Chapter 36
ရှအန်းတစ်ယောက် တချိန်လုံး စောင့်ကြည့်ခံနေရသည်ကို မသိပေ။
ထိုအချိန်တွင် သူမသည် ရှိုးအတွက် အထုတ်ကြီးအထုတ်ငယ်များဖြင့် အလုပ်ရှုပ်နေသည်။
သူမတို့သွားမည့်နေရာသည် မြို့ပြနှင့်အတော်လေးဝေးကာ သီးသန့်ဆန်သည့်အတွက် အနီးအနားတွင် စားသောက်ဆိုင်များနှင့် ပို့ဆောင်ရေးလည်း ရှိမည်မဟုတ်ပေ။
ထို့ကြောင့်ပင် ရှအန်းသည် အစာပြေမုန့် အထုတ်ကြီးများစွာကို ဝယ်ယူပြီးဖြစ်ကာ သယ်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။
‘’ကြက်ခြေထောက်ငရုပ်ကောင်းနှပ်… ဝက်ပေါင်သား… အမဲသားလွှာအစပ်… အချဉ်ရည်…’’
ရှအန်းသည် စားစရာများ လွတ်သွားသည်မရှိရအောင် တခုချင်းစီရေတွက်နေစဉ် ဟန်ယွဲ့မှ ဖုန်းခေါ်လာသည်။
‘’ ရှအန်း… ကားက အောက်ထပ်မှာရောက်နေပြီ… ဆင်းလာတော့လေ… ငါတို့လေယာဉ်အမှီသွားရမယ်...."
‘’အိုး… အိုကေလေ… ကျွန်မ အခုဆင်းလာပြီ..."
ဖုန်းချပြီးသည်နှင့် ရှအန်းတစ်ယောက် များပြားလှသည့် အိတ်ကြီးများနှင့် ခရီးဆောင်အိတ်နှစ်အိတ်ကိုဆွဲကာ ရှရှင်းချန်နှင့်အတူ ထွက်လာသည်။
ရှရှင်းချန်သည် အထုတ်အပိုးများစွာကို တစ်ယောက်တည်းသယ်နေသည့် သူ၏ နတ်သမီးမေမေကို ကြည့်လိုက်ပြီး တချို့တဝက်ကို မျှသယ်ပေးရန် ကြိုးစားလိုက်သော်လည်း ရှအန်းမှ ငြင်းပယ်လိုက်သည်။
‘’အဲ့လောက်လဲ မလေးပါဘူး...."
ကျောက်စိမ်းလည်ဆွဲမှာ အံ့ဩဖို့ကောင်းသည်ဟု ပြောရမည်ဖြစ်သည်။
သူမ လည်ဆွဲကို ဝတ်ဆင်ခဲ့သည်မှာ တစ်လမပြည့်သေးသော်လည်း မူလနူးညံ့သည့် ခန္ဓာကိုယ်က ထိုကျောက်စိမ်းလည်ဆွဲကြောင့် ပိုသန်မာလာခဲ့သည်။
သူမ၏ အသွင်အပြင်သည် ထိခိုက်ကျိုးကြေလွယ်ပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင် သူမကိုယ်ခန္ဓာမှာ အတော်လေး အားအင်ရှိလာပြီဖြစ်သည်။
သူမသည် အကောင်ပေါက်လေးနှင့် အားကစားလေ့ကျင့်ခန်းများ လုပ်ခဲ့ပြီး ကမ္ဘာပျက်ကပ်တုန်းကလို ပြည့်ဝသည့်စွမ်းအင် မရသေးသော်လည်း ပုံမှန်လူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရန်အတွက်တော့ လုံလောက်နေပြီဖြစ်သည်။
အထုတ်အပိုးများစွာဖြင့် ထွက်ပေါ်လာသည့် သူမကြောင့် ဟန်ယွဲ့ အလွန်အမင်း အံ့အားသင့်သွားသည်။
‘’ဒီလောက်အများကြီးသယ်လာမယ်ဆိုရင် ဘာလို့ ငါ့ကိုမခေါ်တာလဲ...."
ဟန်ယွဲ့သည် ရိုးရှင်းစွာပင် တက္ကစီကိုငှားလာပြီး သူမကိုဝင်ခေါ်ကာ လေဆိပ်သို့သွားမည်ဖြစ်သည်။
သို့သော်လည်း ရှအန်းသည် များပြားလှသော အရာများကို ယူဆောင်လာမည်ဟု သူ ထင်မှတ်မထားပေ။ သူမ၏ နေ့စဉ်သုံးပစ္စည်းများနှင့် လဲလှယ်ရန်အဝတ်အစားများကိုသာ ယူလာခဲ့ရန် မှာထားပြီးသည့်အပြင့် ကျန်သည့်လိုအပ်သည်များကို သူတို့ဘက်မှ အကုန်လုပ်ပေးမည်ဟု ပြောပြီးဖြစ်သည်။
ထိုခဏတွင် ဟန်ယွဲ့သည် ကလေးနှစ်ယောက်နှင့် ခရီးထွက်နေရသည်ဟု ခံစားလိုက်မိသည်။
‘’မဟုတ်ဘူးလေ… ဒီလောက်အများကြီးယူလာဖို့မလိုဘူးလို့ ငါပြောထားတယ်လေ… ဘာလို့ အဲ့လောက်တောင်ယူလာတာလဲ...."
ဟန်ယွဲ့ သူမခရီးဆောင်အိတ်ကို ကားပေါ်သို့ ကူညီတင်ပေးရင်း ပြောလိုက်သည်။
‘’မင်းယူလာတဲ့ အရာတွေကို ရှိုးအဖွဲ့သားတွေဆီ အကုန်လွှဲပေးပြီး သူတို့က ပရိုဂရမ်ပြီးတဲ့အထိ သိမ်းထားမယ်ဆိုတာကော သိရဲ့လား… အဲ့ဒါတွေ ယူလာလဲ အသုံးမဝင်ဘူးလေ...."
ခံစားချက်ကောင်းမွန်နေသော ရှအန်းသည် ဟန်ယွဲ့ စကားအားကြားလိုက်သည်နှင့် သူမခေါင်းထဲတွင် မိုးခြိမ်းသံကြားလိုက်ရသကဲ့သို့ ခံစားသွားသည်။
‘’ဘာ… ကျွန်မမုန့်တွေအကုန် အဖွဲ့သားတွေကို ပေးထားရမယ် ဟုတ်လား..."
‘’ဟုတ်တာပေါ့… ဒါက ရှင်သန်ဖို့အတွက်ပြိုင်ဆိုင်ရမယ့်ဂိမ်း ဆိုတာ မမေ့နဲ့ဦး..ရှိုးကို ဒီလိုစားစရာတွေ သယ်လာလို့မရဘူးလေ..’’
ဟန်ယွဲ့ ပြောစရာစကားများပျောက်မတတ်ဖြစ်နေသည်။ ရှအန်း၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးနေစဉ်မှာပင် ထိုမိန်းကလေးသည် စားစရာအများအပြားသယ်လာသည်ကို တွေ့လိုက်ရသည်။
တခြား နာမည်ကြီးများသည် အလှကုန် အသားအရေထိန်းပစ္စည်း စသည်တို့ကို ယူဆောင်လာတတ်ပြီး ရှအန်းမှာတော့ စားစရာများကိုသာ ယူလာလေသည်။
ရှအန်း ပိုက်ဆံတွေ သယ်မလာသည်ကိုပင် သူ့ဘက်မှ ဝမ်းသာရမလိုပင်။
‘’ ဒါဆို ရှိုးမှာ ကျွန်မက ဘာစားရမှာလဲ…’’
ရှအန်း အရေးအကြီးဆုံးအရာကို မေးလိုက်သည်။
‘’ဟုတ်တာပေါ့… အဲ့ဒါက မင်းသဘောပဲလေ… မင်းစားချင်တာ စားလို့ရတယ် ဒါပေမယ့် ကိုယ့်ဘာသာတော့လုပ်ရမှာပေါ့...."
ဟန်ယွဲ့ စိတ်ထဲမှ ဝမ်းသာသွားသည်။ ဒီလိုသနားစရာကောင်းတဲ့ အနုပညာရှင်တွေ ဒုက္ခရောက်နေမှာကို သူတကယ်ပင် မြင်ချင်လှပြီဖြစ်သည်။
တွေးလေလေ ပိုသဘောကျလေလေ ဖြစ်လာသည်။
‘’ကျွန်မတို့ဘာသာရှာရမှာလား…’’
‘’အင်းလေ… မင်းအတွက် နေရာကောင်းရှာနိုင်မှာပါ… နေရာက အတော်လေးဝေးလံခေါင်သီတော့ တောရိုင်းတိရိစ္ဆာန်တွေနဲ့ အသီးအနှံတွေအများကြီးတော့ရှိပါတယ်… မင်းသာ ကြိုးကြိုးစားစားအလုပ်လုပ်မယ်ဆို ဆာလောင်ရမှာမဟုတ်ဘူး...."
ဟန်ယွဲ့သည် ရှအန်းကို ပြုံးပြုံးကြီးကြည့်နေရင်း နှလုံးသားထဲမှ ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် လူတိုင်း၏မျက်လုံးအောက်တွင်ရှိနေသော နူးညံ့သိမ်မွေ့သည့်မင်းသမီးလေးရှအန်းသည် ခံစားနေရကာ ရှိုးတွင် ဒေါသတွေပါပျောက်ဆုံးနေမည်ကို မြင်ယောင်နေမိသည်။
အိုး… အဲ့လိုဒရမ်မာလေးရှိမှလဲ ပရိတ်သတ်တွေက ဒီရှိုးကိုကြည့်ရတာ သဘောကျကြမှာပေါ့…
သို့သော်လည်း ရှိုးတွင် အမဲလိုက်ပြီးစားရနိုင်သည်ကို ကြားလိုက်ရသည့်အတွက် ရှအန်းစိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သူ မသိလိုက်ပေ။
ရှအန်း တွေးလိုက်မိသည်။
ကောင်းပါတယ်… နောက်ဆုံးတော့ ကမ္ဘာပျက်ကပ်နေ့ရက်တွေမှာ ဒီလိုမျိုးအရာတွေနဲ့ ရင်းနှီးခဲ့ဖူးတာပဲလေ....
ကမ္ဘာပျက်ကပ်မှ တိရိစ္ဆာန် နှင့် အပင်များသည် ဗီဇပြောင်းလဲသွားပြီး အထူးသလင်းကျောက်များသာ မရှိပါက အရသာမရှိနိုင်ပေ။
သို့သော်လည်း ဒီငြိမ်းချမ်းသည့် ကမ္ဘာတွင်တော့ တောရိုင်းတိရိစ္ဆာန်များသည် အလွန် အရသာရှိလေသည်။
ရှအန်း : (=﹃=)
တခဏအတွင်းမှာပဲ သူမ၏ဒေါသများသည့် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။
ဒီဂိမ်းက အရမ်းကောင်းတာပဲ....
………….
လေယာဉ်ပေါ်တွင် နှစ်နာရီ နှင့် ကားပေါ်တွင် နှစ်နာရီခန့် စီးပြီးနောက် သူမတို့သည် ဝေးလံခေါင်သီသည့် သဲကန္တာရအတွင်းမှ တောင်ပေါ်ရွာလေးတစ်ရွာသို့ ရောက်သွားတော့သည်။ နောက်ဆုံးတွင် သူမသည် ရှိုးမှ တခြားပါဝင်သူ၆ဉီးကိုတွေ့လိုက်ရသည်။
ရှိုးအတွက်မှတ်တမ်းတင်ရိုက်ကူးရေးရိုက်မည့် ရွာငယ်လေးသည် ရှအန်း၏ ကမ္ဘာပျက်ကပ် နေ့ရက်များကို သတိရသွားစေသည်။
ရှအန်းသည် ဇွန်ဘီများဝိုင်းထားသည့်မြို့ ရိုက်ကူးမှုကိုစောင့်မျှော်နေမိသည်။
ဟုတ်ပါသည်… သူမအတွက် အရေးအကြီးအရာမှာ ပိုက်ဆံသာဖြစ်သည်။
‘’ရှင်က နောက်ထပ် အမျိုးသမီးပါဝင်သူလား...."