အပိုင်း ၄၃
Viewers 29k

Chapter 43


အမျိုးသမီးများကို ဦးစားပေးသဖြင့် ရှအန်းရှေ့ထွက်လာပြီး အရွယ်အစား ပုံစံ အရောင် မတူညီသည့် ခရီးဆောင်အိတ်များကို ကြည့်လိုက်သည်။


သူမ မျက်ခုံးပင့်လိုက်သည်။ ရွေးချယ်ရန်အတွက်ကို သူမ စိတ်မလှုပ်ရှားနေပေ။


မည်သည့်ဇာတ်ကောင် သို့မဟုတ် ပစ္စည်းကိရိယာ ရသည်ဖြစ်စေ သူမ၏ အမြင်တွင် ကိုယ်တိုင်သန်မာမှ အရာအားလုံး အဆင်ပြေနိုင်မည်ကို သိနေသည်။


ထို့ကြောင့် အားလုံးထဲမှ သယ်ရလွယ်ကူမည့် အသေးဆုံးအိတ်ကို ရွေးချယ်လိုက်သည်။


 ရှအန်း၏ ရွေးချယ်မှုက အားလုံးကို အံ့အားသင့်သွားစေသည်။ 

လူအများစုက အကြီးဆုံးအိတ်တွေကိုပဲ ရွေးတတ်ကြတာလေ ...


မိန်းကလေးတွေကတော့ လှပြီးဖက်ရှင်ကျတဲ့ အိတ်တွေကိုပဲ ရွေးတာများတယ် ...

  

သို့ရာတွင် သူမ ရွေးလိုက်သည့်အိတ်က အရောင်အဆင်းနှင့် ပုံစံတွင် မည်သူမျှ ပထမဆုံး မရွေးချယ်လိုသည့် အိတ်ပုံစံ ဖြစ်နေသည်။


 ထို့ကြောင့် မူလက ထိုအိတ်ကိုရွေးရန် ပြင်နေသည့် ဟယ့်ရှောင်ရှောင်က လုံးဝလက်လျှော့လိုက်သည်။


  ရှအန်း၏ အိတ်ကိုရွံရှာစွာကြည့်နေသည်။ ထိုအိတ်က သေးငယ်၍ အရုပ်ဆိုးပြီး ကောင်းသည့်အရာများမပါဝင်နိုင်ဟု တွေးနေမိသည်။


ထိုသို့တွေးပြီးနောက် ဟယ့်ရှောင်ရှောင်က အလယ်အလတ်အရွယ်ရှ်ိသည့် အဖြူရောင် ခရီးဆောင်အိတ်ကို ရွေးလိုက်သည်။


ပါဝင်သူအဖွဲ့မှလူများ မသိလိုက်သည်က ရှအန်းက သေးငယ်ပြီး အရုပ်ဆိုးသောအိတ်ကို ရွေးနေစဉ်တွင် ဟန်ယွဲ့၏ မျက်နှာက မလှုပ်မရှက် ဖြစ်နေသည်ကိုပင်။


သူက ဤအစီအစဉ်၏ စာရေးသူဖြစ်သည်။ ထို့ကြောင့် အစီအစဉ်အတွက် လုပ်ရိုးလုပ်စဉ်များကို ရေးသားထားရသည်။ တခြားစကားလုံးဖြင့် ပြောရလျှင် ထိုအိတ်ခြောက်လုံးထဲတွင် ထည့်ထားသည့် ပစ္စည်းများကို သိသူက ဟန်ယွဲ့တစ်ယောက်တည်းဖြစ်သည်။

  

ဥပမာအားဖြင့် ဟယ့်ရှောင်ရှောင်ရွေးလိုက်သည့် အဖြူရောင်အိတ်ထဲတွင် သူနာပြုဝတ်စုံနှင့် ဆေးထိုးအပ်ပါဝင်သည်။


 ၎င်းက သူမ၏ဇာတ်ကောင် လက်ထောက်သူနာပြုကို ဆိုလိုသည်။ သူမ၏ ပစ္စည်းကိရိယာဖြင့် ဇွန်ဘီများမှ ရောဂါကူးစက်လာသူများကို ကယ်တင်ပေးနိုင်သည်။


ထို အရံဇာတ်ကောင်နေရာကို ရှအန်းရရှိမည်ဟု သူမျှော်လင့်ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမက သူနာပြုအကူဇာတ်ကောင်နှင့် အလွန် လိုက်ဖက်သောကြောင့် ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူမကို လှပသည့်အိတ်ထဲမှ ကောင်းမွန်သည့် ဇာတ်ကောင်တစ်ခုရရန် ဟန်ယွဲ့မျှော်လင့်ခဲ့သည်။


သို့သောါ သူမက အသေးဆုံးနှင့် အရုပ်ဆိုးဆုံးအိတ်ကို ရွေးချယ်သွားမည်ဟု ဟန်ယွဲ့ မတွေးခဲ့မိပေ။ 


(╯ ‵ □ ′) ╯︵┻━┻


ရှအန်းကို အမျိုးသမီးတစ်ယောက်ကဲ့သို့ မဆက်ဆံသင့်ဟု ယခုအချိန်မှ ဟန်ယွဲ့ သဘောပေါက်နားလည်သွားခဲ့သည်။

  

အဘယ့်ကြောင့်ဆိုသော် ဤအမျိုးသမီးတွင် အခြားလူများနှင့် မတူသည့် တွေးခေါ်မှုပုံစံ ရှိနေသောကြောင့်ပင်။


အဲ့ဒီရုပ်ဆိုးတဲ့ ခရီးဆောင်အိတ်ကတော့ ... အဲ့ဒါကို ထူးခြားတဲ့လူတစ်ယောက်က ရွေးသွားမယ်လို့ ဟန်ယွဲ့ထင်ခဲ့တာ ... ရှအန်း ဒီဟာကို ရွေးသွားမယ်လို့ သူလည်းမသိခဲ့ဘူးလေ ...


ထိုအိတ်ထဲမှ အဝတ်အစားနှင့် ပစ္စည်းကိရိယာက အမိုက်ဆုံးဖြစ်သည်ကို နတ်ဘုရားသာ သိသည်။


သူ၏ မကောင်းသော ရည်ရွယ်ချက်က ရှအန်းကို မသက်ရောက်နိုင်ဟု ဟန်ယွဲ့ ထင်ခဲ့သည်။ ထိုအစား ရှအန်းက သူ့ကို ရေခဲ‌ရေများဖြင့် ထပ်ခါထပ်ခါ လောင်းချနေခဲ့သည်။


  ခုတော့ သူ့နှလုံးသားတွေ နာကျင်နေရပြီ ... 


ပါဝင်သူခြောက်ယောက်က ခရီးဆောင်အိတ်များကို ရွေးချယ်ပြီးသည့်အခါ နောက်ထပ်ရိုက်ကွင်းအတွက် အဝတ်အစားများလဲရန် ဝန်ထမ်းတစ်ယောက်ကို ပြောခိုင်းလိုက်သည်။


ဤအစီအစဉ်အတွက် မည်သည့်အရာမျှ ယူခဲ့ရန် မလိုအပ်ကြောင်း ယခုအချိန်ရောက်မှ ပါဝင်သူများ သဘောပေါက်သွားကြသည်။


ရိုက်ကူးရေးအဖွဲ့က အားလုံး ပြင်ဆင်ပေးထားတာပဲ ...


သူတို့၏ အဝတ်အစားနှင့် ဖိနပ်များကိုပင် ကိုယ်တိုင်ဝတ်ရန်မလိုပေ။ ဝန်ထမ်းများက အားလုံးလုပ်ကိုင်ပေးသည်။


မိတ်ကပ်ဖျက်ပြီး အိတ်များထဲမှ ဝတ်စုံများဝတ်ကာ ပစ္စည်းကိရိယာများကို ယူဆောင်ပြီးနောက် သူတို့ စတင်တွေ့ခဲ့သည့် နေရာသို့ ပြန်ရောက်လာကြသည်။

 

ပါဝင်သူများ သူတို့၏ အဝတ်အစားများကို မြင်လိုက်ရသည့် အခါ အွန်လိုင်းဂိမ်းတစ်ခု ကစားနေသည်ဟု ထင်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဝတ်အစားများက ရုပ်ရှင်ရိုက်ရာတွင် သုံးသည့် ဝတ်စုံများနှင့် တူနေသည်။


 " မင်းရဲ့ ဇာတ်ကောင်ကဘာလဲ ..."


" ဘာ လက်နက်သုံးတာလဲ ..."


" အဲ့ဒါက အသုံးဝင်လား ..."


ပါဝင်သူအမျိုးသားများ အင်္ကျီလဲချိန်က အနည်းငယ်သာ ကြာမြင့်သောကြောင့် စောစောထွက်လာပြီး စကားစမြည်ပြောနေကြသည်။


" ငါ့ရဲ့ အင်္ကျီကို ကြည့်ပါဦး ... လက်နက်ကိုလည်း ကြည့်ပါဦး ..."

ပျော်စရာ စကားဝိုင်းလေး တစ်ခုပင်။


ယောက်ျားလေးအားလုံးက စွန့်စားရန်အတွက်သာ မွေးဖွားလာကြသည်ဖြစ်၍ သူတို့အားလုံး စိတ်ဝင်စားနေကြသည်။


အဝတ်အစားများကို တရားဝင်လဲပြီးသည့်အခါ စိတ်နေသဘောထားများက လုံးဝကွာခြားသွားသည်။


" ကျွန်တော်က ကျောင်းသားတစ်ယောက်ပဲ ကျွန်တော့ရဲ့ ပစ္စည်းကတော့ အသုံးမဝင်တဲ့ စာအုပ်တစ်အုပ် ... ကာကွယ်ပေးဖို့ အကိုကြီးကိုပဲ ကျွန်တော့်အားကိုးရတော့မယ် ..."


ကျန်းချန် သူ၏လက်ထဲမှ စာအုပ်အထူကြီးကိုကြည့်ကာ ရင်ထဲတွင် ခါးသက်သက် ဖြစ်နေသည်။


သူ စာလေ့လာတဲ့နေရာမှာ ညံ့တယ်ဆိုတာ နတ်ဘုရားတွေပဲသိတယ် အထူးသဖြင့် သင်္ချာမှာပေါ့ ...


ရလဒ်ကတော့ ကျောင်းသားတစ်ယောက်အဖြစ် ဇာတ်ကောင်တစ်ခု ရသွားတာပဲ ... ဒါကသူ့ရဲ့ ဂိမ်းတွေအပေါ် စိတ်အားထက်သန်မှုကိုလည်း ထိခိုက်စေတယ် ... တကယ်လို့ သူသာ စနိုက်ပါသေနတ်လိုမျိုးကိုင်ရတဲ့ လူဆိုးကောင်ကြီး ဖြစ်ခဲ့မယ်ဆိုရင် ... 

   

သူအရမ်း ခံ့ညားနေမှာပဲ ...


ကျန်းချန်က ရွှယ်ယုနှင့် ရှုကျန်းယန်ကို မနာလိုစွာ ကြည့်နေသည်။


ထိုနှစ်ယောက်တွင် တစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သေနတ်တစ်လက်ကိုင်‌ဆောင်ထားသည်။ သူက အထူးစစ်သားယူနီဖောင်းကို ဝတ်ထားပြီး 05အမျိုးအစား ရိုင်ဖယ်ကို ကိုင်‌ထားသည်။

သူကြိုက်တာ ဒါမျိုးလေ ...

  

ထိုလက်နက်များနှင့် ပစ္စည်းများက အတုများဖြစ်သော်လည်း သေနတ်အစစ်များနှင့် မကွာခြားပေ။


ရှုကျင်းယန်ရဲ့ ယူနီဖောင်းနဲ့ ပစ္စည်းကိရိယာတွေက သူ့ကို ချောမောခန့်ညားအောင် လုပ်ပေးနေသလိုပဲ ... အားလုံးထဲမှာ ရှုကျင်းယန်ရဲ့ ဝတ်စုံက အမိုက်ဆုံး ဖြစ်နေတယ် ...


မူလက သူတို့အားလုံးက အဆင့်တူသည့် ပါဝင်သူများသာ ဖြစ်ကြသည်။ အဓိကဇာတ်ကောင်နှင့် အရန်ဇာတ်ကောင်ဟူ၍ မခွဲထားပေ။ သို့သော် အဝတ်အစား လဲလိုက်သည့်အခါ ခံစားချက်က မတူညီတော့ပေ။


လူများစွာ တူတူရပ်နေသော်လည်း ရှုကျင်းယန်ကသာ အဓိကဇာတ်ကောင်နှင့်တူနေသည်။


ရှုကျင်းယန်က နောက်ဆုံးကျန်တဲ့ အိတ်ကိုယူလိုက်ရတဲ့သူ မဟုတ်ပဲ သူတို့အိတ်တွေကိုသာ တူတူမဖွင့်ကြည့်မိရင် ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးထားတယ်လို့ ထင်မိကြမှာ ...


ကျန်းချန် ရင်ထဲမှ နာကျင်မှုများကို တွေးတောနေစဉ် သူ၏မျက်လုံးများက တစ်ဖက်သို့ ကြည့်လိုက်ပြီး ပြူးကျယ်သွားသည်။


" ဘုရားရေ ... ဒီတစ်ခုကတော့ အရမ်းမိုက်တာပဲ ..."

ကျန်းချန် စိတ်မထိန်းနိုင်ပဲ ရေရွတ်လိုက်သည်။