အပိုင်း ၃၄
Viewers 29k

Chater 34


ရှအန်းအိပ်ယာပေါ်မှ ထထိုင်ကာ သူမဘေးတွင် ဘောလုံးလေးကဲ့သို့ ကောင်းကောင်းအိပ်ပျော်နေသည့် အကောင်ပေါက်လေးကို ကြည့်လိုက်သည်။ ပန်းရောင်နှုတ်ခမ်း၊ မျက်တောင်ရှည်လေးများနှင့် နူးညံ့သည့်ကလေးလေးသည် အလွန်ချစ်စဖွယ်ကောင်းလှသည်။


ဘောလုံးသေးသေးလေးကို ရှအန်းကြည့်ရင်း ချက်ချင်းပျော်သွားသည်။


ဝိုး… သူလေးကို ကြီးပျင်းလာအောင် ပျိုးထောင်ရတာလည်း မဆိုးလှပါဘူး....


သူလေးက ချစ်ဖို့ကောင်းရုံတင်မက နာခံတတ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသည့် ကျန်းမာရေးမကောင်းသောဗီလိန်နှင့် လုံးဝမတူပေ။


အသံထွက်ကာအိပ်ပျော်နေသော အကောင်ပေါက်လေးကိုကြည့်ရင်း အနှောက်အယှက်မပေးတော့ပဲ သူမ အိပ်ယာထဲမှထွက်လိုက်သည်။


မျက်နှာသစ်ပြီးနောက် ဖုန်းကိုကိုင်လိုက်ရင်း ခါတိုင်းကဲ့သို့ပင် များပြားလှသည့် မနက်စာမှာရန်ပြင်ပြီးနောက် ရုတ်တရက် သူမသားလိမ္မာလေးအတွက် မနက်စာချက်ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။


ထိုအကြံရပြီးနောက် သူမ ချက်ချင်းပင် တက်ကြွလာကာ မီးဖိုချောင်ထဲသို့သွားပြီး ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။ အသီးနှင့်မုန့်များပြည့်နှက်နေသည့် ရေခဲသေတ္တာကို ကြည့်ရင်း သူမ နေရာမှာတင် အေးခဲသွားသည်။


‘’အိုး… ထားလိုက်ပါတော့ အစားအစာတွေ အော်ဒါမှာလိုက်တာပဲကောင်းပါတယ်....."


သူမ အစားအသောက်များ အော်ဒါမှာရန် ပြင်လိုက်ပြန်သည်။ ထိုအချိန်တွင် အင်တာနက်ပေါ်ရှိ သူမအကြောင်းသည် အလွန်အသက်ဝင်နေသည်ကိုတော့ မသိလိုက်ပေ။


ဟန်ယွဲ့ ပြောသကဲ့သို့ပင် ဟယ့်ရှောင်ရှောင်၏ ဆက်တိုက်အပြုအမူများက သူမကို မည်သည့်အန္တာရာယ်မှ မဖြစ်စေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ပို၍လူသိများပြီး ကျော်ကြားလာသည်။


ရှအန်းနှင့်ဖုန်းပြောပြီးနောက် ဟန်ယွဲ့သည် တုန့်ဆိုင်းမနေပဲ “Come on, Challenger!” ၏ တရားဝင် Weibo အကောင့်မှ အခြေအနေများကို ထုတ်ပြန်ကြေငြာလိုက်သည်။


Weibo ပေါ်တွင် ထိုထုတ်ပြန်ချက် ကြေငြာပြီးသည့်နောက် ဟယ့်ရှောင်ရှောင်၏လှုပ်ရှားမှုများအား စောင့်ကြည့်နေသည့်လူထုကြီးသည် ချက်ချင်းပင် ထိုဘက်သို့လှည့်သွားကြပြန်သည်။


[“Come on, Challenger!” V: ကျွန်တော်တို့ ပရိုဂရမ်က ပါဝင်သူအမျိုးသမီးနှစ်ယောက်ကို ပရိတ်သတ်တွေက ပြင်းပြင်းထန်ထန် ဂရုစိုက်တယ်ဆိုတာကို ဒီမနက်ကပဲ သိလိုက်ပါတယ်… ဒါကြောင့် ဒီမှာပဲရှင်းပြပါရစေ… ဟယ့်ရှောင်ရှောင်က ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အမျိုးသမီးပါဝင်သူ တစ်ယောက်ဖြစ်ပါတယ်… ကျွန်တော်တို့ ရှိုးမှာ နောက်ထပ်အမျိုးသမီးပါဝင်သူ တစ်ယောက်လဲ ရှိပါသေးတယ်…. ဒါကြောင့် အမျိုးသမီးပါဝင်သူ အပြောင်းအလဲနဲ့ပါတ်သတ်ပြီး အငြင်းပွားစရာမလိုတော့ပါဘူး… ကျွန်တော်တို့ရှိုးရိုက်ကူးရေးအဖွဲဘက်ကနေပြီး အားလုံးရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းပေးမှာပါ… ဒါကြောင့် ကျွန်တော်တို့ရဲ့ ထုတ်လွှင့်မှုကို စိတ်အေးအေးထားပြီးစောင့်နေပေးကြပါ….. ဒီနေရာမှာ ရှင်းပြချင်တာက အမျိုးသမီးပါဝင်သူနှစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းဝတ်စုံ တူညီနေတဲ့အကြောင်းပါ…. အဲ့ဒီနေ့က ကျွန်တော်တို့ဝန်ထမ်းဘက်ကနေပြီး ဝတ်စုံမှားထုတ်ပေးလိုက်လို့ပါ… အဲ့ဒါကြောင့် အင်တာနက်မှာ ပြန့်သွားတာပါ… ဒါကတော့ အမျိုးသမီးပါဝင်သူနောက်တစ်ယောက်ရဲ့ ဝတ်စုံပါ]


(ဓါတ်ပုံ)


ရှည်လျားသည့် Weibo ပေါ်မှ ကြေငြာချက်သည် များပြားလှသည့် လူထု၏အာရုံကို ဆွဲဆောင်သွားပြန်သည်။


ဓါတ်ပုံထဲကအလှလေးသည် ဟယ့်ရှောင်ရှောင်၏ ထုတ်ဖော်မှုကြောင့် ရှိုးတွင်ပါဝင်သူဖြစ်နေမည်ဟု မည်သူမျှ မျှော်လင့်မထားပေ။


ထိုသတင်းသည် ဟယ့်ရှောင်ရှောင်အပါအဝင် တခြားသူများကိုပါ အထိတ်တလန့်ဖြစ်သွားစေသည်။ ဟယ့်ရှောင်ရှောင်သည် သူမမျက်နှာအား ဖြတ်ရိုက်သလိုခံစားသွားရပြီး အမှန်တကယ်အရှက်ရသွားသည်။


လူအုပ်ကြီးမှာ ဟယ့်ရှောင်ရှောင်၏အရှက်ရမှုကို ဂရုထားပြီး မရယ်မောနိုင်သေးပေ။


သူတို့၏ စိတ်အာရုံသည် တရားဝင်အကောင့်မှ ကြေငြာထားသည့် ဓါတ်ပုံပေါ်တွင်သာရှိနေသည်။ ဓါတ်ပုံထဲရှိ မိန်းကလေးသည် အဖြူနှင့်မီးခိုရောင်စပ်ထားသည့် sailorဝတ်စုံကို ဝတ်ထားပြီး သူမ၏ ဖြူဖွေးလှပသောခြေတံလေးက ဖြောင့်စင်းနေပြီး မည်းနက်နေသောဆံပင်များကို အနောက်တွင်ချထားလေသည်။


တိတ်တဆိတ်တိုက်ခတ်လိုက်သည့်လေကြောင့် ဆံပင်များသည် အနောက်သို့လွင့်သွားပြီး သူမ၏ မျက်နှာအစိတ်အပိုင်းသေးသေးလေးကိုသာ မြင်နေရသည်။


(ဒီမိန်းကလေးက အရမ်းလှတာပဲ… သူမ မျက်နှာကို မမြင်ရပေမယ့် ငါ့ရဲ့အနာဂါတ်ယောကျာ်းကို တိုင်တည်ပြီးပြောရမယ်ဆိုရင် သူမက အရမ်းလှတဲ့မိန်းကလေးဖြစ်မယ်ဆိုတာ အသေအချာပြောရဲတယ်)


(နတ်ဘုရားမက အရမ်းဆက်ဆီကျတယ်လို ထင်ထားပေမယ့် အခုလိုလေးလဲ ဖြူစင်နေမယ်လို့ မထင်ခဲ့မိဘူး)


(ဒီဇတ်ဝင်ခန်းဝတ်စုံက ဟယ့်ရှောင်ရှောင်ဝတ်ထားတာတက်တောင် ပိုလှနေသေးတယ်… ငါတော့ ဒီညီမလေးကို သဘောကျနေမိပြီ)


(ဒါဆို ဒီညီမလေးက ဘယ်သူလဲဆိုတာ အတိအကျပြောပေးနိုင်မလား… တရားဝင် ဝေ့ပေါ် အကောင့်က တော်တော်အဆိပ်ပြင်းတာပဲ… သူတို့ရဲ့ အမျိုးသမီးပါဝင်သူကိုတောင် မဖော်ပြပေးဘူး (╯ ‵ □ ′) ╯︵┻━╯︵┻ ]


ရှအန်းဓါတ်ပုံသည် ဝေ့ပေါ် ပေါ်တွင် ရှာဖွေမှုအများဆုံးစာရင်းတွင် ပါဝင်သွားပြန်သည်။ 


ထိုအခြေအနေသည် ဟယ့်ရှောင်ရှောင်၏ နှလုံးသားကို မတည်မငြိမ်ဖြစ်စေသည်။ သူမသည်လည်း ထိုရှိုးတွင် ပါဝင်သူတစ်ယောက်ဖြစ်သည့်တိုင် ထုတ်လုပ်ရေးအဖွဲက ရှအန်းဘက်မှ နေပေးသည်ကို သူမ နားမလည်နိုင်ပေ။


လူတိုင်းမမှတ်မိနိုင်သည့် အမျိုးသမီးပါဝင်သူကို ကြည့်ရင်း ဟယ့်ရှောင်ရှောင် သည် ထိုမိန်းကလေးကို သူမထက်ပရိတ်သတ်နည်းသည့် ယခုမှပွဲဦးထွက်လာသော တက်သစ်စ သရုပ်ဆောင်တစ်ဦး ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ 


ရှိုးအဖွဲ့သားတွေက ဘာလို့ သူမကို အရမ်းကူညီနေရတာလဲ…


ဟယ့်ရှောင်ရှောင်သည် ထိုမတော်တဆအဖြစ်အပျက်မှာ သူမကြောင့်ဖြစ်ရသည်ကို မေ့သွားသည်။


သူမသည် မတူကွဲပြားစွာဆက်ဆံခံနေရသည်ဟု ခံစားလိုက်ရသည်။ သူမသည်လည်း အွန်လိုင်းအမျိုးသမီးဆယ်လီ မဟုတ်တော့ဘဲ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ကူးပြောင်းလာသည်ကို လုံးဝမေ့လျော့သွားသည်။


ဓါတ်ပုံတင်လိုက်သည့် လက်ထောက်လေးက ပွင့်ပွင့်လင်းလင်းပင် တောင်းပန်လိုက်သည်။


[ငါ့ရဲ့အမျိုးသားနတ်ဘုရားက သရုပ်ဆောင်အဟောင်းပဲ - ဒီပွဲတစ်ခုလုံးက ဒုတိယအမျိုးသမီးပါဝင်သူဘက်က စီစဉ်ထားတာမဟုတ်ကြောင်း ငါသက်သေပြနိုင်တယ်… ပြီးတော့ ငါ့နဲ့ သူမကသူငယ်ချင်းတွေလည်းမဟုတ်ဘူး… အဲ့နေ့ ဓါတ်ပုံရိုက်တုန်းက ကျွန်မဆိုတာ အဝတ်လဲခန်းထဲကလက်ထောက်လေးတစ်ယောက်ပါပဲ…. ပြီးတော့ ဒီပုံကို တမင်သက်သက်တင်ချင်လို့မဟုတ်ရပါဘူး… ကျွန်မ ရဲ့ အမျိုးသားနတ်ဘုရားကို ဟယ့်ရှောင်ရှောင်အသုံးချနေတာမြင်တော့ စိတ်မထိန်းနိုင်ပဲ အဲ့ဓါတ်ပုံကို တင်လိုက်မိတာပါ… ကျွန်မရဲ့ ဆက်တိုက်အမှားတွေကို တောင်းပန်ပါတယ်… ပြီးတော့ ဒုတိယအမျိုးသမီး ပါဝင်သူကိုလဲ တောင်းပန်ပါတယ်]


လက်ထောက်လေး၏ ဝေ့ပေါ် ပေါ်တင်လိုက်သည့်  ပို့စ်ကြောင့် ဟဲရှောင်ရှောင် လုံးဝအေးခဲသွားသည်။


တကယ်လို့  ဟယ့်ရှောင်ရှောင်သာ ဘာပို့စ်မှ မတင်ခဲ့ဘူးဆိုရင် အင်တာနက်အသုံးပြုသူ တွေလည်းရှအန်းအကြောင်းကို အာရုံစိုက်ကြမည်မဟုတ်ပေ။


ယခုတော့ သူမ၏ အပြုအမူကြောင့် လူတိုင်း စိတ်အနှောက်အယှက်ဖြစ်သွားကြသည်။


အကျိုးရလဒ်အနေဖြင့် ရှအန်းကို အနည်းငယ်သနားသွားကြပြီး … များပြားလှသည့် အင်တာနက်အသုံးပြုသူ တွေဆီမှ သနားမှုအမြောက်အများကို ရရှိသွားသည်။


(အိုး… ဟယ့်ရှောင်ရှောင်က တကယ်မကောင်းတဲ့သူပဲ… ဒုတိယပါဝင်သူ အမျိုးသမီးလေး သူအနိုင်ကျင့်တာများခံနေရမလားပဲ....)


(ငါ့ရဲ့ နတ်ဘုရားမလေး အနိုင်ကျင့်ခံနေရမလားဆိုတာ ငါလဲစိတ်ပူမိတယ်… သူမကိုကြည့်ပါဦး ငါ့ရဲ့ ညီမလေးက တကယ်ကိုပဲ နူးညံ့ပြီး အားနည်းနေတဲ့ပုံလေးနဲ့… ငါတကယ်ကို စိတ်ပူနေမိပါပြီနော်)


(စိတ်မကောင်းလိုက်တာ.. ငါ့ရဲ့ ညီမလေးက အဲ့လိုလူမျိုးနဲ့အတူတူ အလုပ်တွဲလုပ်ရတယ်လို့… ရှိုးကလူတွေကို တောင်းပါဆိုပါရစေ… ငါ့ရဲ့ညီမလေးကို ကောင်းကောင်းဂရုစိုက်ပေးကြပါဦးနော်… သူမကို အနိုင်ကျင့်မခံရပါစေနဲ့လို့)


ထိုအချိန်တွင် လူအားလုံး၏အမြင်တွင် သူမသည် နူးညံ့အားနည်းကာ သန့်စင်ပြီး ကာကွယ်မှုလိုအပ်သည့် သူတစ်ယောက်ဖြစ်သွားသည်ကို ရှအန်း မသိခဲ့ပေ။


ဟုတ်ပါသည့် အကယ်၍ ရှအန်းသာ ထိုကိစ္စအား သိသွားပါက သူမဘက်မှနေ၍ လူတိုင်းကိုလက်သီးထောင်ပြရင်း သူမသည် သနားစရာမဟုတ်ကြောင်း ရှင်းပြနေမည်မှာ အသေအချာပင်ဖြစ်သည်။


┗ | ` O ′ | ┛ 嗷 ~~


……..


‘’ဒါက ရှအန်းလား’’


တန်ဖိုးကြီးသည့် ပရိဘောဂများဖြင့် ခန်းနားမှုအပြည့်ရှိသော ရုံးခန်းတစ်ခုတွင်းမှ လူတစ်ယောက်သည် ထို့ဓါတ်ပုံကို မတော်တဆ တွေ့သွားလေသည်။