Chapter 20
ရှရှင်းချန် ရှအန်းစားချင်သည့် အရာအားလုံးကို တုန့်ဆိုင်းခြင်းမရှိ ပြောသွားလေသည်။
ရှရှင်းချန် ရေရွတ်သွားသည့် ဟင်းပွဲအစဉ်လိုက်က ရှအန်းကို စားချင်စိတ်ကိုဖြစ်ပေါ်လာစေသည်။ သူမသည် ရိုးရှင်းစွာပင် နွားတစ်ကောင်လုံးကိုစားပစ်နိုင်သကဲ့သို့ ဗိုက်ဆာလာတော့သည်။
ရှအန်း တံတွေးမြိုချလိုက်သည်။ ရှူတင်ရိုက်ကွင်းတွင် သူမအတွက် အရသာရှိသည့် အစားအစာများ မရှိနိုင်ပေ။ ထို့ကြောင့် သူမကိုယ်သူမ စားချင်စိတ်ကို ထိန်းသိမ်းရန်မလိုဟု ဆုံးဖြတ်ချက်ချလိုက်သည်။
‘’ရှောင်ရှင်း… သားဒီနေ့ ကောင်းကောင်းလုပ်ခဲ့တာ… အဲ့ဒါကြောင့် မာမားက သားကိုအပြင်မှာ စားဖို့ခေါ်သွားမယ်....’’
သူမက အမြဲတမ်းမိခင်တစ်ယောက်လုပ်ဆောင်ရမည့် အလုပ်နှင့် ထိုကိစ္စကိုရောထွေးလေ့ရှိသည်။ ထိုသည်မှာလည်း တစ်ကြိမ်ပြီးတစ်ကြိမ် အောင်မြင်သည်မဟုတ်ပါလော။
ဒါက သူမအစားအသောက် အရမ်းမက်နေလို့မဟုတ်ပါဘူး… သူမ သားလေးအတွက်ပါလို့...
ရှအန်းက ထပ်ပေါင်းပြောလိုက်သေးသည်။
‘’ ဒါနဲ့… သားအတွက် နေ့စဉ်သုံးပစ္စည်းလေးတွေလဲ ဝယ်ရဉီးမယ်...."
‘’ရေး… အရမ်းကောင်းတာပဲ… မာမားက အရမ်းအရမ်းကောင်းတယ်..."
အကောင်ပေါက်လေးက ပျော်ရွှင်စွာ ပြုံးလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း အကောင်ပေါက်လေးဆီမှ အဖြေရပြီးနောက် ရှအန်း အလွန်ပျော်ရွှင်သွားခဲ့သည်။ ထို့နောက် သူမ အကောင်ပေါက်လေးအားခေါ်၍ အပြင်သို့ထွက်သွားတော့သည်။
သူမ၏ နေ့လည်စာစားသောက်ပွဲအတွက် အပြင်ထွက်သည်မှာ မှန်သော်လည်း ရှရှင်းချန်အတွက်ပါ လိုအပ်သည်များ ဝယ်ယူရမည်မှာ အမှန်တကယ်ပင်ဖြစ်သည်။
ရိုက်ကူးရေးစသည်နှင့် သူမ၏ များပြားလှသည့် နေ့စဉ်သုံးလိုအပ်ချက်များအတွက် ဝန်ထမ်းများမှ စီစဉ်ပေးမည်ဖြစ်သည်။
သို့သော် သူမ၏ ချစ်သားလေးအတွက်မူ ထိုအရာများရမည်မဟုတ်ပေ။ သူမ၏ဗီလိန်သားလေးကို အစီအစဉ်ရိုက်ကူးရာသို့ ခေါ်သွားသည်က ထိုမှဝန်ထမ်းများအတွက် အလုပ်ပိုရှုပ်နှင့်နေပြီဖြစ်ရာ သူတို့ကို အလုပ်မပိုစေချင်တော့ပေ။
ထို့ကြောင့် နေ့လည်စာ စားပြီးနောက် ရှအန်း သူမ၏သားလေးလက်ကိုဆွဲကာ ဘီမြို့တော်မှ အကြီးဆုံး ဈေးဝယ်စင်တာသို့ ဝင်သွားသည်။
သူမသည် မူလရှအန်းထက် ပိုမိုလှပလာကာ နေကာမျက်မှန်ဝတ်တပ်ထားရုံဖြင့် မည်သူမှ သူမကို မမှတ်မိကြသောကြောင့် သူမ၏ အလှအပ ရွှေလက်ချောင်းအား ကျေးဇူးတင်သင့်လေသည်။
သူမ လူကြားထဲသို့သွားကာ အော်ဟစ်လျှင်ပက် မည်သူမျှ သူမအား မှတ်မိမည် မဟုတ်ပေ။
သို့မဟုတ် မူလပိုင်ရှင်၏ ကျော်ကြားမှုမှာ မလုံလောက်သေးသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
‘’ရှောင်ရှင်း… ဟိုအားကစားဝတ်စုံလေးက လှတယ်… သွားကြည့်ရအောင်....’’
ရှအန်း ဈေးဝယ်စင်တာအတွင်း လျှောက်သွားရင်းဖြင့် ကလေးအသုံးအဆောင်များ လှပစွာ ခင်းကျင်းပြသထားသည့် စတိုးဆိုင်ထဲသို့ ဝင်သွားသည်။ ထိုဆိုင်က ကလေးဝတ် အားကစားဝတ်စုံများမှာ အလွန်ပင်ကြည့်ကောင်းလှသည်။ ရှအန်းသည် ရှရှင်းချန်ကို ထိုဆိုင်ထဲသို့ ခေါ်သွားလေသည်။
ရှအန်းဘေးမှ ရှရှင်းချန်သည် ထိုဆိုင်ကို ကြည့်ပြီး တုန့်ဆိုင်းစွာဖြင့် ပါသွားသည်။
သို့သော်လည်း ရှအန်းမှ သူ့ကို အဝတ်အစားများကူပြီး ရွေးချယ်ပေးသောကြောင့် သူ ပျော်ရွှင်လာသည်။
အဝတ်အစားနှင့် ဖိနပ်အားဝတ်လိုက်သည်ံ အကောင်ပေါက်လေးမှာ မော်ဒယ်ပေါက်စလေးကဲ့သို့ပင်
‘’ဒယ်ဒီ… မာမီ… ခဏလေး… လာပါဦး…’’
အဝတ်အစားဆိုင်အတွင်းမှ ချိုမြိန်သည့် မိန်းကလေးတစ်ယောက်၏ အသံ လွင့်ပျံလာသည်။
အကျီစမ်းဝတ်နေသည့် ရှရှင်းချန်သည် ထိုအသံကြားလိုက်သည်နှင့် နေရာမှာပင် ကျောက်ရုပ်ဖြစ်သွားသည်။ ရှအန်းနှင့်ရှရှင်းချန်အား ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းနှင့် စာရေးမလေးက အပြင်သို့ထွက်ကာ ဈေးဝယ်သူအား နှုတ်ဆက်လိုက်သည်။
ဘယ်ချမ်းသာတဲ့အိမ်က မိသားစုကများ ဈေးဝယ်ထွက်လာတာလဲ…
ရှအန်း အနည်းငယ် သိချင်စိတ်ဖြစ်သွားသည်။
‘’နာမည်ကြီးတဲ့လူများလား…’’
ရှအန်း၏ နူးညံ့သည့်ရေရွတ်သံကြောင့် သူမဘေးတွင်ရပ်နေသည့် ရှရှင်းချန်သည် သူမလက်အား တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တွင် ရှအန်းက သူမ၏ဗီလိန်သားလေး၏ မူမမှန်မှုကို သတိထားမိသွားသည်။
‘’ရှောင်ရှင်း… ဘာဖြစ်လို့လဲ သားလေး…’’
ရှအန်းအနေဖြင့် ရှရှင်းချန်၏ အာရုံထွေပြားကာ စိတ်လှုပ်ရှား ဝမ်းနည်းနေသည့် မျက်နှာအမူအယာကို ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမ စိုးရိမ်စွာဖြင့် အကောင်ပေါက်လေးကို ကြည့်လိုက်သည်။
‘’မမ.. ပြီးတော့ အန်ကယ်နဲ့ အန်တီ...’’
ရှရှင်းချန်၏ အသံထွက်လာသည်နှင့် တပြိုင်နက် ရှအန်းသည် တံခါးဝမှ ချစ်စဖွယ်ကောင်းသည့် အမျိုးသမီးအသံကို ကြားလိုက်ရသည်။
‘’အန်းချီ… သတိထားဦးလေ… သမီးချော်လဲရင် သမီးအဖေ စိတ်ဆင်းရဲနေလိမ့်မယ်…’’
အန်းချီ… ဖုအန်းချီလား…
ရှအန်း အေးခဲသွားသည်။ သူမသည် ရှရှင်းချန်၏ မျက်နှာအမူအယာကိုကြည့်ရင်း သူမ အဓိကဇာတ်ဆောင်နှင့် တွေ့ဆုံနေပြီဖြစ်သည်ကို နားလည်လိုက်သည်။
နောက်ဆုံးတော့ သူမ ဆိုင်ကိုရောက်လာခဲ့ပြီလေ… သူမ ဘာလို့များ အဓိကဇတ်ဆောင်နဲ့ အစောကြီးတွေ့နေရတာလဲ…
‘’ဒယ်ဒီ… ဒီနေ့က သမီးမွေးနေ့လေ… သမီးကို အရုပ်မလေးပေးရုံနဲ့မရတော့ဘူး .. သမီးက အခုဆို လူကြီးဖြစ်နေပြီ...’’
ထို ကလေးမလေးထံမှ လူကြီးကဲ့သို့ ပြောဆိုနေသည့် စကားသံကို ကြားလိုက်ရသည်။
ရှအန်းကဲ့သို့ ကလေးမချစ်တတ်သည့် သူတောင်မှ သူမကို အလွန်သဘောကျလေသည်။ သူမသည် ထိုကလေးမလေး၏ အသံအား ကြားရုံမက ထိုကလေးမလေးသည် အလွန်ချစ်စဖွယ်ကောင်းနေသည်ကို တွေ့လိုက်ရသည်။
‘’အိုး… ဒယ်ဒီရဲ့ မင်းသမီးလေးက ဒီနှစ် ဘာမွေးနေ့လက်ဆောင်လိုချင်လဲ…’’
ထို့နောက် မသဲမကွဲ ရယ်သံတစ်ခုထွက်ပေါ်လာပြီး ထိုအသံမှာ ဆွဲဆောင်မှုရှိလွန်၍ အသံကြားရုံနှင့်ပင် ထိုလူအတွက် ကိုယ်ဝန်ဆောင်ပေးချင်စိတ် ဖြစ်ပေါ်လာစေသည်။
ထိုအသံအားနားထောင်ရင်း ထိုအသံသည် အမျိုးသားတစ်ယောက်၏ ဇနီးနှင့်သမီးအပေါ်တွင်သုံးသွားသည့် အသံဖြစ်မည်ဟု နားလည်လိုက်သည်။
‘’အိုး… ခဏလေး… သမီးစဉ်းစားလိုက်ဦးမယ်..’’
ကလေးမလေးမှာ အလေးအနက်စိတ်ဝင်စားပုံရပြီး အတော်လေး ချစ်ဖို့ကောင်းနေလေသည်။
‘’မစ္စတာဖု… မစ်ဖု… ကျွန်မတို့သူဌေး နိုင်ငံခြားက တင်သွားထားတဲ့ နောက်ဆုံးပေါ် အရေအတွက်ကန့်သန့်ထားတဲ့ မင်းသမီးဝတ်စုံလေးတွေ ဒီနေရောက်တယ်ရှင့် …. အဲ့ဒါတွေအားလုံးကို VIP အခန်းထဲမှာ ပြသထားပါတယ်...’’
‘’ဝိုး… သမီးရဲ့ မင်းသမီးဝတ်စုံလေးတွေကို တွေ့ရတော့မယ်....’’
ကလေးမလေးက အရေအတွက်ကန့်သတ်ထားသည့် မင်းသမီးဝတ်စုံ အကြောင်းကြားလိုက်သည်နှင့် တပြိုင်နက် သူမ၏အသံက ပို၍စိတ်လှုပ်ရှားပုံ ရသွားသည်။
‘’အိုကေလေ… ဒီနေ့က မာမီတို့ရဲ့ မင်းသမီးလေးမွေးနေ့ဆိုတော့ သမီးလေးကြိုက်တာအကုန်လုံး မာမီက ပါပါးကိုဝယ်ပေးဖို့ ကူပြောပေးမယ်…’’
‘’ဟီးဟီး… မာမီက အကောင်းဆုံးဆိုတာ သမီးသိတယ်… မာမီကို ဆုချရမယ် အာဘွား… ဟေး..’’
‘’ဒယ်ဒီက ဆိုးနေလို့လား...’’
‘’ဟီး.. မဟုတ်ပါဘူး ဒယ်ဒီ…’’
ထိုမိသားစုအသံမှာ ကွာဝေးပြီးတိတ်ဆိတ်သွားကာ တံခါးပိတ်သံကိုကြားလိုက်ရချိန်တွင် ထိုမိသားစုအသံကို မကြားရတော့ချေ။
‘’ချစ်ဖို့ကောင်းတဲ့မိသားစုပဲ..."
ရှအန်း ရွဲ့ပြောလိုက်သည်။
သူမစိတ်မဝင်စားသည့်အတွက် သူမတွင် မည်သည့်ထင်မြင်ချက်မျှမရှိပေ။
ထိုအဓိကဇာတ်ဆောင်မိသားစု ထွက်ပေါ်လာချိန်မှ၍ သူမ၏ ချစ်သားလေး မျက်နှာပေါ်တွင် အပြုံးများမရှိတော့ပေ။ သူ၏ မျက်နှာပေါ်မှ ဝမ်းနည်းနေသည့်အမူအယာများက သူမကို မသက်မသာဖြစ်စေသည်။
‘’မာမား… သားကိုထားခဲ့မှာလားဟင်…’’
အကောင်ပေါက်လေးက ရှအန်း၏လက်ကိုဆွဲကာ သနားစဖွယ်ကြည့်ရင်း မေးလိုက်သည်။ လူကောင်းလေးမှာ သူ၏မိသားစုဆီမှာ စွန့်ပစ်ခံလိုက်ရသည့်အချိန်ကို ပြန်တွေးမိသွားလေသည်။
အကောင်ပေါက်လေးမှာ ဖုရှန်း၏ သားအရင်းမဟုတ်သော်လည်း ရှရှင်းချန်သည် လူသားဖြစ်သည် ။ ကြောင်တစ်ကောင် ခွေးတစ်ကောင် မဟုတ်ပေ။
သူ့ကို ငါးနှစ်ကြာပျိုးထောင်ခဲ့သည်မဟုတ်ပါလား။ ထိုကဲ့သို့သော အချိန်ကာလဖြင့် သူက ကျောက်တုံးတစ်တုံး ဖြစ်နေလျှင်တောင် ခံစားချက်များမှာ ငြိတွယ်နေလောက်ပြီဖြစ်သည်။ ရှရှင်းချန်ကဲ့သို့ အပြုအမူကောင်းသည့် ကလေးတစ်ယောက်ဖြစ်သော်လည်း ….
အကျိုးရလဒ်အနေဖြင့် ထိုမိသားစုသည် ငါးနှစ်အရွယ် ရှရှင်းချန်ကို မည်သည့်ခံစားချက်မျှမပါပဲ မိဘမဲ့ဂေဟာတွင် ပစ်ထားခဲ့လေသည်။
‘’မထားခဲ့ပါဘူး… စိတ်မပူနဲ့နော်… မာမားက သားလေးကိုဘယ်တော့မှ စွန့်မပစ်ဘူး....’’
အကောင်ပေါက်လေး၏ ဂရုစိုက်မှုလိုအပ်နေသည့် သနားစဖွယ်အမူအယာကြောင့် သူမခါးကိုကိုင်းလိုက်ကာ ပထမဆုံးအကြိမ် ထိုကောင်လေး၏ နဖူးအား နမ်းလိုက်သည်။
ထိုသည်မှာ သူမအတွက် တစ်စုံတစ်ယောက်ပေါ် အနမ်းပေးသည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
‘’ဟုတ်… ရှောင်ရှင်းက မာမားကို အမြဲတမ်းကာကွယ်ပေးမယ်...’’
‘’ငတုံးလေး… မာမားက အရွယ်ရောက်နေပြီ … ဘယ်နေရာက ကာကွယ်မှုလိုနေလို့လဲ … မာမားကသာ သားလေးကို ကာကွယ်ပေးရမှာ’’
ရှအန်း ကောင်ကလေး၏ နဖူးကို တောက်ကာ သူမခေါင်းကိုယမ်းလိုက်သည်။
‘’သွားရအောင်.. ဒီဆိုင်က သိပ်မကောင်းဘူး… မာမားက ဈေးဝယ်ဖို့ တခြားနေရာကို ခေါ်သွားပေးမယ်..."
‘’ဟုတ်.. ရှောင်ရှင်းက မာမားစကားကို နားထောင်ပါမယ်...."
ထိုနောက် ရှအန်းက သူမရွေးချယ်ထားသည့် အဝတ်များအားလုံးကို ပြန်ထားခဲ့လိုက်ပြီး ကောင်ပေါက်လေး၏ လက်က်ုကိုင်ကာ သူမ ဆိုင်ထဲမှထွက်သွားလိုက်သည်။
သူမ ရှရှင်းချန်လက်က်ုဆွဲပြီး ထွက်သွားချိန်တွင် ဗီအိုင်ပီအခန်းတံခါးမှာ ပွင့်သွားပြီး အရပ်ရှည်ရှည်သွယ်သွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
‘’ရှအန်း…’’
အမျိုးသားသည် မျက်မှောင်ကြုတ်ကာ ဝေးကွာသွားသည့် ပုံရိပ်အကိုကြည့်ရင်း အနက်ရောင်မျက်ဝန်းထဲတွင် ရှုပ်ထွေးသည့်အမူအယာများ ပြည့်နှက်သွားသည်။
အမျိုးသားသည် ဖုန်းအားထုတ်ကာ ရင်းနှီးနေသည့်နံပါတ်ကို တွေ့လိုက်သည်။ ထိုနံပတ်အားခေါ်ဆိုရန် ပြင်လိုက်စဉ်မှာပင် ကလေးတစ်ယောက်နှင့် အရွယ်ရောက် အမျိုးသမီးနှစ်ယောက်၏ အသံက သူ့ကိုနှောက်ယှက်သွားလေသည်။
‘’ယောကျာ်း…’’
‘’ဒယ်ဒီ…’’