Chapter 7
တိတ်ဆိတ်သောအခန်းထဲတွင် တိုးညှင်းလှသော သူ့အသံကြောင့် အံ့အားသင့်သွားပြီး ဆာစီးနီယာ လက်ကို အမြန် ရုတ်လိုက်သည်။ ထို့နောက် မကောင်းမှုတစ်ခုခုကို လုပ်မိသလိုမျိုး သူမ နှလုံးခုန်မြန်လာရသည်။
'နေပါဦး…ငါဘာမှ မလုပ်ထားဘူးလေ…'
ဆာစီးနီယာ သည် ထိုအတွေးဖြင့်ခေါင်းညိတ်လိုက်သည်။ သူ အိပ်ပျော်နေချိန်မှာ မကောင်းတာ လုပ်မိသည်မှန်သော်လည်း ရာဇဝတ်ကောင်တစ်ယောက်လို မဟုတ်ပေ။
ဘန် သည် အိပ်တစ်ဝက်၊နိုးတစ်ဝက် ဖြစ်နေ၏။ ယခု အခြေအနေက အိပ်မက်လား၊ လက်တွေ့လားဆိုသည်ကို သိဖို့ ကြိုးစားရင်း မျက်လုံးမှိတ်ထားလိုက်သည်။
"အိပ်လိုက်လေ…"
ဆာစီးနီယာက ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားပြီး ခပ်ပြတ်ပြတ် အသံဖြင့် ပြောလိုက်သည်။
သူမ အသံကိုကြားလိုက်ရမှ အိမ်မက်မဟုတ်မှန်း သိလိုက်ရသလို ဘန် မျက်လုံးလေးမှိတ်သွားအောင် ပြုံးလိုက်မိသည်။
သူ့အပြုံးကို ကြည့်နေရင်း အပြစ်ကင်းသည့် ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်မိသလို သူမ ခံစားလိုက်ရ၏။
ဘန် က မမေးသော်လည်း သူမက ပြောလိုက်သည်။
"နင့်ဆံပင်တွေ အရမ်းရှုပ်နေလို့ သပ်တင်ပေးတာပါ…"
ယဇ်ပုရောဟိတ်ရှေ့မှာ အပြစ်သားတစ်ယောက် ဝန်ခံလိုက်သလိုပင်။
"ဟုတ်လား… ဆာစီးနီယာ ရဲ့လက်တွေက အမြဲနွေးထွေးနေသလို ခံစားရတယ်…"
သူက ဆာစီးနီယာ ခံစားချက်ကို ဂရုမစိုက်ဘဲ ပြုံးနေသေးသည်။
"အင်း...ဟုတ်လား…"
"ညတိုင်း ငါ့ကို လာလာပွတ်သပ်ပေးတဲ့ လက်ကလေး ကလည်း ဆာစီးနီယာ လိုပဲ နွေးထွေးတယ်…"
ဆာစီးနီယာ မျက်လုံးပြူးသွားရသည်။
'သိနေတာလားဟ…'
သူအိပ်နေသည်ဟု ထင်ထားသော်လည်း...
"တောင်းပန်ပါတယ်…မျက်လုံးဖွင့်ကြည့်လိုက်ရင် နင်က ဆက်ပွတ်သပ်မပေးတော့မှာစိုးလို့ အိပ်ချင်ယောင်ဆောင်နေတာ…"
"ဟင်…"
"တစ်ကယ် ကျေးဇူးတင်ပါတယ်…"
ဘန် သည် သူ့လက်ကလေးဖြင့် ဆာစီးနီယာ လက်ပေါ်ကို ညင်သာစွာ ထပ်တင်ထားလိုက်သည်။
ရုတ်တရတ် ထိတွေ့လာမှုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားရသည်။
"ဆာစီးနီယာ ရဲ့ကျေးဇူးကြောင့် ငါ သက်တောင့်သက်သာ အိပ်နိုင်ခဲ့တယ်လေ…"
ဘန် သည် တခြားရည်ရွယ်ချက်ရှိဟန်မတူဘဲ ကျေးဇူးတင်စကားကိုသာ တောက်ပစွာ ပြုံး၍ ပြောနေခဲ့လေသည်။ ဆာစီးနီယာ က ဘန် ၏ ဆံပင်များကို ပြုံးကာ ပွတ်သပ်လိုက်သည်။
" အခုအိပ်တော့…"
ထို့နောက် သူမက ကုတင်ပေါ်တက်ကာ စောင်ခြုံ၍ အိပ်လိုက်သည်။
"ဟုတ်တယ်… ဆာစီးနီယာ လည်း အိပ်တော့နော်…"
ဘန် ၏ အနည်းငယ်တုန်လှုပ်သောအသံကိုကြားပြီးနောက် ဆာစီးနီယာ မျက်လုံး မှိတ်ထားလိုက်တော့သည်။
ဘန် က အိပ်နေသည့် ဆာစီးနီယာ ကိုကြည့်ရင်း နှလုံးခုန်သံတို့ မြန်လာရသည်။
'ဘာလဲ…ဒါဘာလဲ...'
ဆာစီးနီယာ ထိကိုင်ထားသော သူ့နဖူးပြင်မှာ နွေးထွေးနေဆဲပင်။တစ်ဆက်တည်းပင် သူ့ဆံပင်သူ ပြန်ပွတ်လိုက်ပြီး ပါးပြင်တို့လည်း နီမြန်းလာရတော့သည်။
သူ့ရင်ဘတ်ကို ဖိကိုင်ထားလိုက်ရင်း သူ့နှလုံးခုန်သံကိုယ်သူ လန့်သွားရပြီး ယခုထိလည်း မတည်ငြိမ်သေးပေ။
ခဏအကြာတွင် ဘန် သည် ဆာစီးနီယာ ၏ ပုံမှန်အသက်ရှူသံကို ကြားလိုက်ရသည်။
သို့သော်လည်း သူ အိပ်မပျော်နိုင်သေးဘဲ ဆာစီးနီယာ ၏ အသက်ရှုသံကြောင့် နှလုံးခုန်ပါ မြန်လာရတော့သည်။
* * *
"ငါ နင့်ရဲ့ ဆံပင်တွေကို နည်းနည်း ညှပ်ပေးမလို့…"
"အင်း…ရပါတယ်…"
ဆာစီးနီယာ သည် ဘန် စိတ်ပူပန်နေမည်စိုး၍ ပြောလိုက်သော်လည်း သူအမှန်ပင် တုန်လှုပ်နေတော့သည်။သူ့မျက်လုံးအောက်က မျက်အိတ်ကို တစ်ချက်ကြည့်ရုံဖြင့် သူ ညကကောင်းကောင်းအိပ်မပျော်မှန်း သိသာလေ၏။
ဆာစီးနီယာ က လက်ထဲက ကတ်ကြေးကို ချထားပြီး ပြောလိုက်သည်။
"အဆင်ပြေရဲ့လား…ငါ ဒီတိုင်းပဲ မညှပ်ဘဲထားလိုက်ရမလား…"
"မဟုတ်ပါဘူး…အဆင်ပြေပါတယ်…ညှပ်ပါ…"
"ဒါဆို နင့် ခြေထောက်တွေကို ငြိမ်ငြိမ်ထား…ခြေထောက်တွေလှုပ်နေရင် ငါလည်း ညှပ်လို့မရဘူး…"
သူစိတ်တွေ လှုပ်ရှားနေကတည်းက သူ့ခြေထောက်တွေ တုန်ယင်နေရခြင်းပင်။ဘန် သည် သူ့ခြေထောက်ကိုသူ ငုံ့ကြည့်ကာ တအံ့တသြဖြစ်နေသည်။
သူ့မျက်နှာကို ကြည့်လိုက်သည်နှင့် သူယခုမှ သတိပြုမိသွားမှန်း ဆာစီးနီယာလည်း သဘောပေါက်သွား၏။
ယနေ့နံနက်ခင်းတွင် ဆာစီးနီယာ သည် ဘန် ၏ မျက်လုံးများကို ဖုံးထားသည့် ရှေ့ဆံပင်(ဆံမြိတ်) များကို ညှပ်ပစ်ရန် ဆုံးဖြတ်ခဲ့လေသည်။ သူမက ကတ်ကြေးကိုင်ထားရင်း မနက်ကတည်းက ခြံထဲမှာ အတူထိုင်နေပြီး ဘန် ကလည်း တစ်ခုခုကို စိုးရိမ်နေပုံရသည်။
ဘန် ကိုကြည့်လိုက်သောအခါ ဆာစီးနီယာ အနည်းငယ်စိုးရိမ်သွားသည်။
'သူ ကတ်ကြေးနဲ့ ခိုက်မိမှာ ကြောက်လို့များလား… သူအရင်တုန်းကများ ကတ်ကြေးနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာများ ရခဲ့ဖူးတာလား…'
"နင် ကတ်ကြေးကို ကြောက်ရင်လည်း…"
"ဟင့်အင်း…အဲလိုမဟုတ်ဘူး…မကြောက်ပါဘူး…"
"တကယ်လား…"
သူမ ဘန် ကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်…ငါတကယ်တောင်းပန်ပါတယ် ဆာစီးနီယာ…ကျေးဇူးပြုပြီး မြန်မြန်ညှပ်ပေးပါ…"
ဘန် မျက်ခွံများ မှိတ်သွားရသည် ။
ထိုအခါမှသာ ဆာစီးနီယာ စိတ်သက်သာရာရသွားပြီး ဘန် ဆံပင်ကို လက်နှင့်ဆုပ်လိုက်သည်။
ဘန်မှာ ဓာတ်လိုက်သွားသလို တုန်လှုပ်သွားရပြီး သူ့ပါးပြင်ဖြူဖြူများကလည်း ချက်ချင်းနီရဲလာသည်။
ဆာစီးနီယာ ထိတ်လန့်တုန်လှုပ်သွားပြီး လက်ကို ပြန်ရုတ်လိုက်သည်။
"နင်တကယ်အဆင်ပြေရဲ့လား…ဖျားနေတာများလား…"
ဆာစီးနီယာ က ဘန် ၏နဖူးကိုလက်ဖြင့် စမ်းကြည့်လိုက်ရာ ဘန် သည် ယခင်ကထက် ပိုမိုပြင်းထန်စွာ ဆတ်ကနဲ ဖြစ်သွားရ၏။
"ဘန် နင် အဆင်ပြေတာ ဟုတ်ရဲ့လား…"
သူက သူ့မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်နေတော့သည်။ သို့တိုင် သူစိတ်မငြိမ်မသက်ဖြစ်နေသေးပြီး ခြံဝင်းဆီ အပြန်ပြန်အလှန်လှန် လှမ်းကြည့်မိနေသည်။
ဆာစီးနီယာ စိုးရိမ်စိတ်ဖြင့် သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။
"အား…"
သူမ သူ့အသားကို ထိလိုက်သည်နှင့် ဘန် တစ်ယောက် အားကနဲအော်ကာ မြက်ခင်းပြင်ပေါ် လဲကျသွားရသည်။
"နင်ဘာဖြစ်နေတာလဲ... ဖျားနေတာလား…"
ဘန် က ဒူးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ပိုက်ထားသည်။
ဆာစီးနီယာက သူ့မျက်လုံးများကို စေ့စေ့ကြည့်ရန် ကြိုးစားစဉ် ဘန် ကခေါင်းကို ငုံ့ပစ်လိုက်လေသည်။
"ဘာလို့ မေးနေတာကို ချက်ချင်း မပြောတာလဲ…"
ဆာစီးနီယာ က စိတ်ပူလာသဖြင့် အဆင်ပြေလားဟု မေးနေသော်လည်း သူက ပြန်မဖြေ၍ သူမလည်း စိတ်သိပ်မရှည်တော့ပေ။
ထိုအခါမှ ဘန် သည် သူမ၏ အေးစက်စက် မာဆတ်ဆတ် အသံကို သတိပြုမိလာပြီ ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည်။
ဆာစီးနီယာ သည် ဘန် ၏ ကဏာမငြိမ်ဖြစ်နေသော မျက်လုံးများကို စေ့စေ့ ကြည့်လိုက်သည်။
ဘန် က တစ်ခုခုပြောရန် နှုတ်ခမ်းကို လှုပ်လိုက်သော်လည်း ပါးစပ် ပြန်စေ့သွားကာ အသံမထွက်လာပေ။
ဆာစီးနီယာ ပို၍ပင် စိတ်တိုလာပြီး ပြင်းပြင်းထန်ထန် စိုက်ကြည့်နေရာ ဘန် တစ်ယောက် ပခုံးများပင် ဆတ်ကနဲ ဖြစ်သွားရသည်။ သူဆက်ပြီး မတုန်မလှုပ်လုပ်နေလျှင် သူမ စိတ်ဆိုးလာမည်ကို သိပြီး နောက်ဆုံးတွင် ပါးစပ် ဟ,လာသည်။
"အင်း… ငါ့နှလုံးက အရမ်းကို…"
"နှလုံး… နှလုံး အောင့်နေတာလား…"
နှလုံးအောင့်နေတာ၊နာတာဆိုရင် ကြီးကြီးမားမား ကိစ္စမဟုတ်ဘူးလား…
သူ့ကို ဆေးရုံကို ခေါ်သွားဖို့ စဉ်းစားနေစဉ် ဘန် က ခေါင်းခါပြီး စကားပြန်ပြောသည်။
"မဟုတ်ဘူး… ငါ့နှလုံးတွေ အရမ်းခုန်နေတယ်…"
"နင့်ရဲ့နှလုံးက ခုန်နေတယ်ဟုတ်လား…ဘာလို့လဲ…"
နှစ်ယောက်စလုံး အဖြေကို မသိကြဘဲ တိတ်ဆိတ်နေမှုက သူတို့နှစ်ယောက်ကြား ဝင်ရောက်လာသည်။ မနက်ခင်းလေက ခြံထဲတွင် ညင်သာစွာ တိုက်ခတ်နေသည်။ နွေဦးပေါက်ပြီ ဖြစ်သော်လည်း တောအုပ်ထဲက မနက်ခင်းလေနုအေးမှာ အလွန်ပင် အေးလှသည်။
ဘန် သည် ခန္ဓာကိုယ် လှုပ်ခါသွားအောင်ပင် ပင့်သက်ရှိုက်လိုက်သည်။
ဆာစီးနီယာ ကလည်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သလို အသက်ပြင်းပြင်းရှူရင်း ဘန် ကို ငုံ့ကြည့်နေသည်။ ဘန် ၏ နီမြန်းနေသော ပါးပြင်များသည် နို့နှစ်ရောင် ပြန်ဖြစ်နေပြီ။
ခဏတာ အေးစက်တဲ့လေကို လက်ခံရရှိပြီးနောက် အနည်းငယ် ငြိမ်သက်သွားပုံရပါတယ်။ သူ့နားရွက် နီရဲတောက်တောက် နှင့် အတူတူပင်။
'သူ့မှာ myocardial infarction (နှလုံးတစ်သျှူးများ သေဆုံးသွားခြင်း) ဖြစ်နေတာများလား…အလုပ်အရမ်းများနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်…ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရောဂါ ရှိနေပြီဆိုရင်တော့ အသက်ကြီးလာတဲ့အခါ ဒုက္ခရောက်လိမ့်မယ်…'
ဆာစီးနီယာ သည် ရယ်စရာကောင်း လောက်အောင်ပင် စိုးရိမ်နေရှာ၏။
"ငါ တစ်ကယ် နေကောင်းပါတယ်… ကျေးဇူးပြုပြီး ဒီတစ်ခါ ဆံပင်ကို တစ်ကယ်ညှပ်လိုက်ပါတော့…"
ဘန် အရင်ထလာပြီး ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ ဆာစီးနီယာ က ဘန် တကယ်ပဲ အဆင်ပြေရဲ့လား ဆိုသည်ကို သေချာအောင် ကြည့်လိုက်သည်။
ဘန် ၏ မျက်နှာပေါ်သို့ နေရောင်ခြည် ကျရောက်လာသည်နှင့်အမျှ သူ့ အသားအရေသည် အလွန်တောက်ပလာရသည်။
သူတကယ်ပဲ အဆင်ပြေနေပုံရတယ်…
ဆာစီးနီယာ လည်း မတ်တပ်ရပ်လာပြီး ဘန် အနား တိုးလာသည်။
"ဒီတစ်ခါ ငါတကယ်ညှပ်တော့မယ် နော်…"
"အင်း…"
ဆာစီးနီယာ သည် လက်ထဲက ကတ်ကြေးကို အသင့်ပြင်လိုက်သည်။
ရှလပ်....ရွှပ်
ဘန် ၏ နက်မှောင်သော ဆံပင်များသည် ကတ်ကြေးသွားကြောင့် မြေပြင်ပေါ် ပြုတ်ကျလာရသည်။ သူ့မျက်လုံးများကို ဖုံးအုပ်ထားသည့် ဆံပင်ကို ညှပ်ပစ်လိုက်ရာ အချိန်ကြာမြင့်စွာ ပုန်းလျှိုးနေသည့် မျက်ခုံးထင်းထင်း တစ်ပိုင်းတစ်စ တို့က ဝင့်ကြွားစွာ ပေါ်လာကြသည်။
ဆာစီးနီယာ မှားပြီး ညှပ်မိပါက သူ့ဆံပင်ကေသည် ရယ်စရာကောင်းသွားလိမ့်မည်ဖြစ်သောကြောင့် သူမ တတ်နိုင်သမျှ ဂရုတစိုက် ညှပ်ပေးနေရှာ၏။
တဖြည်းဖြည်းနှင့် မျက်ခုံးမွှေးတစ်ဝက်ပင် ပေါ်လာရပြီး ရှည်လျားပြီး ကော့ညွတ်နေကြသည့် မျက်တောင်တွေကို ရှင်းရှင်းလင်းလင်း မြင်ရလာ၏။မျက်တောင်မွှေးတို့ကို ထိလိုက်လျှင် ပိုးချည်မျှင်ကဲ့သို့ နူးညံ့သိမ်မွေ့ပေလိမ့်မည်။
'သူ အရမ်းချောတာပဲ…'
ဆာစီးနီယာ က ဘန်၏ ဆံပင်များကို ဖြတ်ပစ်လိုက်သည့်အခါ သူ့ရပ်သွင်က ပီပြင်လာသည်။ သူ့မျက်နှာက ပိန်လှီသေးသွယ်နေသဖြင့် အဖျားဝင်နေသူတစ်ယောက်နှယ်ပင်။ သူ့ကျန်းမာရေးသာ ပြန်ကောင်းလာလျှင် ယခုထက် ပိုချောလာမည်ဖြစ်သည်။
"ဆာစီးနီယာ…ပြီးပြီလား…"
"အင်း…ခဏစောင့်…"
ဆာစီးနီယာ သည် တစ်စုံတစ်ယောက်၏ ဆံပင်ကို ပထမဆုံးအကြိမ် ညှပ်လိုက်ခြင်းဖြစ်၍ ဂုဏ်ယူနေမိသည်။ထို့နောက် သူမက ဘန့်ဆံပင်များကို ဖြီးသင်ပေးလိုက်သည်။
"ကောင်းပြီ…ကြည့်လိုက်စမ်း…"
ဘန် က မှန်ကို ယူပြီး ကြည့်လိုက်သည်။
"အဆင်ပြေတယ် မလား…"
ဆာစီးနီယာ သည် သူ သဘောကျမည်ကိုသိသောကြောင့် ကျေနပ်နေသောမျက်နှာပေးဖြင့် မေးလိုက်သည်။
ဘန် က သူမ ပေးသည့် မှန်ကို တစ်ချက်ပင်မကြည့်ဘဲ ပြုံးပြလေသည်။
"ဟုတ်တယ် လှတယ်…"
သူ့မျက်လုံးများသည် လခြမ်းကဲ့သို့ ညင်သာစွာ ကွေးညွတ်သွားရာ ဆာစီးနီယာ ၏ နှလုံးသားမှာ ဒိတ်ကနဲဆောင့်ခုန်သွားရသည်။
အပြုံးတစ်ခုတွင် လူအများ ရင်ထဲကိုထိလာနိုင်သည့် မှော်အစွမ်းများရှိကြောင်း ထင်ရှားပေသည်။သို့မဟုတ်ပါက သူမ နှလုံးသားမှာ ခုန်စရာ အကြောင်းမရှိပေ။
"မှန်ကို ကြည့်ဦးလေ…"
ဆာစီးနီယာ သည် မှန်ကိုကိုင်ထားသော သူ့လက်ကို မြှောက်၍ ပြောလိုက်သည်။ သူမ၏ အထိအတွေ့နှင့် စကားကို မကျော်လွှားနိုင်ဘဲ ဘန် သည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။
"မကြိုက်ဘူးလား…"
"မဟုတ်ပါဘူး…ကြိုက်ပါတယ်…ဆာစီးနီယာ ကိုင်ထားတဲ့ ဆံပင်က နွေးနေတုန်းပဲ…"
ဘန် က ခေါင်းတစ်ချက်ညိတ်၍ ပြောလိုက်ကာ သူ့မျက်နှာမှာ နီရဲတွတ်နေတော့သည်။
ဆာစီးနီယာ လည်း ရင်ဘတ်ထဲ ဒိန်းကနဲဆောင့်ခုန်သွားကာ အောင့်သလိုလိုပင် ဖြစ်လာရချေ၏။ ယခုအခြေအနေမှာ အလွန့် အလွန် ရှုပ်ထွေးနေတော့သည်။ ဘန် ဟာ myocardial infarction ခံစားနေရခြင်းမဟုတ်ပဲ သူမပါ ရောဂါရချင်လာသည်။ သူမ၏ ပုံမှန်လည်ပတ်နေသော နှလုံးသည် အဘယ်ကြောင့် ရုတ်တရက် အောင့်လာရမှန်း နားမလည်နိုင်တော့။
"ငါ မနက်စာ သွားစားတော့မယ်…"
သူမသည် ဤတုန်လှုပ်ချောက်ချားသော အငွေ့အသက်မှ လွတ်မြောက်ချင်နေသဖြင့် အမြန်ပြေးထွက်သွားလေတော့သည်။
"ငါလည်း ကူလုပ်ပေးမယ်…"
ဆာစီးနီယာ အနောက်ကနေ ပြေးလာနေသည့် ခြေသံအား ကြားလိုက်ရလေတော့သည်။
Xxxxxxx