Chapter 14
ရှအန်း အများကြီးစဉ်းစားမနေတော့ပေ။ သူမ အကောင်ပေါက်လေး၏လက်ကို တွဲလျက် ညဈေးတန်းတွင် လျောက်လည်နေသည်။
လမ်းတွင် အသေးလေးက ကလေးကစားနည်းများကို ဆော့ကစားခဲ့ပြီး များပြားလှသည့်မုန့်များလည်း စားခဲ့လေသည်။
အမြဲတစေ အလိုက်သတိဖြင့်နေတတ်သော ရှောင်ရှင်းချန်၏ မျက်နှာပေါ်တွင် သူ၏အသက်အရွယ်နှင့်ညီမျှသည့် အပြုံးဖြင့် တောက်ပစွာပြုံးနေလေသည်။
‘’မာမား… သားတို့ဖမ်းမိလာတဲ့ ရွှေငါးလေးတွေကို မွေးလို့ရအောင် ငါးကန်လေးဝယ်ကြရအောင်...."
ရှရှင်းချန်သည် ရှအန်းနှင့်အတူဖမ်းမိလာသည့် ငါးလေးများကို တောက်ပစွာဖြင့်စိုက်ကြည့်နေပြီး မျှော်လင့်ချက်အဖြင့်နှင့် ပြောလိုက်သည်။
ရှရှင်းချန် တစ်စုံတစ်ခုကို တောင်းဆိုသည်မှာ ရှားလွန်းသည့်အတွက် ရှအန်း တွန့်ဆုတ်သွားသည်။
ထိုကဲ့သို့သော ငါးလေးများ၏ သက်တမ်းသည် လွန်စွာမှတိုတောင်းလှသည့်အတွက် မနက်ဖြန်ဆိုလျင်တောင် သေချင်သေသွားနိုင်သည်။
သို့သော်လည်း သူမ သိပ်အများကြီးမတွေးတော့ပေ။
ရှရှင်းချန်က ရွှေငါးလေးများကို အလွန်သဘောကျနေသည့်အတွက် ထိုကလေး၏တောင်းဆိုမှုအား သူမ မငြင်းဆန်နိုင်ပေ။
သို့သော် ကလေးများနှင့်ပတ်သတ်၍ အတွေ့အကြုံမရှိသည့်အတွက် ထိုအကြောင်းအား ရှရှင်းချန်နားလည်အောင် မည်သို့ရှင်းပြရမှန်း သူမ မသိပေ။
သူမ မည်သို့ပြောသင့်မှန်း စဉ်းစားနေစဉ်မှာပင် ရှအန်း၏အရိပ်အကဲအား ကြည့်နေသည့် ရှရှင်းချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စမတ်ကျစွာဖြင့်ပြုံးလိုက်ကာ သေသေချာချာတွေးရင်းပြောလိုက်သည်။
‘’မာမား… ထားလိုက်ပါတော့… တကယ်တော့ သားအဲ့ဒီအကောင်သေးသေးလေးတွေကို မချစ်ပါဘူး… သားက…’’
ထိုရွှေငါးလေးတွေမှာ သူ့မာမားနှင့်အတူတူ မျှားပြီးရလာသည့်ငါးလေးများဖြစ်သည်ကြောင့် အကုန်လုံးလိုချင်မိခြင်းဖြစ်သည်။
ကလေးလေးက နောက်ထပ်တစ်ကြိမ် သိတတ်လာပြန်သည့်အတွက် သူမ သူ့ခေါင်းလေးက်ုပွတ်လိုက်ရင်း ဟာသနှောရင်း ပြေလိုက်သည်။
‘’ သားကြိုက်တယ်ဆိုရင် ယူသွားမှာပေါ့… မာမားက ယောကျာ်းမဆန်တဲ့ ကလေးတွေကို သဘောမကျဘူး… ယောကျာ်းလေးဆိုတာ ကိုယ်ပိုင်ထင်မြင်ချက်ရှိရမယ်.. နားလည်လား....."
ထားလိုက်ပါတော့ ဒါက အရမ်းကြီးကျယ်တဲ့ကိစ္စမှမဟုတ်တာ ... သူမ ငါးကန်လေးဝယ်ပေးလိုက်ရုံပဲလေ.... ဘာပဲဖြစ်ဖြစ် ရွှေငါးလေးတွေအကုန်လုံးက ပုံစံအတူတူပဲကို .. တစ်ကောင်နဲ့တစ်ကောင် ကွာခြားချက်ကို သိနိုင်မှာမဟုတ်ဘူးလေ.....
(A/N - ရှအန်းက ငါးလေးတွေ သေသွားတာနဲ့ သူ့သားလေး မသိခင်နောက်တစ်ကောင် အစားထိုးပေးဖို့ တွေးနေတာပါ)
‘’ဟုတ်ကဲ့.. မာမား.. ရှောင်ရှင်း သိသွားပြီ....’’
ရှအန်းစကားကိုကြားပြီးနောက် အကောင်ပေါက်လေး၏ မျက်နှာပေါ်တွင် တောက်ပနေသော အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။
မာမားက အရမ်းကောင်းတာပဲ… အဲ့ဒီလူတွေပြောသလိုမျိုး မဟုတ်ဘူး … သူ့မာမားက သူ့အိပ်မက်ထဲကနဲ့ မတူဘူး … သူတကယ် သူ့မာမားကို သဘောကျတယ်...
နှစ်ယောက်သား ပျော်ရွှင်စွာဖြင့် စားသောက်ကြသည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် စန်းယုံအော်ပရာပုတီးစေ့လည်ဆွဲကို ဝယ်ယူနိုင်ခဲ့သည်။
ရှအန်း သူမ၏ ချစ်လှစွာသော သားလေးနှင့်အတူ အိမ်သို့ပြန်လာလိုက်သည်။
သူမတို့ အိမ်ပြန်ရောက်ချိန်တွင် ည ဆယ်နာရီရှိပြီဖြစ်သည်။
ရှအန်း အကောင်ပေါက်လေးကို အင်္ကျီတစ်ထည်ပေးကာ ထိုကောင်လေးရေချိုးနေချိန်တွင် မရေမရာဖြစ်စွာဖြင့် ရွှေလက်ချောင်းဖြစ်သည့် စန်းယုံအော်ပရာပုတီးစေ့လည်ဆွဲ ကိုကြည့်လိုက်သည်။
‘’ဒီခန္ဓာကိုယ်မှာ ဝတ်လို့ကောရပါ့မလား...."
ရှအန်း အရည်အသွေးညံ့ဖျင်းလှသည့် လည်ဆွဲအား သူမလည်တိုင်ပေါ်တွင် တင်ပြီးဝတ်ဆင်လိုက်လေသည်။
ဒါက သူမခန္ဓာကိုယ်ကို တကယ်ပိုကောင်းအောင် လုပ်နိုင်တာလား ….
ထိုကျောက်စိမ်းလည်ဆွဲကို သူမ ဆွဲထားသော်လည်း မည့်သည့်ထူးခြားမှုမှ မရပေ။
နောက်ဆုံးတွင် အချိန်လဲမစောတော့သည့်အတွက် ထိုအရာပေါ်တွင် အာရုံမထားတော့ပဲ ရေချိုးကာ အိပ်ယာဝင်လိုက်လေသည်။
‘’မာမား ကောင်းသောညပါ...."
‘’ကောင်းသောညပါ သားလေး...."
နွေးထွေးသည့်အဝါရောင်မီးလေး မှိတ်သွားပြီးနောက် အခန်းထဲတွင် အမှောင်ထုသာကျန်ခဲ့သည်။
ရှအန်းနှင့် သူမ၏သား နှစ်ယောက်လုံးမှာလည်း ချိုမြိန်သည့် အိမ်မက်ထဲသို့ ဝင်ရောက်သွားတော့သည်။
အိမ်မက်ထဲရှိမြင်ကွင်းက လုံးဝကွာခြားနေခဲ့သည်။
"ဟမ်… ဒါဘယ်နေရာကြီးလဲ…’’
ရှအန်း မျက်လုံးဖွင့်လိုက်သည်နှင့် အဖြူရောင်မြူများကြားထဲတွင် သူမကိုသူမ ပြန်တွေ့လိုက်သည်။ မြူများမှာ ထူသိပ်စွာကျဆင်းနေသည့်အတွက် ပတ်ဝန်ကျင်ကို မမြင်ရပေ။
ဘာလဲဟ… ဘယ်နေရာလဲ… သူမ နောက်တစ်ကြိမ်ကူးပြောင်းသွားပြန်တာလား…
ထူထပ်သိပ်သည်းလှသည့် မြူများကြောင် သူမမျက်လုံးရှေ့ရှိ သူမ၏ကိုယ်ပိုင်လက်ချောင်းများကိုပင် မမြင်ရပေ။
ရှအန်း အံ့ဩစွာဖြင့် မြူများရှေ့တွင်ရှိမည့်အရာကို စပ်စုနေစဉ် နဂါးတစ်ကောင်၏ အော်သံကို သူမနားထဲ၌ ကြားလိုက်ရသည်။
သူမသည် နဂါး၏အသံကို မကြားဖူးသော်လဲ ထိုအသံအားကြားသည်နှင့် သူမနှလုံးသားထဲမှ နဂါးဟူသည် ဝေါဟာရက သူ့အလိုလိုထွက်ပေါ်လာသည်။
သူမ၏ စန်းယုံအော်ပရာပုတီးစေ့ထဲမှ နဂါးပုံနှင့်ဆင်တူသည့် နဂါးတစ်ကောင်၏ပုံရိပ်သည် သူမရှေ့တွင် ထွက်ပေါ်လာသည်။
ဘယ်လိုအိမ်မက်ကြီးလဲ… ဒါမှမဟုတ် နေရာလွတ်တစ်ခုလား (space)…
ကမ္ဘာပျက်ကပ်မှ ကူးပြောင်းလာသည့် ရှအန်းအတွက် ထိုကဲ့သို့သော နေရာလွတ်မှာ သူမနှင့်မစိမ်းပေ။
ကမ္ဘာပျက်ကပ်တွင် နေရလွတ်စွမ်းအင်ရှိသည့် သူတစ်ယောက်မက သူမတွေ့ဖူးလေသည်။
ထို့ကြောင့် အိမ်မက်ထဲတွင် ရှအန်းသည် ပုံမှန်ကဲ့သို့ပင် တည်ငြိမ်နေခြင်းဖြစ်သည်။ သို့သော်လဲ ထိုအရာမှာ နေရာလွတ်ဖြင် မတူချေ။
သူမ တကယ် အိမ်မက်မက်နေတာလား…
ထို့နောက် ရှအန်း မြူမှုန်များကြားကို ကြိုးစား၍ကြည့်လိုက်ချိန်တွင် သူမနားထဲ၌ အသံတစ်ခုကြားလိုက်ရသည်။
အရမ်းစိတ်ရှုပ်ဖို့ကောင်းတဲ့ ဖုန်းသံပဲ.....
ရှအန်း သူမ မျက်လုံးကိုဖွင့်လိုက်ကာ ခံစားချက်မဲ့စွာဖြင့် မျက်နှာကျက်ကို ကြည့်လိုက်သည်။
ဤနည်းဖြင့် သူမ ထိုထူးဆန်းသည့် အဖြူရောင်မြူမှုန် အိမ်မက်မှ နိုးထလားလေသည်။
‘’ချီးပဲ…’’
ရှအန်းသည် ခေါင်းကိုတဖက်သို့လှည့်ကာ စားပွဲပေါ်မှ ဖုန်းကိုကြည့်ပြီး စိတ်တိုစွာဖြင့်ကိုင်လိုက်သည်။
သို့သော် ခေါ်ဆိုသူနေရာမှ အမည်အားတွေ့လိုက်သည်နှင့် သူမ ခံစားချက်များ သက်သာရာရသွားသည်။
ဖုန်းပေါ်တွင် ဖော်ပြနေသည်မှာ (ချမ်းသာခြင်းနတ်ဘုရား) … ရှအန်း လျင်မြန်စွာဖြင့် ဖုန်းကိုင်လိုက်သည်။
သူမ ထိုချမ်းသာခြင်းနတ်ဘုရားနှင့် စာချုပ်ချုပ်ဆိုရန် အလျင်လိုနေသည်။ စာချုပ်ချုပ်ပြီးမှသာလျင် သူမ စိတ်သက်သာရာရမည်ဖြစ်သည်။
စာချုပ်မချုပ်ရသေးလျှင် လူတိုင်းသည် သူတို့သဘောထားကို စိတ်တိုင်းကျပြောင်းလဲနိုင်သည့်အတွက် မလုံခြုံပေ။
‘’ဟေး… မစ္စတာဟန်… ဒီလောက်အစောကြီး ဖုန်းခေါ်တာ ကျွန်မနဲ စာချုပ်ချုပ်မလို့လား..."
ဖုန်းကိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ရှအန်း အခြားမည်သည့်စကားမှ မပြောတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
သူမ ဆင်းရဲနေပြီ…အကြွေးရှင်တွေ အိမ်ရှေ့တံခါးရောက်လာမှာကို ကြောက်လို့… ပိုက်ဆံရှာမှဖြစ်မယ်လေ...
ထိုနည်းလမ်းကပဲ ဒီကမ္ဘာမှာ သူမစားချင်သည့် အရသာရှိတာမှန်သမျှ စားလို့ရမှာဖြစ်သည်။
‘’ဟားဟား… မစ္စရှအန်းက အရမ်းမြန်တာပဲ… ကျွန်တော်လည်း စာချုပ်အကြောင်းပြောမလိုပါ… မစ္စရှအန်းက အခု ဘီ မြို့တော်မှာလား..."
အဓိကအကြောင်းအရာကို တဲ့တိုးပြောတတ်သည့် ရှအန်း ၏စကားလုံးများကို ဟန်ယွဲ့ အကျင့်ဖြစ်သွားပြီဖြစ်သည်။
ဟန်ယွဲ့သည်လည်း တဲ့တိုးပြောတတ်သည့်သူတစ်ယောက်ဖြစ်ကာ ခြုံပုတ်များအား လှည့်ပတ်ရိုက်မနေတတ်ပေ။ ထို့ကြောင့် ရှအန်းနှင့် ပြောဆိုရသည်အား သူသဘောကျလေသည်။
(T/- ခြုံပုတ်များကို လှည့်ပတ်ရိုက်တယ်ဆိုတာ စကားကို ကွေ့ဝိုက်ပြောတာကို ဆိုလိုတာပါ...)
‘’ဟုတ်ပြီလေ… ကျွန်မက ဘီ မြို့မှာဆိုတော့ အချိန်မရွေး လက်မှတ်ထိုးလို့ရတယ်...."
ရှအန်းဆီမှ လက်မှတ်လာထိုးမည့်စကားကို ကြားလိုက်ရသည့်အတွက် ဟန်ယွဲ့၏ မျက်လုံးအစုံက ခံစားချက်ကောင်းမွန်စွာဖြင့် မှေးကျဉ်းသွားသည်။
‘’ကောင်းပြီလေ.. အဲ့ဒါဆို နေ့လည်တွေ့ကြတာပေါ့..."
ဟန်ယွဲ့ပြောသည့် နေရာနှင့်အချိန်ကို ရေးမှတ်ပြီးနောက် ရှအန်းက သူ့ကို ကျေးဇူးတင်ကာ ဖုန်းချလိုက်သည်။
‘’ဟား....’’
ရှအန်း သက်သောင့်သက်သာရှိစွာဖြင့် လန်းဆန်းသွားသလို ခံစားလိုက်ရပြီး သူမ ခါးလေးကိုဆန့်လိုက်သည်။
သူမ၏ ခံစားချက်မှာ အတော်လေးကောင်းမွန်နေသော်လည်း အကောင်ပေါက်လေးဆီက အသံထွက်လာခဲ့သည်။
‘’ မာမား.. မာမားဆီက အနံ့နည်းနည်းရနေတယ်....."
‘’ဟမျ... ဘာနံ့လဲ..."
အကောင်ပေါက်လေးက သူ့မျက်လုံးငူပွတ်လိုက်ပြီး ရေရွတ်နေသည်။ သူမ လက်မောင်းကိုမြှောက်လိုက်ကာ အနံ့ခံကြည့်လိုက်သည်။
‘’…???!!!’’
ဘုရားရေ… သူမ ညအိပ်ဝတ်စုံမှာ အစွန်းတွေနဲ့ပါလား.....