အပိုင်း ၂၅
Viewers 29k

Chapter 25


‘’ကျွန်မက ဈေးကြီးတယ်…’’


ထိုစကားကို ကြားလိုက်ရသည့် အယ်လန်မှာ နေရာတွင်တောင့်တောင့်ကြီး အေးခဲသွားသည်။


ဖျော်ဖြေရေးလောကထဲတွင် နာမည်ကြီး ဓါတ်ပုံဆရာဖြစ်သော သူနှင့်အတူတူ ရိုက်ကူးခွင့်ရသည့် ကြယ်ပွင့်များမှာ သိပ်မများလှပေ။


ထိပ်တန်းဆယ်လီတွေတောင်မှ အယ်လန်ကို မျက်နှာသာပေး ရလေ့ရှိသည်။


အယ်လန်သည် ရှအန်းကို သူ၏သီးသန့်မော်ဒယ်ဖြစ်လာရုံသာမက အကြီးဆုံးပြည်တွင်း ဖက်ရှင်မဂ္ဂဇင်းအတွက် ရိုက်ကူးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။


သို့သော်လည်း ထိုမိန်းကလေးသည် စိတ်လှုပ်ရှားခြင်းမရှိရုံသာမက သူမ၏စိတ်အာရုံအားလုံးသည် ငွေအပေါ်တွင်သာ ရှိနေသည်။


အယ်လန်တွင် ပြောစရာစကားများ တစ်ခဏမျှ ပျောက်ရှသွားသည်။


ပုံမှန်ဆို မဂ္ဂဇင်းများဘက်မှ ငွေကြေးအများအပြားမပေးပေမယ့်လည်း သူ၏ဓါတ်ပုံရိုက်ကူးပေးခြင်းကို လိုချင်သည့် ကြယ်ပွင့်များသည် သူအား အခကြေးငွေပေးကြသည်။


ဖက်ရှင်မဂ္ဂဇင်း၏ ရှေ့ဆုံးမျက်နှာတွင် ပါဝင်ခွင့်ရချင်ကြသည့် ကြယ်ပွင့်များစွာရှိသော်လည်း မဂ္ဂဇင်းအေဂျင်စီဘက်မှ ပေးချေသည့် ငွေပမာဏသည် အတော်လေးနည်းပါသည်။


ယေဘုယျအားဖြင့် ပြောရလျင် နာမည်ကြီးကြယ်ပွင့်များသည် ထိုကဲ့သို့သော ငွေပမာဏများအား ဂရုမစိုက်ကြပေ။ သူတို့လိုချင်သည်မှာ မဂ္ဂဇင်းမှတဆင့် လူသိများလာခြင်းကိုသာဖြစ်သည်။


သူ ရှအန်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။ သူမပုံစံက နောက်ပြောင်နေသည်နှင့် လုံးဝ မတူပေ။ အဆုံးတွင်တော့ အယ်လန်ဘက်မှနေ၍ ခြောက်ကပ်စွာဖြင့် မေးလိုက်သည်။

 ‘’ ဘယ်လောက် ဈေးကြီးတာလဲ…’’


ရှအန်း၏ လှပသည့်မျက်နှာကို ကြည့်ပြီး သူမ၏အနုပညာကြေးသည် များပြားနေမည်ဆိုလျင်တောင် အယ်လန် အံ့ဩမည်မဟုတ်ပေ။


အဘယ့်ကြောင့်ဆိုသော် သူမ၏ထိုကဲ့သို့သောမျက်နှာအချိုးအစားက သူ့အားအလွန် စိတ်လှုပ်ရှားစေသည်။


နှစ်စဉ်ကျင်းပမြဲဖြစ်သော HS International Photography Awards ပြိုင်ပွဲစတင်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ရှအန်း၏ ဇာတ်ဝင်ခန်းအဝတ်အစားများနှင့် ရိုက်ကူးနေစဉ်တွင် ရုတ်တရက်စိတ်အားထက်သန်လာခြင်းဖြစ်သည်။


သူက ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ကြီးဓါတ်ပုံဆရာတစ်ယောက်ဖြစ်သော်လည်း သူ၏ရည်မှန်းချက်များမှာ ထိုနေရာတွင် ရပ်တန့်မသွားပေ။


သူ ကမ္ဘာကျော် နိုင်ငံတကာဓါတ်ပုံပညာရှင်တစ်ယောက် ဖြစ်ချင်သည်။


‘’ရှင် ကျွန်မကို ဘယ်လောက်ပေးနိုင်မလဲ…’’

 ရှအန်း ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ တကယ်တမ်းတွင် သူမ မော်ဒယ်နှင့်ပါတ်သတ်ပြီး ဘာမှမသိပေ။


ထို့ကြောင့် အယ်လန်းကို မေးခွန်းပြန်မေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ အယ်လန်၏အဖြေသာ အဆင်ပြေပါက သူမ လက်ခံမှာဖြစ်သည်။


ဘာပဲဖြစ်ဖြစ် ဓါတ်ပုံရိုက်ကူးရေးပြီးသည့်နောက် ထိုအရာသည် အလွန်လွယ်ကူသည်ဟု သူမခံစားလိုက်မိသည်မဟုတ်ပါလား….


မျက်နှာလေးက လှတယ် ပြီးတော့ ဓါတ်ပုံရိုက်တဲ့သူကလဲ ကောင်းတယ်ဆိုရင် သူမအနေနဲ့ ဒီတိုင်းမတ်တပ်ရပ်နေရုံပဲလေ…


‘’အာ… တကယ်တော့ … ပုံမှန်ဆိုရင် မဂ္ဂဇင်းဓါတ်ပုံရိုက်ဖို့အတွက် ဆယ်လီတွေက ပိုက်ဆံမတောင်းတတ်ကြဘူး… လူတိုင်းက သူတို့ကိုယ်သူတို့ မဂ္ဂဇင်းမှာ ကြေငြာနိုင်ဖို့အတွက် အလုအယက်ဖြစ်နေကြတာ…’’


များပြားလှတဲ့ကြယ်ပွင့်တွေက ပိုက်ဆံအကြောင်းအလေးအနက်မထားကြပဲ မဂ္ဂဇင်းမှာ သူတို့ကို ကောင်းကောင်းလေးကြေငြာပေးဖို့ကိုသာ တောင်းဆိုကြတာဖြစ်သည်။


ဟုတ်ပေသည်… သူတို့တွေသည် ထိပ်တန်းကြယ်တစ်ပွင့် ဖြစ်လျင်တောင် မဂ္ဂဇင်းကာဗာတွင် နေရာရမည်ဆိုပါက အခမဲ့ရိုက်ကူးပေးကြမည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ဒုတိယအဆင့်နှင့် တတိယအဆင့် ကြယ်ပွင့်များသာဆိုလျင် အပြေးအလွှားပင် ရောက်လာကြမည်ဖြစ်သည်။


ထို့ကြောင့် အယ်လန်သည် အချိန်ခဏမျှ မည်သို့ပြောရမည် မသိဖြစ်သွားသည်။ ထိုအသိုင်းအဝိုင်းနှင့်ပတ်သတ်မျှ သူ သိသလောက် အမှန်အတိုင်း ပြောပြလိုက်သည်။


အယ်လန်၏တန်ဖိုးအား ရှအန်းကြားလိုက်ပြီးနောက် အံ့ဩသွားသည်။


‘’ဒါဆို ရှင်က ပိုက်ဆံမပေးပဲ ဓါတ်ပုံရိုက်နေတာလား....’’


‘’အဲ့လိုဖြစ်မယ်ထင်တယ်… သွားလာစရိတ်, တည်းခိုစရိတ်တွေပေးရမယ်ဆိုရင်တော့ ထောင်ဂဏန်းနည်းနည်းလောက်ပါပဲ...."


အယ်လန်၏စကားအား နားထောင်ပြီးနောက် ရှအန်းသည် ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်သည်။

 ‘’ တောင်းပန်ပါတယ်… ကျွန်မ မရိုက်နိုင်ပါဘူး....’’


ပိုက်ဆံ ထောင်ပေါင်းများစွာလေ… အစားအစာအနည်းနည်းလောက် စားလိုက်ရုံနဲ့ အဲ့ဒါတွေ ကုန်သွားလိမ့်မယ်....


ရှအန်းဘက်မှ ငြင်းဆိုလိုက်သောအခါ အယ်လန်သည် ရှအန်း၏စရိုက်လက္ခဏာကို သဘောပေါက်သွားသည်။


‘’ ၄ သိန်း… မင်းကို ငါ့ကိုယ်ပိုင်မော်ဒယ်အဖြစ် ၄ သိန်းနဲ့ဝယ်မယ်....’’


တဖက်သို့လှည့်ရန်ပြင်နေသည့် ရှအန်းသည် ယွမ် ၄ သိန်းအကြောင်းကြားလိုက်သည်နှင့် ချက်ချင်းရပ်တန့်သွားသည်။


‘’ ၄ သိန်းနဲ့ ဝယ်မှာလား… ရှင်ဘာကို ဆိုလိုတာလဲ..’’


ရှအန်း ရပ်တန့်သွားသည်ကိုကြည့်ရင်း အယ်လန် စိတ်သက်သာရာ ရသွားသည်။


ကြည့်ရတာ သူ့နည်းလမ်းက အလုပ်ဖြစ်ပုံပဲ…


သူမသည် ပိုက်ဆံနှင့်ပတ်သတ်ပြီး အမာခံဖန်တစ်ယောက်ဖြစ်နေသည်။ အဲ့ဒါက သူမ၏ စိတ်နေစိတ်ထားအတွက် နိမ့်ပါးလွန်းကာ သူမ၏ နတ်သမီးကဲ့သို့ ရုပ်ရည်နှင့် မလိုက်ဖက်ပေ။


သို့သော်လည်း ရှအန်းတွင် ထိုကဲ့သို့သော အားနည်းချက်ရှိနေသည်၍ သူအတော်လေးပျော်သွားသည်။ မဟုတ်လျင် သူမကို မည်သို့ဆွဲဆောင်ရမှန်း သူ မသိပေ။


‘’အဲ့ဒါပဲ… နောက်နှစ်လအတွင်း နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲက စတော့မယ်… ကျွန်တော်က အဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်မှာဆိုတော့ ခင်ဗျားကို မော်ဒယ်အဖြစ်သုံးချင်တာပါ… တကယ်လို့ ကျွန်တော်တို့သာ ပထမဆုရခဲ့ရင် ဆုကြေးငွေဘောနပ်စ်က ယွမ် ၈ သိန်းတောင်ရမှာတဲ့....’’


ချန်ပီယံသာ ရခဲ့မည်ဆိုလျင် ဆုကြေးမှာ သူအတွက် လုံးဝအဖိုးမတန်ပေ။ အယ်လန်သည် ပိုက်ဆံရဖို့ထက် ပထမနေရာကိုရဖို့သာ ပိုဂရိုစိုက်သူဖြစ်သည်။


အကယ်၍ သူသာ International Photography Awards တွင် ဆုရခဲ့ပါက နောက်ပိုင်းတွင် ရရှိမည့် အကျိုးခံစားခွင့်များသည် ယွမ် ၈ သိန်းထက်ပင် ပိုနေမှာဖြစ်သည်။


တစ်ချိန်တည်းမှာပင် ရှအန်းသည်လည်း သူ၏မော်ဒယ်အဖြစ် ပထမနေရာရခဲ့ပါက သူမကို ပို၍တန်ဖိုးရှိစေမည်ဖြစ်သည်။


သူမသာ ကံကောင်းမည်ဆိုလျင် တခြားကြယ်ပွင့်များ လိုချင်သည့် နိုင်ငံတကာဖက်ရှင်လုပ်ငန်း ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲတွင် နေရာရလာမည်ဖြစ်သည်။


သို့သော်လည်း….


‘’ရှင်တကယ်လို့ ဆုမရဘူးဆိုရင် ကျွန်မရှင့်အတွက် မော်ဒယ်လုပ်ပေးတာက အလဟဿဖြစ်နေမှာပေါ့...."


ရှအန်း၏ အာရုံစူးစိုက်မှုအားလုံးသည် ငွေကြေးအပေါ်မှာသာဖြစ်သည်။ သူမအတွက် ထိုအရာသည် အရေးကြီးသည့်အခွင့်အလမ်းတစ်ခုမဟုတ်ပေ။


အယ်လန် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။


ဒီမိန်းကလေးက ဖျော်ဖြေရေးနယ်ပယ်က ဆယ်လီတွေနဲ့မတူဘူးလို့ ဘာလို့များ သူထင်ခဲ့ပါလိမ့်…


အယ်လန်ပြောစကားထဲမှ အကျိုးကျေးဇူးများကို ရှအန်းနားမလည်သည်မှာ ပုံမှန်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူမသည် ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ဆယ်လီတစ်ယောက်ကဲ့သို့ ဆက်လက်ရပ်တည်မည် ရည်ရွယ်ချက် မရှိသောကြောင့်ဖြစ်သည်။


‘’အာ…. မင်းမော်ဒယ်ဖြစ်ချင်ပြီး ငါ့ရဲ့ ဓါတ်ပုံရိုက်ကူးရေး ကျွမ်းကျင်မှုနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ပထမနေရာရဖို့က အသေအချာပဲ....’’ 

အယ်လန်သည် သူ၏နှစ်ပေါင်းများစွာ ဓါတ်ပုံရိုက်ကူးလာသည့် အတွေ့အကြုံဖြင့် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။


သူသာ ယုံကြည့်မှုမရှိရင် သူရိုက်ထားတဲ့ ဓါတ်ပုံတွေအားလုံး အလကားဖြစ်နေမှာပေါ့…


ရှအန်း၏မျက်နှာနှင့် သူ၏တီထွင်ဖန်တီးနိုင်မှုများကိုသာ ပေါင်းစပ်လိုက်မည်ဆိုလျှင် ကျိန်းသေအနိုင်ရမည်ဟု သူ ယုံကြည်သည်။ HS International Photo Contest တွင် မည်သည့် တရုတ်လူမျိုးမှ ပထမဆု မရရှိသေးပေ။


HS International Photo Contest တွင် ပထမဆုရရှိဖို့အရေး အယ်လန်သည် ထိုစကားလုံးများအား ယုံကြည်ချက်ရှိစွာဖြင့် ပြောပြီးနောက် ရှအန်း၏ တုန့်ပြန်ချက်မှာ….


‘’တကယ်တော့ ရှင့်ရဲအနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ… ကိုယ့်ကိုကိုယ် အရမ်းအထင်မကြီးပါနဲ့....’’


ရုတ်တရက်ပင် အယ်လန်ခေါင်းပေါ်သို့ ရေအေးများဖြင့်လောင်းချ ခံလိုက်ရလေသည်။