သူမ ကူပြောင်းလာသည်မှာ ဆယ်ရက်သာ ရှိသေး၍ သူမ အထီးကျန်နေသလို ဘယ်တုန်းကမှ မခံစားခဲ့ရပေ။
သို့သော် နေ့စဥ်နေ့တိုင်း ဒေါသစိတ်နှင့်သာ အသက်ရှင်နေခဲ့ရသည်။
မူလ ဆာစီးနီယာ သည် အသက် ဆယ့်ငါးနှစ်တွင် မိဘများ ဆုံးရှုံးခဲ့ရသောကြောင့် သူမ တစ်ယောက်တည်း နေလာခဲ့ပြီး ကျင့်သားရနေခဲ့သည်။ထို့ကြောင့် ယခု သူမလည်း အဆင်ပြေနေခြင်း ဖြစ်နိုင်၏။
"အင်း တစ်ကယ် အထီးမကျန်ပါဘူး…"
သူမ အဖြေကို ကြားရသောအခါ သူ အတော်လေး အံ့သြသွားပုံရသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော် သိပါတယ်... မစ္စ ဆာစီးနီယာက သန်မာတယ်လေ…"
"ငါ့ကို ဆာစီးနီယာ လို့ပဲ ခေါ်ပါ…ပေါ့ပေါ့ပါးပါးပဲ ပြောလို့ရတယ်…"
ရှေ့က မစ္စတပ်ခေါ်ခြင်းကို သူမ မနှစ်မြို့သောကြောင့် တားမြစ်လိုက်သည်။
"အင်း ဟုတ်ပါပြီ...ဆာစီးနီယာ…"
ကောင်လေးက သူမ နာမည်ကို တီးတိုးခေါ်ကြည့်လိုက်သည်။ဆာစီးနီယာ သူ၏ နက်မှောင်သော မျက်လုံးများကို ဝင့်ကြည့်လိုက်သည်။
"ငါ့မှာတော့ နာမည်မရှိဘူး…"
အမည်မရှိကြောင်းကို မျက်နှာသေဖြင့် ပြောလိုက်သော သူ့ကို သူမ သနားမိသွားရသည်။ သူမ နှလုံးသားသည်လည်း ရုတ်တရက် လေးလံလာရသည်။ အခြားသူများကဲ့သို့ ခေါ်စရာ နာမည်မရှိသည့် သူ့လိုလူများအတွက် သူမ စာနာမိရသည်။
သူသည် လောင်းကစားငွေအတွက် အပေါင်ပစ္စည်းအဖြစ် သူမ ခေါ်လာသည့် ကောင်လေးဖြစ်ပြီး လောင်းကစားဘုရင်က ပိုက်ဆံပေးလျှင် သူ့ကို ပြန်ထည့်ပေးရမည်သာ။ယခု သူ့အပေါ် ခံစားချက်တစ်စုံတစ်ရာ ထားလိုက်ပါက သူနှင့် ခွဲရသည့်အခါ သူမ ခံစားရပေလိမ့်မည်။
'ဒါပေမယ့် ငါတို့အတူနေနေတုန်း သူ့ကိုခေါ်ဖို့ နာမည်တစ်ခုတော့ လိုတာပေါ့…'
သူမ သူ့ကို တစ်ချိန်လုံး"ဟေး" "ဒီမှာ" "ကောင်လေး" ဟု ခေါ်မနေနိုင်။
ဆာစီးနီယာ အတန်ငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"နင့်မှာလည်း နာမည်တစ်ခုရှိသင့်တယ်နော်…"
"ဟုတ်တယ်လေ… နင်လည်း နာမည်တစ်ခုရှိသင့်တာပေါ့…"
"အင်း…ငါ့မှာလည်း အစကတည်းက နာမည်မရှိခဲ့ဖူးပါဘူး…"
ခွေးကလေးတစ်ကောင်လို ကိုယ်ကို ကိုင်းလျက် ပြောလေသည်။
'အမလေး…ငါစိတ်မကောင်း မဖြစ်သွားအောင် ကာပြောနေလိုက်သေးတယ်…'
သူ့ပုံစံနှင့် သူ့အပြောကို ကြားရသူတိုင်း စိတ်မကောင်းဖြစ်ရပေမည်။
"အင်း ဘန် ဆိုရင် ဘယ်လိုလဲ…"
ဆာစီးနီယာ ချိန်ချိန်ဆဆ ပြောလိုက်သည်။
'ဘန်' ဆိုသည့် နာမည်သည် ယခု သူမတွေးတတ်သည့် တစ်ခုတည်းသော နာမည်ဖြစ်သည်။ ရိုးရှင်းသောအမည်ဖြစ်ပြီး အသံထွက်ရလွယ်ကူသလို မှတ်ရလည်း လွယ်ကူသည်။ မည်သို့ပင်ဆိုစေ သူ့အတွက် ပထမဆုံး နာမည်ဖြစ်သဖြင့် သူမလည်း စိတ်ပါလက်ပါ ပေးလိုက်မိသည်
သူက စိတ်ပျက်သံနှင့် ရေရွတ်လိုက်သည်။
"အင်းလေ…နင်က မကြိုက်ဘူး…"
"မဟုတ်ပါဘူး…ကြိုက်ပါတယ်… ဘန် ဆိုတာကို သဘောကျပါတယ်…"
ကောင်လေးက သူမစကားကို မစောင့်တော့ဘဲ အမြန်ဖြတ်ပြောလိုက်သည်။
သူမ နာမည်မှည့်စကေးမှာ တော်လွန်းသလို ဖြစ်သွား၍ သူမကိုယ်သူမ ဂုဏ်ယူမိသေးသည်။
"ကောင်းပြီ အခုကစပြီး ငါ နင့်ကို ဘန် လို့ ခေါ်မယ်…"
ဘန် က ကျေကျေနပ်နပ် ပြုံးလိုက်ရာ သူ့မျက်လုံးများမှာ လခြမ်းကွေးပုံစံ ဖြစ်သွားရချေသည်။ သူ့ပုံစံမှာ ဘုရားကျောင်းများမှာ ထွင်းထုထားတတ်ကြသည့် နတ်သားလေးတစ်ပါးအလားပင်။
တစ်ခဏတော့ ဆာစီးနီယာ ဘန်၏ အပြုံးကို မိန်းမောသလိုဖြစ်သွားရလေသည်။
ထိုစဉ်က ဘန်သည် သူမကို ပန်းသွေးရောင်လွမ်းနေသော ပါးနှစ်ဖက်ဖြင့် ရှက်စနိုး ပြုံးပြနေခဲ့သည်။
လောင်းကစားဘုရင် မွန်တင်း သည် ငွေကြေးလဲလှည်သည့် ကောင်တာသို့ ရောက်လာသောအခါ တုန်လှုပ်သွားရသည်။ စားပွဲခုံမှာ တစ်ဝက်ကျိုးကျနေပြီး ကြွေထည်ပန်းအိုးကလည်း ကြမ်းပြင်တွင် အထွေးလိုက် ကွဲကြေနေ၏။ကုလားထိုင်မှာလည်း အပိုင်းပိုင်းပင် ပျက်စီးနေတော့သည်။ကြည့်ရသည်မှာ လုယက်မှုတစ်ခု ဖြစ်ခဲ့ပုံ ပေါက်နေသည်။
ကိစ္စများကို ကြီးကြပ်နေသော ဝန်ထမ်းတစ်ဦးဖြစ်သူ လူးဝစ်သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အိပ်ငိုက်နေလေသည်။
လောင်းကစားဘုရင် မွန်တင်း က လူးဝစ် ပခုံးကို လှုပ်ယမ်းလိုက်သည်။
လူးဝစ်မှာ စိတ်ရှုပ်နေပုံရသော်လည်း အခြေအနေကို လျင်မြန်စွာ သဘောပေါက် သွားရသည်။
လူးဝစ်က ငိုတော့မည့်ဟန်ဖြင့် ပြောလိုက်လေ၏။ သူ့ဝန်ထမ်း၏ ကြေက်ရွံနေဟန်ကိုမြင်လိုက်ရသော် လောင်းကစားဘုရင်မှာ သူခိုးခိုးသွားသည်ဟု ထင်မြင်လိုက်မိ၏။
'သူခိုး ခိုးသွားတာ ဖြစ်နိုင်တယ်...'
လောင်းကစားဘုရင် မွန်တင်း သည် အရေးကြီးစာရွက်၊စာတမ်းများကို သတိရလိုက်သည်။ သူ့အိတ်ကပ်ထဲက သော့ကို အမြန်ထုတ်ပြီး ကျိုးနေသည့် စားပွဲခုံအောက်မှ မီးခံသေတ္တာကို ဖွင့်လိုက်သည်။ မီးခံသေတ္တာထဲတွင် မူရင်း လောင်းကစားလိုင်စင်နှင့် ပိုင်ဆိုင်မှုစာရွက်၊စာတမ်းများကို ထည့်ထားခြင်းဖြစ်သည်။
လောင်းကစားဘုရင် မွန်တင်း သက်ပြင်းချလိုက်သည်။
လူးဝစ် လည်း မတ်တပ်ထရပ်ကာ စိတ်ငြိမ်စပြုလာရသည်။
"အဲဒီမိန်းမ…ဘယ်က မိန်းမလဲ.."
လောင်းကစားဘုရင် မွန်တင်း က မျက်ခုံးပင့်ကာ မေးလိုက်သည်။ လူးဝစ်ပြောနေသူမှာ သေချာပေါက် လောင်းကစားအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်သူသာ ဖြစ်နိုင်၏။
လောင်းကစားဘုရင် မွန်တင်း သည် လောင်းကစားအိမ်ကို ဆောက်လုပ်ပြီး တရားဝင် ဖြစ်အောင်လုပ်ရန် ငွေနှင့်အချိန်များစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည်။
သူသည် အင်ပါယာ၏ ဘုရင်မင်းမြတ်ထံ အဆိုပြုချက်များအား တင်သွင်းပေးနိုင်သည့် ဝန်ကြီးများကို ရှာဖွေပြီး လာဘ်လာဘ ထိုးခဲ့သဖြင့် အကြွေးတင်ခဲ့ရခြင်းပင်။
သူ ထိုသို့ ကြိုးစားခဲ့ရပြီး တစ်နှစ်အကြာတွင် ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ရရှိခဲ့၍ တရားဝင်လောင်းကစားအိမ်တစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ယခု သူ ရရှိသော ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို အခွန်အဖြစ် အင်ပါယာကို ပေးဆောင်နေရဆဲ ဖြစ်သော်လည်း နောက်ပိုင်းတွင် ပါးနပ်ရင်နပ်သလို အမြတ်အစွန်းများ ရရှိနိုင်ပေသည်။ ယခုအချိန်တွင် လောင်းကစားရုံ ဖွင့်ခါစသောကြောင့် အကျိုးအမြတ်မရှိသေးပေ။
ယနေ့ လောင်းကစားဆော့သည့် အမျိုးသမီးတစ်ဦးသည် တစ်ထိုင်တည်းတွင် သုံးကြိမ်တိုင်တိုင် Jackpot ပေါက်ခဲ့လေသည်။ သူမ ရရှိခဲ့သော ချစ်(စ်)များသည် ရှီလင် ( ရှေးခေတ် ဒင်္ဂါး တစ်မျိုး ) သန်းသုံးဆယ်တန်ကြေးရှိသည်။
လောင်းကစားဘုရင်မှာ လောလောဆယ် တစ်ပြားတစ်ချပ်မှ မရှိဘဲ အကြွေးတင်နေရလေသည်။သူမ၏ ချစ် (စ် )ပြားများကို ငွေနှင့် လဲလှယ်လိုက်လျှင် ဒေဝါလီခံရမည် ဖြစ်သည်။ ထို့ကြောင့် လောင်းကစားဘုရင်လည်း ထွက်ပြေးသွားနိုင်သည်။
'ဒါပေမယ့် လူးဝစ်က ဘာလို့ ဒီလောက်တောင် ကြောက်ရွံ့နေရတာလဲ……'
လောင်းကစားဘုရင် မွန်တင်း တွေးမိလိုက်သည်။
"အဲ့ဒီမိန်းမက ဒီနေရာကို ဇောက်ထိုးလှန်လိုက်တာပဲ…"
လောင်းကစားဘုရင် မွန်တင်းက တုန်လှုပ်နေသော လူးဝစ် ကို စိုက်ကြည့်ပြီး အပြစ်တင်လိုက်သည်။
"မင်း မိန်းမတစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ဘူးလား…"
လူးဝစ်သည် ထိုအမျိုးသမီးကို မည်သို့ဖမ်းစားနိုင်ခဲ့သည်ကို သူ နားမလည်နိုင်သေးပေ။ Viscount သည် အစောင့်အကြပ်အရေအတွက်ကို အားကောင်းစေရမည်ကို သိသည်။
"မဟုတ်ဘူး… သူမမှာ အရမ်း အရူးသွပ်စရာကောင်းတဲ့ စွမ်းအားရှိတယ်… သူမက စားပွဲခုံကို ခြေထောက် တစ်ဖက်တည်းနဲ့ ထက်ခြမ်းခွဲပစ်နိုင်တယ်…ပြီးတော့ ထူးဆန်းတဲ့ စွမ်းအားကိုလည်း ထုတ်သုံးဖို့ ကြိုးစားခဲ့တာပါ…”
လောင်းကစားဘုရင် မွန်တင်း ၏ မျက်လုံးများ တောက်ပလာရကာ ညည်းတွားနေသော လူးဝစ်ကို တစ်ချက်ကြည့်လိုက်သည်။
"ထူးဆန်းတဲ့ စွမ်းအား ဟုတ်လား…"
"ဟုတ်တယ်… ထူးဆန်းတဲ့ စွမ်းအားတစ်ခု…သူမကို ငွေလဲမရသေးကြောင်းပြောပြလိုက်တော့ အခန်းက ရုတ်တရက် အရမ်းပူလာတယ်…သူဌေး စဉ်းစားကြည့်လေ… လေက လျှို့ဝှက်ခန်းထဲကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ…"
ပြတင်းပေါက်မရှိပဲ ပိတ်ထားသော အခန်းထဲတွင် လေတိုက်လာခြင်းသည် အဓိပ္ပါယ်မရှိပေ။ သို့သော် လူးဝစ်က သူ့စကား မှန်ကန်ကြောင်း ကျိန်ဆို၍ ပြောလိုက်လေသည်။
လောင်းကစားဘုရင် မွန်တင်း သည် လောင်းကစားအိမ်ကို စတင်တည်ဆောက်ချိန်တွင် လူးဝစ်အား ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့လေသည်။ထို့ကြောင့် သူက လောင်းကစားဘုရင် မွန်တင်း ကို ဘယ်တော့မှ လိမ်ပြောမည် မဟုတ်။
ဒါဆို ထူးဆန်းတဲ့ စွမ်းအားက ဘာလဲ… ဒီလိုမျိုး ဘယ်မှာမှ မကြားဖူးဘူး…
ထိုအမျိုးသမီးကို ပထမဆုံးမြင်လိုက်ရသောအခါ ထူးဆန်းသော အရှိန်အဝါတစ်ခုကို လူးဝစ် ခံစားရလေသည်။ သို့သော် သူမသည် သန်မာပြီး လှပသော အမျိုးသမီးတစ်ဦးဟုသာ သူထင်ခဲ့သည်။
"သူမ မျက်လုံးတွေက မီးလိုတောက်နေတယ်…"
'သူမ အကြောင်းသေချာသိရင် ဘာအန္တရာယ်မှ မရှိလောက်ပါဘူး…ငါ ကိုင်တွယ်နိုင်မှာပါ…'
လောင်းကစားဘုရင် မွန်တင်း သည် အခန်းကို လူးဝစ်အား သန့်ရှင်းရေးလုပ်ခိုင်းသည်။
သူက မိသားစုထိုင် ဆိုဖာပေါ်တွင် ထိုင်ကာ အခန်းပတ်ပတ်လည်ကို ကြည့်နေသည်။ စားပွဲ၊ ပန်းအိုးနဲ့ ကုလားထိုင်ကလွဲ၍ တစ်ခန်းလုံး သန့်ပြန့်နေ၏။
နောက်တစ်ကြိမ် အခန်းကို ဝေ့ဝဲကြည့်သော်လည်း တစ်ယောက်ယောက်အား မတွေ့ရတော့ပေ။
"ကျွန်ကလေး ဘယ်သွားလိုက်တာလဲ…"
လွန်ခဲ့သည့်တစ်ရက်က သူ ဝယ်လာခဲ့သော ကျွန်ကို ယခု ရှာမတွေ့တော့ပေ။ မင်းမျိုးမင်းနွယ်များ သည် ယနေ့ခေတ် အင်ပါယာတွင် ကျွန်ပြုခြင်း စနစ်ကို ဖြည်းဖြည်းချင်း ကန့်ကွက်လာကြသည်။ ထို့ကြောင့် သူ့အိမ်တွင် မထားဘဲ ငွေကြေးလဲလှယ်သည့် အခန်းထဲတွင် ထားပစ်ခဲ့ခြင်းပင်။
ပန်းအိုးကို ကုန်းကောက်နေသည့် လူးဝစ် တုံ့ဆိုင်းသွားရသည်။ လောင်းကစားဘုရင်လည်း လူးဝစ်ကို သံသယဝင်ကာ သူ့အနား တိုးကပ်လာသည်။
"ကျွန်ကလေး ဘယ်သွားလဲလို့…"
"သူဌေးရယ်… အဲ့ဒီမိန်းမကို တားဖို့ နည်းလမ်းမရှိလို့ပါ…"
"ကျွန်တော် သူ့ကို စရံအဖြစ် ပေးလိုက်တယ်လေ..."
လူးဝစ် ပြောပြီးသည်နှင့် မွန်တင်း က ဆိုဖာပေါ်က ကူရှင်နှင့် သူ့ကို ပစ်ပေါက်လိုက်သည်။
"မင်းဘယ်လိုတောင် သတ္တိကောင်းနေတာလဲ… သူမ ဘယ်သူလဲဆိုတာ မင်းသိလား…"
ကူရှင်သည် လူးဝစ်၏မျက်နှာကို ထိမှန်သွားရပြီး လူးဝစ်လည်း ပျာပျာသလဲ တောင်းပန်လိုက်ကာ ကြမ်းပြင်ပေါ် ဝပ်တွားလိုက်သည်။
"တောင်းပန်ပါတယ် သူဌေး...ဒါပေမယ့် သူမ ကိုတားဖို့ နည်းလမ်းမရှိလို့ပါ..."
"မကြားချင်ဘူး…သူမဘယ်ကိုသွားတာလဲ…"
လောင်းကစားဘုရင် မွန်တင်း သည် တိရိစ္ဆာန်တစ်ကောင်လို တုန်ယင်မောဟိုက်နေပြီး ထိုင်ခုံပေါ်မှ မတ်တပ်ထရပ်လိုက်ကာ ဒေါသများ ပြင်းထန်လာရသည်။
ကျွန်ဈေးထဲမှာ တွေ့ခဲ့ရသည့် ကောင်လေးမှာ ပုလဲတစ်လုံးလိုပင် သူ့အတွက်တန်ဖိုးရှိလှ၏။ သူက ကောင်လေးကို ချမ်းသာပြီး နာမည်ကြီးသည့် မြို့စား အီနစ်ရှို အား လက်ဆောင်ပေးမည် ဖြစ်သည်။
မြို့စားအီနစ်ရှို သည် အင်ပါယာတွင် အချမ်းသာဆုံး အမျိုးသားတစ်ဦးဖြစ်သည်။ သူ့ကို မြှောက်ပင့်ပြောဆိုပေးလျှင် အင်မတန် နှစ်သက်ပြီး လူတိုင်းကလည်း သူ့ကို ဖားနေရ၏။
လောင်းကစားဘုရင်သည် မြို့စား အီနစ်ရှိုက ငယ်ရွယ်ပြီး ချောမောသော ကျွန်အား အလွန်နှစ်သက်မည်ကို သိသောကြောင့် ကျွန်ကို ဝယ်လိုက်ခြင်း ဖြစ်သည်။ သူသည် လောင်းကစားအိမ် တစ်ခုတည်ဆောက်ရန် သူ့စည်းစိမ်ဥစ္စာအားလုံးကို ထုတ်သုံးပစ်လိုက်သောကြောင့် မြို့စား အီနစ်ရှို ၏ အကူအညီကို လောလောဆယ် အလွန်လိုအပ်နေပေသည်။
ကျွန်ဈေးထဲတွင် ချောမောသော ကောင်လေးကို ရှားတောင့်ရှားခဲ တွေ့ခဲ့ရပြီး မြို့စားကို လက်ဆောင်ပေးရန် ပြီးပြည့်စုံသော ကျွန်ဖြစ်လေသည်။ ယခုမူ သူပြင်ဆင်ထားသည့် 'လက်ဆောင်' အကြောင်းကို မြို့စားထံ စိတ်ချလက်ချ စာတစ်စောင်ရေးထားသော်လည်း မပို့ဝံ့တော့။ သူက တိရစ္ဆာန်အရိုးကို ကိုက်နေသကဲ့သို့ အသံထွက်အောင်ပင် အံကြိတ်ထားလေသည်။
ဤကြောက်စရာကောင်းသော အံကြိတ်သံကိုကြားပြီးနောက် ဝန်ထမ်းလည်း ကြမ်းပြင်ပေါ်တွင် ဦးညွှတ်ချလိုက်ကာ တုန်လှုပ်သွားရသည်။
"သူမ ဘယ်သွားတာလဲတော့ မသိဘူး...ဒါပေမယ့် တစ်ပတ်လောက်နေမှ ပြန်လာမယ်လို့ ကျွန်တော့်ကိုပြောခဲ့တယ်… သူမ ပိုက်ဆံလာယူမှာ သေချာပါတယ်…"
"ပါးစပ်ပိတ်ထား… မင်းက အသုံးမကျတဲ့လူမိုက်ပဲ…ငတုံးပဲ… သူမကို အခုချက်ချင်းရှာပြီး ကျွန်ကိုပြန်ခေါ်…"
လူးဝစ်သည် ငွေလဲလှယ်သည့် ကောင်တာမှ အမြန် ထွက်သွားတော့သည်။
လောင်းကစားဘုရင် မွန်တင်း သည် မပျက်စီးပဲ ကျန်နေသော ကူရှင်များကို ဆိုဖာပေါ်ပစ်ချလိုက်ရာ လိမ့်ဆင်းပြီး ကြမ်းပြင်ပေါ်သို့ ကျသွားရသည်။
ကျွန်ကို စရံပစ္စည်းအဖြစ် ထိုမိန်းမကို ပေးထားပြီဖြစ်၍ သူမက ပိုက်ဆံမပေးမချင်း ကျွန်ပြန်ပေးမည် မဟုတ်ချေ။
လောင်းကစားဘုရင်သည် သူမအား တစ်ပြား၊တစ်ချပ်မျှ ပေးရန် ရည်ရွယ်ချက်မရှိသလို ကျွန်ကိုလည်း သူမဆီက ပြန်ခေါ်ရမည်ဖြစ်သည်။ အကြောင်းမှာ တစ်ပတ်အကြာတွင် မြို့စား အီနစ်ရှို ထံသို့ ကျွန်အား လက်ဆောင်ပေးရမည် ဖြစ်သောကြောင့်ပင်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ…"
ဤသည်မှာ သူတို့နှစ်ယောက်လုံးအတွက် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်ချေ၏။ထို့နောက် သူ့မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့ဖျော့ အလင်းရောင်လေး ပေါ်လာရတော့သည်။