Chapter 18
သူ့အနေဖြင့် ရှအန်းကဲ့သို့ နူးညံ့သည့် အမျိုးသမီးကို သေသေချာချာ ဂရုစိုက်ပေးမှဖြစ်မည်။
အကယ်၍ ရှအန်းသာ သူ၏အတွေးများအား သိနိုင်မည်ဆိုပါက သူ့အား မျက်ခုံးပင့်၍ ကြည့်နေမည်မှာ အသေအချာပင်ဖြစ်သည်။
နူးညံ့တယ်… အလှပန်းအိုး…ဟားဟား… မဖြစ်နိုင်တာတွေ....
‘’အိုး…’’
ရှအန်းသည် ဟန်ယွဲ့ပြောသည်များကို နားမထောင်ပေ။ ထိုကဲ့သို့ ပရိုဂရမ်တွင် ပါဝင်သူများကို ကူညီနိုင်ရန် သူမ မတွေးထားပေ။
ရှအန်းတစ်ယောက် သူမ၏ ကံတရားအကြောင်း အတွေးများဖြင့်နစ်မြုပ်နေလေသည်။
ရှိုးပွဲစသည့်အခါတွင် ပြဿနာအသေးစားများရှိနေမည်ကို စိုးရိမ်မိသော်လည်း ယခုတွင် သူမ၏အကောင်းဆုံးကျွမ်းကျင်မှုဖြစ်သည့် ဇွန်ဘီများကို တိုက်ခိုက်ရသည့် ရှိုးပွဲဖြစ်နေလေသည်။
ဒါဆို သူမ ဘာကိုများ စိုးရိမ်ဖို့ လိုနေပါဦးးမလဲ… သူမ အသာလေး ခုန်ဝင်လိုက်ရုံပဲကို…အေးဆေးပဲ...
ရှုထျန်းထျန်း သည်စာချုပ်ကိုယူလာကာ သူမတို့ဆီသို့ လျောက်လာသည်။
‘’စာချုပ်ကို စစ်ကြည့်လိုက်ပါဦး မစ္စရှအန်း… အဆင်ပြေရင် လက်မှတ်ထိုးကြတာပေါ့’’
ရှအန်း ရှုထျန်းထျန်းဆီမှ စာချုပ်ကို လှမ်းယူလိုက်ပြီး စာချုပ်ကိုဖွင့်၍ သူမသေချာစွာ ကြည့်လိုက်သည်။
စာချုပ်ပါအချက်အလက်များကို စာတစ်ကြောင်းခြင်းစီ သေချာစွာဖတ်ပြီးနောက် သင့်တော်သည်ဟု သူမ ခံစားလိုက်မိသည်။ ထို့နောက် ဟန်ယွဲ့ဆီမှာ ဘောပင်တောင်းယူကာ တုန့်ဆိုင်းခြင်းအလျဉ်းမရှိပဲ သူမအမည်ကို ချရေးလိုက်လေသည်။
ရှအန်း လက်မှတ်ထိုးလိုက်သည်နှင့် ဟန်ယွဲ့၏ရင်ထဲမှ အလုံးကြီး ပြုတ်ကျသွားတော့သည်။
သူ၏ ပရိုဂရမ်တွင် ရှအန်းရှိရုံဖြင့် အားပေးနှုန်းနှင့် ကြည့်ရှုနှုန်းသည်လဲ တည်ငြိမ်နေမည်ဖြစ်သည်။
ကျန်သည့်အရာများအတွက်တော့ တခြားပါဝင်သူတွေနှင့် သူတို့၏ထုတ်လုပ်ရေးအဖွဲ့နှင့်သာ သက်ဆိုင်တော့လေသည်။
အခြေခံကျကျပြောရလျင် ဒါတွေအားလုံးက ရန်ပုံငွေလောက်ငှ စေရန်ဖြစ်သည်။
‘’လက်မှတ်ထိုးပြီးပြီဆိုတော့ ကျွန်မ သွားလို့ရပြီလား...."
လက်မှတ်ထိုးပြီးသည်နှင့် လုပ်စရာရှိသည်က်ု လုပ်ပြီးသည်ဖြစ်သည့်အတွက် ဤနေရာတွင် ရန် အလွန်ပျင်းလာတော့သည်။
ယခုဆိုလျှင် သူမ၏အချိန်များက အလွန်အဖိုးတန်လေသည်။ သူမအနေဖြင့် အဓိပ္ပါယ်ရှိသော အရာများကိုသာ အဓိကထားပြီးလုပ်ဆောင်သင့်နေပြီဟု တွေးလိုက်လေသည်။
ဥပမာအားဖြင့်… အစားစားတာ… အအေးသောက်တာ ပြီးတော့ ပျော်စရာတွေလုပ်တာမျိုးပေါ့... ဟီးဟီး...
ကမာပျက်ကပ်မှ ရောက်လာသော ရှအန်းသည် ကမ္ဘာပျက်ကပ်မတိုင်ခင်က သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအပေါ်တွင် နောင်တရနေသူဖြစ်သည်။
ကမ္ဘာကြီးအဆုံးသတ်သွားသည့် အတွေ့အကြုံရှိထားသည့် သူမသည် ပျော်ရွှင်ခြင်းသည်သာ အရေးအကြီးဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ပြီးဖြစ်သည့်အတွက် အနည်းဆုံးတော့ သူမ ပျော်ရွှင်နေသင့်သည်ဟုထင်လေသည်။
ဘဝမှာမပျော်ရွှင်ရဘူးဆိုသော လူက အမြဲ နာကျင်ခံစားနေရမည်ဖြစ်သည်။
‘’အာ… ဟုတ်ပြီလေ… မစ္စရှအန်းမှာ လုပ်စရာရှိသေးလား...."
ဟန်ယွဲ့မေးလိုက်သည်။
ရှအန်း သူ့က်ုတဲ့တိုးပင်ဖြေပေးလိုက်သည်။
‘’ ဟင့်အင်း...ဒီမှာနေရတာ ပျင်းလာလို့..’’
ထို့နောက် သူမဘေးတွင်ထိုင်နေသော အကောင်ပေါက်လေး လက်ကိုဆွဲကာ ကုမ္ပဏီထဲမှ ထွက်လာလိုက်သည်။
‘’မစ္စတာဟန်.. ကျွန်မ ဒီရှိုးကို စောင့်ကြည့်လိုက်ပါ့မယ်....’’
ရှအန်း၏ ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်နေသည့် ရှုထျန်းထျန်းသည် အရူးကဲ့သို့ပင် လက်နှစ်ဖက်နှင့် အသဲပုံဖော်၍ ပြောလိုက်သည်။
‘’ငါ့ရဲ့ နတ်ဘုရားမက အရမ်းလှတာပဲ..."
‘’…..’’
ရှုထျန်းထျန်း၏ပုံစံကြောင့် ဟန်ယွဲ့စိတ်ထဲ အတော်လေး ဟာသမြောက်သည်ဟု တွေးမိသွားသည်။
ရှအန်း အနေဖြင့် သူ့ကြောင့် အတူတူအလုပ်လုပ်မည်ဟု မခံစားမိခဲ့ပေ။ သူနှင့်ရှအန်း၏ ပူးပေါင်းမှုသည် သန်မာသည့်အဖွဲ့ ဖြစ်စေမည့်အချိန်ဟု ခံစားလိုက်မိသည်။
ရှိုးက်ု ထုတ်လွှင့်လိုက်သည်နှင့်တပြိုင်နက် ရှုလင်းနှင့်အတူတူအစပြုခဲ့သော သူတို့၏ ကုမ္ပဏီက ဖျော်ဖြေရေးလောကတွင် နေရာတစ်ခုရလာနိုင်ပြီး ရှအန်းအတွက်မူ…
သူမသာ ကံကောင်းမယ်ဆိုလျှင် နာမည်ကြီးကာ အဆင့် ၁၈ ကြယ်ပွင့်မှ အဆင့်၂ ကြယ်ပွင့်အဖြစ်သို့ ရောက်ရှိနိုင်လေမည်။
အကယ်၍ ရှိုးတွင်ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် အလှပန်းအိုးသရုပ်ဆောင်ဘဝမှ ပေါ်ပြူလာဖြစ်သော သရုပ်ဆောင်ပင် ဖြစ်လာနိုင်ပေမည်။
အမှန်အတိုင်းပြောရရင်… အဲ့လိုဖြစ်ဖို့က အရမ်းရှားပေမယ့်လဲပေါ့လေ…
ရှအန်းက လှပသော်လည်း အလှအပက အရာအားလုံးကို လျော်ကြေးမပေးနိုင်ပေ။
သူတို့၏ reality show သည် ယှဉ်ပြိုင်မှုကို ပဓာနထားသဖြင့် လှပခြင်းကသုံးစားမရပေ။
‘’ဟေး… နောက်ထပ်ပါဝင်သူအတွက်… ဘယ်သူ့ကို ရွေးရင်ကောင်းမလဲ…’’
……..
စာချုပ်ကိစ္စဖြေရှင်းပြီးနောက် ရှင်သန်ခြင်းရှိုးအတွက် လျော်ကြေးကိစတွင်လဲ ရှအန်းအတော်လေး သက်သာရာရသွားသည်။
ရှအန်း သူမဘေးမှ အကောင်ပေါက်လေးကို မှီပြီး ပြောလိုက်သည်။
‘’ရှောင်ရှင်း… အခု ပျင်းဖို့ကောင်းမနေဘူးလားဟင်....’’
‘’မပျင်းပါဘူး မာမားရဲ့ အလုပ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ....’’
အကောင်ပေါက်လေးက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လေးနက်နေသည့်မျက်နှာဖြင့် သူမကို ပြောလိုက်သည်။
ဟန်ယွဲ့ အသေးစိတ်စည်းမျဉ်းများအကြောင်းပြောစဉ်က သူ အသေအချာ နားထောင်ခဲ့တာဖြစ်သည်။
အကျိုးရလဒ်အနေဖြင့် ကလေးဖြစ်သည့် ရှရှင်းချန်မှာ ထိုကိစ္စအား စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးလိုက်မိသည်။
‘’ဟားဟား… အဲ့လိုလား.. မာမားလဲ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်...."
ရှအန်းပြုံးလိုက်သော်လည်း သူမအနေဖြင့် မည်သည်က စိတ်ဝင်စားဖို့ကောင်းသည်ကို ရှာလို့မတွေ့ခဲ့ပေ။
မည်သို့ပင်ဆိုစေ သူမအနေဖြင့် ကမ္ဘာကြီး၏ တကယ့်အဆုံးသတ်ကို တွေ့မြင်ခဲ့ဖူးပြီဖြစ်သည်။
သို့သော် ငြိမ်းချမ်းသည့်ကမ္ဘာမှ ဟန်ယွဲ့က ထိုကဲ့သို့သော ပရိုဂရမ်ဆွဲနိုင်သည်ကို စိတ်ဝင်စားဖို့ကောင်းသည်ဟုပင် ပြောရမည်ဖြစ်သည်။
‘’သားကိုပါ မာမားနဲ့အတူတူ ခေါ်သွားလို့ရမလား… သားမာမားနဲ့အတူတူ လိုက်ချင်လို့ပါ..."
ရှအန်း၏ ကောင်းမွန်နေသည့် ခံစားချက်ကိုကြည့်ရင်း အကောင်ပေါက်လေးသည် အခွင့်အရေးကို အမိအရဖမ်းလိုက်လေသည်။
သို့သော်..
‘’မရဘူး...."
ရှအန်း ငြင်းဆန်လိုက်သည်။
သူမတို့ စာချုပ်ချုပ်နေစဉ်အတွင်း ဟန်ယွဲ့က ပရိုဂရမ်အကြောင်းအများအပြားပြောခဲ့သည့်အတွက် ရိုက်ကွင်းမှာ ပို၍ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ရှရှင်းချန်ကို သူမနှင့်အတူတူ ရိုက်ကွင်းသို့ခေါ်သွားရန် သူမ လုံးဝ မတွေးထားခဲ့ပေ။ မည်သို့ပင်ဆိုစေ ဗီလိန်လေးရဲ့ ခန္ဓာကိုယ်ကလည်း အလွန်ထိခိုက်လွယ်သည် မဟုတ်ပါလော။
အကောင်ပေါက်လေးမှာ မူလပိုင်ရှင်၏ မျိုးရိုးဗီဇကို အမွေဆက်ခံထားသည် ဟူ၍ပင် ပြောရမည်ဖြစ်သည်။
သူမလည်ပင်း၌ ဆွဲထားသည့် လည်ဆွဲကို သူ့အလိုလိုထိလိုက်မိသည်။ ဤပရိုဂရမ်ရိုက်ကူးရေးသာ ပြီးသွားခဲ့လျင် ဤလည်ဆွဲကို သူမသားလေးကို ပေးလိုက်တော့မည်ဖြစ်သည်။
သေးငယ်သည့် ခန္ဓာကိုယ်လေးကို ကြည့်ရင်း သူ့အား ကောင်းကောင်းပျိုးထောင်ရမည်ဟု သူမတွေးမိလိုက်သည်။
‘’ရှောင်ရှင်း… မာမားတို့အတူတူတွေ့လို့မရတဲ့ ပတ်ဝန်းကျင်မှာ မာမားက အလုပ်သွားလုပ်ရမှာ… ကျန်တဲ့အချိန်ဆို မာမား သားကိုနေ့တိုင်းခေါ်မယ်လေ...."
ရှအန်း အကောင်ပေါက်လေး၏ ခေါင်းကိုပွတ်ပေးလိုက်ပြီး အပြုံးနှင့်ပြောလိုက်သည်။
အကောင်ပေါက်လေးသည် အလိုမကျစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
……….
တစ်နေကုန် ကလေးနှင့် အတူတူဆော့ပြီးနောက် ရှအန်း များပြားလှသည့်အစားအစာများဖြင့် အိမ်သို့ပြန်လာသည်။
အိမ်သို့ရောက်ပြီးနောက် ရှအန်းက သူမသားလေးကို ထိန်းကျောင်းရန်အတွက် ကလေးထိန်းတစ်ယောက်အား စတင်ရှာဖွေလိုက်သည်။
ရှိုးမှာ စတင်ရိုက်ကူးတော့မည်ဖြစ်၍ သူမတွင် ကလေးထိန်းရှာရန် ရက်အနည်းငယ်သာကျန်တော့သည်။
ထို့ကြောင့် ရှအန်းသည် နေ့တိုင်း အင်တာနက်ပေါ်မှာ များပြားလှသည့် ကုမ္ပဏီများတွင် ရှာဖွေနေပြီး ကလေးထိန်းနှင့် အင်တာဗျုးရန်လည်း အစီအစဉ်ဆွဲနေရတော့သည်။
သူမ၏ ဆက်တိုက်လုပ်ဆောင်ချက်များကို အကောင်ပေါက်လေးမှ သူမအားတိတ်တဆိတ် စောင့်ကြည့်နေသည်ကို သူမ သတိမထားမိပေ။
အကောင်ပေါက်လေးသည် ကာတွန်းစာအုပ်ကို ကိုင်ထားပြီး ရှအန်းဘေးနားတွင်ထိုင်နေသည်ဖြစ်ရာ သူ၏မျက်နှာပေါ်တွင် စိတ်ဓါတ်ကျသည့် အမူအရာများပေါ်လာတော့သည်။
သူ၏ နတ်သမီးမေမေနှင့် လုံးဝခွဲမနေချင်ပေ။
အရင်တုန်းက သူ၏အစ်မဖြစ်သူနှင့် မခွဲချင်ခဲ့ပေ။ သူ၏အစ်မသည်လည်း သူ့ကို ဘယ်တုန်းကမှ ခွဲမသွားဘူးဟု ကတိပေးခဲ့ဖူးသည်။
သို့သော် အဆုံးတွင်တော့… သူမ ထွက်သွားခဲ့သည်။ သဘောပေါက်လွယ်သည့် အကောင်ပေါက်လေးသည် သူ၏မိခင် အလုပ်သွားတော့မည်ဖြစ်ကြောင်း နားလည်သော်လည်း သစ္စာဖောက်ခံရခြင်းနှင့် စွန့်ပစ်ခံရခြင်းတွင် အတွေ့အကြုံရှိထားသည့်အတွက် သူမနှင့် ခဏလေးတောင်မှ ခွဲမနေချင်ပေ။
သားကူညီနိုင်ပါတယ်....
သို့သော်လည်း ထိုအသံသေးလေးမှာ စိတ်ကူးထဲတွင်သာဖြစ်သည်။
ဘယ်သူမှ… မင်းကို မစွန့်လွှတ်ပါဘူး…
………
‘’ဒီ အိမ်ထိန်းသိမ်းရေးကုမ္ပဏီက မဆိုးဘူး… သတ်မှတ်နှုန်းအတော်လေး ရထားတာပဲ...."
ရှအန်း သူမရှာတွေ့ထားသည့် အိမ်ထိန်းသိမ်းရေးကုမ္ပဏီအားကြည့်ကာ တီတိုးရေရွတ်လိုက်သည်။ ကုမ္ပဏီများစွာကို များပြားလှသည့် နှိုင်းယှဉ်ချက်များလုပ်ပြီးနောက် နောက်ဆုံးတစ်ခုကို ရွေးနိုင်သွားလေသည်။
နောက်တစ်နေ့မနက်တွင် ရှအန်းသည် ထိုကုမ္ပဏီကို ဖုန်းခေါ်ကာ ကလေးထိန်းတစ်ချို့ကို အင်တာဗျူးဖို့ အဆင်သင့်ဖြစ်နေလေပြီ။
သို့သော် သူမ ဖုန်းခေါ်ပြီးသည်နှင့် တစ်ပြိုင်နက် ကွန်ပျုတာပေါ်မှ ကလေးထိန်းများနှင့်ပတ်သတ်သည့် သတင်းတစ်ချို့ကို မတော်တတဆ တွေ့လိုက်မိလေသည်။
(xx ကလေးထိန်းက အလုပ်ရှင်၏ ကလေးတစ်ယောက်အား အနိုင်ကျင့်ရာမှ ထိုကလေးသည် နားလေးသွားခြင်း)
(xx တိုင်းပြည်မှ ငါးနှစ်အရွယ်ကလေးတစ်ယောက်သည် ကလေးထိန်းဖြစ်သူမှတဆင့် လူကုန်ကူးခံလိုက်ရခြင်း)
……
ကွန်ပျူတာပေါ်မှ များပြားလှသည့် ထိုအကြောင်းအရာများကို ကွန်ပျူတာတွင်ကြည့်ပြီးနောက် ရှအန်း ရုတ်တရက် တိတ်ဆိတ်သွားသည်။
ကလေး… ကလေးထိန်း… မရှာတော့ဘဲ သူမနှင့်အတူခေါ်သွားသင့်လား…
ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ မယုံကြည်ရဆုံးအရာက လူသားတွေရဲ့ နှလုံးသားပဲလေ…