Chapter 39
‘’ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်သိလို့လား’’
ရှအန်းအသံမှာ ပျော့ပြောင်းပြီး ကြွပ်ဆပ်နေသည်။
ရှုကျင်းယန် ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။ သူ၏ နူးညံ့ပြီးမထူးခြားသည့် စိတ်နေစိတ်ထားကြောင့် တကယ်ကို နူးညံ့သိမ်မွေ့သောကောင်လေးတစ်ယောက်နှင့် တူနေသည်။
‘’အဲ့ဒါကို ထည့်မတွက်ပဲ… အချင်းချင်းသိအောင် လုပ်ကြရအောင်...."
ရှုကျင်းယန်၏ အဖြေသည် လေးနက်ပြီးဆန်းကြယ်သည်။ သာမန်လူတစ်ယောက်သာ ထိုသို့ပြောခံလိုက်ရလျင် ထိုစကားလုံးများကို သိချင်စိတ်ဖြစ်ပေါ်လာစေပြီး သူ ဘာကိုဆိုလိုသည်ကို နားလည်ချင်ပေလိမ့်မည်။
ရှုကျင်းယန်သည် အလွန်ထူးခြားသည်။
ရှအန်းဘေးတွင်ရပ်နေသည့် ဝန်ထမ်းများတောင်မှ ထိုကိစ္စကိုအရမ်းစပ်စုနေကြပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒါက ရှုကျင်းယန်ပဲလေ…
သူသည် ဖျော်ဖြေရေးနယ်ပယ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးချွန်သူဖြစ်သည်။
ရှုကျင်းယန်သည် ပွဲဦးထွက်လုပ်ပြီးသည်နှင့် ငါးနှစ်အတွင်း နာမည်ကြီးလာသူဖြစ်ကာ လျှို့ဝှက်ချက်အနည်းငယ်ရှိသည်။
သူ၏မိသားစုနောက်ခံအကြောင်းကို စုံစမ်းမရသည့်အတွက် လူတစ်ချို့က သူသည် နောက်ခံအားကောင်းသော ချမ်းသာသည့်အိမ်က သားတစ်ဦးဖြစ်မည်ဟု ပြောကြသည်။
သူ၏နောက်ကြောင်းနှင့်ပါတ်သတ်ပြီး ကောလဟာလအများအပြားရှိပေမယ့် ရှုကျင်းယန်၏ စိတ်နေစိတ်ထားနှင့် အပြုအမူများသည် ထူးကဲပြီးခမ်းနားသည်ကိုတော့ မငြင်းဆန်နိုင်ပေ။
ရှုကျင်းယန်၏ စကားလုံးများသည် ရှအန်းအပေါ် အနည်းငယ်အကျိုးသက်ရောက်မှုဖြစ်သွားသည်။
‘’အိုး...."
အပြုံးလေးနှင့် အလွန်ယဉ်ကျေးနေသည့် ထိုယောကျာ်းကို ရှအန်း တစ်ချက်ကြည့်လိုက်သည်။
ဟုတ်ပြီလေ… သူမဘက်မှ ‘အိုး’ တစ်ခွန်းသာ တုန့်ပြန်လိုက်သည်။
ထိုမြင်ကွင်းသည် ရှအန်းကို မကောင်းသည့်သူတစ်ယောက်ကဲ့သို့ တခြားသူများကို မြင်သွားစေပြီး ရှုကျင်းယန်မျက်နှာ အေးခဲသွားသည်အထိ အောင်မြင်သွားလေသည်။
သို့သော်လည်း လူအုပ်ကြီးမှာ ရှအန်း၏ အေးစက်သည့်အဖြေကြောင့် အသိပြန်မဝင်သေးခင်မှာပဲ သူမနားတွင်တွယ်ကပ်နေသည့် ကလေးလေးတစ်ယောက်မှာ အရှေ့သို့ထွက်လာသည်ကို တွေ့လိုက်ရသည်။
‘’ဦးလေး… ဉီးလေးက အရမ်းရုပ်ဆိုးတာပဲ...."
ရှရှင်းချန် သူ၏အရည့်လဲ့နေသည့်မျက်လုံးများကို မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစင်စွာပြောလိုက်သည်။
‘’…..’’
ထိုစကားထွက်လာသည်နှင့် ဝန်ထမ်းများအားလုံး ပြောစရာစကားပျောက်ရှသွားသည်။
ရှုကျင်းယန်၏ အပြုံးသည် ဖျော်ဖြေရေးလောကတွင်သာမက အပြင်လောကမှာရှိ လူအတိုင်းအတွက် စံပြတစ်ခုအဖြစ် မှတ်ယူခြင်းခံထားရသူဖြစ်သည်။ မည်မျှပင် မြင့်မားသည့်သူတစ်ယောက်ဖြစ်နေပါစေ ထိုနူးညံ့ပြီးသိမ်မွေ့သည့်အပြုံးကို မတွန်းလှန်နိုင်ကြပေ။
သို့သော် ယခုအချိန်တွင်တော့… ရှုကျင်းယန်၏ ထိုစံပြအပြုံးသည် ကလေးတစ်ယောက်အပေါ်တွင် အသုံးမဝင်တော့ပေ။ ထို့အပြင့် သူအား ရုပ်ဆိုးသည်ဟူ၍ပင် အပြောခံလိုက်ရလေသည်။
သို့သော်လည်း…
ထိုလှပပြီး အပြစ်ကင်းစင်သည့် အမူအယာဖြင့် အကောင်ပေါက်လေးသည်တော့....
ထားပါတော့လေ… ဒါက ကလေးတစ်ယောက်ရဲ့စကားပဲကို...
သို့သော်လည်း တစ်ခါတစ်လေမှာ ပြဿနာတို့မည်သည် အနောက်မှ လိုက်လာတတ်သည်ပင်။
ကလေးမှာ ရှုကျင်းယန်၏စံပြအမှတ်အသားဖြစ်သည့်အပြုံးကို ရုပ်ဆိုးသည်ဟုပြောသည်မှာ ကလေးသည် အပြစ်ကင်းစင်ပြီး နားမလည်သေးသောကြောင့်ဟု ယူဆနိုင်သည်။
သို့သော်လည်း အကောင်ပေါက်လေးကို သင်ကြားပေးမည့်ရှအန်းကိုယ်တိုင်ကပင် ခေါင်းငြိမ်ပြီး အကောင်ပေါက်လေး၏အမြင်ကို လက်ခံပေးလိုက်သည်။
‘’အင်း … နည်းနည်းတော့ဆိုးတယ်...."
ရှအန်း၏ ပြောစကားကြောင်း ဘေးနားရှိ ဝန်ထမ်းများ အထိတ်တလန့်ဖြစ်သွားသည်။
ကလေး၏စကားအပေါ် အလေးအနက်မထားသည့် ရှုကျင်ယန်ပင် ထိုစကားကြောင် မျက်နှာပေါ်ရှိအပြုံးမှာ ပျောက်ကွယ်သွားသည်။
‘’…..’’
ဒီမိသားစုက မျက်နှာနဲ့ပါတ်သတ်ပြီးကန်းနေကြတာလား… ရှုကျင်းယန်အပြုံးသည် လုံးဝသိသာပြတ်သားနေပြီး ဘယ်တုန်းကမှ ရုပ်မဆိုးပေ။
သူတို့မှာ ပုံမှန်လူတွေမှာရှိသင့်တာတွေ မရှိတာပဲနေမယ်။
သို့သော်လည်း ကမ္ဘာပျက်ကပ်နေ့ရက်တွေမှာ ရှအန်းမုန်းသည့် လူအမျိုးအစားနှစ်မျိုးရှိသည်ကို မည်သူမျှမသိနိုင်ပေ။
တစ်မျိုးမှာ အမြဲငိုနေတတ်သည့် ကလေးဖြစ်ပြီး နောက်တစ်မျိုးမှာ နေရာဒေသမရွေး မျက်နှာပေါ်တွင် အပြုံးတစ်ခုတပ်ဆင်ထားသောသူများ ဖြစ်သည်။
ထိုအမျိုးအစားထဲမှ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည့် သူကိုရွေးရမည်ဆိုလျင် ရှအန်းသည် မျက်နှာပေါ်တွင် အမြဲတမ်းအပြုံးရှိသည့်သူကို ရွေးချယ်မည်ဖြစ်သည်။
ထိုကဲ့သို့သောလူမျိုးသည် ကြောက်စရာအကောင်းဆုံးဖြစ်နေတတ်သည်။
ထို့ကြောင့် အလွန်နွေးထွေးပြီး ပြည့်စုံလွန်းသည့် ရှုကျင်းယန်၏ပုံစံကို မြင်တွေ့လိုက်သည်နှင့် ရှအန်း နှလုံးသားထဲတွင် သတိပေးသံထွက်ပေါ်လာသည်။ ကမ္ဘာပျက်ကပ်နေ့ရက်များတွင် သူမအပေါ်လူတစ်ယောက်က ကောင်းမွန်စွာပြုံးပြနေမည်ဆိုလျင် ထိုသူထံတွင် သေချာပေါက် အကြံတစ်ခုခုရှိနေသည်ကို သူမနားလည်ခဲ့သည်။
ဒီလူနဲ့ ဝေးဝေးနေမှပါ…
ထိုသို့တွေးလိုက်ပြီး ရှအန်းသည် အကောင်ပေါက်လေး၏လက်ကိုတွဲကာ
‘’ရှောင်ရှင်း… သွားကြရအောင်… ရှိုးက ရိုက်ကူးရေးမလုပ်ခင် မာမားတို့ မုန့်စားထားကြမယ်လေ....’’
‘’ဟုတ်… မာမား....’’
သူမ စိတ်ထင်နေလို့လားမသိပေမယ့် အကောင်ပေါက်လေး၏ အသံသည် ခါတိုင်းထက်ပိုကျယ်လောင်ပြီး အမူအယာမှာလဲ ပိုတက်ကြွနေသည်ဟု ခံစားမိသည်။
မရေတွက်နိုင်သော ဝန်ထမ်းများကြားမှ ရှုကျင်းယန်သည် ရှအန်းနောက်ကျောကိုကြည့်ရင်း သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
သူမက စိတ်ဝင်စားဖို့ကောင်းလိုက်တာ…
ရှအန်းက သူထင်ထားတာနဲ့ လုံးဝဆန့်ကျင်ဖက်ပဲ….