ပထမနေ့က နှင့်မတူဘဲ သူ့ပုံစံအနည်းငယ် ပြောင်းလဲသွားသလို သူမ ခံစားရသည်။ သူ့မျက်နှာ အမူအရာလား၊ သို့မဟုတ် အပြုအမူလား၊ သူမ လက်ညှိုးထိုးမပြနိုင်ပေ။
ဘန် သည် ဆေးများကို အံဆွဲထဲ ပြန်ထည့်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အံဆွဲရှေ့မှာ ခဏရပ်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားကြည့်သည်။မကြာမီ စိတ်တည်ငြိမ်လာပြီးနောက် ဆာစီးနီယာ အနား သွားလိုက်ပြန်သည်။
သူမ သူ့ကို စိုက်ကြည့်နေမိသည်။
'ဘာတွေများ ပြောင်းလဲသွားတာပါလိမ့်…'
ဆာစီးနီယာ သည် ထိုင်ခုံမှထပြီး ဘန့် ကို သံသယရှိစွာ ကြည့်နေမိပြန်သည်။ သူနှင့် အကြည့်ချင်းဆုံပြီးကာမှ ဤထူးဆန်းသည့် ခံစားချက်ကို နားလည်သွားရသည်။
ပထမဦးဆုံး သူမ သူ့ကိုခေါ်လာသည့်နေ့မှာ သူ့ခေါင်းက သူမ ပုခုံးနားအထိသာ ရှိသည်။ ယခုမူကား မျက်လုံးချင်းဆုံကြည့်၍ ရပြီ ဖြစ်သည်။
"ငါ ...ညတိုင်း ခြေထောက်တွေနာနေတယ်…ဟုတ်မယ်ထင်တယ်…"
သို့သော် သုံးရက်အတွင်း လူတစ်ယောက်က ဒီလောက်ကြီး မြန်မြန် အရပ်ရှည်နိုင်ပါ့မလား…
ဘန် ၏ အရပ်ကို သူမအရပ်နှင့် ယှဉ်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့နှစ်ယောက်စလုံး အရပ်တူနေကြပြီ။
'ယောက်ျားတွေက မိန်းမတွေထက် ကြီးထွားမှုနှုန်း ပိုမြန်တယ်လို့ ကြားဖူးတယ်…ဒါ တစ်ကယ်မှန်တာပဲ…'
ဘန် သည် အရပ်ရှည်ရုံသာ ရှည်ပြီး ချစ်စရာကောင်းသော မျက်နှာနှင့် အသံပုံစံသည် လုံးဝမပြောင်းသေး။သူက ယောကျ်ားကြီး တစ်ယောက်ထက် ကောင်လေးငယ် တစ်ယောက်နှင့် ပိုတူ
ပေသည်။ သူ ဟင်းကောင်းများ မစားရသော်လည်း တစ်နေ့လျှင် သုံးနပ်စားခြင်းက သူ့ခန္ဓာကိုယ်ကို အထောက်အကူ ဖြစ်စေသည်။
သူ ဤကဲ့သိူ့ ကြီးပြင်းလာသည်ကိုမြင်ရသောအခါ သူမ ပျော်ရွှင်မိရသည်။
သူမ ငယ်ငယ်တုန်းက Tamagotchi ( အကောင်ကလေး တစ်ကောင်ကို မွေးမြူရသော ဂျပန်ထုတ် ဂိမ်းစက်ကလေး ) ကို ပြုစုစောင့်ရှောက်ခဲ့ပုံနှင့် တူပေသည်။ အစာကျွေး၊ ရေချိုးပြီး လမ်းလည်း လျှောက်ပေးရသည်။ ထိုနည်းတူစွာ ဘန် ကြီးပြင်းလာသည်ကိုကြည့်ပြီး သူမလည်း ဂုဏ်ယူကျေနပ်နေမိသည်။
ဆာစီးနီယာ ၏ မျက်နှာပေါ်တွင် ကျေနပ်ပြုံးတစ်ခု ပေါ်လာသည်။ သူမ အပြုံးကိုကြည့်ရင်း ဘန် က သူမ အတွေးများကို သတိမထားမိဘဲ ပြန်ပြုံးပြလေသည်။
"ဆာစီးနီယာ… ဒီနေ့ မုန့်ဖုတ်ရအောင်လေ…"
ဆာစီးနီယာက မီးဖိုချောင်ထဲ ဝင်ရန်ခြေလှမ်းပြင်နေသော ဘန့် ပုခုံးကို လှမ်းဆွဲထားရင်း ပြောလိုက်သည်။
"ဟုတ်ပြီ…ဒါပေမဲ့ နင်ဒီမှာ အသာနေ…"
"ဘာပြောတယ်…လုံးဝ အဓိပ္ပါယ်မရှိဘူး…"
လောင်းကစားဘုရင် မွန်တင်းက လူးဝစ် စကားကို ကြားလျှင် ဒေါသတကြီး တုံ့ပြန်လိုက်သည်။
လူးဝစ်က တောင်းပန်တိုးလျှိုးသည့် မျက်နှာထားနှင့် ပြန်ဖြေလိုက်၏။
"သူဌေး…ကျွန်တော် ပြောတာတွေက အမှန်တွေပါ…သူမ ဘယ်မှာနေမှန်း ဘယ်သူမှ မသိကြဘူးတဲ့…"
လောင်းကစားဘုရင်က လူးဝစ်ကို ထိုမိန်းမအား ရှာခိုင်းလိုက်သည်မှာ သုံးရက်ကြာသွားသော်လည်း ယခုထိ မတွေ့သေးပေ။
လောင်းကစားဘုရင် မွန်တင်း သည်းခံစိတ်တို့ ကုန်ဆုံးရချေပြီ။
လူးဝစ်က ခေါင်းငုံ့ထားလျက်နှင့် ဆက်ပြောပြန်သည်။
"ရွာသားတွေ ပြောတာကတော့ သူမကို တစ်ခါ၊နှစ်ခါပဲ မြင်ဖူးတယ်တဲ့…သူမ ဘယ်မှာနေမှန်း တစ်ရွာလုံးမသိကြပါဘူး…"
လောင်းကစားဘုရင် မွန်တင်း မျက်မှောင်ကြုတ် လိုက်သည်။
သူမသည် တစ်ကယ့်ကြီးမားသော ကိစ္စတစ်ခုကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပေမည်။ လောင်းကစားဘုရင် မွန်တင်းသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အတွေးနယ်ချဲ့မိနေသည်။
'ဘယ်လို လူလဲ… လူးဝစ်ပြောသလိုမျိုး သူမမှာ ထူးဆန်းတဲ့စွမ်းအား တကယ်ရှိတာလား…’
လောင်းကစားဘုရင် မွန်တင်း က ခေါင်းကိုက်သွားသရသလို ပုခုံးကို လက်ပြန် နှိပ်နယ်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
ကျွန်ကို မြို့စား အီနစ်ရှို အား ပေးရမည့်ရက်မှာ လေးရက်သာ ကျန်တော့သည်။
'လူးဝစ် ပြောသလိုပဲ...အဲ့ဒီ မိန်းမက ပိုက်ဆံနဲ့ လဲဖို့ လာမှာ သေချာလောက်တယ်…'
သို့သော် သူ ပိုက်ဆံတစ်ပြားမှ မပေးချင်သလို ကျွန်ကိုလည်း ထည့်မပေးချင်ပေ။ လေးရက်အတွင်း သူမ ဘယ်မှာရှိနေသည်ဆိုသည်ကို သိထားဖို့လိုပြီး ညှိနှိုင်းရမည် ဖြစ်ပေသည်။
လောင်းကစားဘုရင် မွန်တင်း သည် ဒေါသတကြီးဖြင့် နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး ဆုပ်ထားသော သူ့လက်သီးတွင် သွေးပြန်ကြောများ တဒိတ်ဒိတ် ခုန်နေကြသည်။
"လူများများ သုံးရရင်တောင် သူမကို မရ ရအောင်ရှာ…"
လူးဝစ်သည် ဦးညွှတ်ပြီး အခန်းထဲမှ ထွက်သွားလိုက်သည်။
လောင်းကစားဘုရင် မွန်တင်း သည် ခရမ်းရောင်မျက်လုံးများရှိပြိီး အနီရောင်ဆံပင်များရှိသည်ဆိုသော လူးဝစ်စကားကို ပြန်ကြားယောင်မိသည်။
"လျှို့ဝှက်ဆန်းကြယ်လိုက်တဲ့ မိန်းမပါလား…"
ထိုမိန်းမမှာ ဘယ်လောက်ပင် ထူးဆန်းသည့် စွမ်းအားတွေရှိပါစေ၊သူ ဘယ်တော့မှ သူမထံ မကျရှုံးစေရဘူးဟု ကတိပြုလိုက်မိသည်။
ရုန်းကန်နေရသော တစ်စုံတစ်ယောက်၏ အသံက သူမနားထဲသို့ တိုးဝင်လာရသည်။
ဆာစီးနီယာ က အသနားခံနေသည့် အသံကို ကြားရသောအခါ မျက်လုံးဖွင့်လိုက်သည်။ သူမ အိပ်ရာမှ ထလိုက်ကာ ပွယောင်ယောင်းဖြစ်နေသော ဆံပင်ကို သပ်ရပ်သွားအောင် လုပ်လိုက်သည်။
ထို့နောက် သူမ ကုတင်အစွန်းမှာ ထထိုင်လိုက်ရာ ဘန် သည် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
ခပ်ဖျော့ဖျော့ လရောင်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲကို ဝင်လာရသည်။
ဆာစီးနီယာသည် ဘန့် နဖူးပေါ်မှ အေးစက်နေဟန်ရှိသော ချွေးစက်များနှင့် ခြေရင်းအထိ လျှောကျနေသော စောင်ကိုလည်း ကြည့်လိုက်မိသည်။ သူ့အိမ်မက်ဆိုးများကြောင့် စောင်ကို ကန်ချထားပုံရသည်။
ဆာစီးနီယာ သည် ကြမ်းပြင်ပေါ် ထိုင်ပြီး ဘန့် မျက်နှာကို စေ့စေ့ကြည့်နေမိသည်။
လှပစွာ ပြုံးခဲ့ဖူးသော သူ့နှုတ်ခမ်းများသည် ဖြူဖျော့နေသည်ကို သူမ မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းများသည် အေးစက်နေသလို တုန်ရီနေရပြီး အံကိုလည်း တကြိကြိ ကြိတ်ထားလေ၏။
သူမ မဆိုင်းမတွဘဲ ဘန့် ရင်ဘတ်ပေါ် လက်အမြန် တင်လိုက်သည်။ဘန်နှင့် ရင်းနှီးစွာ နေထိုင်လာခဲ့သဖြင့် သူမ သူ့ကို ရှိန်မတော့ပေ။
သူ့ရင်ဘတ်ကို သူမ လက်နှင့် ဖိထားပေူရင်း အအေးဒဏ်ကို ခံစားလိုက်ရသည်။ ဤသည်မှာ ပျမ်းမျှ ခန္ဓာကိုယ် အပူချိန် မဟုတ်ပေ။ သူမ၏ နွေးထွေးသောလက်များကို အေးခဲစေလောက်အောင်ပင် သူ့တစ်ကိုယ်လုံး အေးစက်နေသည်။ ဤအတိုင်းထားလိုက်လျှင် သေသွားမှာတောင် စိုးရသည်။
ယခု လောလောဆယ် အရေးကြီးဆုံးမှာ သူ့ကို အနွေးဓာတ်ပေးဖို့ပင်။
ဆာစီးနီယာသည် မျက်လုံးများကိုမှိတ်ထားပြီး သူမ၏ လက်ချောင်းထိပ်များတွင် မှော်စွမ်းအားကို စုစည်းထားလိုက်သည်။ မှောင်မိုက်နေသော အခန်းသည် သူမ လက်ဖဝါးမှ ထွက်ပေါ်လာသော အနီရောင် အလင်းရောင်ဖြင့် တောက်ပလာရသည်။
ဆာစီးနီယာ သည် ဘန် ၏ ခန္ဓာကိုယ်ပေါ်သို့ စုစည်းထားသော အပူများကို မှုတ်ထုတ်လိုက်သည်။ထိုအခါ သူမ လက်ထဲက အပူများ လွတ်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်သွား၏။
အမှောင်ထုက အခန်းထဲသို့ တစ်ဖန်ပြန်ဝင်လာရသည်။ သူ၏ ပြာနှမ်းနှမ်းနှုတ်ခမ်းများသည် တစ်ဖန် ပန်းရောင်သန်းလာပြန်ပြီး ကိုယ်ပူလည်းကျသွားရသည်။
'ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ…'
ဆာစီးနီယာ စိတ်သက်သာရာရသွားသည်။
ဘန် သည် မျက်မှောင်ကြုတ်ထားရာမှ ဖြေလျှော့လိုက်၍ သူ သက်တောင့်သက်သာဖြစ်လာပုံရသည်။ သို့သော်လည်း သူ အိပ်မက်ဆိုးများဆက်လက်မက်နေပုံရသည်။
"အဆင်ပြေပါတယ်… အားလုံး အဆင်ပြေသွားမှာနော်…"
သူမလက်ကို သူ့ရင်ဘတ်ပေါ်တင်ထားကာ နှလုံးခုန်သံကို စမ်းသပ်ကြည့်မိသည်။ သူမသည် အခြားသူများကို ဂရုစိုက်တတ်သူ ဖြစ်သည်။ဤသည်မှာလည်း ဘန် သူမ အိမ်ရောက်လာကတည်းက ဂရုစိုက်ခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။
'ဘန် ဘာတွေကို အိပ်မက်မက်နေတာ လဲ… သူ ညတိုင်း နာကျင်ကိုက်ခဲသလို ညည်းတွားနေတော့တာပဲ…'
ဘန် သည် ဒေသိယစကားဖြင့် ပြောဆိုနေကာ တစ်စုံတစ်ဦးကို သူ့အား ကယ်တင်ပါဟု တဖွဖွတောင်းဆိုနေတော့သည်။ သူ့အိပ်မက်ဆိုးတွေကြောင့် သူမလည်း ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။ သူ့ကို နှိုးဖို့ကြိုးစားကြည့်သော်လည်း ဘန် က မျက်လုံး လုံးဝ ဖွင့်မလာဘဲ ဆက်တိုက်သာ အော်ညည်းနေတော့သည်။
သူ ချောက်ထဲကျသွားသလို တစ်ကိုယ်လုံး တုန်လှုပ်နေတော့သည်။ထိုသို့ ဖြစ်လာတိုင်း သူမကလည်း ရေခဲတမျှ အးစက်နေသည့် သူ့ကိုယ်ကို အပူဓာတ်နှင့် နွေးထွေးအောင် လုပ်ပေးရသည်။သို့သော်လည်း ထိုမျှနှင့် မသက်သာသဖြင့် သူ့ရင်ဘတ်ကို ဖွဖွပွတ်သပ်ပေးလိုက်လျှင် ယခုလို ကလေးလေးတစ်ယောက်ပမာ အိပ်ပျော်သွားတတ်စမြဲပင်။
တည်ငြိမ်သော သူ့အသက်ရှုသံများသည် သူမ နားထဲတွင် ပဲ့တင်ထပ်နေရသည်။
ဘန်ကမူ သက်တောင့်သက်သာရှိသွားသလို အေးချမ်းသော မျက်နှာကလေးဖြင့် အိပ်မောကျနေလေ၏။
သန်းခေါင်ကျော်နေပြီဖြစ်၍ အားလုံး အိပ်ပျော်နေကြပြီ……
ဆာစီးနီယာ၏ အိမ်ကလေးသည် သစ်တောထဲတွင် ရှိသောကြောင့် နေဝင်ရီတရောရောက်လျှင် မှောင်သွားတတ်သည်။ ယခင်ဘဝတုန်းကသာ ဆိုလျှင် သူမသည် ဖုန်းကြည့်ပြီးလျှင် အိပ်သွားတတ်၏။ သို့သော် ဤဝတ္ထုတွင် တီဗီ၊ ဖုန်း သို့မဟုတ် လျှပ်စစ်မီးဖိုပင် ရှိမနေပေ။
ထို့ကြောင့် ညရောက်လျှင် အိပ်စက်ခြင်းမှလွဲ၍ တခြား ဘာမှလုပ်စရာမရှိတော့။ အိပ်စက်ခြင်းသည် ညအခါကို အမြန်ကုန်ဆုံးရန် အကောင်းဆုံး နည်းလမ်းသာဖြစ်သည်။ သူမသည် ညဇီးကွက်(ညဥ့်နက်မှ အိပ်တတ်သူ) ဖြစ်၍ ဆာစီးနီယာ ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာပြီးနောက် ပထမရက်များတွင် ညဘက်၌ တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့။
သို့သော်လည်း ကျင့်သားရလာသည်နှင့်အမျှ နေဝင်သွားလျှငိ အိပ်ချင်လာရတော့သည်။ သို့သော် ဘန် ရောက်လာချိန်မှစ၍ သူမလည်း ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ရှိသည်။
သူမ အိပ်ရေးပျက်ရသည့်အတွက် ဘန့်ကို စိတ်မဆိုးသော်လည်း စိုးရိမ်မိရသည်။
သူ့ကို ညတိုင်း အိပ်မက်ဆိုးတွေ မက်စေခဲ့တဲ့ အတိတ်တွေက ဘာများလဲ…
သူမ သူ့ကို အပေါင်ပစ္စည်းအဖြစ် ခေါ်လာခဲ့သော်လည်း ညတိုင်း ဘန် တစ်ယောက်နာကျင်ရနေသည်ကို မြင်လိုက်ရသောအခါ သူ့ဘဝကို သာမန်အတိုင်း ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ပေးရပါ့မလဲ ဟုသာ တွေးနေမိတော့သည်။
သို့သော် သူမ ပိုက်ဆံလိုသည်။သူမ ဇာတ်သိမ်းတွင် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုး ဖြစ်မလာစေရန် သူမ မူရင်းဝတ္ထုထဲက ဆာစီးနီယာလို မရှင်သန်လိုပေ။
သူမ မျက်လုံးမှိတ်ထားရင်း သူမ အဖြေတစ်ခုရှာလိုက်သည်။
'သူ့ ဒီမှာရှိနေတုန်း သူ့ကို အဆင်ပြေပြေ နေနိုင်ဖို့ပဲ အာရုံစိုက်တာပေါ့…'
ဆာစီးနီယာ သည် ခေါင်းတစ်ချက်ယမ်းလ်ိုက်ကာ သူမကိုယ်သူမ တည်ငြိမ်ရန်ကြိုးစားပြီး မျက်လုံးဖွင့်လိုက်သည်။သို့သော်လည်း အပြစ်ရှိနေသလို ဖြစ်နေသည့် ခံစားချက်ကို သူမ မဖျောက်ဖျက်နိုင်ခဲ့ပေ။
ဆာစီးနီယာ သူ့ကို ထိလိုက်သဖြင့် ထိုသို့အသံထွက်လာရခြင်းပင်။
ထို့နောက် ဆာစီးနီယာ သည် ဘန့် မျက်နှာကို စိုက်ကြည့်မိရာ သူ့မျက်လုံးအိမ်ထဲတွင် မျက်ရည်စတို့ စိုစွတ်နေသည်ကို တွေ့ရလေသည်။ သူမသည် သေးသွယ်သော လက်ချောင်းများဖြင့် သူ့မျက်လုံးများကို ပွတ်သပ်ပေးလိုက်လျှင် မျက်ရည်တို့ ပြောင်သွားရ၏။
သူမသည် ကလေးထိန်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးနေလေသည်။ ထိုအတွေးကို တွေးမိပြီး သူမပြုံးမိရသည်။သူ့ကို ထိန်းကျောင်းရအောင် ခေါ်လာခဲ့ခြင်း မဟုတ်သော်လည်း သူနှင့် အတူနေရသည်မှာ သိပ်အဆိုးကြီးတော့မဟုတ်ပေ။
ဆာစီးနီယာ က သူ့ခြေရင်းမှ စောင်ကို ကောက်ကိုင်လိုက်ပြီး ခြုံပေးလိုက်သည်။
ဘန် က နှုတ်ခမ်း တစ်ချက်တွန့်လိုက်ပြီး စောင်ကို လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ထားလေ၏။
အိပ်ပျော်သွားဟန်တူသော ဘန် မျက်နှာသည် တလှုပ်လှုပ်ဖြစ်နေတော့သည်။
ဆာစီးနီယာ သည် သူနောက်ထပ် အိပ်မက်ဆိုး မက်နေသလားဟု တွေးကာ စိတ်ပူနေမိသည်။သို့သော် သူ့မျက်နှာအမူအရာက အိပ်မက်ဆိုး မက်နေပုံနှင့် မတူပေ။သူ့နှာခေါင်းနှင့် မျက်လုံးနားတဝိုက်တွင် ယားယံနေပုံရသည်။
သူမ ဘန့် မျက်နှာကို သေချာကြည့်လိုက်သည်။
ခဏအကြာတွင် သူဘာကြောင့် မျက်နှာ တလှုပ်လှုပ်ဖြစ်နေရသည်ကို သိသွားရသည်။အကြောင်းမှာ ဘန့်မျက်လုံးများကို ဖုံးမတတ် ရှည်လျားနေသော ဆံပင်များကြောင့်ပင်။
ဆာစီးနီယာ သည် ကလေးတစ်ယောက်လို အိပ်ပျော်နေသော သူ့မျက်နှာကို ဖုံးအုပ်ထားသည့် ဆံပင်များကို ဖယ်လိုက်သည်။ထိုအခါ သူမလက်ထဲတွင် ရှိသော ရှုပ်ယှက်ခတ်နေသည့် သူ့ဆံပင်များက အံ့သြစရာကောင်းလောက်အောင်ပင် နူးညံ့နေသည်ကို ခံစားလိုက်ရသည်။ ပိုးထည်ကလေးကို ထိရသလိုပင်။
တစ်ချိန်တည်းမှာပင် သူမ လက်လည်း ယားကျိကျိ ဖြစ်လာရသည်။သူ့နှာခေါင်းကို အကြောဆွဲလောက်အောင် ပင် ယားယံနေသော ဆံပင်များကို ညှပ်ပစ်ရပေမည်။ ရှုပ်ယှက်ခတ်နေသော သူ့ဆံပင်များက သူမ အတွက် စိတ်အနှောက်အယှက် ဖြစ်စေသောကြောင့် ညှပ်သင့်သည်ဟု သူမ တွေးမိသည်။
ဘန် သည် မျက်လုံးဖွင့်လိုက်ပြီး သူမအား စိုက်ကြည့်နေလေသည်။