အပိုင်း ၂၁
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၂၁

 

 

 

 

 

စုချန်ယန်လည်း ပြန်ပြောလိုက်သည်။ "တစ်ဝက်က မှန်တယ် တစ်ဝက်ကတော့ မှားတယ်။ မစ္စတာလင်းပြောသလိုပေါ့ သူတို့ဆီက အာရုံစိုက်ခံရချင်ရင် ကိုယ့်ကိုအရင် သနားလာအောင် လုပ်ရမယ်ဆိုတာမျိုးလေ"

 

 

ရှောင်လုက ချက်ချင်း လက်မထောင်ပြကာပြောခဲ့သည်။ "စုချန်ယန် နင့်ကို အဲ့လောက် ဉာဏ်ကောင်းလိမ့်မယ်လို့မထင်ထားဘူး"

 

 

"ဘဝကြီးက လွယ်ကူမနေပါဘူး.." စုချန်ယန်က သက်ပြင်းချကာ ပြောလိုက်သည်။

 

 

တစ်စုံတစ်ယောက်မှ တံခါးလာမခေါက်ခင်ထိ သူမတို့နှစ်ယောက် ပျော်ရွှင်မြူးထူးစွာ စကားစမြည် ပြောနေခဲ့ကြသည်။ ရှောင်လု အပြင်က လင်းယွီ အသံကိုကြားလိုက်သည်။ "အဆင်သင့်ဖြစ်ပြီလား?"

 

 

စုချန်ယန် - "အာ...ဟုတ်ကဲ့ အဆင်သင့်ပါ"

 

 

လင်းယွီ - "ကားရောက်လာပြီ ပြန်ကြရအောင်"

 

 

စုချန်ယန်နဲ့ ရှောင်လုတို့ နှစ်ယောက်လုံး ပြန်ပြောလိုက်သည်။"အိုခေ"

 

 

သူမတို့ ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းပြီးနောက် တံခါး ဖွင့်လိုက်သည်။

 

 

လင်းယွီက အဖြူရောင် ရှပ်အင်္ကျီဝတ်ထားပြီး တံခါးဝမှာ ရပ်နေကာ သူမတို့ ၂ ယောက်လုံးကို ပြုံးပြလာခဲ့သည်။

 

 

စုချန်ယန်က သူ့လက်မှာ ချိတ်ထားကာ တွန့်ကြေနေတဲ့ အပေါ်ဝတ်ကို မြင်မိတော့ အနည်းငယ် ရှက်သလို ခံစားမိတာမို့ သူမပြောလိုက်သည်။

" မစ္စတာလင်း ကျေးဇူးတင်ပါတယ်နော် ရှင့်ရဲ့အင်္ကျီကျွန်မကြောင့် တွန့်ကြေကုန်ပြီ။ ကျွန်မ အသစ် ပြန်ဝယ်ပေးမယ်လေ ရမလားဟင်"

 

 

အဝတ်က ဈေးကြီးမှန်းသိပေမယ့် စုချန်ယန်က လင်းယွီကို အရမ်းကျေးဇူးတင်မိတာကြောင့် ဝယ်ပေးချင်မိသည်။

 

 

လင်းယွီလည်း ခေါင်းခါကာ ပြန်ပြောခဲ့သည်။

" ရပါတယ် မီးပူတိုက်လိုက်ရင် ဝတ်လို့ရသေးတယ်။ကျွန်တော်က ခင်ဗျားရဲ့ကိုယ်စားလှယ်ပဲလေ တကယ်လို့ ပြဿနာတွေ ရှိလာခဲ့ရင်တောင် အဲ့ဒါက ကျွန်တော့်အမှားကြောင့်ပဲ။ ကျေးဇူးတင်စကား ပြောစရာမလိုပါဘူး"

 

 

လင်းယွီ ထိုသို့ပြောခဲ့ပေမယ့် စုချန်ယန်က ခေါင်းငြိမ့်ကာ ပြန်ပြောခဲ့သေးသည်။ "ကျေးဇူးပါ"

 

 

လင်းယွီလည်း ဘာမှပြန်မပြောတော့ဘဲ သူမတို့နှစ်ယောက်နဲ့အတူ ကုမ္ပဏီဆီ ပြန်မယ့်ကားပေါ် တက်လိုက်သည်။

 

 

ကားထဲရောက်တော့ ရှုယန်က ကားမောင်းပြီး သူတို့ ၄ ယောက်ကလွဲရင် ဘယ်သူမှ မပါတာကို စုချန်ယန် သတိထားမိသွားသည်။

 

 

စုချန်ယန်လည်း သိလိုစိတ်ဖြင့် မေးလိုက်သည်။ "မစ္စတာယန်နဲ့ တခြားသူတွေကရော?"

 

 

ရှေ့ခန်း‌မှာ ထိုင်နေတဲ့ လင်းယွီက ကားပိတ်နေတာကို ကြည့်ရင်း ပြန်ပြောခဲ့သည်။ "အခုတော့ သူတို့ကုမ္ပဏီကိုပြန်ဦးမှာမဟုတ်ဘူး"

 

 

စုချန်ယန်လည်း ဘာမှသိပ်မတွေးတော့ပေ။  နေ့တစ်နေ့ကုန်ဆုံးပြီးနောက် ခြေကုန်လက်ပန်းကျသွားကာ ရှောင်လုနှင့်အတူ မျက်စိမှိတ်ကာ အနားယူနေလိုက်သည်။

 

 

ထိုအချိန် ရှေ့ခန်းမှ ဖုန်းလာသည့် အသံကြောင့် လန့်သွားရသည်။ ကြည့်ရတာတော့ ကုမ္ပဏီမှ ဆက်တာပင်။

 

 

လင်းယွီက နောက်ခန်းက၂ယောက် မှေးနေတာကို တစ်ချက် လှည့်ကြည့်လိုက်ပြီး အသံကို လျှော့ကာ ဖုန်းထဲက လူကိုပြန်ပြောခဲ့သည်။ "ပရိုဂရမ်အဖွဲ့သားတွေနဲ့ ဘာမှမဆိုင်ဘူး။ မေးခွန်းက ကျွန်တော်မေးခိုင်းတာ အခုဖုန်းဖြေဖို့ မအားသေးဘူး။ တကယ်လို့ တစ်ခုခု မေးချင်တာရှိရင် ရုံးရောက်မှပဲ မေးတော့"

 

 

စုချန်ယန်က သေသေချာချာ မကြားလိုက်မိပေ။ သူမ အရမ်းပင်ပန်းပြီး အိပ်ပျော်နေခဲ့သည်။

 

 

ဆူညံနေသည့် မုန့်ဈေးတန်းတစ်ခုကို ဖြတ်သွားစဉ် စုချန်ယန်က ကားပြတင်းပေါက်မှတစ်ဆင့် စားချင်သည့် မုန့်အနံ့အသက်ကလေးကို ရ‌လိုက်တာကြောင့် ချက်ချင်း အိပ်ယာမှနိုးလာခဲ့သည်။

 

 

အပြင်မှာရှိတဲ့ စားစရာတွေကို ကြည့်မိချိန် သူမ အစာအိမ်က ဂွီခနဲမြည်လာခဲ့သည်။

 

 

လင်းယွီက မျက်လုံးမှိတ်ပြီး မှေးနေချိန် သူ့ကို လက်ချောင်းနဲ့ လာတို့နေတာ ခံစားမိလိုက်သည်။

 

 

ထို့နောက် မျက်လုံးဖွင့်လိုက်ပြီး ငုံ့ကာ ဘာများလဲဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

 

 

စုချန်ယန်သည် သူ့ခုံပေါ်မေးတင်ကာ မှီလျက် မျက်လုံးအရောင် တောက်တောက်လေးများဖြင့် ပြောလိုက်သည်။ "မစ္စတာလင်း...ဒီနေ့ ကျွန်မ နည်းနည်းလန့်သွားတော့လေ ဆုလေးချပေးလို့ရမလား"

 

 

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လင်းယွီက တိုက်ရိုက်မဖြေဘဲ အရင် မေးလိုက်သည်။ "ဘယ်လို ဆုလဲ?"

 

 

ဗိုက်ဆာနေတဲ့ စုချန်ယန်က သူမတို့ မစ္စတာလင်းမှာဘယ်လောက် စက်ဆုပ် စိတ်ပျက်ဖွယ် ကောင်းမှန်းမသိခဲ့ပေ။ အပြင်ဘက်မှာရှိတဲ့ ဆီကြော်မုန့်ဘက်ကို မေးငေါ့ပြပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "ဘာဘီကျူးလေးတစ်ပွဲလောက်နဲ့ပဲ ဆုချပေးပါလား တစ်ပွဲထဲပါ ပလိစ့်"

 

 

ပြောပြီးနောက် သူမက လင်းယွီဘက် မျှော်လင့်စောင့်စားစွာ ကြည့်လိုက်သည်။

 

 

လင်းယွီက အပြင်ဘက်ကို ခဏကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် "နောက်မှ ကဒ်နံပါတ်ကို ပို့ပေးလိုက်မယ်"ဟုသာ ပြန်ပြောလာသည်။

 

 

စုချန်ယန် - "ဘာလို့လဲ?"

 

 

လင်းယွီ - "ဒဏ်ကြေးကို ကျွန်တော့ကဒ်ထဲ လွှဲပေးလို့ရအောင်ပါ"

 

 

စုချန်ယန် - ..."အို့..."

မျှော်လင့်ချက်မရှိတော့သည့် အနေအထားဖြင့် နောက်ကို ပြန်မှီထိုင်လိုက်သည်။

 

 

စုချန်ယန် စိတ်ထဲတွင်ရှိသော လင်းယွီ ပုံရိပ်က နည်းနည်းစီ ပြောင်းလဲသွားခဲ့သည်။

 

 

တခါတလေကျရင် ကြင်နာပြီး ဖော်ရွေတတ်တဲ့

နတ်သားလေးတစ်ပါးလို၊ တခါတလေ ကျတော့လည်း အကြင်နာကင်းမဲ့ပြီး သွေးအေးရက်စက်တဲ့ နတ်ဆိုးတစ်ယောက်လိုပင်။

 

 

သေချာပေါက် သူက နတ်သားနဲ့ ပိုတူတာပါ။

 

 

မစ္စတာလင်းက သူမတို့ကို ညဘက် အပျင်းပြေစားဖို့အပြင်ခဏ ခေါ်ခဲ့သော်လည်း တနေကုန်ပင်ပန်းခဲ့သည့် စုချန်ယန်အတွက် ဘာအရသာမှမရှိတဲ့ အသီး၊ ဟင်းသီးဟင်းရွက်နဲ့ ကြက်ရင်ပုံကသာ သူမကို စောင့်နေခဲ့သည်။

 

 

ဟိုတယ် ပြန်ရောက်ပြီးနောက် စုချန်ယန်က ဝမ်းနည်းနေသည့် စိတ်ဖြင့် ရေချိုးလိုက်ကာ ဗိုက်ထဲ ဟာတာတာဖြင့် အိပ်ယာပေါ် လှဲနေလိုက်သည်။

 

 

အသီးအနှံနှင့် အသီးအရွက်တွေ စားရခြင်းဖြင့် တင်းတိမ်သော်ငြား သူမက အသားစားရခြင်းကို သဘောကျသူ ဖြစ်သည်။ သူမသည် စားချင်စိတ်ကြောင့် စိတ်ညစ်နေသည့် အခြေအနေမှ ဒေါသအဖြစ် ပြောင်းလဲလိုက်ကာ လင်းယွီ တားနေသည့်ကြားက

တစ်ဝတစ်ပြဲ စားခဲ့ပေမဲ့ ခုထိဗိုက်ဆာနေတုန်းပင်။

သေချာပေါက် ဗိုက်ဆာတာမျိုးမဟုတ်ဘဲ သူမတစ်ခုခုကို စားချင်နေသေးသလိုမျိုး မသိစိတ်မှ အသားစားချင်ခြင်းကို တောင့်တနေရုံပင်။

 

 

အစားတစ်နပ်အတွက် လိုအင်ဆန္ဒနှင့် ဆင်ခြင်တုံတရား လွန်ဆွဲနေသည့် တိုက်ပွဲ၌ နောက်ဆုံး ဆင်ခြင်တုံတရားကသာ အနိုင်ရရှိသွားသည်။

 

 

"ထားလိုက်တော့!" စုချန်ယန် ဗိုက်မှာ တဂွီဂွီမြည်လျက် သူမခေါင်းအထိ စောင်ဖြင့် ဖုံးထားလိုက်သည်။

"ဘာပဲဖြစ်ဖြစ် တစ်နှစ်စာ စာချုပ်လေးပါပဲ"

 

 

စုချန်ယန်က သူမကိုယ်သူမ အတင်းအိပ်ပျော်အောင်လုပ်ပြီးနောက် ခဏအကြာတွင် မှေးခနဲ အိပ်ပျော်သွားကာ လင်းယွီက သူမကို နာမည်ကြီးအသားလွှာဆိုင်ဆီ ခေါ်သွားပြီး စားသောက်ဆိုင်၏ အထင်ကရ ဟင်းပွဲများကိုမှာပေးကာ အကုန်ကုန်အောင်စားဖို့ ချော့ပြောနေတာကို အိပ်မက်မက်ခဲ့သည်။

 

 

စုချန်ယန်က အိပ်မက်ကို မြင်ယောင်ကာ ရီလိုက်မိသည်။ သို့ပေမဲ့ သူမမျက်လုံး ဖွင့်ပြီးနောက် ဟိုတယ်ရဲ့ မျက်နှာကျက်အဖြူကို ကြည့်မိချိန် ခဏတာမျှ လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။

 

 

မနက် ၈နာရီခွဲ၌ ရှောင်လုက သူမ မနက်စာကို ယူလာခဲ့သည်။  စုချန်ယန်က ထမင်းဘူးကို မကိုင်ချင်ကိုင်ချင်နှင့် ယူလိုက်ပြီး စားနေကျအတိုင်း ဒီတိုင်း ပါးစပ်ထဲသာထည့် ဝါးနေလိုက်တော့သည်။

 

 

"စုချန်ယန် ဘော့စ်လင်း ပြောသွားတာမှန်တယ်နော်။ အခု တစ်နိုင်ငံလုံးက လူတွေက ယန်ရှို့ရီနဲ့ သူ့ကောင်မလေးတို့အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်

ရှာဖွေလှန်လှောနေကြပြီ။ နင့်ရဲ့ အရင်လုပ်ဖော်ကိုင်ဖက်တချို့က နင်က ယန်ရှို့ရီနဲ့ စကားပြောဖူးတာ ရှားတယ်ဆိုတဲ့ကြောင်းကို  လူလုံးထွက်ပြီးတောင် ရှင်းပြလာကြတယ်။ အဲ့ကောင် ရှုတင်ကနေ ခွင့်ပြုချက်မရှိဘဲထွက်သွားတာတွေရယ်၊ ရှုတင်ကို ရှေ့မရောက်ဘဲ လူအများစုအတွက် နှောင့်နှေးစေတာတွေရယ် ဆိုတာတွေလည်း ပါတယ်"

 

 

ရှောင်လုက ဆိုဖာထဲ‌လှဲနေပြီး Weibo ထဲ လျှောက်မွှေနေရင်း  tabletကိုလည်း တစ်ဖက်မှကိုင်ကာ ပန်းသီးစားနေရင်း ပြောလာသည်။ သူမ မျက်လုံးတွေမှာလည်း ဝမ်းသာသည့် အရောင်များ တစ်ဖိတ်ဖိတ်တောက်လျက်ပင်။

 

 

"ပြီးတော့ အနုပညာရှင် တော်တော်များများနဲ့ လုပ်ဖော်ကိုင်ဖက် အများစုက သူ့ရဲ့အထက်စီးဆန်တဲ့ပုံစံကြောင့် ပေါ်တင်ကို ဝေဖန်နေကြပြီ။ အခုဆို

တစ်ကမ္ဘာလုံးက သူ့ဘက်မှာ မရှိတော့သလိုပဲ"

 

 

မနေ့ညက အင်တာဗျူး ပရိုဂရမ်ကို ထုတ်လွှင့်ပြသ

ပြီးနောက် စုချန်ယန်က လိုင်းပေါ်တွင် အုံကြွနေသည့် ဝေဖန် သုံးသပ်မှုများဘက်ကို လုံးဝအာရုံမစိုက်အားသေးပါ။

 

 

တကယ်တမ်းကျတော့လည်း သူမအဲ့လောက်ထိ စိတ်မဝင်စားပေ။ ဒီနည်းနဲ့ သူမ အပြစ်မရှိကြောင်း သက်သေပြနိုင်နေသရွေ့ သူမအတွက် လုံလောက်‌ပြီဖြစ်သည်။ နောက်ကျရင် သူမအိမ်ပြန်ပြီး စာအုပ်ဆိုင်လေးဖွင့်ဖို့အတွက် လုံလောက်တာထက်ပိုတဲ့

စုချန်ယန်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သူမလက်ဝယ်ပိုင်ဆိုင်ပြီးပြီဖြစ်တာမို့ အပြင်မှာ သူမကို ဘယ်လိုတွေဝေဖန်နေပါစေ ဂရုမစိုက်ချင်တော့ပေ။

 

 

ဘယ်လိုပဲဖြစ်ဖြစ် Starlight ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ဆိုပြီးသွားတာမို့ သူမပန်းတိုင်ကိုလည်း ရောက်ရှိအောင်မြင်ပြီးပြီပင်။ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေသရွေ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သွားတာနဲ့ သူမ လုပ်ချင်တာဘာမဆို လုပ်နိုင်ပြီဖြစ်သည်။ ပြီးတာနဲ့ အစားအသောက်တွေကြားမှာ မွေ့လျော်ရင်း အချိန်တွေကုန်ဆုံးပြီး သူမကိုယ်သူမ ဝဝကစ်ကစ်လေး ဖစ်လာတဲ့အထိ စားလိမ့်မည်မှာမလွဲပေ။

 

 

သူမ ထိုအကြောင်းကို တွေးမိလေလေ စုချန်ယန်အနေနဲ့ သူမရှေ့တွင်ရှိသည့် စားစရာကို မျိုချဖို့ခက်ခဲလေမှန်းသိလိုက်ရသည်။ သို့သော် မတတ်နိုင်။ ဘာပဲဖြစ်ဖြစ်

သူ့မကိုယ်သူမတော့ အငတ်မခံနိုင်မည်မဟုတ်ပေ။

 

 

"ယန်ရှို့ရီက နင့်အပေါ် အပြစ်ပုံလွှဲချတဲ့ကိစ္စရယ်၊ မနေ့ညက တမင်သက်သက် နင့်အပေါ် ရေမှောက်ချလိုက်တာက တစ်နိုင်ငံလုံးကို တင်းမာတဲ့ တုံ့ပြန်မှု ဖြစ်စေတာနဲ့ဆက်စပ်နေတယ်။"

 

 

"တစ်နိုင်ငံလုံးက သူ့ရဲ့ညစ်ပတ် ယုတ်ညံ့တဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နေပြီးတော့ အရင်က D-listစာရင်းဝင်တဲ့ မင်းသမီးတစ်ယောက်နဲ့တွဲခဲ့ဖူးပြီး သူနာမည်ကြီးလာတဲ့အချိန်ကျ အဲ့မင်းသမီးနဲ့ ဖြတ်ပစ်လိုက်တယ်လို့လည်း ပြောနေကြတယ်။ အဲ့တုန်းကသူမက သူ့ကလေးတောင် လွယ်ခဲ့ရတယ်တဲ့"

 

 

"အခုချိန်မှာ သူ့ကိုအဖတ်ဆယ်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တော့ဘူး။ ကုမ္ပဏီက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာတောင် မခန့်မှန်းနိုင်တော့ဘူး"

 

 

စုချန်ယန်က ပန်းသီးဝါးရင်းပြောလိုက်သည်။

"ကုမ္ပဏီက သူ့ကိုဘေးဖယ်ထားတော့မှာလား?"

 

 

ရှောင်လုက သူမဘက်ကိုလှည့်ကာ အလန့်တကြား ပြောခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ကုမ္ပဏီဘက်က သူနဲ့သာချုပ်ချုပ်တုန်းက ဘယ်လောက်ပေးထားတယ် ထင်လို့လဲ?  ပိုက်ဆံတွေ အများကြီးဖြုန်းထားပြီး သူ့ကိုဘေးဖယ်ထားမှာတဲ့လား ဥက္ကဌသာဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ယန်ရှို့ရီနဲ့ စာချုပ်ကို ဖျက်သိမ်းပြီး သူ့ကို ဒဏ်ကြေးအဖြစ် လျော်ကြေးငွေတွေပေးဖို့ ဖိအားပေးခံရမှာ။ ဒါပေမဲ့ ဒီကိစ္စကို ဥက္ကဌက လင်းယွီကိုပဲ ဖြေရှင်းစေချင်တယ်နဲ့တူတယ်"

 

 

ထိုအရာကိုကြားပြီးနောက် စုချန်ယန် သိချင်ဇောဖြင့်မေးလိုက်သည်။ "စာချုပ်ချိုးဖောက်မှုအတွက် သူဒဏ်ကြေးအနေနဲ့ ပေးရမဲ့ငွေက ဘယ်လောက်လဲ?"

 

 

ရှောင်လုက ခေါင်းခါလျက်ပင်။

"မပြောတတ်ဘူး ဆယ်ဂဏန်းကိုမှ သန်းချီ သောင်းချီပေးရဖို့များတယ်"

 

 

ကိန်းဂဏန်း အလွန်ကြီးမားသည့် ပမာဏကို ကြားသိပြီးနောက် စုချန်ယန် တစ်ယောက် အသက်ပြင်းပြင်းရှူသွင်းမိသွားခဲ့သည်။