အပိုင်း ၈
Viewers 13k

Chapter 8


ကျယ်ဝန်းသော အိပ်ခန်းထဲတွင်....... 


"အခြေအနေ ဘယ်လိုလဲ…"


ကြမ်းပြင်ကို ဖောက်ထွင်းသွားသလိုမျိုး လေးနက်သည့် လေသံတစ်ခု ထွက်လာသည်။


အားချန် က သူ့သခင်ကို တောင်းပန်ပြီး ခေါင်းငုံ့ထားလိုက်သည်။


"တောင်းပန်ပါတယ် သခင်…ကျွန်တော်တို့ ရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်…" 


"မင်း အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်တော့ဘူးလား…"


 သခင်ဖြစ်သူ၏နှုတ်က ဝေဖန်သံများဖြင့် ပြည့်နှက်နေသည်။ အားချန် က "တောင်းပန်ပါတယ် သခင်" ဟု ထပ်ခါတလဲလဲ ပြောရင်း ယိုကျိုးနေတော့သည်။


 "ဘာလို့ ခုထိ မတွေ့ရသေးတာလဲ…"


ကျယ်ဝန်းလှသော ဆိုဖာပေါ်တွင် ထိုင်နေသည့် သခင်သည် အားချန် ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ရက်စက်ကြမ်းကြုတ်သော ခရမ်းရောင် မျက်လုံးများတွင် စာနာမှု တစ်မှုန်မျှပင် မရှိခဲ့ပေ။ 


"အမြန်ဆုံး ရှာတွေ့ဖို့ ကြိုးစားပါ့မယ်…" 


အကယ်၍ တခြားလူတစ်ဦးဆိုပါက သခင့်အမေးကို မတုန်လှုပ်ဘဲ ဖြေနိုင်မည်မဟုတ်ပေ။ အားချန် သည် သူ့သခင်ကို ဆယ်စုနှစ်များစွာ သိလာသူဖြစ်သောကြောင့် ပြောနိုင်ခြင်းပင်။ 


သို့သော် သူ့ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။  သခင်ဖြစ်သူနှင့် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်လာခဲ့သည့်တိုင် ကြောက်ရွံ့နေဆဲပင်။အားချန်၏ သခင်ဖြစ်သူသည် လူများကို ၂မျိုးခွဲထားသည်။သူ့အတွက် အသုံးဝင်သူနှင့် အသုံးဝင်သူဟူ၍ ဖြစ်၏။


 "အသုံးကို မကျဘူး…"


အားချန် ၏ သခင်သည် ကျယ်ဝန်းသော ကုတင်ပေါ်တွင် လှဲအိပ်နေသော လူတစ်ယောက်ကို မကျေမနပ်စိုက်ကြည့်နေသည်။


လူငါးယောက်အိပ်၍ရသော king sized ကုတင်ပေါ်တွင် လူတစ်ယောက်ငြိမ်သက်စွာ တွေးတောနေဟန်ရှိသည်။  သူသည် မကျန်းမာသောကြောင့် ဖြူဖြူဖွေးဖွေး စောင်အသစ်က သူ့လည်ပင်းအထိ ခြုံလွှမ်းထားသည်။ ဖြူဖျော့သော နှုတ်ခမ်းများသည် နဂိုအရောင်ပျောက်နေပြီး ပြာနှမ်းနေတော့သည်။မျက်နှာမှာလည်း ပါးရိုးများငေါထွက်နေကြရာ အစာမစားရသူကဲ့သို့ပင်။ သို့သော် သူ့ အသားအရည်မှာ တောက်ပနေသဖြင့် သူ့ကို ကောင်းစွာ ဂရုစိုက်ကြောင်း ပြသနေသည်။ သူ၏ အနက်ရောင် ဆံပင်များကလည်း စောင်လွှာတစ်ထည်ကဲ့သို့ အဖြူရောင်ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသည်။ထို့အပြင် ဆောင်းဦးရွက်များ မြေပြင်ပေါ်သို့ ကြွေကျလာသလို ညင်သာတိုးညှင်းလှသော အသက်ရှုသံမှာ အားနည်းလွန်းသဖြင့် အချိန်မရွေး သေဆုံးသွားနိုင်ပေသည်။ယ‌နေ့ည၌ သူ အသက်ဆုံးရှုံးခဲ့လျှင် ထူးဆန်းမည်မဟုတ်ပေ။ 


"ဗားဒစ်…" 


"ဟုတ်ကဲ့… သခင်… ကျွန်တော့်ကို ခေါ်လိုက်တာလား…"


 "သူ့မှာ အချိန်ဘယ်လောက်ကျန်သေးလဲ…" 


"မနေ့ က ဆရာဝန် ပြောတာတော့ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် ပဲ နေရတော့မယ်တဲ့…"


 ဗားဒစ်က ပြန်ဖြေလိုက်သည်။


 "…"


အားချန် သူ့နားကိုသူ လက်ဖြင့်သာ အုပ်ထားချင်တော့သည်။ သူ့သခင်သည် သေအံဆဲဆဲဖြစ်နေသော လူတစ်ယောက်ရှေ့တွင် မည်မျှသာ အသက်ရှင်နေထိုင်ရမည့်အကြောင်းကို ပြော‌ဆိုနေတော့သည်။ အချိန်တွေသာ ကုန်သွားသော်လည်း ပြောင်းလဲခြင်းမရှိသော သခင်ဖြစ်သူ၏ ရက်စက်မှုသည် ကြောက်စရာကောင်းပေသည်။ 


" အားချန်... " 


"ဟုတ်ကဲ့ပါ သခင်…"


အားချန် က အမြန်ဦးညွှတ်လိုက်သည်။


 "အဲဒီလူတွေကို ငါ့ရှေ့ ခေါ်လာခဲ့…"


 "ဟုတ်ကဲ့…ကျွန်တော် နားလည်ပါတယ်…"


 "သူတို့က ငြင်းဆန်ရင် တော်ရုံတန်ရုံလောက် ခြေတွေလက်တွေ ချိုးပစ်လိုက်လို့ရတယ်… ဒါပေမယ့် အရမ်းကြီးမပြင်းထန်စေနဲ့…"


 "အမိန့်အတိုင်းပါ သခင်…"


သခင်ဖြစ်သူ၏ ရက်စက်ကြမ်းကြုတ်သော အမိန့်ကိုကြားရသောအခါ အားချန် သည် တံတွေးကို အနိုင်နိုင်မျိုချပြီး ပြန်ဖြေလိုက်သည်။ ထို့နောက် သူ နှုတ်ဆက်ပြီးသည်နှင့် တံခါးကိုဖွင့်၍ အမြန်ထွက်သွားလိုက်သည်။


သူ၏ ဖြူဖပ်ဖြူရော်မျက်နှာက သူ့သခင်ရှေ့၌ သူဘယ်လောက်ထိ ထိတ်လန့်သွားရမှန်း ဖော်ပြနေသည်။


အားချန် သည် စံအိမ်မှ ထွက်လာပြီးနောက် ထပ်မံ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ သူသည် ဤမိသားစု၏ လက်အောက်ဝန်ထမ်း တစ်ဦးသာ ဖြစ်သည်။ သူ့သခင်၏အမိန့်ကို ငြင်းဆိုပိုင်ခွင့်မရှိချေ။ထို့ကြောင့် သခင်ရှာခိုင်းသူတို့ကို တတ်နိုင်သမျှ အရှင်ဖမ်းခေါ်လာရပေမည်။


ဆာစီးနီယာသည် နေ့လယ်စာအတွက် ပေါင်မုန့်ပြုလုပ်ရန် မီးဖိုချောင်ရှိ ဗီရိုကို ဖွင့်လိုက်သည်။ သူမသည် ပန်းကန်ပြားများကို ဘေးဖယ်ပြီး ဂျုံမှုန့်ထည့်ထားသော ပန်းကန်လုံးကြီးကို ထုတ်လိုက်သည်။ သာမာန်အားဖြင့် ပန်းကန်လုံးကြီးသည် လေးလံသင့်သော်လည်း ကြက်တောင်မွေးကဲ့သို့ ပေါ့ပါးနေသည်။


ထူးဆန်းလိုက်တာ… 


"အိုး...သေရော…"


ပန်းကန်ထဲတွင် ဘာမှရှိ‌မနေသဖြင့် သူမ ရှက်သွားမိသည်။ ပါးစပ်တစ်ပေါက် တိုးလာသဖြင့် တစ်ယောက်တည်း စားလျှင် တစ်ပတ်ကြော်ကြာစားနိုင်သည့် ရိက္ခာများက ယခုမလုံလောက်တော့ပေ။ သူမသည် လောင်းကစားအိမ်မှာသာ ပိုက်ဆံအကုန်သုံးပစ်လိုက်၍ စျေးဝယ်ဖို့ ပိုက်ဆံမရှိတော့။


'မဟုတ်ရင် ပိုက်‌ဆံတွေ ပေါနေလောက်ပြီ…' 


အိတ်ထဲတွင် ထည့်ထားသော ချစ်(စ်)များနှင့် ငွေကြေးသာ လဲလှယ်၍ရပါက ဤကဲ့သို့ မပြတ်လပ်သွားနိုင်ပေ။


'မဟုတ်ဘူး…ငါ ပိုက်ဆံရလာရင် ဘန်ကို ခေါ်လာစရာမလိုဘူး…ဒါဆို စားစရာတွေလည်း မကုန်တော့ဘူး…'


 *ဘုန်း* 


သူမက အတွေးအားလုံးကို ဘေးဖယ်ထားရင်း ပန်းကန်လုံးကို ဗီရိုထဲ ပြန်ထည့်ကာ ပိတ်လိုက်သည်။


 "ဘာဖြစ်နေတာလဲ ဆာစီးနီယာ…" 


ဘန်က ပိတ်ထားသည့် ဗီရိုကို ကြည့်ရင်း မေးလိုက်သည်။


ဆာစီးနီယာ သည် သူ့မျက်နှာကို လှည့်မကြည့်ခင် မျက်နှာကို တတ်နိုင်သမျှ ပြင်လိုက်သည်။ စားစရာကုန်သွားပြီဟု သူမ မပြောချင်ပေ။ ထိုသို့ပြောလိုက်လျှင် ဘန် သည် သူ့ကိုယ်သူ အပြစ်တင်ပြီး စိတ်မကောင်းသွားဖြစ်မည်ကို သူမ သေချာပေါက်သိသည်။


"အသားစားချင်နေတာကြာပြီ…ဈေးဝယ်ထွက်ချင်တယ်…"


 "ငါလည်း နင်နဲ့ လိုက်ခဲ့မယ်လေ…"


ဘန် သည် တောက်ပသော မျက်လုံးများဖြင့် လက်တစ်ဖက်ကို မြှောက်၍ ကလေးများလို ပြောလိုက်သည်။


"အိမ်မှာပဲ နေပါ… ငါတစ်ယောက်တည်းပဲ သွားမယ်…"


ကံမကောင်းစွာနှင့် ဆာစီးနီယာ က ခေါင်းခါပြီး သူ့ကို ငြင်းလိုက်သည်။


သူမသည် အသုံးအဆောင်ပစ္စည်းတချို့ကို ရောင်းပြီး ဈေးသုံးဖို့ စိတ်ကူးထားသည်။ထို့ကြောင့် ဘန့်ကို တတ်နိုင်သမျှ မတွေ့စေချင်ပေ။ သူမ သူ့ကို ခေါ်လာခဲ့သည့် တစ်ပတ်လုံး ဘန်  ဘာမှ ဂရုမစိုက်စရာမလိုဘဲ သက်တောင့်သက်သာ နေစေချင်မိသည်။


 "ငါ ပစ္စည်း ကူသယ်ပေးမယ်လေ…"


 "မဟုတ်ဘူး.…မလိုက်နဲ့…" 


ဆာစီးနီယာ က ဘန့် အကြည့်ကိုရှောင်ကာ အမြန်ပြောလိုက်သည်။


သူမသည် သူ၏ ခွေးလေးလို အကြည့်ကြောင့် တုန်လှုပ်မိသွားရသည်။


ထိုမျက်လုံးများတွင် လူကိုစိတ်မကောင်းဖြစ်စေသော အစွမ်းတစ်ခုရှိနေသည်။ သေချာသည်က သူမ သူ့ကို ဆက်ကြည့်နေလျှင် သူဆန္ဒကို လိုက်လျောမိပေလိမ့်မည်။


 "ဆာစီးနီယာ…"


"မဟုတ်ဘူး… ငါတစ်ယောက်တည်းသွားမယ်…"


ဘန်က သူမနာမည်ကို တကြော်ကြော် အော်ပြောနေသော်လည်း သူမ အခန်းထဲသို့ ပြေးဝင်လာမိတော့သည်။


ဆာစီးနီယာသည် အခန်းထောင့်မှ ခမ်းနားထည်ဝါလှသည့် စားပွဲခုံငယ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ 


အခန်းနှင့် မလိုက်ဖက်စွာပင် လှပသော ရွှေရောင်လှိုင်းများဖော်ထားသည့် ငွေရောင်(အဖြူရောင်) မှန်တင်ခုံ…


ဆာစီးနီယာ ၏အိမ်သည် သူတောင်းစားအိမ်လို ဟောင်းနွမ်းနေသော်လည်း သူမ၏ အဝတ်အစား၊ အလှကုန်နှင့် လက်ဝတ်ရတနာများ အတွက် ပိုက်ဆံကို ပေါပေါသီသီ သုံးဖြုန်းခဲ့သည်။ထို့ကြောင့် အိမ်ရှိ ဇိမ်ခံပစ္စည်းများသည် အမြဲ တောက်ပြောင်နေတော့သည်။ 


သူမသည် မိဘတွေ ထားခဲ့သည့် စည်းစိမ်ဥစ္စာတို့ကို ဖြုန်းတီးတတ်သူပင်။


ဆာစီးနီယာ သည် မှန်တင်ခုံရှိ အံဆွဲကိုဖွင့်လိုက်ရာ အထဲတွင် ရတနာအနည်းငယ်သာ ရှိလေသည်။ယခင်က အံဆွဲထဲတွင် လက်ဝတ်ရတနာများ ပြည့်နေဖူးသော်လည်း အားလုံး ရောင်းချခဲ့၍ အနည်းငယ်သာ ကျန်တော့သည်။ 


မူလပိုင်ရှင်သည် သူမ၏ အသုံးစရိတ်နှင့် စားသောက်နေထိုင်ရန် လက်ဝတ်ရတနာများကို ရောင်းချခဲ့ရသည်။


 'ဒါလေး ကျန်သေးလို့ပေါ့.…မဟုတ်ရင် ငါငတ်တော့မလို့…'


အံဆွဲအလွတ်ထဲရှိ တစ်ကွင်းတည်းသော ငွေရောင်လက်စွပ်ကို သူမ ကောက်ကိုင်လိုက်သည်။ 


'ဒါနဲ့ဆို နှစ်ပတ်လောက် စားစရာ ပူစရာ မလိုတော့ဘူး…'


သူမက လက်စွပ်ကို လက်ညိုးတွင် ဝတ်ကြည့်လိုက်သည်။ယခု သူမ လက်သည် လက်စွပ်တစ်ကွင်းသာ ဝတ်ဆင်ထားသော်လည်း မြင့်မြတ်ပြီး ကျက်သရေရှိသော မိန်းမတစ်ယောက်၏ လက်နှင့်ဆင်တူလှပြီး အလွန်စွဲမက်ဖွယ်ကောင်းနေတော့သည်။


မကြာမီ ဆာစီးနီယာ သည် အံဆွဲကိုပိတ်ပြီး နံရံတွင်ချိတ်ထားသည့် အနက်ရောင်ကုတ်အင်္ကျီကို ယူလိုက်သည်။ လောင်းကစားအိမ်ရှိ ဝန်ထမ်းအချို့၏ မကြည်ကြည့်များကို သူမ မှတ်မိနေသောကြောင့် ဂရုစိုက်ရန် လိုအပ်ပေသည်။ 


ဝတ္ထုဇာတ်လမ်းထဲတွင် ဆာစီးနီယာ သည် အပြင်သွားသည့်အခါ အနက်ရောင်ဝတ်ရုံကို လုံခြုံအောင် ဝတ်ဆင်သွားတတ်သည်။ အကြောင်းမှာ သူမသည် ထူးထူးခြားခြား လှပချောမောသူဖြစ်ပြီး လူအများက ယင်ကောင်လို သူမကို ဝိုင်းအုံနေခြင်းကြောင့်ပင်။လွန်ခဲ့သည့်ရက်အနည်းငယ်က လောင်းကစားအိမ်ရှိ ယောက်ျားအနည်းစုက သူမကို ပရောပရီလုပ်ခဲ့ကြသည်။ သူမက မမြင်ချင်ယောင်ဆောင်ထားသော်လည်း သူတို့အကြည့်များက သူမကို စိတ်အနှောက်အယှက်ဖြစ်စေလေသည်။ယခု သူမ ဈေးဝယ်ထွက်ဖို့သာ အပြင်ထွက်မည်ဖြစ်၍ ထိုကဲ့သို့သော စိတ်အနှောင့်အယှက် ဖြစ်စရာများကို ရင်မဆိုင်ချင်ပေ။


 "တစ်ယောက်တည်း သွားရတာ အရမ်းအန္တရာယ်များတယ် မဟုတ်လား…"


ညင်သာသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ဝင်လာသော ဘန် သည် မှုန်ကုပ်ကုပ်မျက်နှာနှင့် ပြောလိုက်သည်။


 "နင့်ကို တစ်ယောက်တည်း ထားခဲ့ရတာကို ပိုစိတ်ပူတယ်.… ငြိမ်ငြိမ်နေခဲ့… ပန်းကန်ပြားတွေ ထပ်မခွဲနဲ့‌…"


ဘန် က မငြင်းနိုင်ဘဲ ပါးစပ် ပိတ်ထားသည်။


 "ငါ မကြာခင် ပြန်လာခဲ့မယ်…" 


သူမကို တွေ့ဖို့အခန်းထဲဝင်လာသည့် ဘန့် ကို ပြုံးပြပြီး ပိတ်ပြောပစ်လိုက်သည်။


ဘန် သည် ဘာပဲဖြစ်ဖြစ် သူမ သူ့ကို  ခေါ်သွားမည် မဟုတ်ကြောင်း သိသွားသဖြင့် လက်လျှော့ လိုက်ပုံရသည်။ 


"ဟုတ်ပြီ… စောင့်နေမယ်နော်…"


ဆာစီးနီယာ က သူ ဖွင့်ပေးထားသည့် တံခါးကို ဖွင့်၍ ထွက်သွားချိန်၌ ဘန် သည် အပြုံးမပျက်ဘဲ နှုတ်ဆက်နေ၏။


သူမ၏ အရေပြားကို ညင်သာစွာ ပွတ်တိုက်လာသော လေပြေလေညှင်းကလေးသည် လန်းဆန်းနေ၏။ ပေါ့ပါးသော ခြေလှမ်းများဖြင့် သူမသည် တောင်ကုန်းပေါ်မှ ဖြည်းညှင်းစွာ ဆင်းချလာခဲ့သည်။ တောအုပ်ထဲမှ ရွာကိုရောက်ဖို့ အချိန်နည်းနည်းကြာမည် ဖြစ်သည်။ လုံ့လဝီရိယရှိရှိဖြင့် ခပ်မြန်မြန် လမ်းလျှောက်လျှင် မိနစ် ၂၀ အတွင်း ရောက်သွားနိုင်သည်။


တောင်ပေါ်မှ ဆင်းလာစဉ် ဆာစီးနီယာ က ဘန် တံခါးကို သော့ခတ်ထားသလားဟု သမင်လည်ပြန် ကြည့်လိုက်ရာ သူက ပြုံးပြနေပြီး လက်ပြနှုတ်ဆက်နေ၏။


အပြစ်ကင်းလှသော သူ့အပြုံးကို မြင်ရသောအခါ ဆာစီးနီယာ ရယ်ပြီး တစ်ချက်နှစ်ချက် ခုန်ပေါက်လိုက်မိသည်။


 'စောင့်နေမယ်' ဟူသော စကားလုံးက သူမ ရင်ကို ကောင်းကောင်း ခံစားစေခဲ့သည်။ အိမ်ထဲသို့ သူမ ဝင်လာလိုက်တိုင်း အေးစက်စက် လေထုက သူမကို အမြဲ နှုတ်ဆက်လေ့ရှိသည်။ ယခင်က နွေးထွေးမှု တစ်စက်မှမရှိသော အိမ်လေးထဲတွင် တစ်ယောက်ယောက်က သူမကို စောင့်မျှော်နေသည်မှာ သူမ မျှော်လင့်နေသည့် အရာတစ်ခုပင်။ 


'အမဲသားက ကြက်စွပ်ပြုတ်ထက် ပိုကောင်းတယ်…'


ဘန် ၏ အလိုက်တသိ နှုတ်ဆက်မှုကြောင့် သူမ စိတ်ပျော်သွားရပြီး ကြက်သားမဝယ်ဘဲ အမဲသားဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။


 


Xxxxxxx