Chapter 19
ကလေးများအပေါ် နှိပ်စက်သည့် ကလေးထိန်းများ အကြောင်းကို နားမလည်နိုင်စွာ ဖတ်ပြီးနောက် ရှအန်း သူမ၏သားဖြစ်သူကို တစ်ခြားတစ်ယောက်လက်ထဲတွင် ထားရန်စဉ်းစားထားသည့် သူမ၏ အကြံအစည်ကို နှိမ်နင်းလိုက်ရတော့သည်။
မူလကတည်းက ကမ္ဘာပျက်ကပ်မှ ကူးပြောင်းလာသည့်လူဖြစ်သော ရှအန်းက လူသားများအပေါ်တွင် ယုံကြည်မှုမရှိခဲ့ပေ။ ယခုတွင်မူ ထိုကဲ့သို့သော သတင်းများကြောင့် ရှရှင်းချန်၏ ခန္ဓာကိုယ်အကြောင်းအား စဉ်းစားလာမိစေသည်။
သေချာသုံးသတ်ပြီးနောက် သူမအနေဖြင့် ကလေးကို အစီအစဉ်ရိုက်ကူးရာသို့ ခေါ်သွားရန် သာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
အစီအစဉ်စတင် ရိုက်ကူးသည်နှင့် အခက်အခဲများက ဟန်ယွဲ့ပြောသလိုဖြစ်နေမည်ဆိုလျှင် ဒါရိုက်တာအုပ်စုဘက်မှလဲ ပိုကောင်းမွန်သည့် စီစဉ်မှုများ ရှိပေလိမ့်မည်။
အစီအစဉ်စတင်ရိုက်ကူးသည်နှင့် အကောင်ပေါက်လေးကို ဒါရိုက်တာအုပ်စုနှင့် အတူတူထားရန် သူမစဉ်းစားလိုက်မိသည်။
ထိုကိစ္စကိုတွေးပြီးနောက် သူမ၏အကြံသည် သင့်တော်သည်ဟု တွေးမိလာသည်။ ထို့ကြောင့် သူမ ဟန်ယွဲ့ကို တိုက်ရိုက်ပင်ဖုန်းခေါ်လိုက်သည်။
ဟန်ယွဲ့ဆီသို့ ဖုန်းခေါ်ပြီးနောက် ရှရှင်းချန်သည်လဲ သူမနှင့်အတူ ရှိုးသို့ လိုက်ပါမည်ဖြစ်ကြောင်း ပြောလိုက်သည်။
‘’ဘာ… ရိုက်ကူးရေးကို ကလေးပါခေါ်လာချင်တယ် ဟုတ်လား… အဲ့ဒါ နည်းနည်းတော့ အဆင်မပြေလောက်ဘူး....’’
‘’အဆင်မပြေစရာ ဘာမှမရှိပါဘူး… ပြီးတော့ ကျွန်မသားက အရမ်းလိမ်မာတယ်… ပြီးတော့ ကျွန်မက တစ်ကိုယ်တည်းသမားဖြစ်ပြီး တစ်ယောက်တည်းနေတာဆိုတော့ ကျွန်မသာ သူကိုမကြည့်ရင် ဘယ်သူက လာထိန်းပေးမှာလဲ..."
ရိုက်ကူးရေးသို့ ကလေးခေါ်လာခြင်းမှာ အတော်လေးအပိုဖြစ်သည်ကို ရှအန်း နားလည်သည်။ သို့သော် ရှရှင်းချန်ကို စောင့်ရှောက်မည့်သူကို သူမ ရှာမတွေ့နိုင်ခဲ့ပေ။
‘’အာ… မင်း ကလေးထိန်းခေါ်လို့ရတယ်လေဗျာ....’’
ဟန်ယွဲ့သည် ဖုန်းတဖက်မှနေ၍ အလိုလိုပြောလိုက်မိသည်။ ထိုသည်က သာမန် လူတစ်ယောက်၏ ဖြေရှင်းနည်း အတွေးမျှသာဖြစ်လေသည်။
သို့သော် ရှအန်းကစိတ်ဆိုးစွာဖြင့် တဲ့တိုးပင်ပြောလိုက်တော့သည်။
‘’ ကျွန်မ ကလေးထိန်းနဲ့စိတ်မချလို့လေ… အဲ့ဒါကြောင့် ရှိုးပွဲ ရိုက်ကူးရေးစတာနဲ့ ရှောင်ရှင်းကို ကျွန်မနဲ့အတူခေါ်သွားမယ်… ရှင်ရောက်တာနဲ့ သူ့အတွက်စီစဉ်ပေးပါ… ကုန်ကျစရိတ်အားလုံး ကျွန်မပေးမယ်....’’
သူမ၏ ပြင်းထန်သည့်သဘောထားကြောင့် ဟန်ယွဲ့မှာ ဆက်မပြောနိုင်တော့ပေ။ သူ ရှအန်း၏ လက်ရှိအခြေအနေကို နားလည်သောကြောင့် တွန့်ဆုတ်စွာဖြင့်သာ သဘောတူလိုက်ရသည်။
‘’ကောင်းပြီလေ… တကယ်လို့ ကလေးဆီမှာ တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်တော်တို့ဘက်က ဘာမှတာဝန်ယူပေးမှာ မဟုတ်ဘူးနော်...’’
‘’ကိစ္စမရှိဘူး.....’’
ထိုနည်းလမ်းဖြင့် ရှအန်းက သူမကို အမြဲတမ်းဒုက္ခပေးနေသည့်အရာအား အောင်မြင်စွာဖြေရှင်းလိုက်နိုင်လေသည်။
ထို့နောက် ရှရှင်းချန်၏ သူ၏မိခင်နှင့်အတူတူနေချင်သည့် ဆန္ဒမှာလဲ ပြည့်ဝသွားသည်။
‘’ရှောင်ရှင်း… မာမားက သားကိုအလုပ်ခေါ်သွားမယ်.. ဒါပေမယ့် သားကလိမ်လိမ်မာမာနဲ့ လျောက်မပြေးပဲနဲ့ မာမားစိတ်ချအောင်နေရမယ်… ရှိုးမှာရှိတဲ့ အန်ကယ်တွေ အန်တီတွေရဲ့စကားကို လိမ်လိမ်မာမာနဲ့နားထောင်ရမယ်နော် ဟုတ်ပြီလား....’’
ဖုန်းချပြီးသည်နှင့် ရှအန်းက ရှရှင်းချန်ကို သတင်းကောင်းလေး ပြောလိုက်သည်။ ထို့နောက် သူမရှိုးရိုက်ကူးနေစဉ်အချိန်တွင် ရှရှင်းချန်ကို လိမ်လိမ်မာမာနေရန် တိုက်တွန်းလိုက်သည်။
ရှအန်း၏ စကားလုံးများသည် ရှရှင်းချန်၏ လှပသော အနက်ရောင်မျက်ဝန်းအစုံအား တောက်ပသွားစေသည်။
‘’တကယ်လား… မာမား.. သားကို မာမားနဲ့ အတူတူခေါ်သွားမှာလား…’’
ရှအန်း ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်နှင့် တပြိုင်နက် အမြဲတမ်း အရိပ်အကဲကြည့်ကာ နေတတ်သည့် ရှရှင်းချန်သည် မြေပေါ်တွင်ခုန်ပေါက်နေတော့သည်။
‘’အရမ်းကောင်းတာပဲ… မာမားနဲ့ အတူတူနေလို့ရပြီ … သားတို့ ခွဲနေစရာမလိုတော့ဘူး....’’
ထိုအချက်ကို ပြောရင်းနှင့် ရှရှင်းချန် ပိုမို ပျော်ရွှင်လာကာ မြေပေါ်တွင် ဆက်ခုန်ပေါက်နေသည်။
သူမဘေးတွင် ယုန်လေးကဲ့သို ခုန်ပေါက်နေသည့် အကောင်ပေါက်လေးကို ကြည့်ရင်း မေးမိလိုက်သည်။
‘’အဲ့လောက်တောင် ပျော်တာလား…’’
‘’ဘာလို့လဲဆိုတော့ သားက မာမားကို အရမ်းသဘောကျတယ်လေ...’’
အကောင်ပေါက်လေးသည် ရှအန်းကို တုန့်ဆိုင်းခြင်းမရှိ ဝန်ခံလိုက်သည်။ သူ ရှအန်း၏ လက်မောင်းအား တင်းကြပ်စွာဖက်လိုက်ရင်း ထပ်ပြောလိုက်သည်။
‘’သား မာမားနဲ့အမြဲတမ်းအတူတူရှိချင်တယ်....’’
‘’ဟုတ်ပါပြီ… မာမား သိပါပြီ… ဟုတ်ပြီလား…’’
ရှအန်း အကောင်ပေါက်လေး၏ခေါင်းကို ငြင်သာစွာပုတ်ပေးရင်း သူမစိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ဒါက သူမသိတဲ့ ဗီလိန်လေးဖြစ်နေသေးရဲ့လား…
သူ အမျိုးသမီးဇာတ်လိုက်ကို ထောင်ဖမ်းမထားတော့ဘူးလား…
‘’ဒါဆို … မာမားတို့ ဒီနေ့ဘာစားရင်ကောင်းမလဲ ရှောင်ရှင်း… သားအရင်အတိုင်းပဲစားမှာလား … ဒါမှမဟုတ် အများကြီးစားမှာလား…’’
နေ့လည်ခင်းရောက်လုပြီဖြစ်၍ အစားအစာအပေါ် သူမ၏စိတ်သည် တက်ကြွနေပြီဖြစ်သည်။
ရှအန်းမှ ထိုသို့မေးလိုက်သည်နှင့် ….
ရှရှင်းချန်၏ အဖြေမှာလည်း ဤသို့သာဖြစ်သည်။
‘’ မာမား… ရှောင်ရှင်းက အားလုံးစားချင်တယ်...."
‘’ဟုတ်တာပေါ့… သားက ပိန်နေတော့ များများစားမှဖြစ်မယ်....’’
…..
အကောင်ပေါက်လေးကို သူမ၏ရိုက်ကူးရေးသို့ ခေါ်သွားမည်ဟု ဆုံးဖြတ်ချက်ချပြီးနောက် ရှအန်း ထိုကလေး၏ ခန္ဓာကိုယ်ကြံခိုင်လာစေရန် အစီအစဉ်ဆွဲလိုက်သည်။
မူလက သူမ ရှိုးပွဲတွင် ချန်ပီယံရရန်အတွက် သူမခန္ဓာကိုယ် အားဖြည့်ရန်အတွက် ထိုလည်ဆွဲကို အသုံးပြုရန် စဉ်းစားထားသော်လဲ အကောင်ပေါက်လေးမှာ သူမနှင့်အတူ ဒုက္ခလိုက်ခံရတော့မည်ဖြစ်သည်။
ရှိုးရိုက်ကူးနေစဉ် နေ့ဘက်အချိန်တွင် သူမခန္ဓာကိုယ်ကို အားအင်ပြည့်စေရန် လည်ဆွဲကို ဝတ်ဆင်ထားမည်ဖြစ်ပြီး ညဘက် သူမအိပ်ချိန်တွင် အကောင်ပေါက်လေးကို ဝတ်စေမည်ဖြစ်သည်။
ဒါကြောင့် ထိုညတွင် ရှအန်းက လည်ဆွဲကို အကောင်ပေါက်လေး၏လည်ပင်းတွင် ဆွဲပေးလိုက်သည်။
‘’မာမား…’’
ရေချိုးခန်းထဲမှ ရေချိုးပြီးထွက်လာသည့် အကောင်ပေါက်လေးသည် သူ၏လည်ပင်းပေါ်မှ လည်ဆွဲကိုကြည့်ပြီး သံသယဖြစ်စွာဖြင့် ရှအန်းအားကြည့်လိုက်သည်။
‘’ဝတ်ထားလိုက်… နောက်ဆို သားညဘက်အိပ်ရင် အဲ့ဒါကိုဝတ်အိပ်ရမယ်နော်....’’
ရှအန်း အကောင်ပေါက်လေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။
သို့သော် သူဘာကြောင့် လည်ဆွဲကို ဆွဲသင့်သည် ဆိုသောအချက်ကိုတော့ သူမ ရှင်းမပြခဲ့ပေ။ ထို့အပြင် ထိုလည်ဆွဲကိုဝတ်လိုက်ရုံနှင့် မှော်ဆန်သည့် အကျိုးကျေးဇူးရသည်ကိုပါ မပြောပြခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ… ရှရှင်းချန်သည် ကလေးတစ်ယောက်သာဖြစ်သည်။
အကောင်ပေါက်လေးသည် ရှအန်း၏ခန္ဓာကိုယ်အပူချိန်ကို သယ်ဆောင်ထားသည့် လည်ဆွဲကို ထိလိုက်သည်။ သူသည် တခြားကလေးများကဲ့သို့ မေးခွန်းပေါင်းသောင်းခြောက်ထောင်မမေးသည့်အပြင် စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
‘’ ဒါနဲ့… ရှောင်ရှင်း… ဒီလည်ဆွဲဝတ်ရင် ထူးဆန်းတဲ့အိမ်မက်တွေ မက်တတ်တယ်… ဒါပေမယ့် မကြောက်နဲ့နော်.. ဘာလို့လဲဆိုတော့ အဲ့ဒါက အိမ်မက်ပဲမို့လို့…’’
သူမ ထို စန်းယုံအော်ပရာနဂါးပုတီးစေ့ကို ဝတ်ဆင်ထားချိန်တွင် အဖြူရောင်မြူများကြားသို့ ရောက်နေသည့် အိမ်မက်ကို အမြဲတမ်းမက်ပြီး ထိုထဲမှ လုံးဝမထွက်နိုင်သကဲ့သို့ပင်။
သူမသည် ကလေးကို ထိုအိမ်မက်ကြောင့် ကြောက်လန့်နေမည်ကို စိုးရိမ်မိသည်။
သို့သော် ထိုလည်ဆွဲကို ဝတ်ဆင်သည့် သူတိုင်းသည် တူညီသည့် အိမ်မက်များရှိမည်ကိုတော့ မသေချာပေ။
‘’ဟုတ်.. သားသိပါပြီ မာမား...’’
‘’လိမ္မာတယ်..’’
…………………
ညအချိန်ရောက်လာပြီဖြစ်သည်။
ညကောင်းကင်ယံကို တိမ်မည်းများဖြင့် ဖုံးအုပ်နေပြီး လရောင်အား မမြင်ရပေ။ ထို့ကြောင့် ရှအန်းတို့သားအမိအိပ်နေသည့် အိပ်ခန်းသည်လည်း လင်းမနေပဲ အမှောင်ထု အနည်းငယ် ဖုံးလွှမ်းနေသည်။
ထိုအချိန်တွင် ရှအန်းနှင့် ရှရှင်းချန်တို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြပြီဖြစ်သည်။
သို့သော် ရှအန်းတစ်ယောက်တည်းသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်ဖြစ်သည်။
ရှအန်းဘေးတွင် အိပ်နေသော ရှချင်းချန်က အိမ်မက်ဆိုးထဲသို့ရောက်နေသည်။ နူးညံ့ကာချစ်ဖို့ကောင်းသည့် မျက်နှာလေးက ရှုံ့မဲ့နေပြီး သူ၏ပါးစပ်မှလည်း စကားအချို့ကို ရေရွတ်နေသည်။
‘’မာမား…မာမား… အိပ်မက်ဟုတ်တယ်… သားအိမ်မက်မက်နေတာ…’’
…………….
အချိန်များကုန်ဆုံးပြီးနောက် ရှအန်းနှင့် ရှရှင်းချန် ရိုက်ကူးရေးအတွက် အပြင်ထွက်လာသည်။ ရှအန်းအနေဖြင့် ရှရှင်းချန်ကို ကောင်းမွန်သည့်အခြေအနေဖြစ်လာမည့် ခန္ဓာကိုယ်ကို ပေးလေသည်။
သူတို့သည် စန်းယုံအော်ပရာပုတီးစေ့လည်ဆွဲကို နေ့ည တစ်လှည့်စီ ဝတ်ဆင်ခဲ့ကြသည်။ သူမသည် အကောင်ပေါက်လေးကို နေ့တိုင်း အာဟာရရှိသည့် အစားအစာများကို ကျွေးသည်။ ထိုသို့ဖြင့် ကမ္ဘာပျက်ကပ်မှလာသော ရှအန်းက အကောင်ပေါက်လေးအပေါ်တွင် တင်းကြပ်သော နည်းပြတစ်ယောက် ဖြစ်လာသည်။
အကောင်ပေါက်လေးက အားနည်းချူချာပေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလေ့ကျင့်ခန်းက နှေးကွေးသော်လဲ အလွနန်သက်ရောက်မှုရှိသည်။ ရှအန်း ပါဝင်ကာလေ့ကျင့်ပေးရုံဖြင့် သူက လှုပ်ရှားမှု အကုန်လုံးကို ချရေးထားလေသည်။
အကောင်ပေါက်လေးနှင့် အခေါက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် ရှအန်း ပျော်ရွှင်ခြင်း၏ အခိုက်အတန့်ကို စတင်ခံစားလာရသည်။
‘’ရှောင်ရှင်း… သားဒီနေ့ဗိုက်ဆာလား… ဘာစားချင်လဲ .. မာမားကို ပြောလိုက်…’’
ရှအန်း အကောင်ပေါက်လေး၏ ပုခုံးအားပုတ်လိုက်ပြီး ပြောလိုက်သည်။
ရှရှင်းချန်သည် သူ၏ နတ်သမီးမေမေဖြစ်သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်လာပြီဖြစ်သည်။
ထပ်ပေါင်းပြောရလျှင်… သူသည် နတ်သမီးမေမေ၏ အတွေးများကို ထိုနည်းလမ်းနှင့်ပင် နားလည်နိုင်လေသည်။ ထို့ကြောင့် အချိန်တိုင်းပင် ရှအန်းကြိုက်တတ်သည့် ဟင်းပွဲများကိုသာ သူမရှေ့တွင်မှာလေသည်။
‘’မာမား…ရှောင်ရှင်း ဒီနေ့ ဗိုက်အရမ်းဆာလို့… သိုးပေါင်သားကင်… ဟော့ပေါ့… ပြီးတော့…..’’