Chapter 32
မတော်တဆမှု၏ စတင်သူ ဟယ့်ရှောင်ရှောင်သည် ထိုအဖြစ်အပျက်ကြီးထွားလာသည်ကို ကြည့်ရင်း ဒေါသထွက်လာသည်။
ဝေ့ပေါ် ပေါ်တွင် လူအဝင်အထွက်များစေရန် ထပ်မံကြိုးစားလိုက်ရုံဖြင့် သူမ၏ကျော်ကြားမှုကို ဈေးပေါသည့်တစ်စုံတစ်ယောက်က ခိုးယူလိုက်မည်ဟု မထင်ခဲ့မိပေ။ အဆိုးဆုံးမှာ နက်ဝက်ဘ်တစ်ခုလုံးက သူမကို အစားထိုးဖို့ တောင်းဆိုနေခြင်းပင်ဖြစ်သည်။
ကံကောင်းစွာဖြင့် ဟိုအရင်ကတည်းက ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည့်အတွက် ဟယ့်ရှောင်ရှောင် စိတ်ပူစရာမလိုပေ။ သို့သော်လည်း အင်တာနက်ပေါ်ရှိ လူအများ၏တောင်းဆိုမှုမှာ အလျှင်အမြန်တိုးတက်လာသည့်အတွက် အနည်းငယ်စိုးရိမ်လာသည်။
ကုမ္ပဏီဘက်မှ သူမအားလျော်ကြေးငွေပေး၍ ဓါတ်ပုံထဲမှ ဘယ်သူမှန်းမသိသည့် တခြားသူတစ်ယောက်နှင့် အစားထိုးလိုက်မည်ကို သူမ သဘောမတူနိုင်ပေ။
ထိုအတွေးဖြင့် ဟဲရှောင်ရှောင်သည် ဒီနေ့၏နောက်ဆုံးပိုစ့်ကို ဝေ့ပေါ် တွင်တင်လိုက်သည်။
[😊 ငါကအဟော့ဆုံး V : ဒီနေ့က သူများအသုံးချတာခံလိုက်ရတဲ့ ငါ့အတွက်တော့ တကယ်စိတ်ပျက်စရာနေ့ပဲ…. ငါ့လို အင်တာနက်ဆယ်လီလေးတစ်ယောက်ကို ဘာလို့များ မျက်စိကျနေကြလဲဆိုတာ နားမလည်ဘူး… အရှင်းဆုံးပြောရရင် နင်သာတကယ်ချောပြီး ကြည့်ကောင်းတယ်ဆိုရင် ငါ့ဆီလာမနေနဲ့တော့လေ… နင်က အဲ့ဒီ မာကတ်တင်းနဲ့ hot search ကိုဝယ်နိုင်တဲ့အထိ ချမ်းသာပါတယ်… နောက်ဆုံးတစ်ခေါက် ငါပြောခဲ့သလိုပဲ ငါက ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးပြီ… အဲ့ဒီတော့ ငါ့နေရာမှာအစားထိုးချင်ရုံနဲ့ အင်တာနက်ပေါ်ကနေ ဖန်အတုအယောင်တွေဝယ်ပြီး ငါ့ကိုလာတိုက်ခိုက်မနေနဲ့ ]
[စာချုပ်ပုံ]
ပိုစ့်မှာ အလွန်မှန်ကန်ပြီး တိကျနေသည့်စာချုပ်ဖြစ်သည့်အတွက် အင်တာနက်အသုံးပြုတစ်ချို့သည် ထိုကိစ္စအား လွန်ကဲစွာတုန့်ပြန်လိုက်သည်ဟု ခံစားသွားကြသည်။
ထိုအချိန်တွင် ပေါက်ကွဲလုမတတ်ဖြစ်နေသော ဟယ့်ရှောင်ရှောင်သည် သူမအားအနှောက်အယှက်ပေးသည့် ထိုအမျိုးသမီးကို သတ်ရန်အတွက် မားကတ်တင်းအကောင့်တစ်ခုကိုဝယ်လိုက်သည်။ သို့သော်လည်း သူမ ထင်မှတ်မထားသည်မှာ သူမတိုက်ခိုက်ရန်ကြိုးစားနေသည့် ထိုအမျိုးသမီးသည် ထိုကိစ္စကို လုံးဝမသိသေးပေ။
ဟဲရှောင်ရှောင်တစ်ယောက် ပူလောင်နေချိန်တွင် တဖက်မှ ရှအန်းသည် အွန်လိုင်းပေါ်မှ အစားအစာ ထုတ်လွှင့်ပြသည့် ဗီဒီယိုများကို ကြည့်နေသည်။
သူမ အွန်လိုင်းပေါ် ထုတ်လွှင့်ပြသရန် ဖောင်တင်ချိန်တွင် -
‘’ဘာ… ထုတ်လွှင့်လို့ရတဲ့ လက်ဆောင်ဝင်ငွေတွေကို ဝဘ်ဆိုက်က တဝက်တောင်ဖြတ်တယ် … ဘာလို့လဲ..’’
စာချုပ်ပါ စည်းကမ်းချက်များကို ကြည့်ရင်း ဒေါသထွက်လာသည်။ သူမ အပေါ်အခွင့်ကောင်းယူတာမျိုး လက်မခံနိုင်ပေ။ သူမ ခက်ခက်ခဲခဲဖြင့် ရှာထားသည့်အကျိုးအမြတ်၏ ၅၀ ရာခိုင်နှုန်းအား တခြားသူဆီမှ အမြတ်ထုတ်ခြင်းခံရမည်ကို လက်မခံနိုင်ပေ။
ထို့နောက်
‘’ထားလိုက်ပါတော့ မော်ဒယ်ပဲလုပ်တော့မယ်’’
ရှအန်း သူမဆီမှပိုက်ဆံတွေကို တခြားသူတွေက အမြတ်ထုတ်နေတယ်ဆိုသည့် ခံစားချက်ကို လက်မခံနိုင်ပေ။
တစ်ဒေါ်လာတောင် မပေးနိုင်ဘူး....
‘’မာမား… သားခြေထောက်ဆေးပြီးပြီ...."
ရှအန်း ကွန်ပျူတာကိုပိတ်ပြီး အဝတ်အစားလဲကာ ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်သွားသည်။
ဝဘ်ဆိုက်ကို ၅၀ ရာခိုင်နှုန်းအမြတ်ပေးရမည့် ကိစ္စကြောင့် အစားအသောက်စားရင်းဖြင့် ထုတ်လွှင့်ပြသမည့် သူမ၏အကြံအစဉ်ကို လုံးဝလက်လျော့လိုက်သည်။
သို့သော်လည်း သူမ ထိုအကြောင်းကို စဉ်းစားနေဆဲဖြစ်သည်။
ငါ့မှာ အစားစားချင်စိတ်ရှိရက်သားနဲ့ ကောင်းကောင်း အသုံးမချလိုက်ရတာ နှမြောစရာပဲ...
ကမ္ဘာပျက်ကပ်နေရက်များ၌ ဆင်းဆင်းရဲရဲဖြင့် ရှင်သန်လာရသည့် ရှအန်းသည် ငြိမ်းချမ်းသည့်ကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် ငွေရှာရန်မှာ သူမအတွက် အမှန်တကယ် အရေးကြီးသည့်ကိစ္စဖြစ်သည်။ သူမ နှလုံးသားထဲမှ တစ်ခုတည်းသော အိမ်မက်သည် ထိုကဲ့သို အလွန်ရိုးရှင်းလေသည်။
ငြိမ်းချမ်းသည့်ကမ္ဘာသို့ရောက်ပြီးနောက် သူမရခဲ့သည့်ဘဝကို မြတ်နိုးရမည်ဖြစ်သည်။ ထို့ကြောင့် သူမ၏အတွေးများမှာ ရိုးရှင်းလှပေသည်။
ပိုက်ဆံများများရှာရမယ်၊ အရသာရှိတာတွေ များများစားရမယ်၊ ပြီးရင် သက်သောင့်သက်သာရှိမယ့် အိမ်အကြီးကြီး တစ်လုံးဝယ်ရမယ်… နောက်ဆုံးက ဒီကမ္ဘာမှာ အသက်ကြီးတဲ့အထိ ပျော်ပျော်ရွှင်ရွှင်နေရမယ်....
ထို့ကြောင့် ယခုအချိန် ရှအန်း၏ခေါင်းထဲတွင် ပိုက်ဆံရှာပြီး ပျော်ရွှင်ရန်သာ ရှိသည်။
ရေချိုးပြီးနောက် ရှအန်း လန်းဆန်းသွားသည်။ ရေစိုနေသည့် သူမဆံပင်အား သဘက်ဖြင့်သုတ်လိုက်ပြီးနောက် အသားအရေထိန်းသိမ်းခြင်းကို လစ်လျူရှုကာ အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။
သူမ လည်ပင်းမှ စန်းယုံအော်ပရာ ပုတီးစေ့လည်ဆွဲကို ချွတ်လိုက်ပြီး အကောင်ပေါက်လေးကို ဆွဲပေးရန်ပြင်လိုက်စဉ် လည်ဆွဲမှ အနည်းငယ်ပြောင်းလဲမှုကို သတိထားလိုက်မိသည်။
‘’အဲ့ဒါက ဈေးပေါတဲ့ပလတ်စတစ် အတုနဲ့လည်း မတူပါဘူး...."
သူမလက်ထဲမှ ကျောက်စိမ်းလည်ဆွဲ ပိုမိုပြောင်လက်ပြီး ကြည်လင်လာသည်ကိုကြည့်ပြီး ရှအန်းတွေးလိုက်မိသည်။
ကျောက်စိမ်းက သင့်ကိုပံ့ပိုးပေးမယ်, သင်က ကျောက်စိမ်းကိုပံ့ပိုးပေးမယ်....
သူမနှင့် အကောင်ပေါက်လေးက ထိုလည်ဆွဲကို နေ့တိုင်းဝတ်ကတည်းက သူမ၏ခန္ဓာကိုယ် တဖြေးဖြေးတိုးတက်လာခဲ့သည်။
အချိန်အကြာကြီးဝတ်ထားလိုက်တာနဲ့ ကျောက်စိမ်းအတုက အရောင်ပိုထွက်ပြီး တောက်ပလာနိုင်လို့လား…
ထိုအတွေးဖြင့် ရှအန်း နူးညံ့စွာရယ်လိုက်ရင်း သူမလက်ထဲမှ လည်ဆွဲကို ထိလိုက်သည်။
‘’လိမ်လိမ်မာမာနေနော်… နင်က ကျောက်စိမ်းတုံးအကောင်းစားလေးဖြစ်ရမယ်...."
ရှအန်း ပေါ့ပေါ့ပါးပါးဖြင့် ဟာသပြောလိုက်သော်လည်း မမျှော်လင့်စွာဖြင့် နဂါးတစ်ကောင်၏အော်သံကို စိတ်ထဲမှကြားလိုက်ရသလို ခံစားလိုက်မိသည်။
ထိုအသံမှာ သူမ အိမ်မက်ထဲက နဂါးအသံနှင့် တစ်ထပ်တည်းဖြစ်သည်။ နဂါး၏အသံမှာ တိုးလွန်းသော်လည်း သူမ သေချာကြားလိုက်ရသည်။
ထူးဆန်းသည်မှာ သူမ နဂါးအိမ်မက်မက်ပြီးသည့်နောက် အကောင်ပေါက်လေးကို ထိုအကြောင်းမေးသော်လည်း ကလေးဆီမှ ထူးခြားသည့်အဖြေကို မကြားခဲ့ရပေ။
‘’ထူးဆန်းလိုက်တာ...."
သူမလက်ထဲမှ စန်းယုံအော်ပရာပုတီးစေ့လည်ဆွဲကို ကိုင်ထားရင်း ခဏကြာစဉ်းစားနေသော်လည်း ယခုအဖြစ်အပျက်များကို သူမ နားမလည်နိုင်ပေ။
ထားလိုက်ပါတော့….
သူမ လည်ဆွဲကိုယူကာ အိမ်ခန်းထဲသို့ လမ်းလျှောက်သွားသည်။ အကောင်ပေါက်လေးသည် လိမ်မာစွာဖြင့် သူမကို အိမ်ယာပေါ်မှ စောင့်နေသည်ကို တွေ့လိုက်ရသည်။
‘’လာပါဦး… မာမီက သားကိုဆွဲပေးမလို့...."
ထို့နောက် အကောင်ပေါက်လေးလည်ပင်းတွင် လည်ဆွဲကို ဆွဲပေးလိုက်သည်။
အကောင်ပေါက်လေးမှာ ခေါင်းကိုငုံ့ပြီး ကျောက်စိမ်းလည်ဆွဲကို ကြည့်လိုက်သည်။ သူ တစ်စုံတစ်ခုကို ပြောချင်သော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
အဆုံးမှာတော့ ဘာစကားမှ မပြောဖြစ်တော့ပဲ
‘’မာမား… ကောင်းသောညပါ…’’
‘’လိမ်မာတဲ့ကလေးလေး… ကောင်းသောညပါ…’’
သူမ မီးမှိတ်လိုက်သည်နှင့် အမှောင်ထုသည် အခန်းထဲသို့ ခြုံလွှမ်းသွားသည်။
အမှောင်ထဲတွင် အကောင်ပေါက်လေးက မျက်စိမှိတ်ထားသော ရှအန်းကို ကြည့်ရင်း…
‘’မာမား… အနာဂါတ်မှာ သားက မာမားကို ကာကွယ်ပေးသွားပါ့မယ်...."
အမျိုးသားလေးသည် သူ၏လည်ပင်းမှ လည်ဆွဲကိုထိလိုက်ရင်း ရေရွက်လိုက်သည်။
………….
မနက်ခင်းတွင် ချိုမြိန်စွာအိပ်ပျော်နေသောရှအန်းသည် သူမ ဖုန်း၏တုန်ခါမှုကြောင့် နိုးလာသည်။
သူမမျက်လုံးကိုဖွင့်လိုက်ပြီး ဖုန်းကို လက်ထဲတွင်ကိုင်ရင်း တွေးလိုက်မိသည်။ ထိုကဲ့သို့ မနက်စောစောတွင် သူမအား ဖုန်းခေါ်သူမှာ ဟန်ယွဲ့ပင်ဖြစ်မည်။
‘’ဟေး… ဟန် .. ဘာကိစ္စရှိလို့လဲ…’’
ရှအန်းနှင့်ဟန်ယွဲ့၏ အကျင့်စရိုက်သည် အတော်လေးတူညီသည်။ သူတို့နှစ်ယောက်လုံးသည် တည့်တိုးသွားတတ်သည့် လူများဖြစ်သည်။ နှစ်ဦးစလုံးသိကြသည်မှာ မကြာသေးသလို အသက်အရွယ်မှာ အနည်းငယ်ကွာခြားသော်လည်း ကောင်းမွန်သည့် လိုက်လျောညီထွေရှိကြသည်။
‘’အာ… ရှအန်း… ဘာလဲ.. ငါတစ်ခုခု ပြောမှာကို စောင့်နေတာလား.. စိတ်မဆိုးပါနဲ့...."
မူလက ရှအန်း မျက်လုံးမှိတ်လျက်နှင့်ပင်ဖုန်းပြောနေတာဖြစ်ပြီး ဟန်ယွဲ့စကားကြားပြီးနောက် သူမ မျက်လုံးမှာ ချက်ခြင်းပြူးသွားသည်။
‘’ဘာကိစ္စလဲ.. ပိုက်ဆံကိစ္စလား…’’
တဖက်ဖုန်းမှ ဟန်ယွဲ့ အနည်းငယ်အေးခဲသွားသည်။
‘’အာ… ပိုက်ဆံနဲ့ ဘာမှမဆိုင်ဘူး’’
‘’အိုး.. အဲ့ဒါဆို စိတ်မဆိုးဘူး’’
‘’……’’