Chapter 45
ပါဝင်သူတိုင်း၏ ဇာတ်ကောင်ကို ရွေးချယ်ပြီးနောက် ရွေးချယ်မှု၏ရလဒ်က မည်သို့ပင်ရှိစေကာမူ ၎င်းသည် ကြိုတင်ကောက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ပါဝင်သူတစ်ဦးချင်းစီ၏ အရွယ်အစားအလိုက် ပြုလုပ်ထားသည့် အဝတ်အစားများနှင့် ဖိနပ်များကို လူတိုင်း ဝတ်ဆင်ပြီးနောက် ယခုတစ်ကြိမ်တွင် ပါဝင်သူ ခြောက်ယောက်က အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ဆက်လက်လုပ်ဆောင်ရမည်ကို သိရှိရန် မစောင့်နိုင်တော့ပေ။
" ပထမဆုံး themeက Resident Evilလို့ ကြားထားတယ် ..."
" ရုပ်ရှင်ရိုက်နေရသလိုပဲ ..."
" ငါလည်း အဲ့လိုခံစားရတယ် ..."
အမျိုးသားပါဝင်သူများက မည်သည့်ဇာတ်ကောင်ပင်ဖြစ်စေ စိတ်လှုပ်ရှားနေကြသည်။
သူတို့၏ခန္ဓာကိုယ်ရှိ သွေးခုန်နှုန်းက ၎င်းတို့ကို အစီအစဉ်၏ ဇာတ်ဝင်ခန်းသို့ လျင်မြန်စွာ ဝင်ရောက်စေချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
ဝန်ထမ်းတစ်ယောက်က အထောက်အပံ့ပစ္စည်များပေးပြီး အစီအစဉ်၏ စည်းမျဉ်းများကို ပြောပြနေစဉ်တွင် ကောင်းကင်ကြီးက မည်းမှောင်ပြီး အချိန်လင့်နေပြီဖြစ်သည်။
" ကောင်းပြီလေ ... အခုက နောက်ကျနေပြီဆိုတော့ ဝန်ထမ်းတွေ စီစဉ်ပေးထားတဲ့အိပ်ဆောင်မှာ အနားယူကြရအောင် ... မနက်ဖြန်မနက်မှ ရိုက်ကူးရေးစမယ် ..."
အစီအစဉ်၏ အဆုံးထိ မည်သို့ အသက်ရှင်နေထိုင်ရန် ဆွေးနွေးနေကြသော ပါဝင်သူများကိုကြည့်ပြီး ဟန်ယွဲ့ပြုံးလိုက်သည်။ သူမ၏ ဝတ်စုံများကို စေ့စေ့စပ်စပ်ကြည့်နေသည့် ရှအန်းကိုကြည့်လိုက်ပြီး ဂုဏ်ယူစွာ တွေးလိုက်ပြန်သည်။
ဟင်းဟင်း ... ဒီတစ်ကြိမ်တော့ ရှအန်းကို ရှင်းထုတ်ပစ်ရမယ် ...
အခြားပါဝင်သူများက နောက်ပြောင်နေကြသည်။
" မနက်ဖြန်မှ ရိုက်ကူးရေးစမယ်ဆိုရင် ငါတို့ကို ညစာစားဖို့ ဘာလို့ မဖိတ်ပါလိမ့် ..."
" ဟုတ်သားပဲ ... ငါတို့ ဆိုးဝါးပြီး ခါးသီးတဲ့နေ့တွေ ကြုံတွေ့ရတော့မှာလေ ... ဗိုက်တောင်မဖြည့်ရတော့ဘူးလား ..."
လျှို့နမ်နှင့် ကျန်းချန်၏ စကားများကို အားလုံး အသိအမှတ်ပြုကြသည်။
ဝန်ထမ်းများဆီမှ ပစ္စည်းများရပြီးသည့်နောက် ဤအစီအစဉ်က ကပ်စေးနဲကြောင်း သိလိုက်ရသည်။
ဘီစကွတ်အကြေများနှင့် ရေတစ်ပုလင်းပါသည့် အိတ်တစ်အိတ်ကိုသာ ရရှိခဲ့ကြသည်။ အစီအစဉ်ရိုက်ကူးနေသည့် သုံးရက်လုံးတွင် သူတို့ကိုယ်တိုင် စားသောက်ရန် နည်းလမ်းရှာဖွေရတော့မည်။
ဒါကတော့ အရမ်း ရက်စက်လွန်းပါတယ် ...
ပါဝင်သူများ၏ ဆန္ဒပြမှုကို ရင်ဆိုင်ရသဖြင့် ဟန်ယွဲ့က လက်ဝှေ့ယမ်းပြပြီး စွန့်ပစ်ခံ တောင်တန်းများတွင် စတင်နေထိုင်တော့မည့် ပါဝင်သူများကို ၎င်းတို့၏ ဝန်ထမ်းများ စားသည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
သို့သော် ဝန်ထမ်းများ စားသောက်နေကြသည်မှာ အသင့်စားခေါက်ဆွဲများသာဖြစ်၍ ပါဝင်သူများ အခွင့်အရေး မယူနိုင်ကြတော့ပေ။
ခိခိ ...
ကြီးထွားနေဆဲအရွယ်ဖြစ်သည့် အကောင်ပေါက်လေး ရှရှင်းချန်မှလွဲ၍ အခြားအဖွဲ့သားများ ဒါရိုက်တာမှ စာရေးဆရာကြီးနှင့် လက်ထောက်များ အားလုံးက XX တံဆိပ်ခေါက်ဆွဲတစ်ဘူးစီကိုသာ စားနေကြသည်။
" ဒီ အသင့်စား အစားအစာတွေ စားနေတာလား ..."
ကျန်းမာရေးနှင့် ပတ်သက်၍ အမြဲတစေ အထူးဂရုစိုက်ခဲ့သော အားကစားသမားဟောင်း ရွှယ်ယုက ဝန်ထမ်းများမှ ပေးလာသည့် အသင့်စားခေါက်ဆွဲဘူးကို ယူရန် တွန့်ဆုတ်နေခဲ့သည်။
" ဒါပဲ စားရမှာလား ... ဒါတွေက ကျန်းမာရေးနဲ့ မညီညွတ်ဖူးနော် ... အဲဒီထဲမှာ ကြာရှည်ခံပစ္စည်းတွေ ဘယ်လောက်ထည့်ထားလဲ သိလား..."
ကျန်းမာရေးကို အထူးဂရုစိုက်သည့် သက်လတ်ပိုင်းအရွယ် မင်းသားက သက်ပြင်းချလိုက်သည်။
ကျန်းချန်က ခေါက်ဆွဲများကို အရင်ယူလိုက်သည်။
" ကျေးဇူးပါပဲ ..."
ရှုကျင်းယန်က ခေါက်ဆွဲများကို ဝမ်းသာအားရ ယူလိုက်သည်။ အမျိုးသမီးဝန်ထမ်း၏ ရှေ့၌ပင် ခေါက်ဆွဲများကို သိမ်မွေ့စွာစားနေသည်။ သိမ်မွေ့သော အမူအရာဖြင့် ခေါက်ဆွဲများကို စားနေပုံက မသိသူများဆိုလျှင် ဈေးကြီးသည့်ဟင်းလျာကို စားနေသည်ဟု တွေးကြလိမ့်မည်။
" ကျွန်မ ဒီအသင့်စားခေါက်ဆွဲခြောက်တွေစားရင် ရုပ်ဆိုးလာလိမ့်မယ် ... တခြားဘာမှ မရှိတော့ဘူးလား ..."
ဟယ့်ရှောင်ရှောင် သူမ မနှစ်သက်ကြောင်းပြောပြီး ဝန်ထမ်းမှ ပေးသည့် ခေါက်ဆွဲဘူးကို မယူပေ။
ထိုကိစ္စကြောင့် ဝန်ထမ်းမလေး ဘာပြောရမည်မသိ ဖြစ်သွားသည်။
သူမ နာမည်ကြီးအမြောက်အများကို တွေ့ခဲ့ဖူးသော်လည်း ဤအင်တာနက်ဆယ်လီကောင်မလေးကဲ့သို့ ပြောရဆိုရ လက်ပေါက်ကပ်ခြင်း မရှိခဲ့ပေ။
" တောင်းပန်ပါတယ် ... ကျွန်မတို့က ဒါမျိုး " အသင့်စား အစားအစာတွေပဲစားတယ် ... ပြီးတော့ ဒီမှာလည်း ဒါတွေပဲရှိတယ် ..."
ဝန်ထမ်းမလေးက ဟယ့်ရှောင်ရှောင်ကို အပြုံးဖြင့် ကြည့်နေသော်လည်း သူမအသံက မဖော်ရွေတော့ပေ။ အထူးသဖြင့် " အသင့်စား " ဟူသောစကားလုံးတွင် သူမလေသံက တင်းမာနေသည်။
" နင် ..."
ဟယ့်ရှောင်ရှောင်က အလိုလိုက်ခံရ၍ ပျက်စီးနေသော ကောင်မလေးဖြစ်၍ ထိုဝန်ထမ်းမလေး၏ ပြောဆိုပုံကို တွေ့သည့်အခါ စကားအချေအတင် ပြောချင်စိတ်ပေါက်လာသည်။
ဝန်ထမ်းမလေးနဲ့ စကားမများခင်မှာပင် ရလဒ်အနေနဲ့ ...
" နင် မစားဘူးလား ... ဒါဆို ငါယူလိုက်မယ် ..."
ရှအန်းက သူမ၏ အသင့်စားခေါက်ဆွဲများကို ဝန်ထမ်းမလေးလက်မှ လုယူသွားသည်။
ထိုလူနှစ်ယောက် ဘာပြောရမည်မသိ ဖြစ်နေစဉ်မှာပင် ရှအန်းက ခေါက်ဆွဲများကို စားနေသည်။
၎င်းက အလွန်မွှေးပြီး အရသာရှိလှသည်။
ခေါက်ဆွဲများကို သဘောမကျကြောင်းပြောခဲ့သည့် ဟယ့်ရှောင်ရှောင်ပင် ဒေါသထွက်လာသည်။
" ရှအန်း ... ရှင်ဘာလို့ ကျွန်မခေါက်ဆွဲတွေ လုယူသွားတာလဲ ..."
" နင်ပဲ မစားဘူးလို့ ပြောတာလေ ... ငါလည်း စားစရာတွေကို မဖြုန်းတီးချင်လို့ ကြင်ကြင်နာနာနဲ့ ကူညီပြီး စားပေးနေတာကို ..."
ရှအန်းခေါင်းမော့ပြီး သူမ စားနေကြောင်းပြောလိုက်သည်။
" ဒါဆို ကျွန်မအရင်စားမယ် ..."
ရှအန်း သူမပြောသည်ကို အဖက်မလုပ်သဖြင့် ဟယ့်ရှောင်ရှောင် စိတ်ဆိုးလာသည်။
" ဒါဆို ဝန်ထမ်းတွေကိုပြောပြီး ထပ်ယူခိုင်းလိုက်လေ ဘာခက်လို့လဲ ..."
ရှအန်း ထိုလူဆိုးမလေးနှင့် တိုက်ခိုက်ချင်စိတ် ပေါက်လာသည်။
စက္ကူလိုကောင်မလေးကို ကမ္ဘာပျက်ကပ်နေ့ရက်တွေထဲ ဆွဲခေါ်ပြီး ခံစားရအောင် လုပ်ပစ်လိုက်ချင်တယ် ...
“…”
ဟယ့်ရှောင်ရှောင် အေးခဲသွားပြီး ဘာပြောရမည် မသိတော့ပေ။
ဟယ့်ရှောင်ရှောင်ကို ခေါက်ဆွဲများ လာပေးသည့် ဝန်ထမ်းမလေးက ဤမြင်ကွင်းကိုကြည့်၍ အားရပါးရ ရယ်နေသည်။
သူမရင်ထဲမှ ရှအန်းအပေါ် ခံစားချက်များက တိုးလာသည်။
ရှအန်းကို ဟယ့်ရှောင်ရှောင် ထပ်မံ၍ ပြဿနာမရှာစေရန် ခေါက်ဆွဲများကို အလျင်အမြန်ယူလာပေးလိုက်ရသည်။
ထိုကိစ္စများပြီးစီးသည့်အခါ ဝန်ထမ်းကောင်မလေးကို ရှအန်းက မျှော်လင့်တကြီးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" မိန်းကလေး ... မင်းရဲ့ ခေါက်ဆွဲတွေက အရမ်းအရသာရှိတာပဲ ... တစ်ဘူးစားပြီးတာတောင် မဝသေးဘူး ... ထပ်ပြီးရဦးမလားဟင် ... တကယ်လို့ ရမယ်ဆိုရင် ဒီလိုအရသာမျိုးနဲ့ နောက်တစ်ဘူး ယူပေးပါလား ... ပြီးတော့ အမဲသားအစပ်အရသာနဲ့ လောင်ထျန်ဂေါ်ဖီချဉ်ထုပ်အရသာလေးရော ... ငါ့ကို သုံးလေးဘူး ယူလာပေးလည်းရတယ် ... အာ မဟုတ်ဖူး နှစ်ဘူးဆိုရင် ရပါပြီ ..."
အစားအစာအတွက် တောင်းဆိုနေသော ရှအန်း၏ရုပ်လေးက အလွန်ချစ်စရာကောင်းနေသည်။ သူမကို ကြည့်နေသည့် မျက်ဝန်းနက်များက အရောင်လဲ့နေပြီး သနားစဖွယ်ပင်။