Chapter 13
ရွှေလက်ချောင်းကို ညဈေးတန်းရှိဆိုင်တစ်ဆိုင်တွင် အမျိုးသမီးဇာတ်လိုက်မှ ဝယ်ယူသွားနိုင်သည်အား တွေးလိုက်မိသည်။
အဲ့ဒါ အရမ်းရှာဖို့လွယ်မနေဘူးလား…
(T/N- ရွှေလက်ချောင်းဆိုတာက ဇာတ်လိုက်တစ်ယောက်မှာရှိတတ်တာမျိုးပါ... ဥပမာ - ကမ္ဘာပျက်ကပ်မတိုင်ခင်ပြန်မွေးလာပြီး နေရာလွတ်အစွမ်းနိုးထနေတာမျိုးတို့၊ ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းတွေ့သွားတာမျိုးတို့ အစသဖြင့်ပါ....)
ညအချိန်တွင် အလင်းရောင်များမှာ တေက်ပနေပြီး ရှအန်းနှင့် သူမ၏သားလေးက အဝတ်အစားကောင်းများ ဝတ်ဆင်ပြီး ညဈေးသို့ရောက်လာသည်။
ဝတ္ထုထဲတွင် ထိုဆိုင်လေးမှာ ၁၀ နှစ်ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။
ရှအန်း ဈေးသို့ရောက်ချိန်တွင် လူစည်နေပြီဖြစ်ပြီး များပြားလှသည့် ဆိုင်ခန်းငယ်လေးများနှင့် လမ်းဘေးဈေးသည်များအား တွေ့လိုက်ရသည့်အတွက် ထိုဆိုင်လေးကိုရှာဖွေရန် အချိန်အတော်ကြာလိမ့်မည်ဟု ခံစားလိုက်မိသည်။
သို့သော်လည်း သူမ မတွေးခဲ့မိသည်က
ထိုဆိုင်လေးသည် ၁၀ နှစ်ကြာအောင်ဖွင့်ခဲ့သည့်အတွက် ရှာဖွေရလွယ်ကူပေလိမ့်မည်။
သူမ၏ ဗီလိန်သားလေးနှင့်အတူ လှည့်ပတ်သွားနေစဉ်မှာပင် သူမ တစ်ချက်လှမ်းကြည့်လိုက်မိသည်။
‘’ဆယ်နှစ်ကြာအောင်ဖွင့်ခဲ့တဲ့ဆိုင်… မလိမ်ထားဘူးပဲ.....’’
ရှအန်း သူမ၏နှုတ်ခမ်းများကို တွန့်ချိုးလိုက်ပြီး သစ်သားဆိုင်းဘုတ်ပေါမှ စာလုံးများကို ဖတ်လိုက်သည်။
သူမနဲ့ လာကစားချင်နေတာလား… အဓိကဇာတ်လိုက်မအတွက် ရွှေလက်ချောင်းရောင်းပေးလိုက်တဲ့ဆိုင်က ဒီလောက်တောင် သိသာထင်ရှားနေရတာလား… မဖြစ်နိုင်တာ … သူမ အတွေးတွေမှားနေတာပဲနေမယ်.. ဟုတ်ပြီ…
ရှအန်း အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ၏ဗီလိန်လေးကိုခေါ်ကာ ထွက်သွားမည်ပြင်လိုက်စဉ်မှာပင် သူမသားဆီမှ ရေရွတ်သံကို ကြားလိုက်ရသည်။
‘’မာမား.. အဲ့ကျောက်တုံးလေးက ကြည့်လို့ကောင်းလိုက်တာ...."
ရှအန်း သူ၏ခေါင်းလေးကို မရည်ရွယ်ပဲ ပွတ်ပေးလိုက်ရင်း ပြုံးလိုက်သည်။
" သားကြိုက်တယ်ဆို ဝယ်လိုက်တာပေါ့’’
သူမ စကားမဆုံးခင်တွင် သူမအကြည့်က အကောင်ပေါက်လေးညွှတ်ပြရာသို့ ရောက်သွားခဲ့သည်။
အဲ့ဒါကို အရမ်းရင်းနှီးနေသလိုပဲ.... ဒါအဓိကဇာတ်လိုက်မရဲ့ ရွှေလက်ချောင်းလား… အဖြူရောင် စန်းယုံအော်ပရာပုတီးစေ့…. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
ရှအန်း ဆယ်နှစ်ကြာဖွင့်ထားသည့် ထိုဆိုင်လေးကို ဖြတ်ကျော်သွားရန်ပြင်ပြီးမှ ချက်ချင်းပဲ လမ်းကြောင်းပြောင်းကာ သူမ၏အကောင်ပေါက်လေးလက်ကို ဆွဲလျက် ထိုဆိုင်လေးထဲသို့ ဝင်လိုက်လေသည်။
‘’မိန်းကလေး… ဘာဝယ်ချင်လို့လဲ…ကျွန်တော်တို့ဆိုင်ဖွင့်ထားတာ ဆယ်နှစ်ကျော်နေပြီ… ဆယ်နှစ်လုံး လုံးဝမလိမ်ဘူး… ကြည့်ပါဦး… ကြိုက်တာလေးတွေရှိရင် ဈေးလျော့ပေးပါ့မယ်....."
ရှအန်း ဆိုင်ရှေ့ရပ်လိုက်သည်နှင့် ဆိုင်ရှင်မှာ သူမကို နွေးထွေးစွာဖြင့် ကြိုဆိုလေသည်။
ဆိုင်ရှင်၏ စိတ်အားထက်သန်မှုကိုကြည့်ရင်း ရှအန်း အတော်လေး သက်တောင့်သက်သာ မရှိတော့ပေ။
သူမ ဆိုင်ရှင်ကို ဂရုမထားပဲ ခင်းကျင်းပြသထားသည့်ဗန်းထဲမှ စန်းယုံအော်ပရာပုတီးစေ့ပါသည့်လည်ဆွဲကို ကောက်ယူလိုက်သည်။
သူမသည် ဇာတ်လိုက်မပိုင်ဆိုင်မည့် ထိုလည်ဆွဲကို ကိုင်ထားရင်း သေချာစွာကြည့်လိုက်သည်။
ထိုလည်ဆွဲ၏ ပုတီးစေ့မှာ အတော်လေး သာမန်ဆန်သည်။ သူ၏ လှပသည့်ပုံစံမှလွဲ၍ ထိုလည်ဆွဲ၏ကျောက် အရည်အသွေးကလည်း အတော်လေး ဆိုးရွားလေသည်။ တစ်ချက်ကြည့်ရုံဖြင့် ပလတ်စတစ်ဖြင့်လုပ်ထားသည့် ဈေးပေါသော ဆွဲကြိုးပုံပေါက်လေသည်။
ထိုကဲ့သို့သောဆွဲကြိုးကို ဖန်စီအဖြစ်ဝတ်ဆင်သည့် အမျိုးသမီးဇာတ်လိုက်မကို သူမအလွန်ပင်အံ့ဩမိပေသည်။ သူမ ညီမပြောသလိုပင် စာရေးစရာ၏ အတွေးအခေါ်မှာ တကယ်ပဲ သုံးမရပုံဖြစ်နေသည်။
ခဏမျှကြည့်ပြီးနောက် ထိုကျောက်စိမ်းလည်ဆွဲလေးမှ ထူးခြားမှုကို သူမ ရှာမတွေ့ချေ။
အဆုံးမှာတော့ ဆက်လေ့လာရန်ပျင်းလာသည်။ ထိုကျောက်စိမ်းလည်ဆွဲသည် ဇာတ်လိုက်မ၏ ရွှေလက်ချောင်းဖြစ်မည်ဟု သူမယူဆလိုက်လေသည်။ ထို့ကြောင့် သူမသည် ထိုလည်ဆွဲအား ကိုင်လျက်ပင် ဆိုင်ရှင်အား ဈေးမေးလိုက်သည်။
‘’သူဌေး… ဒီလည်ဆွဲက ဘယ်လောက်လဲ.....’’
ရှအန်း ဈေးမေးလိုက်သည့်အတွက် ပိုင်ရှင်သည် ချက်ချင်းပဲ အားအင်ပြည့်သွားကာ ရှအန်းကို ပြုံးပြလိုက်သည်။
‘’မိန်းကလေး.. ကျွန်တော်ပြောမယ်… ဒီလည်ဆွဲက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ရှိနေတာ… ကျွန်တော် ဒီမှာပြထားပေမယ့်လဲ ဘယ်သူမှ လာမဝယ်သေးဘူး… မိန်းကလေးက တကယ်အမြင်ရှိတာပဲ… ကျွန်တော့စိတ်ထင် ဒီဆွဲကြိုးလေးက မိန်းကလေးနဲ့ တစ်ခုခုဆက်နွယ်နေတာပဲဖြစ်ရမယ်… ဒီကျောက်စိမ်းလည်ဆွဲလေးက သူ့ပိုင်ရှင်ကိုစောင့်နေတာပဲဖြစ်မယ်…’’
ပထမတွင် သူမ ထိုလည်ဆွဲကို အဓိကဇာတ်လိုက်မ၏ ရွှေလက်ချောင်း ဟုတ် မဟုတ် သူမသံသယဝင်ခဲ့သော်လဲ ယခုတွင် ထိုလည်ဆွဲ အမှန်တကယ်ဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်းသေချာသွားလေသည်။
ကျောက်စိမ်းတင်တူသည် မဟုတ်ဘဲ ဆိုင်ရှင်ရဲ့ပြောစကားများပါ အကုန်တူနေခြင်းဖြစ်သည်။
ထိုအကြောင်းကို သူမစဉ်းစားနေစဉ်မှာတွင်
ဆိုင်ရှင်က သူမကို တိုက်တွန်းနေလေသည်။
‘’ဝယ်လိုက်နော် မိန်းကလေး…. ဒီကျောက်စိမ်းက မိန်းကလေးရဲ့ ကံကြမ္မာပဲ… ကျွန်တော် မိန်းကလေးအတွက် ဈေးလျော့ပေးမယ်လေ… ၂၅၀ နဲ့ပဲ ယူလိုက်… ဟုတ်ပြီလား...."
‘’…..’’
ဆိုင်ရှင်ဆီမှ ဈေးနှုန်းကိုကြားပြီးနောက် ရှအန်း၏အမူအယာမှာ ပြောင်းလဲသွားသည်။
‘’ယွမ် ၂၅၀ လား’’
ရှအန်း တိတ်ဆိတ်စွာဖြင့် မျက်လုံးအားလှိမ့်လိုက်မိသည်။ ယွမ် ၂၅၀ ဆိုသော်လည်းသူမ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ထိုမျှလောက်သော ပမာဏအား မသုံးချင်ပေ။ သူမ ပိုက်ဆံတွေလျော့မှာကို လက်မခံချင်ပေ။
ထို့အပြင် သူမအား ပို၍ အနှောက်အယှက်ဖြစ်စေသည်မှာ အမျိုးသမီးဇာတ်လိုက်က ထိုကျောက်စိမ်းလည်ဆွဲအား ၂ ဆင့် ဖြင့်သာဝယ်သွားခြင်းကြောင့်ဖြစ်သည်။
သူမ ဝယ်ချိန်မှာတော့ သူက ဈေးကို အဆတစ်ရာခန့်တိုးကာ ၂၅၀ ဖြစ်သွားလေသည်။
‘’ မိန်းကလေး… ဈေးကတော့ လျော့လို့မရတော့ဘူး… ‘’
သူမ ဆိုင်ရှင် ရှိုးလုပ်ပြနေသည်အား ကြည့်ရင်း စိတ်တိုလာလေသည်။ ဇာတ်လိုက်မသည် ထိုဆွဲကြိုးအား ၂ ဆင့်တည်းဖြင့် ဝယ်ခဲ့သည့်အကြောင်းအား သူမသာ မသိဘူးဆိုလျှင် ထိုမြင့်မားသောဈေးဖြင့် သူမ ဝယ်လိုက်မည်ဖြစ်သည်။
ဟမ့်… ဘယ်လိုတောင် နှလုံးသားမည်းတဲ့ ဈေးရောင်းသူလဲ…
‘’နှစ်ဆင့်’’
ရှအန်း ပါးစပ်ဖွင်လိုက်ကာ သူမ လိုချင်သည့်ဈေးအား တန်းပြောချလိုက်သည်။
‘’…..’’
ရှအန်း၏ အလျော့အတင်းဈေးဆစ်ချက်ကြောင့် ဆိုင်ရှင်မှာ အတော်လေးရှက်သွားသည်။
သူ့ဘဝတွင် တစ်ခါမှ ထိုကဲ့သို့ဈေးဆစ်ခြင်းအား မမြင်ဖူးပေ။ ဆိုင်ရှင်သည် ငြင်းဆန်ရန်ပြင်လိုက်စဉ်မှာပဲ ရှအန်းဆီမှ ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။
" သူဌေး… ရှင့်မှာ ‘ဆယ်နှစ်အတွင်းလုံးဝလိမ်မစားဘူး’ ဆို.... ဒါပေမဲ့ ရှင်လိမ်နေတာပဲမဟုတ်လား… ရှင်က ဒီဆွဲကြိုးကိုကောက်လာရုံနဲ့ ကျွန်မဆီ ၂၅၀ နဲ့ရောင်းချင်တယ်လား… ကျွန်မကို ငတုံများထင်နေလား....."
ထိုစကားများ ရှအန်းဆီမှထွက်လာသည်နှင့် ဆိုင်ရှင်၏ မျက်လုံးအစုံက မယုံနိုင်စွာဖြင့် ပြူးကျယ်သွားလေသည်။
‘’ မင်း… ငါကောက်လာတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ.....’’
မှန်းထားတဲ့အတိုင်းပဲ….. ဟမ့်...
‘’ကျွန်မ ဒီဆွဲကြိုးကျပျောက်သွားတာ… တကယ်တော့အဲ့ဒါက ပလတ်စတစ်နဲ့လုပ်ထားလို့ တန်ဖိုးလဲမရှိပါဘူး.. ကျွန်မသာအဲ့အကြောင်းမသိဘူးဆိုရင် ရှင့်ကို ဒီဈေးပေးပါ့မလား...."
ဆိုင်ရှင်သည် အကူအညီမဲ့စွာဖြင့် လက်အားယမ်းလိုက်သည်။
‘’ထားလိုက်ပါတော့… ဒီဆွဲကြိုးယူသွားပါတော့…ပုပ်သိုးနေတဲ့ဟာတွေကို ဒီမှာမရောင်းဘူး....."
ဆိုင်ရှင်သည် သူမနှင့် ဈေးအလျော့အတင်း မလုပ်တော့ပေ။ ရှအန်း နှုတ်ခမ်းကို အသာတွန့်လိုက်သည်။ သူမအိတ်ထဲမှ ၁၀ ဆင့်အားယူကာ ဆိုင်ခုံပေါ်သို့တင်ကာ ပြောလိုက်သည်။
‘’ဒီမှာ ၁၀ ဆင့်… ထပ်မတောင်းနဲ့တော့.....’’
ထိုသို့ပြောပြီးနောက် တချိန်လုံးတိတ်ဆိတ်စွာဖြင့်နေခဲ့သည့် အကောင်ပေါက်လေး၏လက်ကိုဆွဲကာ ဆိုင်ထဲမှ ထွက်သွားလိုက်သည်။
‘’မာမား… မာမားဆီမှာ ပိုက်ဆံရှိလို့လား.....’’
ခဏမျှလမ်းလျောက်ပြီးနောက် အကောင်ပေါက်လေးက သူမလက်ကိုညင်သာစွာတွဲထားရင်းဖြင့် သံသယဝင်စွာ တီတိုးရေရွတ်လိုက်သည်။
ပျော်ရွှင်စွာဖြင့် ကျောက်စိမ်းလည်ဆွဲ ကိုင်ထားသည့် ရှအန်းသည် သူမသား၏ စကားများကို ကြားပြီးနောက် ခေါင်းကိုက်စွာဖြင့် ပြန်ပြောလိုက်ရတော့သည်။
‘’ဟုတ်တယ်… မာမားဆီမှာ ပိုက်ဆံမရှိတဲ့အပြင် အကြွေးတွေ အများကြီးပါတင်နေသေးတယ်...."
သူမ ပေးရမည် တစ်မီလီယံကို တွေးလိုက်မိပြီး ရှအန်း နှလုံးသားထဲမှ အောင့်မျက်လာရသည်။
‘’အိုး…’’
အကောင်ပေါက်လေးက သူ့မိခင် စိတ်ဓါတ်ကျနေသည်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာသည်လည်း သိပ်မကောင်းပေ။ သူ့နှုတ်ခမ်းသူ တင်းတင်းစေ့ပြီး နှလုံးသားထဲမှနေ၍ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကို ထပ်ချလိုက်လေသည်။
ငါ့မာမားကိုကြည့်ရတာ အရမ်းဆင်းရဲနေပုံပဲ… အနာဂါတ်မှာ သူမအတွက် ပိုက်ဆံတွေ အများကြီးရှာပေးရမယ်....
‘’ဒါပေမဲ့စိတ်မပူပါနဲ့ … သိပ်မကြာခင် မာမားဆီမှာ ပိုက်ဆံတွေ ရှိလာတော့မှာပါ..."
ရှအန်း အပြုံးလေးဖြင့် အကောင်ပေါက်လေး၏ပါးကို ညှစ်လိုက်ကာ ခံစားချက်ကောင်းမွန်စွာဖြင့် ပြောလိုက်သည်။
ယခု သူမတွင် ခန္ဓာကိုယ်အား အာဟာရဖြစ်စေကာ ကျန်းမာလာစေမည့် ဆွဲကြိုးရှိနေသည့်အတွက် ပိုက်ဆံရှာဖို့ အချိန်သာ လိုအပ်တော့သည်။
သူမကိုယ်သူမ သိပ်မတော်သော သရုပ်ဆောင်တစ်ယောက်ဟု ယူဆထားသော်လည်း သူမ၏ကောင်းမွန်သည့် ကျန်းမာရေးနှင့်သာဆိုလျင် ပိုက်ဆံရှာရန်အတွက် လွယ်ကူပေလိမ့်မည်။
သူမက ငြိမ်းချမ်းသည့်လူနေထိုင်မှုဘဝနှင့် ရောနှောကာမနေထိုင်ဖူးသော်လည်း ကမ္ဘာပျက်ကပ်၌ ဇွန်ဘီအများအပေါ်တွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများအား အသုံးချနိုင်ခဲ့သည်။
သူမဝယ်လာခဲ့သော ကျောက်စိမ်းလည်ဆွဲကို ဈေးအတော်လေးတန်သည်ဟု တွေးလိုက်မိသည်။
ထိုလည်ဆွဲမှာ အဓိကဇာတ်လိုက်မအတွက် ဖြစ်သည့်အတွက် သူမ လုယူသလိုများ ဖြစ်နေလောက်ပေမည်။
အာ… ငါတောင်းပန်ပါတယ်...
ဘာပဲဖြစ်ဖြစ် သူမက ထိုလည်ဆွဲကို ခိုးယူခဲ့ခြင်း မဟုတ်ပေ။ ကျသင့်ငွေပါပေးခဲ့သေးပေသည်။
‘’ရှောင်ရှင်း… မာမားက သားကိုလျှောက်ပတ်ပြမယ်.. သားကြိုက်တာတွေ့ရင် မာမားကိုပြောနော်.. မာမားဝယ်ပေးမယ်...."
ခံစားချက်ကောင်းနေသည့် ရှအန်းက ရှရှင်းချန် ခေါ်ဆောင်ရာနောက်သို့ အပြုံးဖြင့်လျောက်သွားလေသည်။
ထိုမလှပသည့်လည်ဆွဲကို ဖန်စီအနေဖြင့် ဆွဲအောင်ရေးသားထားသော စာရေးဆရာ၏ ဇာတ်ကွက်ကို သူမ နားမလည်ပေ။