Chapter 6
‘’ရှရှင်းချန်… ကိုယ့်ကိုကိုယ် မိတ်ဆက်မယ်နော်… အန်တီက သားရဲ့အမေပဲ… မာမားလို့ခေါ်ပေါ့...."
ရှအန်းက အရွယ်ရောက်လူကြီးများ နှုတ်ဆက်သကဲ့သို့ သူမလက်အားထုတ်ကာ မိတ်ဆက်လိုက်သည်။
‘’အမေ.. အမေလား…’’
ကောင်လေး၏မျက်လုံးက ရုတ်တရက် ပြူးကျယ်လာပြီး ရှအန်းကို မယုံကြည်နိုင်သကဲ့သို့ ကြည့်လိုက်သည်။ ထိုအကြည့်မှာ သူငိုနေသည်ထက်ပို၍ ချစ်ဖို့ကောင်းနေလေသည်။
အနည်းဆုံးတော့ ရှအန်းက ထိုအမူအယာဖြစ်သွားသည့် ကလေးလေးကို သဘောကျလေသည်။
‘’ ဟုတ်တယ်… မာမားတို့က အခုမှ ပထမဆုံးတွေ့ဖူးတာပဲ… မာမားရဲ့ချစ်သားလေး… အနာဂါတ်မှာ မာမားကို အကြံတွေပေးရမယ်နော်....’’
ပြောရင်းဖြင့် သူမဘက်မှစတင်ကာ ထိုကောင်လေး၏လက်သေးသေးလေးကို ကိုင်လိုက်သည်။ သူမမျက်နှာပေါ်တွင်လည်း ကြယ်ရောင်ကဲ့သို့လင်းလက်နေသည့် အပြုံးတစ်ခုထွက်ပေါ်လာလေသည်။
ထိုအပြုံးမှာ ပြိုးပြိုးပြက်ပြက်ဖြင့် လင်းလက်နေပြီး ညနေခင်းတွင် တောက်ပနေလေသည်။ ထို့နောက် ရှအန်းက သူမကိုယ်ကို ငုံလိုက်ပြီးကလေးအားငြင်သာစွာဖြင့် ချီလိုက်သည်။ သူ၏အမေဖြစ်သူမှ အချီခံလိုက်ရသည့်အတွက် ကောင်လေးက သူ၏မျက်လုံးအစုံမှာ မှေးမှိတ်သွားသည်အထိ ပြုံးသွားသည်။
မရေတွက်နိုင်သည့်လူတိုင်းဆီမှ မကောင်းသည့်မိန်းမဟုအခေါ်ခံရသော သူ၏မိခင်သည် အလွန်အင်မတန်မှ နူးညံ့ပြီးလှပလိမ့်မည်ဟု ဘယ်တုန်းကမှ သူ ထင်မှတ်မထားပေ။
သူ၏လက်ကိုကိုင်ထားသည့် နွေးထွေးသည့်လက်အစုံကို ကြည့်ရင်းဖြင့် သူအိမ်မက်မက်နေသည်ဟု၍ပင် ထင်မှတ်သွားမိသည်။
ထိုအချိန်တွင် လက်ထောက်ဌာနမှူးသည် ကလေးများကိုကိုင်ပေါက်၍ ညှိုနှိုင်းနေသည့်ရှအန်းဆီသို့လာကာ သူတို့၏စကားဝိုင်းကို ဝင်စွက်ဖက်လိုက်လေသည်။
‘’မစ္းရှ.. ရှင် အတော်တော်လွန်တာပဲ… အရွယ်ရောက်လူကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက်ကို အနိုင်ကျင့်ရတာလဲ… ကလေးတွေက အရမ်းထိခိုက်လွယ်တယ်… သူတို့တစ်ခုခုသာဖြစ်သွားရင် ရှင်တာဝန်ယူနိုင်လို့လား....’’
ဌာနမှုး၏ အလွန်အကျိုးအကြောင်းမသင့်ကာ မောက်မာနေသည့်အမူအယာကြောင့် ရှအန်းသည် အေးအေးဆေးဆေးဖြင့် ပြန်ပြောလိုက့သည်။
‘’ အဲ့ကလေးအုပ်စုက အရိုက်ခံရသင့်တယ်… ကျွန်မသားကို ကျွန်မရှေ့မှာ အနိုင်ကျင့်ရမယ်လို့ ဘယ်သူပြောထားလို့လဲ… ဒါကြောင့် ကျွန်မက သူတို့ကို မှတ်မိနေအောင် သင်ပေးနေတာ… ဒါမှ အနာဂါတ်မှာ သူများကို အနိုင်မကျင့်ရဲမှာ...’’
ရှအန်းသည် ထိုကလေးများကို စိတ်ထဲတွင် အလေးအနက်မထားပေ ။ ကမ္ဘာပျက်ကပ်တွင် လူတိုင်းသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် လေးစားမှုမရှိကြတော့ချေ။
ယခုဆိုလျှင် ကမ္ဘာပျက်ကပ်မှ ကူးပြောင်းကာစဖြစ်သည့် သူမအတွက်တော့ ထိုအရာများဖြင့် ရင်းနှီးရန် အသားမကျသေးပေ။
အရေးအကြီးဆုံးအချက်မှာ ထိုကလေးများသည် ဤကဲ့သို့သာအရိုက်ခံသင့်လေသည်။
အကယ့၍ သူမသာ ဒီနေ့မလာခဲ့ဘူးဆိုလျင် သူမသား အရိုက်ခံနေရသည်ကို သူမ သိမည်မဟုတ်ပေ။
ယခုတော့ သူမ၏သား ဗီလိန်ဖြစ်သွားသည့် အကြောင်းအရင်းကို သိသွားလေပြီ။
ရှအန်းက ကလေးကိုယ်ပေါ်မှ အမည်းကွက်များနှင့် စုတ်ပြဲနေသော အကျီကိုကြည့်လိုက်သည်။
ထပ်ပေါင်းပြောရလျှင် ထိုကလေးသည် ကမာပျက်ကပ်မှ သူတောင်းစား ကလေးများထက်သိပ်မကွာပေ။
အနိုင်ကျင့်ခြင်းကိုခံလိုက်ရသည့် ထိုကလေးကိုကြည့်လိုက်ရင်း သူမသည် အတော်လေး ဒေါသထွက်လာသည်။
"ငါ့သားဘာမှမဖြစ်ဖို့သာ ဆုတောင်းထား… မဟုတ်ရင် အကောင်းဆုံးရှေ့နေငှားပြီး ငါ့သားကိုနာအောင်လုပ်တဲ့အတွက် ပြစ်ဒဏ်ခံရအောင် လုပ်ပစ်မယ်...."
ဟမ့် … သူမ ဆီမှာ ယွမ်၅၈၀,၀၀၀ တောင်ရှိနေတာပဲကို...
ရှအန်း လက်ထောက်ဌာနမှုးကို လူသတ်ချင်နေသည့် မျက်လုံးများဖြင့်စိုက်ကြည့်လိုက်လေသည်။
ကမ္ဘာပျက်ကပ်နေရက်များတွင် ရှအန်း၏စွမ်းအားက အလှတိုးခြင်းဖြစ်သော်လည်း သူမကိုယ်သူမကာကွယ်ရန်အတွက် ကြိုးကြိုးစားစားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုရှိအောင် လေ့ကျင့်ခဲ့လေသည်။
ထို့ကြောင့် သူမသည် လူသားများကို မတိုက်ခိုက်နိုင်သော်လည်း ဇွန်ဘီများအပေါ်တွင်တော့ အလုပ်ဖြစ်လေသည်။
ဒါကြောင့်ပင် သူမ ကမာပျက်ကပ်တွင် များပြားလှသော ဇွန်ဘီများကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏အကြည့်သည် လက်ထောက်ဌာနမှုးကို ကြောက်လန့်သွားအောင် ဖြစ်စေနိုင်လေသည်။ ရှရှင်းချန်သည်လည်း သူ့အားကာကွယ်ပေးနေသည့် သူ၏နတ်သမီးမေမေကို ကြည့်လိုက်မိကာ တစ်ခါမှမငိုဖူးသကဲ့သို့ မျက်ရည်များ တားမရစွာကျလာလေသည်။
သူသည် မည်သူမျှမလိုချင်သည့် စွန့်ပစ်ခံကလေးတစ်ယောက်မဟုတ်သလို မိခင်မှမလိုချင်ပဲ စွန့်ပစ်ခဲ့သည့် ကလေးတစ်ယောက် မဟုတ်တော့ပေ။
ထို့အပြင် သူ၏မိခင်သည် သူ့အတွက် ထိုမကောင်းသည့်ကောင်များကို တိုက်ခိုက်ခဲ့လေသည်။ ထိုကဲ့သို့ သူ့အားကာကွယ်ပေးသည့် မိခင်အား ခပ်တိုးတိုးလေးခေါ်လိုက်သည်။
‘’မာမား..’’
ရှရှင်းချန် ရှအန်းလက်ကို ညင်သာစွာဖြင့် ဆွဲလှုပ်ကိုင်လိုက်သည်။
‘’ ရှင့်..."
ထိုတီးတိုးရေရွတ်သံလေးကို ကြားလိုက်ရပြီး နောက်တစ်ကြိမ်ထပ်ငိုနေသည့် ရှရှင်းချန်ကို သူမ ကြည့်လိုက်သည်။ သူမလက်ကို မြှောက်လိုက်ပြီး ငြင်သာစွာဖြင့် ခေါင်းလေးပုတ်ပေးလိုက်လေသည်။
‘’သွားရအောင်… မာမီက သားကိုအိမ်ပြန်ခေါ်သွားမယ်...."
‘’ဟုတ်ကဲ့..."