အပိုင်း ၁၅
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၅

 

 

 

 

 

 

တံခါးဘေးက မိန်းကလေးမှာတော့ ယုန်သူငယ်လေး သဖွယ် ကြောက်လန့်တကြားနဲ့ ခြောက်ခြားပြီး မျက်လုံးတွေက နီရဲနေကာ တောင့်တောင့်ကြီးရပ်နေသည်။ အကုန်လုံး သူမကို ကြည့်နေကြစဉ် စုချန်ယန်သည် နှုတ်ခမ်းကိုတင်းစေ့ကာ ခေါင်းငုံ့ထားပြီး နာကြည်းမိသည် အရိပ်အယောင်ကို ထင်ရှားစွာဖော်ပြနေသလိုပင်။

 

 

စုချန်ယန်က သူမ ရင်ထဲ ကြီးကြီးမားမား မှားယွင်းသွားတာကို ခံစားမိလိုက်သည်။

 

 

သူမ ကြောက်နေရုံသာမက ပွက်ပွက်ဆူအောင်ပူနေတဲ့ အပူချိန်နဲ့ ညီမျှတဲ့ လက်ဖက်ရည်ပူများ အပူလောင်ခဲ့သည်။  ဒီဖြစ်ရပ်အား ပက်ပင်းမကြုံခင်အချိန်တွင် သူမ တစ်နေကုန် အစားကောင်းကောင်း မစားခဲ့ရသည့်အပြင် gymကိုလည်း ဆွဲခေါ်ခံရပြီး အချိန်အကြာကြီး လေ့ကျင့်ခန်း လုပ်ခဲ့ရတာကို တွေးမိတော့ ငိုချင်သည်အထိ စိတ်ညစ်နေပြီဖြစ်သည်။

 

 

ဒါပေမဲ့ အပြင်မှာ‌တွေ့နေရသည့် လူတွေကတော့

သူမ စိတ်ထိခိုက်သွားရသည့် တရားခံမှာ ယန်ရှို့ရီဖြစ်သည်။

 

 

စုချန်ယန် မျက်လုံးထောင့်မှ မျက်ရည်ပူတွေ ချက်ချင်း ကျလာတာကြောင့် သူမ ခေါင်းခါလိုက်ပြီး ပြန်ပြောခဲ့သည်။"ရပါတယ် "

 

 

"ဘာကို ရပါတယ်လဲ!" ရှောင်လုက သူမကို စူးစူးဝါးဝါးကြည့်ကာ ..."မင်း မျက်နှာနီနေပြိ အမာရွတ်ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ!"

 

 

အဲ့လိုပြောပြီးတာနဲ့ အစည်းဝေးခန်းက ချက်ချင်း ငြိမ်သက် တိတ်ဆိတ်သွားပြန်သည်။

 

 

သရုပ်ဆောင်တွေအတွက် မျက်နှာက အရေးကြီးဆုံး အစိတ်အပိုင်းပင်။ အထူးသဖြင့် စုချန်ယန်အတွက်ဖြသ်ပြီး Starlight ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ပြီးချိန်မှာပေါ့။အကယ်၍ ဒီကိစ္စသာ သတင်းပြန့်သွားမယ်ဆိုရင် ပိုပြီးဆိုးရွားလာမည်မှာ သေချာသည်။

 

 

"လက်ထောက်ရှု မိန်းကလေးစုကို ဆရာဝန်ပြပေးလိုက်ပါ။ လောလောဆယ်တော့ အစည်းအဝေးကို ခဏရွှေ့ထားပေးလိုက်ပါမယ်။ မိန်းကလေးစု ပြန်မလာမချင်း  ဒီအစည်းဝေးခန်းထဲက ဘယ်သူမှ အပြင်ထွက်ခွင့်မရှိဘူး" လင်းယွီက မျက်နှာသေဖြင့် ပြောလာခဲ့သည်။

 

 

မကျေမချမ်းဖြစ်နေသည့် ယန်ရှို့ရီက တစ်ခုခုထပြောခါနီး သူ့မန်နေဂျာက သူ့ကို ပြန်ဆွဲချကာ ထိုင်ခုံတွင်ပြန်ထိုင်စေခဲ့သည်။

 

 

ကိုယ်စားလှယ်က ယန်ရှို့ရီကို စိုက်ကြည့်ပေးလိုက်သည်။ လင်းယွီက တခြားသူတွေကို ရည်ရည်မွန်မွန်ဆက်ဆံနေကျဆိုပေမဲ့ သူကြုံဖူးသမျှ ဘယ်လိုအခြေနေမျိုးကိုမဆို လူပုံအလယ်မှာ ဒီလောက်ထိ အရှက်မရစေဖူးခဲ့ပေ။

 

 

ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောနေစဉ် သူ့မျက်နှာပေါ်တွင် ခပ်ပါးပါးအပြုံးလေး တစ်ခုရှိနေတတ်တယ်ဆိုပေမယ့် ညှာတာထောက်ထားတတ်မည့် လူမျိုးမဟုတ်ဘူးဆိုသည်မှာ ယခုတော့ ကောင်းကောင်းကြီး သိလိုက်ရပြီး လက်ရှိနှင့် တခြားစီပင်။

 

 

အခြားကိစ္စများမှာ တင်းကြပ်တတ်သော ဥက္ကဌရှေ့တွင်တော့ နောက်ပြန်လှည့်ကာ ဖြေရှင်းလို့ရတတ်ပေမဲ့ လင်းယွီသာ တစ်ခုခု ဆုံးဖြတ်ချက် ချပြီးပြီဆိုလျှင် ဘယ်သူမှ ဝင်ရောက်စွက်ဖက်လို့မရပေ။ သူ့အလုပ်တွင် ကောင်းစွာကျင်လည် ဖြေရှင်းတတ်သည့်လူစားမျိုးပင်။

 

 

ဒါပေမဲ့ လင်းယွီ မျက်နှာပေါ် ဘာအပြုံးမှမရှိတော့ရင် သူဒေါသထွက်နေတာကို လူတိုင်း အတပ်ပြောနိုင်လေသည်။

 

 

စုချန်ယန်က အခြားသူတွေကို စောင့်ခိုင်းလေ့မရှိပေ။ အထူးသဖြင့် အခုလို အုပ်စုလိုက်ရှိနေသည့် အချိန်မျိုးမှာပေါ့။ သူမ တရှုံ့ရှုံဖြင့် အသံကိုခပ်တိုးတိုးပြောလိုက်သည်။

 

 

"ကျွန်မအဆင်ပြေပါတယ် အစည်းအဝေးကို အရင်စလိုက်ကြရအောင် အခုက အရေးပေါ် အစည်းဝေးတစ်ခု မဟုတ်ဘူးလား"

 

 

ရှုယန်က ဘာလုပ်ရမှန်းမသိဘဲ ခဏတဖြုတ် မရေမရာဖြစ်ကာ လင်းယွီဘက် လှည့်ကြည့်ပြီး ပြောခဲ့သည်။ "မစ္စတာ လင်း..."

 

 

လင်းယွီက မျက်လုံးထောင့်က ပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ ယန်ရှို့ရီကို မကြည့်ဘဲ သူ့ကို ရဲရဲဝံ့ဝံ့ ကြည့်နေတဲ့ စုချန်ယန်ကို လှမ်းကြည့်လိုက်သည်။

 

 

"မစ္စတာလင်း ကျွန်မ တကယ် အဆင်ပြေပါတယ်။ အစည်းအဝေး စလိုက်ရအောင်ပါ ဘယ်သူ့အချိန်ကိုမှ အလဟဿ မဖြစ်စေချင်ဘူး" စုချန်ယန်က အမှန်အတိုင်းပြောခဲ့ပြီး သူမတကယ် ပြောနေခြင်းဖြစ်သည်။

 

 

ဒါပေမယ့် ယန်ရှို့ရီက ဒေါသူပုန်ထကာ သူ့ လုပ်ဖော်ကိုင်ဖက်ကို ထိခိုက်စေသည့်အပြင် အကုန်လုံးရဲ့အချိန်ကို အလဟဿဖြစ်စေခဲ့သည်မှာ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာနှင့် ယှဉ်လျှင် သိပ်အဓိပ္ပာယ်မရှိသလိုပင်။

 

 

"ချန်ယန် တကယ်ရော အဆင်ပြေရဲ့လား" ရှောင်လုက ဘဝင်မကျသည့်ပုံစံဖြင့် မေးခဲ့သည်။

 

 

စုချန်ယန်က သူမကို ပြန်ပြုံးပြခဲ့ပြီး ပြောခဲ့သည်။ "အဆင်ပြေပါတယ် နည်းနည်းလန့်သွားရုံပါ"

 

 

လင်းယွီက သူမဆီမှ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ယန်ရှို့ရီကို ကြည့်ကာပြောလိုက်သည်။ " မစ္စတာယန် မိန်းကလေးစုအပေါ် ခင်ဗျားရဲ့အပြုအမူအတွက်  တောင်းပန်ဖို့ အစီအစဉ် မရှိဘူးလား"

 

 

ထိုစကားတွေကြားလိုက်ရတဲ့ ယန်ရှို့ရီ မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

 

 

သူက အံကြိတ်ကာ လက်သီး တင်းတင်းဆုပ်လျက်  မယုံနိုင်လောက်သည့် အမူအရာဖြင့် လင်းယွီကို ကြည့်ခဲ့သည်။ ယခင်က သူ့အနေအထားနှင့် အနုပညာလောကတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတောင်းပန်ဖူးခဲ့ပါ

 

 

သူ့အမှားဟုတ်သော်ရှိ မဟုတ်သော်ရှိ သူ့ကျော်ကြားမှုနှင့် ကြော်ငြာခတွေမှာ တန်ဖိုးကြီးဈေးဖြတ်ခံနေရသရွေ့ သူမှားရင်တောင်မှ တောင်းပန်တာကို တခြားတစ်ယောက်မှသာ လုပ်သင့်သည်ပင်။

 

 

စုချန်ယန်က ခေါင်းမခါခဲ့သလို ငြင်းလည်းမငြင်းခဲ့ပေ။

ယန်ရှို့ရီက သူမနဲ့ တကယ့်အစစ်အမှန် စုချန်ယန်ကို သေချာပေါက် တောင်းပန်သင့်သည်။

 

 

"မင်းက ငါ့ကို...? "ယန်ရှို့ရီက သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ ဒေါသတကြီး ရီလျက်ပြန်မေးခဲ့သည်။

" သူ့လို တက်သစ်စကို ငါက တောင်းပန်ပေးရမယ် ဟုတ်လား? "

 

 

လင်းယွီက ဖြေးဖြေးချင်းမော့ကာ စိုက်ကြည့်လိုက်ပြီး ပြောခဲ့သည်။ " တရားဥပဒေနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်ကနေ ကြည့်ရင် ခင်ဗျားမှာ ဘယ်လိုအထူးအခွင့်အရေးမျိုးမှမရှိဘူး"

 

 

ယန်ရှို့ရီ မျက်နှာက ပိုတင်းမာသွားပြီး အစည်းဝေးခန်းထဲက လူတွေအားလုံး တင်းမာလေးလံသည့် လေထုကို ခံစားနေမိသည်။ ဘယ်သူမှဝင်ပြီး ပြေလည်အောင်ဖျန်ဖြေလို့မရသလို စကားလည်းမပြောရဲကြပေ။

 

 

"ယန်ရှို့ရီ ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာကြောင့်နဲ့

ကျုပ်တို့ကုမ္ပဏီ ပြန်အစားထိုးလို့ မရတဲ့ဆုံးရှုံးမှုတွေအများကြီး ကြုံလိုက်ရတယ်။ ကုမ္ပဏီဘက်က လောလောဆယ် တာဝန်အရ ခင်ဗျားဘက်ကနေပြီး

ကာပေးထားပေမဲ့  ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကြောင့် လုပ်လာတဲ့ အပြုမူတွေကိုတော့ ခွင့်ပြုထားတယ်လို့မထင်လိုက်နဲ့ "

 

 

လင်းယွီက မတ်တပ်ရပ်လိုက်ကာ လက်ဖက်ရည်အသစ်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခွက်တစ်ဝက်နီးပါးလောက် လက်ဖက်ရည် လောင်းထည့်လိုက်သည်။

 

 

သူ့လှုပ်ရှားမှုတိုင်းက အစီစဉ်တကျပြင်ဆင်ထားသည့်အတိုင်း မြင်‌နေရနိုင်သည်အထိ အခြားလူတွေရဲ့အာရုံကို ဖမ်းစားနိုင်လိုက်သည်။ ဒါပေမယ့် သိသာတဲ့ဖိအားတချို့လည်းပါဝင်နေကာ အခန်းထဲရှိ တည်ရှိနေမှုကို လေးလံသည့် အနေအထားဖြစ်စေခဲ့သည်။

 

 

"အခု ကုမ္ပဏီရဲ့ကိုယ်စား ကျုပ်‌ဖြေရှင်းဖို့ ၂နည်းတောင်းဆိုမယ် ပထမတစ်ချက်အနေနဲ့ မိန်းကလေးစုကို အန္တရာယ်ဖြစ်စေခဲ့တဲ့အတွက် ဒီလက်ဖက်ရည်ခွက်နဲ့တောင်းပန်လိုက်ပါ ကုမ္ပဏီရဲ့ဖိအားကြောင့်  ခင်ဗျားကိုပြန်အဖတ်ဆယ်ပေးတဲ့အနေနဲ့ သူမဒီလက်ဖက်ရည်ကိုသောက်ခဲ့ရင်တောင်မှ သေချာပေါက် သူ့ဘက်ကခွင့်လွှတ်လိုက်တယ်လို့ မဆိုလိုဘူးလေ"

 

 

"ဒုတိယအချက်အနေနဲ့ ခင်ဗျားရဲ့ စာချုပ်နဲ့ အလုပ်ချိန်ကာလအတွင်းမှာ ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းကို ဂရုမစိုက်ဘဲ အကြမ်းဖက်တာရယ်၊ ကုမ္ပဏီရဲ့ အကျိုးအမြတ်နဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးမှုတွေ များစွာဖြစ်စေတာရယ်ကြောင့် စနစ်တကျ တရားစွဲဆိုထားတဲ့အမှုတွဲကို ကျုပ်တို့ဘက်က ပြင်ဆင်ရလိမ့်မယ်။ မစ္စတာယန်.. ခင်ဗျားမှာ စဉ်းစားဖို့အချိန်၅မိနစ်ရမယ်"

 

 

ထိုကဲ့သို့ပြောဆိုပြီးနောက် အစည်းအဝေးခန်းမထဲ ဆူဆူညံညံဖြစ်လာခဲ့သည်။

 

 

စုချန်ယန် အံ့ဩသွားခဲ့သည်။ လင်းယွီ ယန်ရှို့ရီကို ဒီလောက်ထိ ဖိအားပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ယန်ရှို့ရီ ကမူးရှူးတိုးဖြစ်ကာ တစ်ခုခုဆိုးဆိုးဝါးဝါးတစ်ခုခုလုပ်လာမှာကို လင်းယွီ မစိုးရိမ်မိဘူးလားလို့ တွေးမိသွားသည်။

 

 

စုချန်ယန်က လင်းယွီတစ်ယောက် မကျေနပ်ချက်တွေကို  ယန်ရှို့ရီဆီ မဲကာ ပြုမူနေခြင်း မဟုတ်သည်ကို ကောင်းကောင်းသိသည်။ ယန်ရှို့ရီရဲ့ အပြုအမူတွေက ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို သေချာပေါက် ထိခိုက်မှုများ သက်ရောက်စေခဲ့ပြီး လင်းယွီ ရှေ့တွင် အချိန်ပေါင်းမနည်း လက်လွတ်စပယ်ပြုမူခဲ့သည်ပင်။

 

 

လင်းယွီက တာဝန်ယူတတ်သည့်လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး ယန်ရှို့ရီလိုလူကို သဘောကျနိုင်ချေမရှိသည်မှာ ထင်ရှားသည်။

 

 

မျက်နှာက အရောင်မရှိတော့သလို ဖျော့တော့သွားခဲ့ပြီး သူ့နှုတ်ခမ်းတွေလည်း တုန်လှုပ်ကာ စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ပေ။

 

 

ဒီလိုအခြေအနေနဲ့ အဆင့်မျိုးမှာ Starlight ဖျော်ဖြေရေး ကုမ္ပဏီဆီမှ တရားစွဲဆိုခြင်းခံခဲ့ရလျှင် ယန်ရှို့ရီသည် အခွင့်မသာတော့ဘဲ သူ မခန့်မှန်းနိုင်လောက်တဲ့ ပမာဏမျိုးရှိသည့် ငွေကြေးအလုံးအရင်းလိုက် လျော်ကြေးငွေအဖြစ် အမိန့်ချမှတ်ခံရပေလိမ့်မည်။သည့်အပြင် အနုပညာလောကတွင်လည်း ယခုအချိန်မှစပြီး  ဘယ်နေရာမှမရဘဲ နေလိမ့်မည်။

 

 

အဲ့လိုအခြေနေများကို တွေးနေမိစဉ် စုချန်ယန် သူ့ရှေ့ဆီ ရုတ်တရတ် ရောက်ရှိလာခြင်းက သူ့ကိုပိုပြီး အဆာမကြေဖြစ်စေသည်။ သူ့လူသတ်ချင်သည့် အကြည့်များဖြင့် စုချန်ယန်ကို တစ်စစီစုတ်ဖြဲတော့မလို မော့ကြည့်လိုက်သည်။

 

 

သူ့အကြည့်ကို မြင်လိုက်သည်နှင့် စုချန်ယန်က ရင်တွေတုန်လာပြီး ခေါင်းနည်းနည်းငုံ့လိုက်ကာ ရှောင်လုနောက်သွားလိုက်သည်။

 

 

ရှောင်လုက တိုးတိုးလေးပြန်ပြောခဲ့သည်။"သူ့ကိုမကြောက်နဲ့ အစ်မက သေချာလေ့ကျင့်ခန်းတွေလုပ်ထားပြီးသား"

 

 

စုချန်ယန် - "....."

 

 

ယန်ရှို့ရီက ဖြစ်လာမည့် ကောင်းကျိုးနှင့် ဆိုးကျိုးများကို နားလည်သဘောပေါက်ထားသော်လည်း ချက်ချင်း မတုံ့ပြန်ပေ။

 

 

တက်သစ်စလေးတစ်ယောက်ကို လက်ဖက်ရည်တစ်ခွက် လက်ကမ်းပေးပြီး တောင်းပန်ရမည်ဆိုသည်မှာ သက်သက်အရှက်ခွဲခြင်းပင်။ သူ့သွားတွေ တစ်စစီဖြစ်သည်အထိ အံကြိတ်ထားမိသည်။

 

 

ထိုသို့လုပ်ရုံကလွဲရင် အခြားရွေးချယ်စရာမရှိတော့ပေ။

 

 

လင်းယွီက လက်ဖက်ရည်ခွက်ဆီ မျက်စပစ်ပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောခဲ့သည်။"လက်ဖက်ရည်က အေးတော့မယ်"

 

 

ယန်ရှို့ရီက စိတ်တိုလွန်းလို့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ ခပ်ပြင်းပြင်း အသက်တစ်ချက်ရှူလိုက်ပြီး ဒေါသကြောင့် မျက်နှာမှာ နီရဲလာကာ သွားများကြေသွားတော့မယ့်အထိ အံကိုကြိတ်ထားမိသည်။

 

 

သူ့နဖူးတွင် အကြောများ ထောင်ထနေရင်း

လင်းယွီဆီ လေးပင်စွာ လျှောက်သွားကာ သူ့ရှေ့တွင်ရှိသော လက်ဖက်ရည်ခွက်ကို သူ့လက်တွေထဲ ကြေမွစေလိုပြီး ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ကောက်ကိုင်လိုက်သည်။

 

 

သူ တစ်ဖက် လှည့်လိုက်ကာ စုချန်ယန်ကို သူ့မျက်လုံးထဲတွင် မုန်းတီးနာကြည်းမှုအပြည့်၊ ရှက်ရွှံမှုများနှင့်အတူ ထင်ထင်ရှားရှား ကြည့်လိုက်သည်။ ရှောင်လုက မျက်ခုံးကို တွန့်ကာစိုက်ကြည့်လိုက်ပြီး စုချန်ယန် ရှေ့တွင်ပိတ်ရပ်လိုက်သည်။

 

 

ယန်ရှို့ရီက ထို၂ယောက် ရှေ့ရောက်သွားပြီး စုချန်းယန်ကို စူးစူစိုက်စိုက်ကြည့်ကာ သူ့ပါးစပ်မှ စကားလုံးအချို့ကို အံကြိတ်ပြီး ဖျစ်ညှစ်လျက် ထုတ်ပြောလာခဲ့သည်။

" မစ္စစု ခင်ဗျားကိုလန့်-စေ-တဲ့-အတွက်-တောင်း-ပန်-တယ်!"

 

 

စုချန်ယန်က သူ ဒေါသထွက်နေတဲ့ပုံကိုမြင်ပြီး ထိတ်လန့်နေကာ ပြောစရာစကား ရှာမတွေ့ခဲ့ပေ။

 

 

သူမ တွေးမိတာက ဒီလိုကိစ္စအတွက် တောင်းပန်ရတာမျိုးမဟုတ်ဘဲ တကယ့်အပြစ်ကင်းသည့် စုချန်ယန်အား ဒီလိုအရှုပ်ဇယားထဲ ၂ကြိမ်မျှ ဆွဲထည့်မိသည်အတွက်သာ တောင်းပန်သင့်သည်ဟုပင်။