အပိုင်း ၄၆
Viewers 29k

Chapter 46


ထိုလှပသောမျက်နှာလေးနှင့်ဆိုပါက အသင့်စားခေါက်ဆွဲသာမက တောင်ပုံယာပုံ ပင်လယ်စာများဆိုလျှင်ပင် သူမ ပေးမိလိမ့်မည်။


ခေါက်ဆွဲများအတွက် တာဝန်ကျသော ဝန်ထမ်းမလေးက ထို့သို့ တွေးလိုက်မိသည်။


" ဟုတ် ရပါတယ် ..."


ဝန်ထမ်းမလေးက ခေါင်းငြိမ့်ပြလိုက်သည်။


" တကယ်လား ... ကျေးဇူးအများကြီး တင်ပါတယ် ..."


ရှအန်း ထိုမိန်းကလေး၏ လက်ပိစိလေးများကို ကိုင်လိုက်သည်။ ရှအန်း၏ မျက်နှာက အပြုံးများဖြင့် တောက်ပနေသဖြင့် ဝန်ထမ်းမလေး မျက်နှာက နီရဲလာသည်။


သို့သော်လည်း ဝန်ထမ်းမလေးက သူမ၏ အလှကြောင့် ဆွဲဆောင်ခံရသော်လည်း သူမသည် ထောက်ပံ့ပို့ဆောင်ရေးသမားငယ်တစ်ဦးသာ ဖြစ်သည်ကို သူမ မှတ်မိသေးသောကြောင့် နောက်ဆုံးတွင် ငြိမ်သက်သွားပြီး အနည်းငယ် ရှက်သွားခဲ့သည်။


" ဒါပေမဲ့ ကျွန်မက တာဝန်ခံမဟုတ်ဖူး ... ဒါရိုက်တာရှုဟန်ကို သွားမေးပေးပါ့မယ် ..."

  

" ကောင်းပါပြီ သွားသွား ..."


ခဏကြာသောအခါ ထိုမိန်းကလေးက ရှအန်းထံ ခြေလှမ်းစိပ်စိပ်ဖြင့် လျှောက်လာသည်။


" မစ္စရှ စာရေးဆရာဟန် ပြောတာက ခေါက်ဆွဲဘူးတွေကို ယူသွားလို့မရဘူး .. ဒီမှာပဲ စားလို့ရမယ်တဲ့ ..."

 ပို့ဆောင်ရေးသမားငယ်လေးက ရှအန်းကို တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။ 


သို့သော် ရှအန်း စိတ်မဆိုးပဲ အလွန်ပျော်ရွှင်သွားမည်ဟု သူမ မမျှော်လင့်ထားပေ။


" ဒီမှာပဲ စားလို့ရတာလား ... ပြဿနာမရှိဘူး ... ငါ ဗိုက်မဝသေးလို့ မေးကြည့်တာ ခုထိဗိုက်ဆာနေသေးတယ် ..."

  

ထိုနောက် ပူဖောင်းကဲ့သို့ ဝမ်းဗိုက်ကို ရှအန်းထိလိုက်သည်။


 ထူးဆန်းသည်က သူမ မည်မျှပင် စားနေပါစေ ဗိုက်မပူလာပေ။ သို့သော် သူမ ဗိုက်ဆာပါက ဗိုက်ဖောင်းလာသည်။

  

သူမလေယာဉ်ပျံ ကား ဗန်ကားတို့ဖြင့် ခရီးသွားခဲ့ရသဖြင့် ကောင်းကောင်း မစားရသေးပေ။ 

  

လမ်းတစ်လျှောက်လုံး အစာပြေမုန့်များစားခဲ့သော်လည်း ပူပူနွေးနွေး အစားအစာများ မဟုတ်ပေ။


ထို့ကြောင့် ညဘက်တွင် ပူပူနွေးနွေး ခေါက်ဆွဲပြုတ် စားရသဖြင့် ရှအန်းအလွန်ပျော်ရွှင်နေသည်။

 

ခေါက်ဆွဲပြုတ် ပူပူနွေးနွေးလေးတွေက အကောင်းဆုံးပဲ ... ကပ်စေးနဲတဲ့ ရိုက်ကူးရေးအဖွဲ့က ကြက်ဥနဲ့ ကြက်အူချောင်း မထည့်ပေးတာတော့ နှမြောစရာပဲ ... အဲ့လို တွဲစားရရင် ပိုကောင်းမှာကို ...


ရှအန်း အရသာပေါင်းစုံဖြင့် ခေါက်ဆွဲဘူးများကို စားပြီးနောက် ဝန်ထမ်းများနှင့်ပါဝင်သူများက သူမ၏ အစာစားချင်စိတ်ကို ထိတ်လန့်သွားကြသည်။


အစားကြီးသည့် အမျိုးသားဝန်ထမ်းများပင် ခေါက်ဆွဲပြုတ်လေးဘူးကို တစ်ထိုင်တည်း မစားပေ။

 

ဒါ‌ပေမဲ့ အမျိုးသမီးလေးကြယ်ပွင့်လေးရှအန်းကတော့ ခေါက်ဆွဲပြုတ်ခြောက်ဘူးကို တစ်ထိုင်တည်းစားလိုက်တယ် ...


" အဲ့ဒါ အရမ်း အရသာရှိတဲ့ပုံပဲ ..."


" သူမက အမျိုးသမီးသရုပ်ဆောင်ရော ဟုတ်ရဲ့လား... သရုပ်ဆောင်အများစုက ဝိတ်ချနေကြတာများတယ်လေ ...


" ရှအန်းက အစားပုတ်တဲ့သူလို့ ပြောရမယ် ... ဒါတောင်မှ သူမခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းလဲ မသိဘူး ..."

  

ဒါကတော့ အမျိုးသမီးဝန်ထမ်းအဖွဲ့ဝင်တွေရဲ့ ငိုကြွေးသံတွေပါပဲ ... 


သို့သော် သူတို့မသိလိုက်သည်က သူမ ခေါက်ဆွဲပြုတ်ခြောက်ဘူး စားထားသော်လည်း ဗိုက်မပြည့်သေးပေ။


သူမ ခေါက်ဆွဲပြုတ်အရည်ကိုပင် မသောက်ရဲပေ။


‌များစွာစားလိုက်မိပါက ပို၍လှလာမည်ကို စိုးရိမ်နေသည်။


" မာမား ရှောင်ရှင်းမှာ မာမားအတွက် ကြက်ခြေထောက်တွေရှိတယ် ..."


အခြားသူများက ရှအန်း၏ အစားကြီးမှုကြောင့် ထိတ်လန့်နေကြသော်လည်း ရှရှင်းချန်ကသာ သူ၏အမေ ဗိုက်မပြည့်သေးကြောင်းသိသည်။


ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ပေးထားသည့် အာဟာရပြည့်ဝသည့် ညစာကိုယူလာပေးခြင်းပင်။


အကောင်ပေါက်လေး၏ လက်ထဲမှ‌ ကြက်ခြေထောက်ကိုကြည့်ပြီး ရှအန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ ထို့နောက် အကောင်ပေါက်လေး၏ ခေါင်းကိုပွတ်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

" စိတ်မပူပါနဲ့ မာမား ဗိုက်မဆာဘူး ... မနက်ဖြန် မင်းရဲ့မာမားက ရိုက်ကူးရေးလုပ်ရမှာ ... အန်ကယ်ဟန်ယွဲ့ပြောတာတွေ သေချာနားထောင်နော် လျှောက်ပြေးမနေနဲ့ ..."


" ဟုတ် ရှောင်ရှင်းက ‌မေမေရိုက်ကူးရေးပြီးတဲ့အထိ လိမ်လိမ်မာမာ စောင့်နေပါ့မယ် ..."

အကောင်ပေါက်လေးက သေသေချာချာ ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်သည်။


အကောင်ပေါက်လေး၏ စဉ်းစားတွေးခေါ်တတ်ပုံကို မြင်သည့်အခါ ခေါင်းကို ထပ်မံပွတ်သပ်ပေးလိုက်သည်။


ရုတ်တရက် သူမ တစ်ခုခု တွေးမိသွားပြီး ခေါင်းငုံ့၍ သူမလည်ပင်းမှ စန်းရုံအော်ပရာပုတီးစေ့ကို ကြည့်လိုက်သည်။  ထို့နောက်ပြောလိုက်သည်။

" ရှောင်ရှင်း ... ဒီလည်ဆွဲကို မာမားတစ်ယောက်ပဲ ဝတ်ထားမယ်နော် အိမ်ပြန်ရောက်ရင် မာမား မင်းကို ပေးဝတ်မယ် ..."


သို့သော် ရှအန်း၏ စကားများကို ကြားသည့်အခါ အကောင်ပေါက်လေးက ခေါင်းခါသည်။


 " မာမား သားအဲ့ဒီ လည်ဆွဲကို သဘောမကျဘူး ... ဝတ်လည်းမဝတ်ချင်ဘူး ..."

‌ကလေးလေးက မျက်တောင်ခတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။


 " ဘာလို့လဲ ..."


ရှအန်း နားမလည်နိုင်ဖြစ်သွားပြီး အကောင်ပေါက်လေးကို ကြည့်လိုက်သည်။


" ဘာပဲဖြစ်ဖြစ် သားမကြိုက်ဘူး ..."


အကောင်ပေါက်လေးက သူမကို ပြတ်ပြတ်သားသားငြင်းဆိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ထို့ကြောင့် ကလေးလေးက ကျောက်စိမ်းလည်ဆွဲကို မဝတ်ချင်သည့် အကြောင်းအရင်းရှိလိမ့်မည်ဟု တွေးမိသွားသည်။


တွေးမိသွားသော်လည်း သူမတွင် မေးရန် အချိန်မရှိလိုက်ပေ။


ဟန်ယွဲ့က ပါဝင်သူခြောက်ယောက်ကိုယာယီအိပ်ဆောင်ခေါ်သွားရန် ဝန်ထမ်းများကို ပြောလိုက်သည်။


" မာမား သွားတော့လေ ..."


" အင်း မာမားပြန်ရောက်ရင် မင်းကို ချန်ပီယံဆုပေးမယ်နော် ..."


အကောင်ပေါက်လေးကို နှုတ်ဆက်ပြီးနောက် ရှအန်းက ပါဝင်သူငါးယောက်နှင့်အတူ ဝန်ထမ်းနောက်မှ ‌ယာယီအိပ်ဆောင်သို့ လိုက်သွားသည်။


သို့သော် အစီအစဉ်ကပြောထားသည့် ‌ကောင်းမွန်သော ခေတ္တအိပ်ဆောင်မှာ အမှန်တွင် ရွာခံတစ်ဦး၏ အိမ်အဟောင်းတစ်လုံးသာ ဖြစ်သည်။


၎င်းက အလွန်စုတ်ပြတ်လွန်းလှသည်။


ယာယီအိပ်ဆောင်ကိုကြည့်ပြီး ပါဝင်သူအားလုံး တိတ်ဆိတ်သွားကြသည်။


သူတို့တစ်ဦးစီတိုင်းက ချမ်းသာသည့် မိသားစုမှ မဟုတ်သော်လည်း သာမန်လူများနှင့် ယှဉ်ပါက ချမ်းသာကြသူများသာဖြစ်သည်။


ထို့ပြင် ဤကဲ့သို့ ပျက်စီးယိုယွင်းနေသည့်‌အိမ်တွင်လည်း မနေဖူးကြပေ။ 

  

" အမျိုးသားပါဝင်သူတွေက ဘယ်ဘက်က အခန်းမှာနေပါ ... အမျိုးသမီးနှစ်ယောက်ကတော့ ညာဘက်က အခန်းပါ ..."


ပါဝင်သူအများအပြားက ရွံရှာနေပေမယ့်လည်း သူတို့ကို စာချုပ်မှာ လက်မှတ်ထိုးပြီး ဝံပုလွေတွင်းထဲသို့ ဝင်စေခဲ့တာ ဘယ်သူလဲ.....


"..."

 

အခု သူတို့လုပ်စရာရှိတာက ဒီ ပျက်စီးနေတဲ့အိမ်ဟောင်းမှာ လိမ်လိမ်မာမာနေဖို့ပဲ ...


" ဒါက လူနေတဲ့ နေရာလား ..."


" ငါတို့ကို  ရွက်ဖျင်တဲနဲ့တော့ အိပ်ခိုင်းသင့်တယ် ..."


  " ထားလိုက်ပါတော့ သုံးရက်ပဲ နေရမှာ သည်းခံလိုက်ကြပါ ..."


ဝန်ထမ်းများထွက်သွားသည့်အခါ ကင်မရာများ မရှိတော့၍ ပါဝင်သူများ ချက်ချင်းငြီးငြူကြတော့သည်။


သို့ရာတွင် ဤယာယီအိပ်ဆောင်၌ လျှပ်စစ်မီးလည်းမရှိပေ။ ရေမံဆီမီးအိမ် ဖျော့ဖျော့လေးတစ်ခုရှိ၍သာ ခလုတ်မတိုက်ကြခြင်းဖြစ်သည်။ အမှန်တွင် ဤအိပ်ဆောင်၌ လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားသည်။


သူတို့အားလုံး တစ်နေကုန် ပင်ပန်းနေကြ၍ မျက်နှာသစ်ကြပြီး ခြေလက်ဆေး၍ အိပ်ရန်ပြင်ကြသည်။


သူတို့၏ တည်းခိုသည့်နေရာက မကောင်းမွန်သော်လည်း အလွန်ပင်ပန်းနေကြ၍ ချက်ချင်းပင် အိမ်မက်ကမ္ဘာထဲ ရောက်သွားကြသည်။


ညအချိန်ဖြစ်သည့်အတွက် အလွန်မှောင်မည်းနေပြီး လေပြင်းများလည်း တိုက်နေသည်။ ပါဝင်သူအချို့ မသိလိုက်သည်မှာ ထိုအချိန်တွင် အစီအစဉ်ကို စတင်ရိုက်ကူးနေပြီဖြစ်သည်။


လမ်းလျှောက်သံများ ထွက်ပေါ်လာသည်။


အိပ်ပျော်နေသော ပါဝင်သူများ မသိလိုက်သည်မှာ အန္တရာယ်က သူတို့ထံသို့ ရောက်နှင့်နေပြီဖြစ်သည်။