Chapter 48
အသံများစွာကို ကြားလိုက်ရပြီးနောက် အခန်းထဲမှ အမျိုးသားပါဝင်သူလေးယောက်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားကြသည်။
" မင်း ကြားလိုက်လား ..."
" ကြည့်လိုက်ဦး ဘာကြီးလဲ ..."
ထိုအချိန်တွင် ပြတင်းပေါက်နားမှ မသဲမကွဲပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုပုံရိပ်၏ ပြုမူပုံက သာမန်လူနှင့် မတူပေ။ အတွင်းမှ တစ်စုံတစ်ရာရွေ့လျားသွားသည်ကိုမြင်၍ ပြတင်းပေါက်ကို ထုရိုက်နေသည်။
" ဒုန်း ဒုန်း ဒုန်း ...
ထိုအသံက အနည်းငယ် ထိတ်လန့်နေပြီဖြစ်သော အမျိုးသားလေးဦးကို ပို၍ပင် ထိတ်လန့်စေခဲ့သည်။
" သွား..... ဒီကနေ မြန်မြန်ထွက်ရအောင် ..."
ဤအချိန်၌ သူတို့လေးယောက်လုံး အမျိုးသမီးပါဝင်သူလေးယောက် မည်သည့်နေရာရောက်သွားကြောင်း မတွေးနိုင်တော့ပေ။
ဤအချိန်တွင် အတွေးတစ်ခုသာရှိသည်။
၎င်းက ...
ဒီက မြန်မြန်ထွက်ရမယ် ... အန္တရယ်များလာပြီ ...
သို့သော် တံခါးဝဆီသို့ ရောက်လာပြီး ဖွင့်လိုက်ချိန်တွင် သူတို့ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
" အား ... တံခါးပိတ်ထားလိုက် နည်းတဲ့ဇွန်ဘီတွေ မဟုတ်ဖူး ..."
အပြင်ဘက်တွင် ကြောက်စရာကောင်းသည့် ဇွန်ဘီများ ရပ်နေကြသည်။
ဒါက တကယ်ကို ချဲ့ကားထားတာ မဟုတ်ဘူးနော် ...
အပြင်မှာ အုပ်လိုက်ကြီး ... ဇွန်ဘီအကောင်တစ်ရာလောက်ရှိတယ် ...
ပြီးတော့ ဇွန်ဘီမိတ်ကပ်တွေက အစစ်တွေလိုပဲ ... နိုင်ငံခြားက ကပ်ဘေးကျတဲ့ရုပ်ရှင်တွေထဲက ဇွန်ဘီတွေနဲ့ တစ်ပုံစံတည်းပဲ ...
အပြင်ဘက်က ဇွန်ဘီတွေကို ရိုက်ကူးရေးအဖွဲ့က စီစဉ်ထားတယ်ဆိုတာသာ မသိဘူးဆိုရင် သူတို့ကိုဝိုင်းထားတဲ့ လူအုပ်ကြီးက တကယ့်ဇွန်ဘီတွေလို့ ထင်နေမိမှာ ...
သူတို့က လူသားစားတဲ့ အမျိုးအစားတွေ ဖြစ်နေတုန်းပဲ ...
ဘာလို့လည်းဆိုတော့ ...
" အား ... ငါသေတော့မယ် ... သေတော့မယ် ... အကိုက်ခံလိုက်ရပြီ ..."
ကျန်းချန်က အချိန်မီ နောက်မဆုတ်နိုင်သောကြောင့် ဇွန်ဘီတစ်ကောင်၏ ဆွဲခေါ်ခံခဲ့ရပြီး အကိုက်ခံခဲ့ရသည်။
ကျန်းချန် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး အခြားလူသုံးယောက်၏ မျက်နှာများ တဖြည်းဖြည်း အရုပ်ဆိုးလာသည်။ အပြင်ဘက်တွင် ဇွန်ဘီများစွာရှိနေပြီး တံခါးဖွင့်လိုက်ပြီးနောက်တွင် ပြန်ပိတ်၍ မရတော့ပေ။
သူတို့အခန်းဆီသို့ ပြန်ဆုတ်မည့်အချိန်တွင် ဇွန်ဘီအချို့က ပြတင်းပေါက်ကို ရိုက်ခွဲပြီး ဝင်လာကြသည်။
သူတို့ကို ဇွန်ဘီများက ချက်ချင်းဝိုင်းထားလိုက်သည်။
မော်နီတာခန်းထဲမှ ရှုလင်းနှင့် ဟန်ယွဲ့တို့ ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ထိတ်လန့်မှုများကို ပြန်မရုတ်သိမ်းနိုင်ကြပေ။
သူတို့နှစ်ယောက်လုံး အံ့အားသင့်နေကြပြီး ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နေသည်။
" ဟန်ယွဲ့ ငါ့ကို မြန်မြန်လေး ပါးရိုက်လိုက်စမ်းပါ ... ငါ အမြင်မှားနေတာများလား ... အဲ့တာရှအန်းလား ... သူမက ပြတင်းပေါက်ကနေ ပျံလာတာလား ..."
ရှုလင်း၏ အသံက မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။
သူကြောက်နေသည်က ထင်ရှားသည်။
" ငါလည်း သိချင်နေတာ ... ရှအန်းက ရုတ်တရက်ကြီး သန်မာသွားပါလား ..."
ဟန်ယွဲ့က ရှုလင်းထက်ပို၍ စိတ်လှုပ်ရှားနေသည်။
ကင်မရာမှ ဖမ်းယူလိုက်သည့်မြင်ကွင်းကို သူ မယုံကြည်နိုင်ပေ။
ဤရွာငယ်လေးတွင် နေရာတိုင်း၌ ကင်မရာများတပ်ဆင်ထားပြီး ကောင်းကင်မှ ရိုက်ကူးရန် ဒရုန်းများသာ မရှိခဲ့လျှင် ရှအန်းမည်သို့လွတ်မြောက်သွားသည်ကို ရိုက်ကူးနိုင်ခဲ့မည်မဟုတ်ပေ။
ယခုလေးတင် ဟယ့်ရှောင်ရှောင်ထွက်လာပြီး ဇွန်ဘီတွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတယ်လေ ... ဟန်ယွဲ့က အစပိုင်းမှာဝင် ပါဝင်သူခြောက်ယောက်လုံး အသတ်ခံလိုက်ပြီး ရိုက်ချက်အကြီးကြီး ဖြစ်သွားစေချင်ခဲ့တာ ..
ဒါပေမဲ့ သူ့ရဲ့အစီအစဉ်က ကျရှုံးသွားခဲ့ပြီ ...
ဟယ့်ရှောင်ရှောင် ထုတ်ပယ်ခံရပြီး ကျန်တဲ့လေးယောက်ကလည်း ဇွန်ဘီတွေ ကိုက်သတ်ခံရလောက်ပြီ ...
ဒါပေမဲ့ ခြောက်ယောက်လုံးထဲမှာ အားအနည်းဆုံးကြက်ကလေးဖြစ်တဲ့ ရှအန်းက လွယ်လွယ်ပဲ လွတ်မြောက်သွားတယ် ...
ဟယ့်ရှောင်ရှောင် ပထမဆုံးအော်လိုက်သည့်အချိန်တည်းက ရှအန်းက ဒူးလေးကိုကြည့်လိုက်ပြီး ခဏတွင်းချင်းမှာပင် သာမန်လူများ မလုပ်နိုင်သည့် အလိုအလျောက်တုံ့ပြန်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
သူမ ပြတင်းပေါက် အပြင်ဘက်ကိုကြည့်ပြီး နံရံကို တွယ်တက်လိုက်သည်။ သစ်ပင်ပေါ်သို့ တောထဲမှ တာဇံတစ်ကောင်ကဲ့သို့ ခုန်တက်လိုက်သည်။
ထိုသို့ လျင်မြန်လှသည့် တုံ့ပြန်မှုများက သူမ၏ ပင်ကိုဗီဇကဲ့သို့ ဖြစ်နေသည့်အတွက် သူတို့သတိမထားမိလိုက်ပေ။
ဒရုန်းများသာမဟုတ်ပါက ရှအန်း ကြမ်းတမ်းစွာ လွတ်မြောက်သွားသည့် မြင်ကွင်းကို ရိုက်ကူးထားနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် သူမ၏အနက်ရောင်ဝတ်စုံက သူမကို ပို၍ လှပနေစေသည်။
" ဒီရှအန်းကတော့ ... သူမ အရင်က ကိုယ်ခံပညာနဲ့ဆိုင်တဲ့ ရုပ်ရှင်တွေများ ရိုက်ဖူးလားမသိဘူး... သူမကိုကြည့်ရတာ ပေါ့ပါးသွက်လက်နေတာပဲ ..."
ရှုလင်း ခေတ္တခန့် တိတ်ဆိတ်နေပြီးနောက် သူ၏ရင်ထဲမှ ကျိုးကြောင်းဆီလျော်မှုအရှိဆုံး အဖြေကို ပြောလိုက်သည်။
" ငါတို့ငှားထားတဲ့အိမ်က မမြင့်တော့ ခေါင်မိုးပေါ်ကိုတက်ပြီး အဲ့ကနေတစ်ဆင့် သစ်ပင်ပေါ်ကို ထွက်ပြေးဖို့ မခက်ဘူးလေ ..."
ဟန်ယွဲ့ မျက်ဆံလှန်လိုက်သည်။
" ဒါဆိုလည်း အဲ့ဒီကိုသွားပြီး မင်းဘာသာလုပ်ကြည့်လေ ... အရေးကြီးက အဲ့ဒါမဟုတ်ဘူး ...တကယ့် အရေးကြီးဆုံးက သူမက ဒီလိုအခြေအနေကို ကြိုသိနေပြီး တွန့်ဆုတ်မနေဘဲ ချက်ချင်းထွက်ပြေးသွားတာကိုပဲ ..."
ဟန်ယွဲ့ ဇဝေဇဝါ ဖြစ်သွားသည်။
အခြားအမျိုးသားလေးယောက်က လှုပ်ရှားနေသံများကို ကြားသော်လည်း ဤကဲ့သို့ မြန်မြန် မတုံ့ပြန်နိုင်ခဲ့ပေ။ သူတို့အားလုံး ခွဲခြမ်းစိတ်ဖြာပြီးနောက် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ရှအန်းကတော့ အော်သံကိုပထမဆုံးအကြိမ်ကြားတည်းက ထွက်ပြေးသွားခြင်းဖြစ်သည်။
ထို့အပြင် အမျိုးသားပါဝင်သူများဆီသို့သွား၍ မဆွေးနွေးပေ။
တကယ် အသည်းမာတယ် ... ကမ္ဘာပျက်ကပ်နေ့ရက်တွေကသာဆိုရင် သူမက အကုန်လုံးကို သေအောင်ပစ်ထားခဲ့မှာပဲ ...
ဟန်ယွဲ့နှင့် ရှုလင်းတို့ ပျော်ရွှင်နေစဉ်မှာပင် အပြန်အလှန်စကားပြောသည့် နားကြပ်မှ အသံတစ်ခု ထွက်လာသည်။
" နည်းပြရှု အမျိုးသားပါဝင်သူတွေအားလုံး အသတ်ခံလိုက်ရပြီ ... အမျိုးသမီးပါဝင်သူ ရှအန်းပဲ ထွက်ပြေးသွားတာ ..."
သေချာတာပေါ့ ... သူတို့ထင်ထားသလိုပဲ ... ကြိုတင်ကာကွယ်မှုမရှိတဲ့ အမျိုးသားလေးယောက်စလုံး အသတ်ခံခဲ့ရတယ်...
သူတို့ မမျှော်လင့်ထားသည့်တစ်ခုတည်းသော အရာမှာ ရှအန်းက သူတို့ ဂရုတစိုက် တည်ဆောက်ထားသည့် တပ်ရင်းမှ လွတ်မြောက်သွားတာကိုသာ ဖြစ်သည်။
" ငါတို့ ဘာလုပ်သင့်လဲ ..."
ဒီလို ပိုးကောင်တစ်ကောင်ကြောင့် သူတို့အစီအစဉ်က သမိုင်းတစ်လျှောက်မှာ ပထမဆုံး ပြဿနာနဲ့ ရင်ဆိုင်နေရပြီ ...
" ငါတို့ ဘာလုပ်နိုင်မှာလဲ ... ရှအန်းကို အရင်ရှာကြ ..."
ဟန်ယွဲ့ အလျင်စလိုဖြင့် ပြောလိုက်သည်။