Chapter 11
ရှအန်းသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ စာချုပ်ဖျက်သိမ်းသည့်လျော်ကြေးများအကြောင်း စဉ်းစားကာ စိတ်ဓါတ်ကျနေစဉ် သူမဖုန်းမြည်လာသည်။
ရှအန်း အမည်မပါသော နောက်ထပ်ဖုန်းနံပါတ်အစိမ်းကို တွေ့လိုက်သည်။
ထိုနံပါတ်စိမ်းကို ကြည့်လိုက်ပြီး တခြားဖုန်းများကဲ့သို့ လျော်ကြေးငွေ အတင်းအကြပ်တောင်းသည့် ဖုန်းဟု သူမထင်လိုက်သည်။ ဟုတ်ပါသည် ထိုများပြားလှသောဖုန်းများသည် သူမအား သေမလိုပင်ဖြစ်သည်အထိ ဆက်သွယ်နေကြခြင်းပင်။
ပိုက်ဆံတွေသာ မရှိတော့ဘူးဆိုရင် အရသာရှိတာတွေ ဘယ်လိုလုပ် ဝယ်စားနိုင်တော့မှာလဲ…. မဖြေဘူး… အဲ့ဖုန်းကို လုံးဝမဖြေဘူးကွာ…
သို့သော် ဖုန်းခေါ်သူမှာ အလွန်အမင်းဇွဲကောင်းလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။ ထိုလူက တစ်ကြိမ်ပြီးတစ်ကြိမ် သူမနားမခံသာသည်အထိ ဆက်တုန်းဖုန်းခေါ်နေသည့်အတွက် နောက်ဆုံးတွင် စိတ်မရှည်စွာဖြင့် သူ မ ဖုန်းအားကိုင်လိုက်လေသည်။
‘’ဒီမှာ..’’
‘’ဟဲလို…မစ်ရှအန်းလား ခင်ဗျာ…’’
ခပ်ကြမ်းကြမ်း အမျိုးသားတစ်ယောက်အသံကို ဖုန်းထဲမှ ကြားလိုက်ရသည့်အတွက် နောက်ထပ်အကြွေးတောင်းသည့်ဖုန်းဖြစ်သည်ဟု ရှအန်း နှလုံးသားထဲမှရေရွတ်လိုက်မိသည်။
‘’ကျွန်မပါပဲ.. ဘာဖြစ်လို့လဲ…’’
ရှအန်း၏ တုန့်ပြန်ပုံမှာ ဆိုးရွားနေသည်။
‘’အာ… မစ္စရှအန်း.. ကျွန်တော့်နာမည်က ဟန်ယွဲ့ပါ …. အခုကျွန်တော်က ကြယ်ပွင့်တွေရဲ့ reality show မှာ အလုပ်လုပ်နေပါတယ်… ကျွန်တော်တို့ရဲ့ ပထမဆုံးအစီအစဉ်မှာ မစ္စရှအန်းကို ပုံမှန်ပါဝင်သူအဖြစ် ဖိတ်ခေါ်ချင်လို့ပါ....."
ရှအန်းမျက်မှောင်ကြုတ်လိုက်သည်။ သူမ ထိုဖုန်းကောလ်ကို စနောက်သည့်ဖုန်းဟု စိတ်ထဲမှတွေးလိုက်ပြီး ပြန်ဖြေလိုက်သည်။
‘’ ပုံမှန်ပါဝင်သူ ဟုတ်လား… ကျွန်မကို ရှိုးအတွက်ဖိတ်ခေါ်တာလား… အဲ့ဒါ ပိုက်ဆံအတွက်လား....."
ရှအန်းသည် ဖျော်ဖြေရေးလောကထဲမှ မဟုတ်သော်လည်း သူမ၏ လက်ရှိအခြေအနေသည် ထိုကဲ့သို့သော ဖုန်းများလက်ခံနိုင်သည့် အခြေအနေမဟုတ်မှန်း နားလည်သည်။
‘’ရှင်က အလိမ်အညာဖုန်းပဲဖြစ်ရမယ်...."
ရှအန်း သံသယဖြစ်စွာဖြင့် ပြောလိုက်သည်။
‘’အာ … မစ္စရှအန်း … ရှိုးအတွက်က ကျွန်တော်တို့ဘက်ကနေ ငွေကြေးပေးမှာပါ… ပြီးတော့ ကျွန်တော်က လူလိမ်မဟုတ်ပဘူး… တကယ်လို့ မယုံရင် ကျွန်တော့်အကြောင်း အွန်လိုင်းပေါ်မှာ ရှာလို့ရပါတယ်… ဒါမှမဟုတ် ကျွန်တော်နဲ့အတူတူတွဲလုပ်တဲ့ ဒါရိုက်တာ ရှုလင်းကို မစ်ရှအန်းဆီ ဖုန်းခေါ်ဖို့ပြောပေးရမလား ခင်ဗျ....’’
တဖက်မှ ဖုန်းပြောနေသော ဟန်ယွဲ့က ရှအန်း၏ စကားလုံးများကြောင့် အတော်လေး ခေါင်းကိုက်သွားသည်။
ရှအန်းကို သူက လူလိမ်မဟုတ်ကြောင်း ရှင်းပြရန်အတွက် အတော်လေးအားစိုက်လိုက်ရသည်။
သူမ၏ လက်ရှိအခြေအနေအရ သူက သူမကို ရှိုးသို့ဖိတ်ခေါ်ချင်နေသည်မှာ အမှန်တကယ်ဟုတ်နေပါက ထိုရှိုးမှာ သူ့အတွက် အရေးပါပေလိမ့်မည်။
ဟီးဟီး… သူမ ပိုက်ဆံအနံ့တွေ ရလာပြီ….
သူမ ဖျော်ဖြေရေးလောကထဲသို့ သရုပ်ဆောင်အနေဖြင့် မဝင်ရောက်ချင်သော်လည်း သူမ တကယ်ကို ပိုက်ဆံလိုအပ်နေတာဖြစ်သည်။
‘’ ရှိုးအတွက် ကျွန်မ ပိုက်ဆံဘယ်လောက်ရမှာလဲ…’’
ရှအန်း သိလိုသည်ကို ဝေ့ဝိုက်မနေတော့ပဲ တိုက်ရိုက်မေးလိုက်သည်။
ဟန်ယွဲ့က ထိုကဲ့သို့တိုက်ရိုက်တန်းမေးသည့် အမျိုးသမီးကြယ်ပွင့်ကို တခါမှ မမြင်ဖူးချေ။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြေးငြင်းစွာပြောလိုက်လေသည်။
‘’နှစ်သိန်း ငါးသောင်း...."
ပထမတွင် ဟန်ယွဲ့ ရှအန်းကို နှစ်သိန်းဖြင့်ကမ်းလှမ်းလိုသော်လည်း သူမ၏ ငွေကြေးလိုအပ်မှုကို မြင်ယောင်သွားကာ ဈေးလျှော့ပြောလိုက်လေသည်။ အကယ်၍ သူမသာ မလုပ်ချင်ဘူးဆိုလျှင် နောက်ထပ် ငါးသောင်းတိုးပေးလိုက်မည်ဖြစ်သည်။
‘’နှစ်သိန်းခွဲလား… အရမ်းနည်းတာပဲ.."
လျော်ကြေးငွေတစ်ခုကိုတောင် လျော်နိုင်မည့်အရေအတွက် မဟုတ်သည့်အတွက် သူမ တီးတိုးရေရွတ်လိုက်သည်။
အကယ်၍သာ ရှိုးပွဲလုပ်ရုံဖြင့် နှစ်သိန်းခွဲရမည်ဆိုလျှင် ထိုအကြံသည်ကောင်းသည့်အရာဖြစ်သည်။
သို့သော် ယခု သူမတွင် အကြွေး ဆယ်သန်းခန့်ရှိနေသည့်အတွက် ထို နှစ်သိန်းခွဲမှာ အလွန်နည်းသည်ဟုသာ ခံစားနေမိသည်။
သူမ၏သရုပ်ဆောင်ကြေးအတွက် ငွေနှစ်သိန်းကို နည်းသည်ဟု ပြောလိုက်သည့်အတွက် ဟန်ယွဲ့မှာ အတော်လေး မကျေနပ်သလို ခံစားသွားရသည်။
သူသည် ရှအန်း၏အသုံးစာရိတ်ကို နားလည်သော်လည်း ရှအန်းက အရင်ကတည်းက အရမ်းအောင်မြင်သည့် မင်းသမီးတစ်လက်မဟုတ်ပေ။ ယခုဆိုလျှင် ရှအန်းတွင် ရှုပ်ထွေးမှုများစွာဖြစ်နေသည့်အတွက် မည်သူမျှ သူမအား မငှားရမ်းရဲကြချေ။ သို့သော် ဤကြယ်ပွင့်လေးက အတော်လေးကောင်းသည့် သူတစ်ယောက်ပင်ဖြစ်သည်။
‘’မစ္စရှအန်း… နှစ်သိန်းခွဲကလဲ မစ္စအတွက် မနည်းလှပါဘူး....’’
ဟန်ယွဲ့ နူးညံ့စွာပြောလိုက်သည်။
‘’အဲ့ဒါက မနည်းပါဘူး.. ဒါပေမယ့် အခု ကျွန်မ ပိုက်ဆံလိုနေတယ်....’’
စိတ်မဆိုးတော့သော ရှအန်းသည် အရေးအကြီးဆုံးဖြစ်သည့် သူမ၏ ငွေကြေးအခြေအနေကို တိုက်ရိုက်ပြောလိုက်တော့သည်။
တိုက်ရိုက်ပြောလိုက်သည့် ရှအန်း၏စကားလုံးများကြောင့် တစ်ဖက်ဖုန်းမှ ဟန်ယွဲ့အမြင်တွင် ထိုကြယ်ပွင့်လေးမှာ အရမ်းကြီးစိတ်ရှုပ်စရာ မကောင်းဘူးဟု ခံစားလိုက်မိသည်။
‘’မစ္စရှအန်း… ကျွန်တော်တို့ရှိုးမှာပေးမယ့်ငွေကြေးတွေက အခုကမ်းလှမ်းထားရုံနဲ့ မပြီးသေးပါဘူး… တကယ်တော့ အခြားလုပ်ဆောင်ချက် ပြိုင်ပွဲလေးတွေနဲ့ပါတ်သတ်ပြီး ဘောနပ်စ်တွေ ထပ်ပေးဖို့ရှိပါသေးတယ်… ပြီးတော့ ပထမ season ပြီးတာနဲ့ ပါဝင်သူတွေထဲက အနိုင်အများဆုံးလူကို နောက်ဆုံးချန်ပီယံအဖြစ်ခန့်အပ်မှာဖြစ်ပါတယ်...."
မူလက ရှအန်းထိုငွေကြေးကို နည်းသည်ဟု တွေးထင်ထားသော်လည်း ဟန်ယွဲ့၏ပြောစကားများအား ကြားပြီးနောက် သူမမျက်လုံးများ အရောင်တောက်သွားသည်။
‘’ဒါဆို နောက်ဆုံးချန်ပီယံဆုက ဘယ်လောက်ပေးမှာလဲ… ပြိုင်ပွဲအသေးလေးတွေတိုင်းအတွက် ချန်ပီယံဆုကကော ဘယ်လောက်လဲ....’’
ဟန်ယွဲ့သည် ထိုအတွဲလိုက်မေးခွန်းများကို ဟာသအဖြစ်တွေးလိုက်မိသည်။
တကယ်တမ်းတွင် တောရိုင်းထဲ၌ရှင်သန်ခြင်း ရှိုးသည် အားကစားရှိုးဖြစ်သည်။ ကြက်ပေါက်လေး အားလောက်သာရှိသည့် ရှအန်းသည် သူသည် ဒီရှိုးပွဲတွင် ပါဝင်ပြီး ချန်ပီယံရအောင်လုပ်မည်ဆိုသည်မှာ အိမ်မက်မက်နေသကဲ့သို့ပင်။
‘’မစ္စရှအန်း… ကျွန်တော်တို့ရှိုးက တကယ်တော့ တကယ့်ဘဝတွေမှာ ယှဉ်ပြိုင်ရတာမျိုးဖြစ်ပြီး နာမည်ကြီးဆယ်လီတွေကို ဖိတ်ခေါ်ထားတယ်ဆိုပေမယ့်လည်း ခက်ခဲမှုတွေက မနည်းဘူးဗျ....’’
ဟန်ယွဲ့ ဟာသနှောပြီးရှင်းပြသော်လည်း ဆိုလိုသည့်အဓိပါယ်မှာ ‘’ စိတ်မကောင်းလိုက်တာ… မင်းဒီရှိုးမှာ ချန်ပီယံဖြစ်ချင်တယ်ဆိုတာက မဖြစ်နိုင်ဘူး’’ ဟူ၍ပင်။
ဟုတ်ပေသည်… ရှအန်းက ထိုမျှလောက် မတုံးအသည့်အတွက် သူဆိုလိုသည်ကိည နားလည်လိုက်သည်။
သို့သော် သူမက မူလရှအန်းမဟုတ်သည်ကို ထိုဟန်ယွဲ့ မသိပေ။
တခြားအရာများတွင် သူမ ကောင်းကောင်းမလုပ်နိုင်သော်လည်း ထိုကဲ့သို့သော ခက်ခဲကြမ်းတမ်းပြီး ရှင်သန်ရအောင်လုပ်သည့် ပြိုင်ပွဲများဆိုလျှင်တော့ သူမ အတော်လေး လုပ်နိုင်စွမ်းရှိလေသည်။
ကမ္ဘာပျက်နေ့ရက်တွေမှ သူမသည် ထိုကဲ့သို့သော ရှန်သန်နိုင်သည့်ကျွမ်းကျင်မှုမျိုး မရှိပါက အစောကြီးကတည်းက သေနေပြီဖြစ်သည်။
ဟန်ယွဲ့ဆီမှ ရှိုးပွဲ၏ အသေးစိတ်အစီအစဉ်ကို သူမ နားထောင်ပြီးနောက် ရူးမတတ်ဖြစ်သွားသည်။
ဘုရားရေ… သူမ တစ်ရေးလောက်အိပ်မှဖြစ်မယ်.. တစ်ယောက်လောက် ခေါင်းအုံးလေး လာပေးကြပါဦး…အဲ့ရှိုးကိုယူမယ်… ယူကိုယူရမယ် .. ယူမှဖြစ်မယ်....
‘’ဒါဆို ဆုက ဘယ်လောက်လဲ’’
ရှအန်း ဇွတ်အတင်းမေးလိုက်သည်။
ရှအန်း၏မေးခွန်းအားနားထောင်ပြီး ဟန်ယွဲ့စိတ်ထဲတွင် သူမသည် အလွန်အမင်းငွေလိုအပ်နေသည်မှန်း သေချာသွားတော့သည်။
သူမ၏ တရားမဝင်သားနှင့် သူမအခြေအနေအား တွေးမိပြီးနောက် အဘယ်ကြောင့် ထိုကြယ်ပွင့်လေးသည် အရေးတကြီးငွေလိုအပ်နေသည်ကို သဘောပေါက်လိုက်သည်။
မနက်တုန်းက ရှအန်း သူမ၏တရားမဝင်သားလေးက်ု ခေါ်ဆောင်သွားသည့် သတင်းအားကြည့်ပြီး သူမအတွက် သူသနားမိသည်။
‘’အပိုင်းတစ်ခုစီအတွက် ဆုကြေးငွေ နှစ်သောင်းချီးမြှင့်မှာဖြစ်ပြီး နောက်ဆုံးဆုအတွက်က နှစ်သိန်းပေးမှာပါ.....’’
ဟန်ယွဲ့ပြောပြီးနောက် သူမ၏အသံသည် ဖုန်းထဲမှခုန်ပေါက်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူ စိတ်ထင်တာပဲ နေမှာပါနော်....
‘’ အပိုင်းဘယ်ပိုင်းလဲ.....’’
ရှအန်းသည် သူမ၏လက်ချောင်းများဖြင့် စိတ်လှုပ်ရှားစွာ ဖုန်းအား တင်းကြပ်နေအောင်ကိုင်လိုက်မိသည်။
အား… တစ်ပိုင်းကို နှစ်သောင်းတောင်ရမှာတဲ့… နောက်ဆုံး ဆုကလဲ နှစ်သိန်းတောင်မှ…
သူဌေးဖြစ်ပြီကွ... ဒီလူက ချမ်းသာခြင်း နတ်ဘုရားပဲ… အဲ့ဒါက သူမအတွက် စပယ်ရှယ် လက်ဆောင်ပဲ…
‘’ အဲ့ဒါက အားလုံး ၁၂ ပိုင်းရှိပါတယ်..."
ထိုကြယ်ပွင့်လေးက ငွေလိုအပ်လွန်း၍ ရူးသွားသည်ဟု ဟန်ယွဲ့ထင်လိုက်မိသည်။
သူမက ဆုတွေရနိုင်မှာတဲ့လား.. တစ်ခုထက် ပိုပြီးတော့လေ… တကယ်ရူးနေပြီပဲ
သူ့ထံမှ အပိုင်း ၁၂ ပိုင်းဟုကြားပြီးနောက် ရှအန်းတစ်ယောက် အသံထွက်ပြီးအော်ရယ်မိ မတတ်ဖြစ်သွားသည်။