Chapter 47
ညသည် အလွန်မှောင်မိုက်နေသည်။
တိမ်မည်းများက လကို ဖုံးလွှမ်းသွားကာ ညကို ပို၍ပင် မှောင်လာစေပြီး နောက်တစ်နေ့မနက်၏ ရာသီဥတုကို ကောင်းစေမည်မဟုတ်ပေ။
" ကူး ကူး ..."
ကျေးလက်ဒေသဖြစ်သည့်အပြင် တောင်တန်းများ ကြားထဲတွင်ဖြစ်၍ ညဘက်၌တိတ်ဆိတ်မနေဘဲ ငှက်နှင့် အင်းဆက်တို့၏အသံများကို ရံဖန်ရံခါ ကြားနေရတတ်သည်။
ထိုသို့ဖြစ်သော်လည်း ပါဝင်သူများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသည်။
ဟယ့်ရှောင်ရှောင်က လွဲပြီးပေါ့ ...
" အရမ်း စိတ်ပျက်စရာကောင်းတာပဲ ..."
သူမဘေးတွင် နှစ်ခြိုက်စွာအိပ်ပျော်ပြီး အိမ်မက်ကမ္ဘာထဲ ရောက်နေသည့် ရှအန်းကိုကြည့်ကာ ပို၍ စိတ်ဆိုးလာသည်။
" ဒီလို အိပ်ရာမာမာကြီးမှာ ဘယ်လိုအိပ်နိုင်တာလဲ ..."
သူမ ရှအန်းကို ရယ်လိုက်ပြီး အိပ်မပျော်သည့်အတွက် လမ်းထွက်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဤဆုံးဖြတ်ချက်က သူမကို ပထမဆုံး ထုတ်ပယ်ခံရသည့်ပါဝင်သူ ဖြစ်သွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ခဏလောက်ပါပဲလေ ...
ဟယ့်ရှောင်ရှောင် ဖိနပ်စီးလိုက်ပြီး တံခါးကို အသာအယာပိတ်ကာ မည်သည့်အရာများ ဖြစ်ပျက်တော့မည်မသိပဲ ထွက်လာခဲ့သည်။
ဝုန်း ...
ဤတံခါးပိတ်သံကို အိပ်မှုန်စုန်မွှားဖြစ်နေသည့် ပါဝင်သူအချို့ ကြားလိုက်ရသည်။
သို့သော် အလွန်ညနက်နေပြီဖြစ်၍ တံခါးပိတ်သံ ကြားလိုက်သော်လည်း မနိုးလာနိုင်ကြပေ။
အဲ့အချိန်ထိပေါ့ ...
" အား ကယ်ကြပါဦး ... ဒီမှာ သရဲရှိတယ် ..."
စူးရှပြီး ဒုက္ခရောက်နေဟန်ရသည့် အမျိုးသမီးအသံတစ်ခုက ညအမှောင်ထဲ ပဲ့တင်ထပ်လာသည်။ မာတောင့်သည့် အိပ်ရာများပေါ်တွင် အိပ်နေကျမဟုတ်သည့် ပါဝင်သူများ အားလုံး နိုးလာကြသည်။
" အဲ့ဒါ ဘာသံလဲ ..."
" တစ်ယောက်ယောက် အကူအညီတောင်းသံ ကြားလိုက်တယ် ..."
" ဘာများ မှားလို့ပါလိမ့် ..."
ဤတစ်ကြိမ်တွင် အမျိုးသားပါဝင်သူများအားလုံး နိုးလာကြသည်။
" မပူပါနဲ့ အစီအစဉ်ကလူတွေ အနားတစ်ဝိုက်မှာ ရှိနေတာပဲ ... အဆင်ပြေမှာပါ ..."
အသက်အကြီးဆုံးနှင့် အတွေးအကြုံအရှိဆုံး လျှို့နမ်က အင်္ကျီဝတ်၍ ခဏခန့်တွေးတောနေပြီးနောက် တိုးတိုးတိတ်တိတ် ပြောလိုက်သည်။
" အစီအစဉ်ကို အခုစရိုက်ကူးနေဖို့ ဖြစ်နိုင်ချေများတယ် ..."
လျှို့နမ်၏ စကားလုံးများက အခုမှ နိုးလာသည့် ပါဝင်သူသုံးယောက်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
" ရိုက်ကူးရေး စပြီလား ..."
" သူတို့တွေ မနက်မှ စမယ်လို့ ပြောခဲ့တယ်လေ .."
ကျန်းချန် အနည်းငယ် အိပ်ငိုက်နေပြီး မျက်လုံးများကိုပွတ်၍ သမ်းဝေလိုက်သည်။
" ဒါရိုက်တာပြောတဲ့ မနက်ဆိုတာ ကျွန်တော်တို့ နားလည်သလိုမဟုတ်ပဲ တခြားအဓိပ္ပါယ်တစ်ခု ထင်တယ် .."
ရှုကျင်းယန် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။ နှုတ်ခမ်းများကွေးညွတ်ပြီး မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။
" အခုက သူတို့ပြောတဲ့ မနက် အချိန်ပဲ ..."
ထိုအခါမှ မနက်သုံးနာရီ ရှိပြီဖြစ်ကြောင်း အားလုံးသိရှိလိုက်ကြသည်။
ပြောရမယ်ဆိုရင် ဒီအချိန်ကို မနက်လို့ ခေါ်လို့ရတာပဲလေ ...
ပါဝင်သူလေးယောက်လုံး ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ပေးသည့် အဝတ်အစားများ ဝတ်ဆင်ပြီးသောအခါ အခန်းထဲတွင် တပ်ဆင်ထားသည့် ကင်မရာများကို တွေ့လိုက်ကြသည်။
" အား ... အစီအစဉ်အဖွဲ့က ငါတို့ကို ဒီလိုဆက်ဆံရလား ... တော်တော်ဆိုးဝါးတာပဲ ..."
ရွေ့လျားနေသည့် ကင်မရာများကို မြင်လိုက်ရသဖြင့် အစီအစဉ်စတင်နေသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကြသည်။
သူတို့ မကြာခင် ကပ်ဆိုးကြီးနဲ့ တွေ့ရမှာကို လန့်ေိကြပြီ ...
" ခုနက အော်သံ .. အဲ့တာ မိန်းကလေးပါဝင်သူထဲက ထင်တယ် ..."
ကျန်းချန် ကြောက်ရွံ့စွာပြောလိုက်သည်။ သူတို့အပိုင်း၏ themeက ဇွန်ဘီဖြစ်သည်။
သူက ယောကျာ်းလေးတစ်ယောက် ဖြစ်သော်လည်း ထိတ်လန့်ဖွယ်အရာများကို ကြောက်ရွံ့ကြောင်း နတ်ဘုရားများသာ သိသည်။
နဂိုမူလက ဤ variety showတွင် သူ မပါချင်ခဲ့ပေ။ သူ ပျင်းရိနေသည့်အပြင် ကြောက်စရာကောင်းလွန်း၍ မလုပ်ချင်ခဲ့ပါ။
ဒါပေမဲ့ သူ့ရဲ့ အေးဂျင့်က စာချုပ်ကို လက်မှတ်ထိုးလိုက်တယ်လေ ...
ပြီးတော့ ဒီရှိုးရဲ့ ပထမဆုံး ရိုက်ကူးမှုဟာ ဇွန်ဘီတွေဝိုင်းရံခြင်း ဆိုတာကို နောက်ပိုင်းအထိ သူ မသိခဲ့ဘူး ...
သေစမ်း ...
" ဖြစ်နိုင်တယ် ..."
ရွှယ်ယု လေးပင်စွာ ခေါင်းငြိမ့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
" ဒီအစီအစဉ်ရဲ့ ပထမဆုံး themeက ဇွန်ဘီဝန်းရံခြင်းဆိုရင် ... ကျွန်တော်တို့ကို အခုချိန် ဇွန်ဘီတွေနဲ့ ဝိုင်းထားပြီထင်တယ် ..."
ရှုကျင်းယန်က အခန်းတစ်ဝိုက်မှ လုံခြံရေးအခြေအနေကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ထင်မြင်ယူဆချက်များကို ကျိုးကြောင်းဆက်စပ်ပြီး ပြုလုပ်ခဲ့သည်။
" ကျွန်တော်တို့ ဒီကနေထွက်ဖို့ လမ်းရှာမှထင်တယ် ..."
ထို့နောက် ရှုကျင်းယန် တံခါးဖွင့်ပြီး အပြင်ဘက်ကို ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။
" ရှုကျင်းယန် ဘယ်ကိုသွားနေတာလဲ ... ဘာလို့ အရမ်းမြန်နေရတာလဲ ..."
ရှုကျင်းယန်ထွက်သွားသည်ကိုမြင်၍ အခြားသူများ သူ့နောက်လိုက်လာသည်။
" ငါ ရှအန်းကို သွားပြောဦးမယ် ..."
ရှုကျင်းယန် တင်းတင်းမာမာပြောလိုက်သည်။ သူက အမျိုးသမီးပါဝင်သူအတွက် အထူးကောင်းမွန်စွာ ဆက်ဆံသည့်အတွက် သူတို့နေထိုင်သည့် အခန်းတံခါးဆီသို့ လျှောက်သွားခဲ့သည်။
တံခါးပိတ်ထားသည်ကို တွေ့သည့်အခါ ရပ်ပြီးတံခါးခေါက်လိုက်သည်။
" အမ် ..."
သို့သော် အခန်းထဲမှ တုံ့ပြန်သံ မကြားရပေ။
" ရှအန်း ရှအန်း ...မင်း အထဲမှာလား ..."
ရှုကျင်းယန် တုံ့ပြန်သံ မကြားရသောကြောင့် နောက်တစ်ကြိမ်အော်လိုက်သည်။
သို့သော် မည်သို့မျှ မတုံ့ပြန်ပေ။
ထို့ကြောင် အံကြိတ်၍ " တောင်းပန်ပါတယ် " ဟု ပြောပြီး အမျိုးသမီးပါဝင်သူများ၏ အခန်းကို ဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည့်အခါ ရှုကျင်းယန် အေးခဲသွားသည်။
" ရှုကျင်းယန် ရှအန်း မ ..."
သူ၏စကားမဆုံးမီမှာပင် ရှုကျင်းယန်နောက်မှ လိုက်လာသည့် ကျန်းချန်နှင့် အခြားသူများ အခန်းထဲတွင် မည်သူမျှ မရှိကြောင်း တွေ့လိုက်ရသည်။
တစ်ယောက်တောင် ရှိမနေဘူး ...
" ဟေး ဟယ့်ရှောင်ရှောင်နဲ့ ရှအန်းရော ... နှစ်ယောက်လုံး ပျောက်သွားတာလား ..."
အခန်းလွတ်ကြီးက အမျိုးသားပါဝင်သူလေးယောက်ကို အံ့အားသင့်သွားစေခဲ့သည်။
" သူတို့နှစ်ယောက်လုံး ဇွန်ဘီတွေ တိုက်ခိုက်ခံလိုက်ရတာများလား ..."
" ဖြစ်နိုင်တယ် ..."
ပျောက်ဆုံးသွားသော အမျိုးသမီးပါဝင်သူနှစ်ယောက်ကြောင့် အခြားသူများ ရင်ထဲတွင် မြူနှင်းများ ဝေလာသကဲ့သို့ပင်။
အစီအစဉ်က ခုမှစရုံရှိသေးတယ် အမျိုးသမီးပါဝင်သူတွေ ထုတ်ပယ်ခံလိုက်ရပြီလား ...
ပြီးတော့ သူတို့နှစ်ယောက်အကြောင်း ဘာမှ မသိလိုက်ရဘူး ...
သူတို့လေးယောက် တွေးတောနေစဉ်မှာပင် သူတို့မသိလိုက်ပဲ ယာယီအိပ်ဆောင်ကို "ဇွန်ဘီ" များစွာက ဝိုင်းရံထားလိုက်ပြီ ဖြစ်သည်။
" ဂါး ..."
" ဂရား ..."
" အား ..."
…
~(=^・ω・^)y= ‥… *→;゚o゚)
မြှောင်က ဇွန်ဘီကြောင်လေးပါ ...
ရှအန်းကလွဲပြီး အားလုံးကို ထုတ်ပယ်ပစ်ပါမယ် ...