အပိုင်း ၄၄
Viewers 29k

Chapter 44


အခြားပါဝင်သူများလည်း ကျန်းချန်ကြည့်နေသည်ကို ကြည့်လိုက်မိကြသည်။


အားလုံး၏ တုံ့ပြန်မှုက ကျန်းချန်ကဲ့သို့ ဖြစ်သွားသည်။ 


" ဒါ ... အရမ်းလှတာပဲ ..."


ငယ်ရွယ်သည့် ရွှယ်ယုက သက်ပြင်းချလိုက်သည်။ သူ၏မျက်နှာတွင် မနာလိုမှု အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။


" ဟားဟား ရှင်တို့ ကျွန်မကိုကြည့်ပြီး ဘာမှမပြောနိုင်ဖြစ်သွားတယ်မလား ... ကျွန်မကို လှတယ်လို့တွေးနေတယ်မလား ... ကျွန်မလည်း အဲ့လိုထင်တယ် ..."


သူမ အဝတ်လဲခန်းထဲမှ ထွက်လာပြီး ပါဝင်သူများဆီသို့ လျှောက်လာသည်။ သူမ ပေါ်လာချိန်တွင် ပါဝင်သူအမျိုးသားများအားလုံး သူမကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။


 သူမ အကောင်းဆုံးအပြင်အဆင်ကို ရွေးချယ်နိုင်ခဲ့၍ ဂုဏ်ယူနေသည်။ ဟယ့်ရှောင်ရှောင် အလွန်ပျော်ရွှင်သွားပြီး ပါဝင်သူအမျိုးသားများရှေ့တွင် တစ်ပတ်လှည့်ပြလိုက်သေးသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည်က ...


အဲ့ဒါ ရှအန်းလား ...


ရှအန်း၏ အနက်ရောင် ကိုယ်ကျပ်အင်္ကျီက သူမခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်နေပြီး သူမ၏ပြည့်စုံသည့် ကောက်ကြောင်းကို ပေါ်လွင်စေသည်။


သွယ်လျသော ခြေချောင်းများကို လှစ်ဟပြထားပြီး လှပသည့် အနက်ရောင်ဆံပင်များကို ပိုနီတေးကဲ့သို့ ချည်ထားသည်။


ရှအန်း၏ ခန္ဓာကိုယ်မှ အဝတ်အစားများက လှပရုံသာမက ..


လက်တွေ့ဆန်နေသည်။


လက်မောင်းနှစ်ဖက်စလုံးတွင် ဓားမြှောင်သေးသေးလေးများ ဝှက်ထားသော အပေါက်များရှိသည်။

  

ခြေထောက်နှစ်ဖက်ရှိ ဘွတ်ဖိနပ်ထဲတွင် အလွန်သေးငယ်ပြီး ပါးလွှာသော သေနတ်နှစ်လက်လည်း ရှိသည်။


ကြောက်စရာအကောင်းဆုံးမှာ ရှအန်း၏နောက်ကျောဘက်တွင် ပြုပြင်မွမ်းမံထားသော အနက်ရောင်ဒူးလေးကြီးကို သယ်ဆောင်ထားခြင်းဖြစ်သည်။


ရှအန်း၏ လှပပြီး အပြစ်ကင်းစင်သည့် မျက်နှာနှင့်အတူ ဤအပြင်အဆင်က  လူတိုင်းအပေါ် အများကြီး သက်ရောက်မှုရှိခဲ့သည်။


လူတိုင်း၏မျက်လုံးများက အံ့မခန်းအမူအရာများဖြင့် ပြည့်နှက်နေသော ရှအန်းကို စူးစိုက်ကြည့်နေကြသည်။


ရှအန်းက အားနည်းသည့် မိန်းကလေးဖြစ်သောကြောင့် ဤကိရိယာကို ကောင်းစွာ အသုံးပြုရန် မဖြစ်နိုင်ပေ။  သို့ရာတွင် လှပပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကြောင့် လူတိုင်းကို မျက်စိကွယ်သွားစေသည်။


အစောပိုင်းက ရှုကျင်းချန်းက အဓိကဇာတ်ကောင်ဖြစ်သင့်သည်ဟု ကျန်းချန် တွေးခဲ့သော်လည်း ရှအန်းကို မြင်လိုက်သည့်အခါ သူမက အဓိကဇာတ်ကောင်နှင့် ပိုသင့်လျော်သည်ဟု ခံစားလိုက်ရသည်။


ဒီပစ္စည်းကိရိယာတွေက ပြည့်စုံလွန်းတယ် ...


" ရှအန်း မင်းက တော်ဝောာ်မိုက်တာပဲ ... လက်နက်တွေလည်း အများကြီးပဲ ... ငါ့ကိုပြပါဦး ..."


  ကျန်းချန်က ဟယ့်ရှောင်ရှောင်ကိုကျော်ပြီး ရှအန်းကို အရှက်မဲ့စွာ ကြည့်နေသည်။


အားလုံး၏ လျစ်လျူရှု့ခြင်း ခံလိုက်ရသည့်အတွက် ဟယ့်ရှောင်ရှောင် နောက်တစ်ကြိမ် အရှက်ကွဲသွားကြောင်း သိလိုက်ရသည်။


ရှအန်း၏ လှပသော အသွင်သဏ္ဍာန်က သူမကို စိုးရိမ်ပူပန်လာစေသည်။ ထိုအရုပ်ဆိုးသောအိတ်ကို မရွေးချယ်ခဲ့မိသောကြောင့် သူမ နောင်တရနေသည်။


ဟယ့်ရှောင်ရှောင် မသိလိုက်သည်က ထိုနေရာရှိ လူများထဲတွင် သူမတစ်ဦးတည်း ထိုသို့ တွေးနေကြောင်း မဟုတ်သည်ကိုပင်။


ထိုလူက ဟန်ယွဲ့ဖြစ်သည်။


ရှအန်း၏ ပုံစံကိုကြည့်ကာ ဟန်ယွဲ့ ငိုချင်စိတ်ပေါက်လာသည်။


 ရှအန်း၏အသွင်အပြင်က ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိသော်လည်း သူသတ်မှတ်ထားသော ဇာတ်ကောင်၏ လုပ်ဆောင်နိုင်စွမ်းကို တရားမျှတမှု အပြည့်အ၀မပေးနိုင်ပေ။


ဤဝတ်စုံကို ပါဝင်သူအမျိုးသားများအတွက် မူလက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။  အတိအကျပြောရလျှင် ရှုကျင်းယန်အတွက် ပြင်ဆင်ထားခြင်းသာ ။


ထို့ကြောင့် မည်သူမျှ မရွေးချယ်လောက်သည့် ရုပ်ဆိုးသောအိတ်ကို အထူးတလည် ရှာဖွေထားခြင်းဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် ရှုကျင်းယန်က ဤလောကတွင် အကြင်နာတတ်ဆုံး အမျိုးသားကြယ်ပွင့် ဖြစ်သောကြောင့် သူ၏သဘောသဘာဝအရ ကျိန်းသေပေါက် နောက်ဆုံးမှ ရွေးချယ်မည်ကို မှန်းဆမိလိုက်သည်။


အကယ်၍ တခြားသူများ ရွေးချယ်လျှင်ပင် အမျိုးသမီးပါဝင်သူများက လုံးဝမ‌ရွေးချယ်မည်ဟု ထင်ခဲ့လိုက်သည်

  

သို့သော် ရှအန်းက သူ့ကို လမ်းတစ်ဝက်၌ပင် လုပ်ကြံလိုက်သည်။

ရှုကျင်းယန်အတွက် ပြင်ဆင်ထားသည့်  " အဓိကဇာတ်လိုက် လက်ဆောင်ထုပ်ကြီး " ကို ရှအန်းက သယ်သွားသည်။


" လောင်ဟန် ငါမင်းကို အရင်တည်းက ပြောသားပဲ ... အစီအစဉ်အတွက် ဇာတ်ညွှန်းထည့်ပါမယ်ဆိုတာ မင်းမှ လက်မခံတာ ... ဇာတ်ကောင်တွေရဲ့ စစ်မှန်မှု သဘာဝကျမှုကို အာရုံစိုက်သင့်တာလေ ... ဒါပေမဲ့ အခုလည်း အဆင်ပြေပါတယ် ... ရှအန်းရွေးထားတဲ့ ဇာတ်ကောင်ကလည်း သဘာဝဆန်တယ် ..."


ရှုလင်း ခေါင်းခါလိုက်သည်။ ဟန်ယွဲ့၏ ပါတနာအနေဖြင့် ဘာကိုဆိုလိုကြောင်း သူသိသည်။


 ရှအန်းရွေးချယ်လိုက်သည့် ဟန်ယွဲ့၏ စိတ်ကူးထဲမှ ဇာတ်ကောင်က အလွန်ထက်မြက်ကြောင်းလည်း သူ နားလည်သည်။


သို့သော် ...


အားအနည်းဆုံးကြက်ပေါက်လေး ဖြစ်ရမယ့် ရှအန်းက အရေးကြီးဆုံးဇာတ်ကောင်ကို ရွေးသွားတာပဲ


ရှအန်း၏အသွင်က လွှမ်းမိုးမှုရှိပြီး ကြည့်ကောင်းသော်လည်း အားလုံးက ကြည့်ကောင်းသည့် မျက်နှာဖုံးတစ်ခုဟူ၍သာ နားလည်ထားသည်။


ထိုဇာတ်ကောင်နှင့် ပစ္စည်းများ ရှိသော်လည်း ရှအန်းက အားအနည်းဆုံး ကြက်ပေါက်လေးသာဖြစ်သည်။


အိုး မဟုတ်သေးဘူး ... သူက ကြည့်ကောင်းတဲ့ ကြက်ပေါက်လေးတစ်ကောင်ပဲပေါ့ ...


" လောင်ရှု ငါနောင်တရပါပြီ ... ငါ နောက်ဖက်တံခါးကိုဖွင့်ပြီး ရှုကျင်းယန် ညစ်လို့‌ရအောင် ကူညီတော့မယ် ... ငါ အစတည်းက နောင်တရခဲ့တာပါ ...အဲ့ဒီ ရှအန်းဆိုတဲ့ဟာလေးကတော့ ..."


ဟန်ယွဲ့၏ မျက်လုံးများက ရှအန်းကိုကြည့်နေစဉ် မုန်းတီးမှုများဖြင့် ပြည့်နေသည်။


အဲ့တော့ ရှအန်းဘက်ကရော ...


သူမရင်ထဲ ပန်းများပွင့်နေသည်။


မူလက ပေါ့ပေါ့ပါးပါး သယ်တောင်ရလွယ်သည့်အိတ်ကိုသာ ရွေးချယ်ချင်ခဲ့ပြီး ပေါ့ပါးသည့် လက်နက်ကိုသာ ရှာဖွေခဲ့သည်။


ဒီလို ကောင်းကျိုးတွေ ရလာမယ်လို့ ဘယ်ထင်မှာလဲ ...


သူမ ခွန်အားကို ယုံကြည်ချက်ရှိပေမယ့် ဒီလိုလက်နက်မျိုးနဲ့ဆို အနိုင်ရနိုင်တဲ့ ရာခိုင်နှုန်းက ပိုများလာပြီ ...


" စကားမစပ် ... ရှအန်း မင်းက ဘယ်ဇာတ်ကောင်နေရာကလဲ ..."