အပိုင်း ၅
Viewers 12k

"ကျေးဇူးတင်ပါတယ်…"
ဘန်က ဟင်းချိုအပြည့် ခပ်ထည့်ထားသော တစ်ပန်းကန်လုံး သောက်ပစ်လိုက်သည်။
ဆာစီးနီယာသည် အိမ်ရှိ အကြီးဆုံးပန်းကန်ကို ဘန်အား ပေးခဲ့သော်လည်း ချက်ချင်းပင် ပန်းကန်မှာ ပြောင်သလင်းခါသွားရသည်။
သူ့ပန်းကန်နှင့်မတူဘဲ ဆာစီးနီယာ၏ ပန်းကန်ထဲမှ ဟင်းချိုတစ်ဝက်ကျော်မှာ ကျန်နေသေးလေသည်။ စောစောက ပေါင်မုန့်ချောင်း အနည်းငယ်စားပြီးပြီမို့ သူမ ဗိုက်မဆာပေ။
သို့သော် သူ့ပေါင်မုန့်ချောင်း အားလုံးကိုစားပစ်လိုက်သော ဘန်မှာ ဗိုက်ပြည့်သေးပုံမရပေ။
ဆာစီးနီယာ က ကျန်နေသော သူမပန်းကန်ထဲမှ ပေါင်မုန့်ချောင်း လေးခုကို သူ့ရှေ့ထိုးပေးလိုက်သည်။
"အင်း…ရပါတယ်…"
ဘန် က ပြောသာပြောသော်လည်း ပေါင်မုန့်ချောင်းများမှ မျက်လုံး မခွာနိုင်ဖြစ်နေသည်။ကြည့်ရသည်မှာ ပေါင်မုန့်ကို သူ ကောင်းကောင်း မစားဖူးဘူး ဖြစ်မည်။
"ငါ ဗိုက်ပြည့်ပြီ…အကျန်‌တွေ သွန်ပစ်ရရင် မကောင်းဘူး…ငါ့ကို ကူပြီး စားပေးနော်…"
ဆာစီးနီယာ သည် မရိုးသားဘဲ အမြဲဖုံးကွယ်တတ်သည့် ဘန်၏ အကျင့်ကို တဖြည်းဖြည်း သိလာရသည်။
'နင်က ဗိုက်ဆာနေသေးလို့ များများစားရမှာ…'
ထို့အပြင် ဆာစီးနီယာ လည်း စားချင်စိတ်မရှိလောက်အောင်ပင် ဗိုက်ပြည့်နေပေပြီ။သူ စားသည်ဖြစ်စေ၊ သွန်ပစ်သည်ဖြစ်စေ သူမ ဂရုမစိုက်။
သို့သော် သူ့ဘဝကို သူမ လုံးလုံးနားလည်ထားသောကြောင့်ဖြစ်သည်။ သူ ကျွန်ဘဝရောက်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူ့ဆန္ဒကို မတောင်းဆိုရဲတော့ခြင်း ဖြစ်နိုင်၏။
ဘန် သည် ပေါင်မုန့်ချောင်းများကို တလှည့် ဆာစီးနီယာ ကို တလှည့် ကြည့်လိုက်သည်။
"ဒါဆို… ကျေးဇူးတင်ပါတယ်…"
ဆာစီးနီယာ ထမင်းစားပွဲမှ မတ်တပ်ထရပ်လိုက်သည်။ စောစောက ဟင်းရည်သွားထည့်စဥ်က အိုးထဲမှာ ဟင်းရည်များ ကျန်နေသေးသည်ကို သူမ သတိထားမိသည်။ သူ ပေါင်မုန့်ချောင်းများကိုသာ စားလျှင် ဗိုက်ပြည့်မည်မဟုတ်။ထို့ကြောင့် သူမ ဟင်းရည်များများ ထည့်ပေးချင်သည်။
သူမသည် ပန်းကန်အလွတ်ကို ကိုင်ပြီး မီးဖိုပေါ် တည်ထားသည့် ဟင်းအိုးဆီ သွားလိုက်သည်။
'အင်း သူကောင်းကောင်းစားလို့ တော်သေးတာပေါ့…'
သူမသည် အိုးအောက်ခြေကိုမြင်ရသည်အထိ ခြစ်ခြုတ်ပြီး ပန်းကန်လုံးထဲထည့်ကာ ဘန် ရှေ့တွင် ထားပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်…"
ကျေးဇူးတင်ပါတယ်ဟု ပြောနေသည့် သူ့အသံမှာ နည်းနည်းတုန်သွားရ၏။ ဘန် သည် သူ့ရှေ့မှ အငွေ့ထွက်နေသော ဟင်းရည်ပန်းကန်ကို ကြည့်လိုက်ပြီး မျက်ရည်များ ဝဲတက်သွားရသည်။ ယနေ့လို ပူပူနွေးနွေး စားခဲ့ရသည့် ထမင်းဟင်းများကို ဘယ်အချိန်နောက်ဆုံးစားခဲ့ရမှန်းပင် သူ မသိတော့။
သူတို့လို ကျွန်များကို ရံဖန်ရံခါကျွေးသော အစားအစာမှာ ပေါင်မုန့်မာ‌ ခြောက်ခြောက်များ ဖြစ်သည်။ အစာစားရလျှင်ပင် မလောက်ငှသဖြင့် အမြဲဆာလောင်နေခဲ့သည်။
မိုးရွာလျှင် ထိုပေါင်မုန့်ခြောက်နှင့် မိုးရေစွတ်ပြီး စားလိုက်သည်။ နှင်းကျလျှင်လည်း အရံဟင်းအဖြစ် နှင်းမှုန်များနှင့် မုန့်ကို ဆွတ်ပြီးစားခဲ့၏။အစား စားစရာမရှိလျှင် ဗိုက်ကို နှိပ်ထားပြိး အငတ်ခံခဲ့ရသည်။
ဘန် က ဟင်းချိုကို အလျင်စလို ခပ်လိုက်ပြီး အမြန်သောက်လိုက်သည်။အမြန်မသောက်ပါက ဟင်းချိုကိုကြည့်ပြီး သူမျက်ရည်ကျ တော့မည် ဖြစ်သည်။ နွေးထွေးသော အစားအစာများနှင့် နွေးထွေးပြီး သက်တောင့်သက်သာရှိသော အိမ်ခန်းကလေးသည် သူ့စိတ်ကို တုန်လှုပ်စေခဲ့သည်။
"ဖြည်းဖြည်းစားပါ…"
ဆာစီးနီယာ သူနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ မနက်က သူမ ချက်ပြုတ်ထားသည့် ဟင်းရည်မှာ နည်းနည်းငန်နေ၍ ပြန်ချက်ခဲ့ရသော်လည်း သူက ကောင်းသည်၊ဆိုးသည် မပြောဘဲ ခပ်သုတ်သုတ်သာ စားသောက်နေသည်။သူ စားပုံကိုကြည့်ရုံနှင့် စားလို့ကောင်းမှန်း သူမ သိလိုက်သည်။
"တောင်းပန်ပါတယ် ငါအရမ်းစားနေမိပြီ..."
ဘန်က သူ့မျက်လုံးထဲမှ မျက်ရည်စတို့ကို ဆာစီးနီယာ မြင်သွားမည်စိုး၍ ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ရပါတယ်…ဒီနေ့ ကုန်အောင်မစားနိုင်ရင် လွှင့်ပစ်ရမှာပဲဟာ…"
သူမ ဂရုမစိုက်သလို ပခုံးတွန့်၍ ပြောလိုက်သည်။ သူမသည် ဆာစီးနီယာ အဖြစ် ကူးပြောင်းလာသည့်အတွက်
ပျော်နေမိပြီး တစ်ယောက်တည်း နေရမည့်အစား ပထမဦးဆုံးအကြိမ် လူတစ်ယောက်နှင့် အတူတကွ စားသောက်ရသည့်အတွက် ကြည်နူးနေမိသည်။
အချိန်အတော်ကြာပြီးနောက် ဟင်းချိုပန်းကန်နှစ်လုံးနှင့် ပေါင်မုန့်ချောင်း ရှစ်ခုကို ဘန် အားလုံးစားပစ် လိုက်လေသည်။
* * *
ဘန် သူမနှင့် အတူနေသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။
*ခလွမ်*
" တောင်းပန်ပါတယ်…"
ဆာစီးနီယာ သည် နံနက်တိုင်း ပန်းကန်ခွက် ယောက်ကွဲသံဖြင့် နိုးထခဲ့ရသည်။
သူမ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
"မလုပ်ပါနဲ့လို့ ပြောထားရဲ့သားနဲ့…"
သူမ ဒေါသတောင် မထွက်နိုင်တော့။
သူမ အိမ်တွင်နေနေသည်မှာ သုံးရက်သာ ရှိသေးသော်လည်း ဘန် သည် ပန်းကန်လေးလုံးကို ခွဲပြီးပြီ ဖြစ်၏။
ယခုတော့ ငါးလုံး ကွဲသွားပြီ။
'ဟူး...'
သူမ ရင်ထဲ၌ လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။
"ကျွန်တော်က ကူညီချင်ရုံပါ…"
"ဟုတ်တယ်…ဒါပေမယ့် ငြိမ်ငြိမ်လေးနေရုံနဲ့လည်း အကူအညီဖြစ်ပါတယ်နော်…"
သူ့စိတ်ကို သူမ မသိ၍မဟုတ်။ပြဿနာမှာ သူ ထိလိုက်သည့်ပစ္စည်းမှန်သမျှ သူမ နောက်မှ လိုက်ရှင်းရခြင်းပင်။
ဆာစီးနီယာက တံမြက်စည်း သွားယူလာပြီး မီးဖိုချောင်ထဲ ဝင်လာပြန်သည်။
"ငါလုပ်ပါ့မယ်…"
သူမက တံမြက်စည်းကို ဘန့် ကိုပေးလိုက်ကာ တစ်ဖက်တွင် ရပ်ကြည့်နေလိုက်သည်။
သူ့ကို သန့်ရှင်းရေးတောင် လုပ်ခွင့်မပြုပါက သူ တစ်နေ့လုံး စိတ်ရှုပ်နေရမည်ကို သူမ သိနေသည်။
ဘန် က အလုပ်မရှိလျှင် စိတ်ရှုပ်တတ်သူ တစ်ဦးပင်။ သူသည် မင်းမျိုးမင်းနွယ်များ အိမ်တွင် အလုပ်လုပ်ပေးရသည့် ကျွန်မျိုးမဟုတ်ပေ။ မင်းမျိုးမင်းနွယ်တို့၏ ဇိမ်ခံအိမ်များကို ဆောက်လုပ်ရာတွင် အလုပ်လုပ်ပေးရသည်ဟု ဆိုသည်။ ထုံးစံအတိုင်းပင် မင်းမျိုးမင်းနွယ်တို့၏ ကျွန်များကို အခကြေးငွေ ပေးလေ့မရှိကြ။ ထို့အပြင် ကျွန်များစွာသည် အချိန်မှန် မစားရသောကြောင့် အာဟာရချို့တဲ့မှုကြောင့် နာမကျန်း ဖြစ်ကြရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သူတို့ကို ဟေး၊ မင်း၊ကောင်စုတ် စသဖြင့် ခေါ်ဆိုကြပြီး နာမည်တပ်မခေါ်ကြသည့်အတွက် သူ့မှာ နာမည်မရှိရခြင်းပင်။ အလုပ်လုပ်သည်မှာ နည်းနည်း နှေးသွားလျှင်တောင် အရိုက်ခံရတတ်သည်။ ဆောက်လုပ်ရေး ပြီးသွားသောအခါ အလုပ်သမား မလိုတော့သဖြင့် ကျွန်ဈေးကွက်ထဲ ပြန်ရောင်းစားခံရသည်။
သူ မြန်မြန်စားတတ်သည်မှာ အကျင့်ပါနေခြင်းဖြစ်သည်။ ရံဖန်ရံခါသာ အစား ကျွေးတတ်သည့်အတွက် ပေးတုန်း၊ကျွေးတုန်း အဝစားထားရသည်။
ထို့ကြောင့် ထမင်းဟင်း များများစားတတ်နေခြင်းပင်။
"အ…"
အသံတိုးတိုး ကလေးဖြင့် ညည်းညူလိုက်ဟည့် ဘန်ကို ဆာစီးနီယာ လှည့်ကြည့်လိုက်သည်။ကွဲကြေနေသည့် ပန်းကန်ပြားကို တံမြက်စည်းလှည်းနေသည့် သူက သွေးထွက်နေသည့် လက်ချောင်းကလေးကို ဖိကိုင်ထားရှာသည်။
"ဘာတွေဖြစ်နေတာလဲ…အဆင်ပြေရဲ့လား…"
သူ့လက်က ဘာလို့ သွေးထွက်နေရတာလဲ… ဒီ​ကောင်​​လေးထက်​ နမော်နမဲ့နိုင်တဲ့သူ မရှိတော့ပါဘူး…
သူမ စိတ်ပူလာပြီး ဘန် အနား သွားလိုက်သည်။
"တောင်းပန်ပါတယ်…"
ဘန် အထိတ်တလန့်ဖြစ်နေကာ သွေးထွက်နေသော လက်ကို သူ့နောက်တွင် အမြန်ဝှက်ထားလိုက်သည်။ သူ့တောင်းပန်စကားကို တစ်ခွန်းကလေးတောင် သူမ မကြားချင်တော့။
ဆာစီးနီယာ သူမ နဖူးကို ရည်ရွယ်ချက်မဲ့စွာ ပွတ်သပ်လိုက်သည်။
"နင်က ဒဏ်​ရာရတဲ့သူလေ…ဘာလို့​တောင်းပန်​​နေတာလဲ…"
ဘန် တောင်းပန်စကားပြောတတ်သည်မှာ အကျင့်တစ်ခုပင်ဖြစ်သည်။ တောင်းပန်စရာမလိုဘူးဟု သူမ အာပေါက်အောင် ပြောသော်လည်း သူက လွယ်လွယ်နှင့် ပြင်မည်မဟုတ်ပေ။
ဆာစီးနီယာ သည် ဘန် လက်ထဲမှ တံမြက်စည်းကို ယူလိုက်သည်။သူမ သူ့ငိုညထက်လှည်းခိုင်းလိုက်လျှင် နောက်လက်တစ်ဖက်ပါ သွေးထွက်သွားနိုင်သည်
"ငါ့ကိုပေး…ငါလုပ်မယ်…"
“မဟုတ်ဘူး… ဆာစီးနီယာ…ငါ…"
"ငါလုပ်ပါ့မယ်ဆို…"
"ဟုတ်ကဲ့…တောင်းပန်ပါတယ်…"
ဘန် က ခေါင်းငုံ့ထားကာ နောက်ပြန်ဆုတ်သွားသည်။
ဆာစီးနီယာ သည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပန်းကန်ခွက်ယောက်အကွဲများကို ရှင်းလင်းလိုက်သည်။ဘန်ကလည်း သူမလှည်းပြီးကာမှ ပန်းကန်ကွဲများ မရှိသော်ငြား ထပ်လှည်းလိုက်သေးသည်။
ဘန် သည် အလုပ်လုပ်ရန် အမြဲ စိတ်အားထက်သန်နေတတ်သည်။သူ၏ ကူညီလိုစိတ်ကို သူမ တန်ဖိုးထားသော်လည်း သူ တစ်ခုခုလုပ်လိုက်တိုင်း ကျကွဲရသည်နှင့်၊လွတ်ကျရသည်ချည်းပင်။
"လာဘ်တိတ်လက်" ဟူသော စကားသည် သူ့အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။
သူမက ပန်းကန်ကွဲများကို အမှိုက်ပုံးထဲကို ထည့်ပစ်လိုက်သည်။ သူမက တံမြက်စည်းကို သူ့နေရာသူ ပြန်ထားရန် သွားလိုက်စဉ် ဘန်ကလည်း သူမနောက်မှ လိုက်လာ၏။
"သွားထိုင်နေ… ငါနင့်ကို ဆေးထည့်ပေးမယ်…"
"ဟုတ်…"
သူက ကုလားထိုင်ပေါ်တွင် ခေါင်းငိုက်စိုက်ချထားကာ ထိုင်လိုက်လေ၏။
ဆာစီးနီယာကလည်း ချက်ချင်းပင် ဆေးသေတ္တာကို ယူလိုက်ပြီး ဘန် ရှေ့မှာ ထိုင်လိုက်သည်။
"လက်ပေး…"
ဘန် က သူ့လက်ကို ထိုးပေးလိုက်သည်။
သူ့ လက်ညိုးရှည်ရှည်ပေါ်တွင် နီညိုရောင် သွေးစတို့ ခိုတွဲနေကြသည်။
ဆာစီးနီယာက ဆေးထည့်ပေးရန် ဘန့်လက်ကို ကိုင်ထားလိုက်ရာ သူ့တစ်ကိုယ်လုံး ဆတ်ကနဲ တုန်လှုပ်သွားရ၏။
ဘန်မှာ တစ်ချိန်လုံး စကားတစ်ခွန်းပြောလိုက်လျှင်ပင် တုန်လှုပ်နေသူ ဖြစ်သဖြင့် သူမလည်း ဂရုစိုက်မနေတော့ဘဲ ပိုးသတ်ဆေးထည့်ပေးလိုက်သည်။
"အိုး…စပ်သွားတယ် မဟုတ်လား…"
ဟ,နေသော အသားကြားထဲသို့ ပိုးသတ်ဆေး ဝင်သွားသည်ကို မြင်လိုက်ရသောအခါ သူမပါ စပ်ဖျင်းဖျင်းဖြစ်လာသလို ခံစားလိုက်ရသည်။
"မဟုတ်ဘူး…ရပါတယ်…တောင်းပန်ပါတယ် ဆာစီးနီယာ…”
ဘန် က ဒဏ်ရာကို ပိုးသတ်ပေးနေသည့် သူမကို စိုက်ကြည့်နေမိသည်။သူမ မျက်တောင်ရိပ်များ ရှိနေသော ပါးပြင်ကလေးသည် အလင်းရောင်ထဲတွင် တောက်ပနေသရောင်ပင်။ အာရုံစူးစိုက်ပြီး လုပ်နေသည့်အတွက် အနည်းငယ်ပွင့်လာသော သူမ၏ အနီရောင်နှုတ်ခမ်း နှစ်လွှာမှာ ထူထဲပြီး နှစ်လိုဖွယ်ကောင်းလှသည်။ သူမ၏ ရှည်လျားသော အနီရောင်ဆံပင်များမှာလည်း လက်နှင့်ဖွကြည့်လိုက်လျှင် အလွန် နူးညံ့မည့်အသွင်ရှိသည်။
ဆာစီးနီယာ သူ့နား လာလိုက်တိုင်း သူအမှားတွေ လုပ်မိတတ်သည်။ သူ မည်မျှပင်ကောင်းကောင်း လုပ်ပြချင်သော်လည်း သူမ ဘေးနားရှိနေချိန်၌ သူဘာကြောင့် ပျာယာခတ်သွားရမှန်းမသိတော့။
'ဟား...'
ဘန် သည် စိတ်ထဲမှ အသာအယာ သက်ပြင်းချလိုက်မိသည်။ သူမကို ကူညီချင်သော်လည်း အကူအညီဖြစ်ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။
"ဆေးလေးလိမ်းလိုက်ရင် ရပြီ…"
ပိုးသတ်ဆေးထည့်ပြီးနောက် ဆာစီးနီယာ သည် အနာထဲကို ဆေးထပ်ထည့်လိုက်သည်။ ဘန် သည် သူ့နှလုံးသားကို တုန်လှုပ်သွားစေသော သူမ မျက်နှာကလေးကို ငေးကြည့်နေရင်း သူမ၏ လက်နှင့် ထိမိသောအခါ တုန်လှုပ်သွားရသည်။ သူ့ဒဏ်ရာကို အာရုံစိုက်ပြီး ကုသပေးသော သူမကို ကြည့်နေရင်း နွေးထွေးမှုကို ခံစားနေရသည်။
ဤကဲ့သို့ နွေးထွေးမှုကို သူ့ဘဝတွင် ပထမဆုံး ခံစားရဖူးခြင်းပင်။
သူ့အနာကို ကိုယ့်အနာလိုသဘောထားပြီး စိတ်ပူနေသူတစ်ယောက်…
နွေးထွေးမှုကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရပြီး တစ်နေ့ကို အကြိမ်ပေါင်းများစွာ တုန်ခါနေသော သူ့နှလုံးသားမှာ ဒုန်းကနဲ ခပ်ကြမ်းကြမ်း လှုပ်ခါသွားရသည်။ သူမ လက်နှစ်ဖက်သည် သူ့ကို အမြဲနွေးထွေးစေသည်။ သူမသည် စိတ်ပျက်အားငယ်မှုအပြည့်ရှိနေသော သူ့ဘဝတွက် နေရောင်ခြည်လေးတစ်မျှင် ကဲ့သို့ပင်။
ဆာစီးနီယာ သည် ပိုးသတ်ဆေး ကောင်းစွာစိမ့်ဝင်စေရန် သူ့ဒဏ်ရာကို လေမှုတ်ပေးလိုက်သည်။ သူမ၏ ထွက်သက်က သူ့အရေပြားကို ထိသွားသောအခါ သူ့လက်ချောင်းများ တဆတ်ဆတ်တုန်နေရသည်။
"ဘာဖြစ်လို့လဲ…စပ်လို့လား…"
"မ မဟုတ်ပါဘူး…ဘာမှမဖြစ်ပါဘူး…"
ဘန် က လက်ကာပြပြီး ငြင်းလိုက်သည်။ သူ့စကားနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် သူ့တစ်ကိုယ်လုံး အပူငွေ့များ တရှိန်းရှိန်းတက်လာသလို ခံစားလိုက်ရ၏။
ဆာစီးနီယာ သည် ဘန် ၏ နီရဲနေသော ပါးပြင်ကို ကြည့်ကာ သူ့ဒဏ်ရာကြောင့် နာကျင်နေသည်ဟု ထင်လိုက်မိသည်။
သူမ ဆေးထည့်ပေးလိုက်ပြီး ပတ်တီး စည်းပေးလိုက်သည်။
"တစ်ကယ် ကျေးဇူးတင်ပါတယ်…"
ထို့နောက် ဘန် သည် ဆေးသေတ္တာကို ယူကာ အရှက်ပြေလိုပြေငြား အံဆွဲနား ပြေးသွားလိုက်သည်။
ဆာစီးနီယာ သည် ဘန် ၏ ကျောပြင်ကို စိုက်ကြည့်နေမိတော့သည်။
' ဒီကောင်လေး တစ်ခုခုတော့ ဖြစ်သွားပါတယ်...'
Xxxxxxx