ်ယောက်အဖြစ် သတ်သတ်မှတ်မှတ် ဆောင်ရွက်ပေးခဲ့သည်။

 

"မစ္စစု"

 

 

"အကိုရှု ကျွန်မကို ချန်ယန်လို့ပဲခေါ်ပါ"

 

 

"ကောင်းပါပြီ"

 

 

အကိုရှုက ခပ်ဟဟရယ်ကာ ပြောခဲ့သည်။  " ချန်ယန် ဒီနေ့ Weiboမှာ တက်လာမယ့် သတင်းကို သေချာအာရုံစိုက်ထားနော်။ ကုမ္ပဏီက Starlight ဖျော်ဖြေရေးကုမ္ပဏီထဲ မင်းဝင်လာတာကို တရားဝင်ကြေညာပေးပြီးရင် နောက် ၃ရက်မှာ လုပ်မယ့် အင်တာဗျူး ပရိုဂရမ်ကိုပါ ကြေငြာပေးလိမ့်မယ်။ သတင်းထွက်လာရင် တစ်နိုင်ငံလုံးက သိသိသာသာနဲ့.တုံ့ပြန်လာ‌တာတွေ ရှိလာလိမ့်မယ်။ သူတို့ဘာတွေပဲ ပြောပြော စိတ်ထဲမထားပါနဲ့

ဒါပေမဲ့..."

 

 

သူ ခဏရပ်သွားပြီး ၂စက္ကန့်လောက် စုချန်ယန်ဆီ အမှတ်မထင် အကြည့်ရောက်သွားခဲ့ကာ ဆက်ပြောခဲ့သည်။ "မင်း သူတို့ ပြောသမျှကို လိုက်ခံစားနေတယ်လို့ ငါ မထင်ဘူး။ မဟုတ်ရင် ဒီလောက်အချိန်တိုတိုအတွင်းမှာ အဲ့လောက် ဝိတ်တက်လာလောက်မှာမဟုတ်ဘူး"

 

 

စုချန်ယန် အံ့အားသင့်စွာနဲ့ တိုးလျစွာရေရွတ်မိသွားသည်။ "အဲ့လောက်တောင် ဝိတ်တက်သွားတာလား"

 

 

"အာ.. ကျွန်မ နားလည်ပါပြီ" စုချန်ယန်က ခေါင်းငြိမ်ကာ ပြောခဲ့သည်။

 

 

ရှုယန်က သူ့လက်ပေါ်က နာရီကိုကြည့်ကာ ပြောခဲ့သည်။ "ကုမ္ပဏီမှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးတယ်။ ဒီအင်တာဗျူး ဇာတ်ညွှန်းကို ဖတ်ပြီးလို့ မေးချင်တာရှိရင်အချိန်မရွေး ခေါ်လို့ရပါတယ်။ ဒါ ကျွန်တော့် ဖုန်းနံပါတ်ပါ"

 

 

ရှုယန်က သူ့လိပ်စာကဒ်ကို စုချန်ယန်ဆီ ပေးခဲ့သည်။

 

 

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်" စုချန်ယန်က လိပ်စာကဒ်ကိုယူကာ ခေါင်းငြိမ့်ပြခဲ့သည်။

 

 

အပြင်ပန်းမှာတော့ လင်းယွီက သူမ ကိုယ်စားလှယ်ဖြစ်နေပေမယ့် ဘာပဲဖြစ်ဖြစ် သူက ဥက္ကဌ သားပင်။  အနာဂတ်တွင်လည်း အေဂျင်စီကို အမွေဆက်ခံလိမ့်မည်။

 

 

နားလည်ထားရမယ့် ကိစ္စနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မည့်ကိစ္စများ ရှိနေသေးသည်ပင်။ နောက်ဆက်တွဲ လက်ဆင့်ကမ်းရမယ့် အလုပ်ကိစ္စတွေ အားလုံးကို လင်းယွီသာလျှင် ကိုင်တွယ်သွားနိုင်ချေရှိသည်။

 

 

ရှုယန်က ပြန်ဖို့ပြင်နေရင်း တစ်ခုခုကို သတိရသွားဟန်ဖြင့် စုချန်ယန် ဘက်လှည့်ပြီး ပြောခဲ့သည်။ "ချန်ယန် ဒီည ညစာအတွက် ပြင်ဆင်ပေးဖို့ နောက်လက်ထောက်တစ်ယောက်ကို လွှတ်ပေးမယ်နော်။ ခုကစပြီး မင်းဝိတ်လျှော့ရမဲ့ကိစ္စကို ကုမ္ပဏီက တာဝန်ယူသွားလိမ့်မယ်"

 

 

စုချန်ယန်က ခဏတာ ငြိမ်သက်သွားပြီး ပြောခဲ့သည်။

"ဪ ..ဟုတ်ကဲ့"

 

 

"ဒါဆို အစ်ကို သွားဦးမယ်"

 

 

"ဟုတ်ကဲ့ ဂရုစိုက်သွားပါ"

 

 

"အိုခေ"

 

 

ရှုယန် ပြန်သွားပြီးနောက် စုချန်ယန်က စိတ်ပျက်လက်ပျက်နဲ့ အခန်းဆီ ပြန်သွားခဲ့သည်။

 

 

ဘာပဲဖြစ်ဖြစ် အစားအသောက်က အရေးကြီးဆုံးလေ!

 

 

စုချန်ယန်တွင် အိမ်မက်၂ခုရှိသည်။ ပထမတစ်ခုမှာ စာအုပ်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ ငွေအလုံလောက်ရှိပြီး ဘဝကိုပျင်းရိစွာ ဖြတ်သန်းသွားဖို့ပင်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးက အရသာရှိတဲ့ စားစရာမှန်သမျှ စားကြည့်ရဖို့ဖြစ်သည်။

 

 

 

စုချန်ယန်က သူမဘယ်လောက်စားစား ဝိတ်တက်မလာသည့် သူမရဲ့ အရင် ခန္ဓာကိုယ်ကို သဘောကျပြီး အစားလည်းမရွေးပေ။ ဤအချင်းအရာက အပြင်ပန်းအရသန်မာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ အားနည်းခြင်းကြောင့် ကောင်းကင်မှ ဒဏ်ခတ်တာသာလျှင် ဖြစ်ပေလိမ့်မည်။

 

 

စုချန်ယန်က မကျတဲ့ မျက်ရည်တွေကို သုတ်ဟန်ပြုပြီး စားပွဲပေါ်မှာရှိတဲ့ စာရွက်စာတမ်းတွေကို ယူလိုက်သည်။ တစ်ခုမှာ အင်တာဗျူးအတွက် ဇာတ်ညွှန်းဖြစ်ပြီး နောက်တစ်ခုမှာ သူမရဲ့ဝိတ်လျှော့တာအတွက်အစားအသောက် ချင့်ချိန်ဖို့ စီစဉ်ပေးထားသည့် စာရွက်များပင်။ စုချန်ယန်က 'ဝိတ်ချခြင်း'ဆိုသည့် ခေါင်းစဉ်နဲ့ စာရွက်တွေ ဘေးပစ်လိုက်ပြီး ဆိုဖာပေါ်က အင်တာဗျူးဇာတ်ညွှန်းကို စဖတ်ခဲ့သည်။

 

 

စုချန်ယန်က အရင်ကလည်း ထိုကဲ့သို့ တူညီသည့်အင်တာဗျူးများတွင် ပါဝင်ခဲ့ဖူးပေမယ့် သရုပ်ဆောင်အဖွဲ့ဝင်တွေနဲ့ အတူတူ အင်တာဗျူးခံခဲ့ရခြင်းသာဖြစ်သည်။

 

 

တစ်ချို့ တာဝန်ကျေပွန်တဲ့ ကုမ္ပဏီတွေကတော့ မေးခွန်းအသွားအလာတွေကို ကြိုပြထားခဲ့ပြီး သရုပ်ဆောင်တွေကို စိတ်အဆင်သင့်ဖြစ်အောင် ပြင်ဆင်စေခဲ့သည်။

 

 

ဒါပေမယ့် အချို့မသမာတတ်သော မီဒီယာသမားတွေက အင်တာဗျူးမှာ ခက်ခဲစေနိုင်တဲ့ မေးခွန်းတွေကို ဗျူးနေစဉ် ရည်ရွယ်ချက်ရှိရှိမေးပြီး အနုပညာရှင်တွေကို အငိုက်ဖမ်းကာ လူပြိန်းကြိုက် ရုပ်ရှင်ကားလို ယုတ္တိမရှိစွာ ဖန်တီးတတ်ကြသေးသည်။

 

 

ဒါပေမဲ့ ဒီတစ်ခါတော့ ကုမ္ပဏီက စီစဉ်တဲ့ ပရိုဂရမ်ဖြစ်တာကြောင့် စုချန်ယန်က သူတို့ ဇာတ်ညွှန်းအတိုင်း ရေလိုက်ငါးလိုက် သွားမယ်လို့ တစ်ထစ်ချယုံကြည်ထားပြီးအမှားအယွင်း ရှိမလာနိုင်ပေ။

 

 

အမြန်ဖတ်လိုက်ပြီးနောက် ကုမ္ပဏီက သူမရဲ့ နာမည်ဆိုးကို ရှင်းလင်းစေမယ့် ရည်ရွယ်ချက်နဲ့အတူ ယန်ရှို့ရီရဲ့ သိက္ခာကို တတ်နိုင်သမျှ ကာကွယ်ပေးသွားမယ့်သဘောကို နားလည်သဘောပေါက်သွားသည်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ထပ်တူကျသည့် ခံယူချက်က နားလည်မှုလွဲခြင်းပင်။

 

 

အခြေခံအားဖြင့် ပြည်သူများဖြစ်ပြီး ဈေးကွက်စီးပွားရေး မြှင့်တင်မှုကြောင့် အထင်လွဲစေခဲ့ကာ သူတို့ကိုလည်း လှည့်စားရာရောက်ခဲ့သည်။ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီးနောက် ယန်ရှို့ရီက အလွန်အမင်းအပြစ်ရှိသလို ခံစားမိပြီး စုချန်ယန်ကို Starlight ဖျော်ဖြေရေးရဲ့ လူရွေးပွဲမှာ ‌ဝင်ပြိုင်ခွင့်ရအောင် ကူညီပေးခဲ့သည်။

 

 

မထင်မှတ်ဘဲ စုချန်ယန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကုမ္ပဏီမှ သတိထားမိခဲ့ပြီး အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းပင်။ ယန်ရှို့ရီက သူမကို ကူညီပေးခဲ့တဲ့ စီနီယာတစ်ယောက်ဖြစ်ပြီး သူ့ကို စုချန်ယန်က ကျေးဇူးတင်နေရမည့်ပုံစံပင်။

 

 

ဇာတ်ညွှန်းတစ်ခုလုံးဖတ်ပြီးနောက် စုချန်ယန် စိတ်ထဲတွင် တစ်ခုတွေးခဲ့မိသည်မှာ အဲ့ဒါကအကောင်းဆုံးပဲဆိုသည်ပင်။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပုံအရ သူတို့က ဈေးကွက်စီးပွားရေးမြှင့်တင်ခြင်းဘက် ပြန်ဦးတည်ကာ အပြစ်ပုံချလိုက်ခြင်းပင်ဖြစ်သည်။

 

 

စုချန်ယန်နဲ့ ယန်ရှို့ရီတို့ ၂ဦးစလုံးက နစ်နာသူတွေ ဖြစ်ကြပြီး ယန်ရှို့ရီပေါ် သက်ရောက်သည့်ကိစ္စကိုလည်းနည်းနိုင်သမျှ နည်းစေကာ ဟာကွက်မရှိ ဖြေရှင်းနိုင်ပုံရပြီး စုချန်ယန်အပေါ် စိတ်ဝင်စားလာမှုတွေကိုလည်း အပြည့်အဝ ကာကွယ်နိုင်သည်။

 

 

အခြားကိစ္စတွေ ဘေးဖယ်လိုက်လျှင် ဒီအင်တာဗျူးရှိုးမှာ ကုမ္ပဏီက ပြဿနာကို ဖြေရှင်းဖို့ ချဉ်းကပ်နည်းက ရင့်ကျက်လှပြီး အတွေ့အကြုံလည်း ရင့်သည့်ပုံပင်။

 

 

ဒါပေမယ့် စုချန်ယန်ကတော့ သဘောမကျချေ။

 

 

ဒီကိစ္စကို ကုမ္ပဏီရဲ့ ဖြေရှင်းပုံက သင့်တင့်လျောက်ပတ်သည်ဆိုတာ ယုံကြည်ပေမဲ့လည်း သူတို့တစ်ခုခုကို သတိမထားမိလိုက်ပေ။

 

 

ဒါမတိုင်ခင် ထန်းယွဲ့က ဆိုရှယ်မီဒီယာပေါ်မှာ စုချန်ယန်ဘက်က ရပ်တည်ပေးခဲ့ပြီး ယန်ရှို့ရီက သူမဆီတမင်တကာ အပြစ်ပုံချခဲ့ကြောင်းလည်း စောင်းမြောင်းပြောပေးခဲ့သည်။ တကယ်လို့ ဒီတစ်ခါ

စုချန်ယန်သာ ယန်ရှို့ရီနဲ့ ပူးပေါင်းပြီး‌ အခြေအနေကို ဖြေရှင်းလိုက်လျှင် ယန်ရှို့ရီ နာမည်ကို ရှင်းလင်းနေစဉ် လိုင်းပေါ်မှာ ထန်ယွဲ့ကို လူတွေက ဘယ်လိုထင်ကြမလဲ။