Chapter 24
မတ်တပ်ရပ်နေရုံဖြင့် လူအားလုံးမှာ သူမ၏လှပမှု သန့်စင်မှု ကိုခံစားစေနိုင်သည်။
‘’အရင်ဝတ်လိုက်တဲ့ ဝတ်စုံကကြည့်ကောင်းပေမယ့်လဲ ဒီတစ်စုံနဲ့ကျတော့ ပိုကြည့်ကောင်းနေတယ်....."
ရှအန်းဝတ်ရမည့်ဝတ်စုံကို ကြည့်ပြီးနောက် ဟန်ယွဲ့ကျေနပ်သွားသည်။
ဓါတ်ပုံရိုက်ကူးရေး မလုပ်ရသေးသော်လည်း ရှအန်းကိုကြည့်လိုက်ရုံနှင့် သူမ၏ဓါတ်ပုံက အင်တာနက်တွင် ကြီးမားသည့် ရိုက်ခတ်မှုဖြစ်လာမည်ကို ခန်းမှန်းမိနိုင်သည်။
‘’ဒါပေမယ့် ဒီဝတ်စုံက ကျွန်မတို့ရဲ့ နောက်ခံအပြင်အဆင်နဲ့ မလိုက်ဖက်ဘူးထင်တယ်....'
ရှအန်း သူမ၏ရင်ဘတ်နားတွင် ပြန့်ကျဲနေသည့်ဆံပင်ရှည်ကို ဆတ်ကနဲဆွဲဖယ်လိုက်ရင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။
ထိုဝတ်စုံမှာ ဓါတ်ပုံရိုက်ကူးရေးအတွက်မျှသာ ဖြစ်သည်ကို သူမ နားလည်သော်လည်း ကမ္ဘာပျက်ကပ်နှင့် လုံးဝသက်ဆိုင်သည့်ပုံပေါက်မနေပေ။
ကမ္ဘာပျက်ကပ်တွင် လူတိုင်းသည် အပေအတေခံသည့် အရောင်မှိန်မှိန် အဝတ်များကိုသာ ဝတ်ဆင်ကြသည်။
‘’ပြီးတော့ ဒီဟာက နောက်ဆုံးနေ့ရဲ့ ကမ္ဘာပျက်ကပ် နောက်ခံအပြင်အဆင်ဆိုမှတော့ အဝတ်အစားတွေက အရမ်းသန့်ရှင်းနေတာ ဖြစ်သင့်လို့လား…’’
ကမ္ဘာပျက်ကပ်အတွေ့အကြုံရှိထားသည့် ရှအန်းအတွက်တော့ ထိုအပြင်အဆင်များမှာ သင့်တော်မနေပေ။
တခြားဝန်ထမ်းများမှာ ရှအန်းစကားကြောင့် ရွှင်မြူးသွားကြသည်။
‘’ဟားဟား… ရှအန်း .. မင်းက ဇွန်ဘီတွေရဲ့ဖန်လား… ဘာလို့ အဲ့လောက်ထိ အလေးအနက်ထားနေတာလဲ…’’
ဟန်ယွဲ့၏ပြောစကားကို နားထောင်ရင်း ရှအန်းစကားများသည် အဓိပ္ပာယ်ရှိသည်ဟု ရှုလင်း တွေးလိုက်မိသည်။ ထို့ကြောင့် သူ့လက်ကိုယမ်းပြလိုက်ကာ ဓါတ်ပုံရိုက်ကူးရေးကို ဗားရှင်းနှစ်မျိုးဖြင့် ရိုက်ကူးရန် ပြောလိုက်သည်။
တစ်မျိုးမှာ မူလရိုက်ကူးထားသည့်အတိုင်း ကမ္ဘာပျက်ကပ်မစခင်ကာလမှ ပုံများဖြစ်သည်။ နောက်တစ်မျိုးမှာ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် ဇွန်ဘီများ၏တိုက်ခိုက်မှု ခံရသောကြောင့် သွေးများဖြင့် လွှမ်းနေသောပုံဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် အယ်လန်မှာ ရှအန်းက်ု ကမ္ဘာပျက်ကပ်မတိုင်ခင် နောက်ခံနှင့် အရင်ဆုံး ဓါတ်ပုံရိုက်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ရှအန်း၏ ရုပ်ရည်မှာ ရိုးသားပြီးဖြူစင်သည့်အတွက် ကမ္ဘာပျက်ကပ်မတိုင်ခင်တွင် သန့်ရှင်းခြင်း ပျော်ရွှင်ခြင်းကို ခံစားရစေသည်။
သူမ တိတ်ဆိတ်စွာ ရပ်နေရုံဖြင့် ကမ္ဘာပျက်ကပ်မတိုင်ခင်မှ သန့်ရှင်းခြင်းနှင့် ပျော်ရွှင်ခြင်းပုံရိပ်ကို ပြသနေသည်။
မကြာခင်မှာပင် အယ်လန်မှာ ပထမပိုင်းအားရိုက်ကူးပြီးသွားသည်။
သို့သော်လည်း ရက်စက်မှုများနှင့်သွေးသံရဲသော ဒုတိယ ရိုက်ကူးရေးအတွက်မူ အယ်လန်သည် သူမအတွက် အတော်လေးခက်ခဲ့မည့် ဗားရှင်းဟု ခံစားလိုက်မိသည်။
ရှအန်း မိတ်ကပ်နောက်တစ်ကြိမ်ပြင်ဆင်နေချိန်တွင် ကမ္ဘာပျက်ကပ်၏ ရက်စက်မှုခံစားချက်အား ရှအန်းကို ရှင်းပြရန် အယ်လန် စဉ်းစားနေလေသည်။
သို့သော်လည်း ရှအန်း မိတ်ကပ်ပြင်ပြီး နောက်တစ်ကြိမ်ပြန်ထွက်လာသည်နှင့် မူလက ရိုးသားနူးညံ့သိမ်မွေ့သည့် သူမ၏ပုံစံသည် ကမ္ဘာပျက်ကပ်အတွေ့အကြုံရှိထားသည့် အမျိုးသမီးလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ သူမ၏မျက်နှာတစ်ခုလုံးတွင် မျှော်လင့်ချက်မဲ့နေမှုနှင့် မျက်လုံးအစုံမှာလဲ ကြမ်းတမ်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ မိတ်ကပ်နှင့်အဝတ်အစားဒီဇိုင်း ပြောင်းလဲသွားရုံဖြင့် ရှအန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မကောင်းဆိုးရွားဝိညာဉ်များ ပေါ်ထွက်နေသကဲ့သို့ ခံစားရစေသည်။
ရှအန်းသည် လူတိုင်းကို ကြောက်ရွံ့နေပုံပေါ်သည်။
ဒီလောက်သိသာတဲ့ပြောင်းလဲမှုကြီးက သူမရဲ့ သရုပ်ဆောင်စွမ်းရည်များလား…
သရုပ်ဆောင်မင်းသားတစ်ယောက်သာ ပြောင်းလဲနိုင်သည့် ထိုကဲ့သို့သော ရောင်ဝါမျိုးကို ရှအန်းကဲ့သို့ အလှပန်းအိုး သရုပ်ဆောင်မင်းသမီးတစ်လက်မှ လုပ်ပြသွားနိုင်သည့်အတွက် လူတိုင်းအား ထိတ်လန့်သွားစေသည်။
သူမအား တကယ်အထင်လွဲခဲ့မိသည်ဟု လူတိုင်း၏နှလုံးသားထဲမှ နားလည်သွားပုံပေါ်သည်။
သို့သော် ထိုပြကွက်မှာ ရှအန်း၏ တကယ့်အစစ်အမှန်ဖြစ်ကြောင်းကိုတော့ မည်သူမျှ မသိလိုက်ပေ။
ဖြူစင်သောမျက်နှာ၊ ဂရုမစိုက်သည့်ကာရိုက်တာ၊ ဖြောင့်မတ်သည့်ကာရိုက်တာ စသည်တို့သည် တကယ်တမ်းတွင်တော့ ရှအန်း မဟုတ်ခဲ့ပါချေ။
စစ်မှန်သောရှအန်းသည် ကမ္ဘာပျက်ကပ်တွင် ထွက်ပေါ်လာမည်ဖြစ်ပေသည်။
ထိုသို့ဖြင့် အယ်လန်သည် ဓါတ်ပုံရိုက်ရန်အတွက် ရှအန်းကို သင်ပြပေးရန်မလိုအပ်တော့ပေ။ သူ့အနေဖြင့် ပြီးပြည့်စုံနေသော ရှအန်း၏ အမူအယာကို ကင်မရာဖြင့် အဆင်သင့်ရိုက်ရန်သာ လိုအပ်တော့သည်။
ရှအန်း၏ သရုပ်ပြမှုမှာ ပြည့်စုံသည့်အတွက် ကင်မရာဖြင့်ရိုက်ကူးနေစဉ်တွင် အလွန်အင်မတန်မှ ကောင်းမွန်သည်ကို ခံစားလိုက်မိသည်။
‘’ကလစ်….ကလစ်…’’
သတိမထားမိခင်မှာပင် လျင်မြန်စွာဖြင့် ဓါတ်ပုံရိုက်ကူးမှုက ပြီးစီးသွားသည်။
‘’အိုကေ… ဒီပုံစံက ကောင်းတယ်....’’
‘’အံ့ဩစရာပဲ…’’
‘’လုံးဝပြည့်စုံတယ်....’’
………..
ဓါတ်ပုံရိုက်ကူးရေးပြီးချိန်တွင် နေ့ဝက်ခန့် ကုန်သွားပြီဖြစ်သည်။ နောက်ဆုံး ရှအန်း ထွက်ပြေးတော့မည်အချိန်တွင် အယ်လန်ဆီမှ အလုပ်ပြီးဆုံးကြောင်း အသံထွက်လာသည်။
ရိုက်ကူးရေးပြီးသည်နှင့်တပြိုင်နက် ရှအန်းသည် အဝတ်လဲခန်းသို့ အမြန်ပြေးသွားကာ မိတ်ကပ်များကို ဖယ်ရှားလိုက်ပြီး အဝတ်များအား ပြောင်းလဲဝတ်ဆင်လိုက်သည်။
‘’ဆာလို့သေတော့မယ်…’’
သူမ အဝတ်များလဲပြီးသည်နှင့် အလုပ်အရမ်းကြိုးစားခဲ့သည့် သူမကိုယ်သူမ ကောင်းကောင်းဂရုစိုက်ပြီး နှစ်သိမ့်ဖို့လိုအပ်နေပြီဟု ခံစားလိုက်မိသည်။
‘’ရှအန်း… မဂ္ဂဇင်းရိုက်ကူးဖို့ စိတ်ဝင်စားလား…’’
ရှအန်းသည် သူမ၏သားလေးနှင့် ညစာစားရန် စဉ်းစားနေစဉ် အယ်လန်၏အသံအား သူမ ကြားလိုက်ရသည်။
‘’မဂ္ဂဇင်းရိုက်ကူးရေးလား…’’
‘’ဟုတ်တယ်… ရှအန်း … မင်းကို ငါ့ရဲ့ မော်ဒယ်လုပ်ခိုင်းချင်တယ်’’
အကယ်၍ တခြားပုံမှန်ကြယ်ပွင့်တစ်ယောက်သာဆိုလျင် အယ်လန်၏ ဖိတ်ကြားချက်အား ကြားလိုက်သည်နှင့် ဝမ်းသာကြမည်ဖြစ်သော်လဲ….
ရှအန်း ကတော့….
‘’ ရှင် ကျွန်မကို ဘယ်လောက်ပေးမှာလဲ… ကျွန်မက ဈေးကြီးတယ်နော်…’’