Chapter 61
Viewers 2k

♎️Chapter 61




ထုပ်ပိုးပြီးပစ္စည်းများကို ပြောင်းရမည့်တိုက်ခန်းကို ရွှေ့လိုက်ကြပြီ။ ဖုယွမ်ကျိုးက ဧည့်ခန်းထဲကိုပြန်ရောက်လာပြီး ခဏထိုင်နေလိုက်၏။ မာမားဖုက လက်ထဲတွင်မည်သည့်ပစ္စည်းမှမပါလာဘဲပြန်ရောက်လာသောကြောင့် လက်ဆောင်များကိုရှန်းရှီကောထံပြန်ပေးလိုက်ပြီဖြစ်ကြောင်းသိနိုင်သည်။


"သူအကုန်လုံးပြန်ယူသွားပြီ..." 


မာမားဖုကပြောလာခဲ့ခြင်းပင်။


"တကယ်လား"

 ဖုယွမ်ကျိုးက စိတ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့်ပြန်မေးလိုက်မိ၏။ 

"သူဘာပြန်ပြောလဲ..."


မာမားဖု: "အထွေအထူးမဟုတ်ပါဘူး...ကိစ္စမရှိပါဘူးတဲ့..သူစိတ်မကောင်းဖြစ်သွားမှာစိုးလို့လား..."


"မဟုတ်ပါဘူး...ကျေးဇူးပါပဲ...မာမား.."


ဖုယွမ်ကျိုးက အမှန်အတိုင်းဝန်မခံဘဲ အိမ်စာပြန်ကြည့်ရန် အခန်းထဲပြန်သွားလိုက်သည်။ အိမ်စာလုပ်နေစဥ် သူ၏စာရေးနှုန်းက နှေးကွေးပြီးရင်းနှေးလာပြီး စိတ်ထဲတွင်ဖော်ပြမတတ်သည့်ခံစားချက်တစ်မျိုးက လွှမ်းမိုးထားခဲ့သည်။


တကယ်တမ်း၌ သူရှန်းရှီကောပေးသည့်နာရီကိုသဘောကျပါသည်။ နာရီပျက်စီးသွားမည်စိုးရိမ်၍ အမြဲမဝတ်ခဲ့သော်လည်း ရှန်းရှီကောကိုတွေ့သည့်အခါတိုင်း ၎င်းကိုလေးစားခင်မင်ကြောင်းပြသရန် အမြဲဝတ်ခဲ့သည်။


အပြန်အလှန် လက်ဆောင်လဲသည့်အနေဖြင့် သူ့ဘက်မှနက်ကတိုင်ညှပ်သည့်ကလစ်နှင့် နီလာရောင်လက်ကြယ်သီးလေးကိုပြန်ပေးခဲ့သည်။ မတွေ့ခင် တစ်ယောက်နှင့်တစ်ယောက်သေချာသိရရန် ဓာတ်ပုံများပင်ပို့ခဲ့ကြသည်။ သူလက်ဆောင်ရွေးရချိန်တွင် အဆိုပါနီလာလက်ကြယ်သီးကို မျက်မှန်းတန်းမိပြီး ရှန်းရှီကောက ထိုလက်ကြယ်သီးတစ်စုံနှင့်ဆိုလျှင် လိုက်ဖက်မည်ဟုသူယူဆခဲ့သည်။


ထိုနေ့ညတွင် ဖုယွမ်ကျိုး အိပ်မက်ထပ်မက်ခဲ့ပြန်သည်။ ၎င်းကလည်းရှန်းရှီကောနှင့်ပတ်သတ်နေသည့်အိပ်မက်ပင်။


သူတို့သည် ကော့တေးပါတီကိုရောက်နေခဲ့ကြ၏။ ရှန်းရှီကောက အဖြူရောင်ဝတ်စုံအပြည့်ဝတ်ထားပြီး ဖုယွမ်ကျိုးလက်ဆောင်ပေးထားသည့် လက်ကြယ်သီးကိုလည်းဝတ်ထားခဲ့သည်။ ၎င်းက ဖုယွမ်ကျိုးပေးထားသည့်လက်ဆောင်ကို အင်မတန်နှစ်သက်နေခဲ့ပြီး အခွင့်အရေးရတိုင်းထုတ်ဝတ်နေခဲ့၏။


ပွဲထဲတွင် ရှန်းရှီကောနှင့်ရင်းနှီးနေသူ အများအပြားရှိနေပြီး ၎င်းတို့အားလုံး ဝိုင်ကိုအလွန်အကျွံသောက်ထားကြသည်။ ရှန်းရှီကောကလည်း အနည်းငယ်မူးနေပြီး လမ်းလျှောက်ရာတွင်ပင် ယိုင်တိုင်တိုင်ဖြစ်နေလေသည်။


ဖုယွမ်ကျိုးကလည်း ရှန်းရှီကောအိမ်ကိုရောက်နေခဲ့သည်။ အိမ်ထဲတွင် ရှန်းရှီကောကို ကူညီပေးနေရပြီး သန်းခေါင်သို့ရောက်လုချိန်၌ ရှန်းရှီကောသူမှလွဲကာ ကျန်သည့်လူအားလုံးကိုထွက်သွားခိုင်းနေသောကြောင့် အိမ်ထိန်းပင်အပြင်ထွက်သွားခဲ့ရသည်၊၊ ထို့ကြောင့် အိမ်ထဲတွင်သူတို့နှစ်ယောက်သာရှိနေပြီး သူကသာရှန်းရှီကောကို ပြုစုပေးနေရလေ၏။


ရှန်းရှီကောက မူးနေ၍ မျက်လုံးတဝက်သာပွင့်သည ဖုယွမ်ကျိုးကို လွှတ်မပေးဘဲ ခပ်တင်းတင်းဖက်ထားပြီး ၎င်း၏ပူနွေးသောထွက်သက်တွင် အရက်နံ့ရနေကာ ၎င်းက ဖုယွမ်ကျိုးနားထဲသို့တီးတိုးပြောလာခဲ့သည်။


 "ရှောင်ချီး..."


ဖုယွမ်ကျိုးက နောက်ပြန်ဆုတ်လိုက်ပြီး လေကြောင့် သူ့နားရွက်ဖျားများက အနည်းငယ်မျှယားယံသွားခဲ့သည်။ သူရှန်းရှီကောကိုပုတ်ပေးပြီး ကြိုးစားနှိုးကြည့်လိုက်၏။


"ရှီကော...ငါ့ကိုမဖက်ထားနဲ့...ဆေးကြောပြီး အိပ်တော့..."


အမူးသမားရှန်းရှီကောက ပြောစကားနားလည်ပုံမရလေရာ ဖုယွမ်ကျိုးကသာ ရှန်းရှီကောကိုအိပ်ခန်းထဲဆွဲသွင်းလိုက်ရပြီး အနှီသူကိုအိပ်ရာပေါ်တွင် ခဏထိုင်ခိုင်းထားလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲမှရေအပူချိန်ကိုညှိပြီး ထိုသူရေချိုးရန်လုပ်ပေးရ၏။ သည့်နောက် အိပ်ခန်းထဲပြန်သွားပြီး ရှန်းရှီကောကိုဆွဲခေါ်လာရပြန်သည်။


"မင်းဟာမင်းပဲရေချိုးလိုက်တော့နော်..ရေချိုးပြီးရင်အိပ်လိုက်တော့...အဆင်ပြေတယ်မလား..." 


ဖုယွမ်ကျိုးက အမူးသမားများနှင့် အဆင်ပြေအောင်ပြောဆိုတတ်နေဆဲပင်။ သူသည် သူငယ်ချင်းများနှင့်သောက်နေကျဖြစ်ပြီး အဆိုပါအမူးသမားများကသာအမြဲမူးသွားတတ်ကြသည်။ ၎င်းတို့နှင့်စကားပြောရာတွင် စိတ်ရှည်ရန်လိုပြီး စကားကိုလည်းတစ်ကြောင်းချင်းစီနားပြီးမှပြောရသည်၊၊ သို့မှသာ ၎င်းတို့ကနားလည်မည်ဖြစ်၏။


ရှန်းရှီကောက မျက်လုံးမှေးထားရင်း ခေါင်းညိတ်ပြသည်။ ဖုယွမ်ကျိုးက သူ့အားစိုးရိမ်စွာဖြင့်ကြည့်လိုက်ပြီးမှ ထွက်ရန်ပြင်၏။ သူအိပ်ခန်းအပြင်ဘက်ထွက်ရုံရှိသေးစဥ် အတွင်းဘက်မှ 'ဝုန်း' ကနဲအသံကြောင့် သူ့ခြေလှမ်းတို့ကိုရပ်လိုက်ရသည်။


သူချက်ချင်းပြန်လှည့်ပြီး ရေချိုးခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ ရှန်းရှီကောက ရေချိုးကန်ထဲတွင်ထိုင်နေ၏။ မတော်တဆချော်လဲသွားပုံပင်။ ယခုတော့ ဖုယွမ်ကျိုးကသူ့အား အဝတ်ကူချွတ်ပေးလိုက်သည်။ အပြင်ဘက်မှကုတ်ကိုချွတ်လိုက်ပြီဖြစ်သည့်တိုင် အတွင်းအင်္ကျီများကားရှိနေဆဲ၊ ရေများအကုန်ရွှဲသွားပြီဖြစ်သောကြောင့် တကိုယ်လုံးမစိုသည့်နေရာဟူ၍မရှိပေ။


ယင်းကြောင့် ရှန်းရှီကောတစ်ယောက် မျက်လုံးကျယ်သွားသော်လည်း ချက်ချင်းမထသေးဘဲ နက်ကတိုင်မှကလစ်ကိုငုံ့ကြည့်ပြီး ​လက်ကြယ်သီးများထိခိုက်သွားခြင်းရှိမရှိစစ်ဆေးနေလေသည်။


"အဲဒီပစ္စည်းတွေကအရေးမကြီးဘူးဟ..." 

ဖုယွမ်ကျိုးက ရယ်ကျဲကျဲဖြင့်ကူကယ်ရာမဲ့စွာပြောလိုက်ရင်း ရှန်းရှီကောထံလျှောက်သွားလိုက်သည်။ 

"မင်းအရင်ထလိုက်ဦး..."


"......"


ရှန်းရှီကောက သူ့ကိုမော့ကြည့်လာသည်။ ရေစိုနေသည့် အညိုရောင်ဆံနွယ်များက ဖြည်းဖြည်းချင်းကျလာပြီး ရေစက်လေးများက သူ့ဆံပင်အဖျားနားမှ တစက်ချင်းစီးကျနေလေသည်။ မျက်တောင်လေးများက ရေငွေ့လေးများနှင့်စွတ်စိုနေသောကြောင့် မျက်ဝန်းပြာများက မြူဆိုင်းနေသည့်ပင်လယ်ပြင်လိုပင်။


၎င်း၏အသားအရေက ဖြူစွတ်နေသည်။ ရှပ်အဖြူမှာလည်း ရေစိုနေပြီ။ ယင်းကသူ့ကိုယ်နှင့်ကပ်နေပြီး သွယ်လျကျစ်လျစ်နေသည့် ခန္ဓာကိုယ်အချိုးအစားကို မြင်သာလာစေသည်။ ၎င်း၏ရင်ဘတ်ပေါ်မှ 'ရှောင်ချီး' ဆိုသည့် အနက်ရောင်တက်တူးသည်လည်း ခပ်မှိန်မှိန်ပေါ်နေခဲ့သည်။ အနှီသူက ဖုယွမ်ကျိုး၏အမည်ကို တက်တူးထိုးထားခဲ့သည်။


ထိုသူက ဖုယွမ်ကျိုးလက်ကိုကိုင်ကာ ဖွဖွလေးပြုံးပြလာ၏။


ထိုအခိုက်အတန့်လေးမှာပင် ရှန်းရှီကောက အင်မတန်ကြည့်ကောင်းသည်ဟု ဖုယွမ်ကျိုးတစ်ယောက်ခံစားလိုက်ရသည်။ ယခုလိုစကားလုံးဖြင့်ဖော်ပြရန် မသင့်တော်လင့်ကစား သူသည်ကား နတ်သမီးပုံပြင်ထဲရောက်နေသလိုပင်။ လူသားတစ်ယောက်ကပင်လယ်ပြင်တွင်ဖြတ်သွားရင်း ကျောက်ဆောင်ပေါ်တွင်ထိုင်နေသည့် ရေသူမတစ်ယောက်ကိုလှမ်းမြင်လိုက်သည့်အတိုင်း။


သည့်နောက် နှစ်အနည်းငယ်အကြာ၌ ဖုယွမ်ကျိုးသည် ရှန်းရှီကော၏လက်ထဲတွင်ချုပ်နှောင်ခံခဲ့ရလေ၏။


သူတို့ နေ့ရောညပါ ကုတင်တစ်လုံးထဲတွင်အတူအိပ်ခဲ့ကြသည်။ နေ့တိုင်း မျက်လုံးဖွင့်လိုက်သည်နှင့် မျက်နှာကျက်မဟုတ်လျှင် ရှန်းရှီကောမျက်နှာကိုမြင်ရတတ်သည်။


ရီဝေဝေနှင့်သူသည် အိပ်ပျော်နေသောရှန်းရှီကောမျက်နှာကို မကြာခဏဆိုသလိုမြင်တွေ့ခဲ့ရ၏။ သူဘယ်သောအခါမှ ရှန်းရှီကောကိုကျောပေးမအိပ်ခဲ့ရပေ။ သူတဖက်လှည့်လိုက်သည်နှင့် ရှန်းရှီကောကသူ့ကိုအနောက်မှသိုင်းဖက်ပြီး သူတိတ်တိတ်လေးမထသွားအောင် သူ့လက်ကိုဆုပ်ကိုင်ထားခဲ့သည်။


သူရေချိုးနေချိန်မှာပင် ရှန်းရှီကောကသူ့အားကြည့်နေခဲ့သည်။


အစက ဖုယွမ်ကျိုးလည်းလက်မခံခဲ့သော်လည်း အရာမရောက်ခဲ့ပေ။ နောက်ပိုင်း၌ သူလည်းအကျင့်ဖြစ်သွားခဲ့ပြီး ရှန်းရှီကောကြည့်နေလည်း ဂရုမစိုက်ဘဲနေခဲ့သည်။ မည်သည့်အချိန်ပင်ဖြစ်စေ သူရှန်းရှီကောကိုဂရုမစိုက်ခဲ့ဘဲ သူမရှိနေသလိုပင်ဟန်ဆောင်ခဲ့သည်။


ရှန်းရှီကောက အသံလုံးဝမထွက်ဘဲနေခဲ့သည်။ ရေကျသံမှအပ အခြားမည်သည့်အသံကိုမှမကြားရတတ်ပေ။ ဖုယွမ်ကျိုးဆေးကြောပြီးသည့်အခါတိုင်း ရှန်းရှီကောကသူမပြီးမချင်းစောင့်ခိုင်းခဲ့သည်။ ထိုအချိန်မျိုးတွင်လည်း သူနံရံကိုသာတောက်လျှောက်ကြည့်နေပြီး ရှန်းရှီကောပြီးသည်အထိစောင့်နေခဲ့သည်။ ရှန်းရှီကောအဝတ်အစားများဝတ်ပြီးမှ သူလှည့်ကြည့်တတ်သည်။


မကြာခဏဆိုသလို ရှန်းရှီကောကို မှန်မှတဆင့်လည်းမြင်ရတတ်သည်။ လူငယ်လေး၏ခန္ဓာကိုယ်အစိတ်အပိုင်းအများစုက ရေချိုးကန်နှင့်ကွယ်နေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာမြင်ရတတ်၏။ မိမိကိုယ်ကိုနှိပ်စက်ထားသည့် အကြွင်းအကျန်များကိုလည်း မသဲမကွဲမြင်ရတတ်သေးသည်။ သို့သော်လည်း ရေပူများကြောင့် အသားအရည်ကဖွေးဥမနေတော့ဘဲ မျက်နှာထားကပိုပြီးညို့ငင်အားကောင်းလာခဲ့၏၊၊ အထူးသဖြင့် မျက်ဝန်းပြာများပင်ဖြစ်ပြီး ကြည့်မိတိုင်း ဖုယွမ်ကျိုးကိုရင်တုန်စေလေသည်။


သူတွေ့လိုက်သူက ရေသူမတစ်ယောက်မဟုတ်ခဲ့ပေ၊ ညို့အားပြင်းပြီးကြောက်စရာကောင်းသည့် ပင်လယ်မွန်းစတားတစ်ကောင်ပင်။ ၎င်းက လူတစ်ယောက်ကို တတိတိဖြင့်ကိုက်ဝါးပစ်လိမ့်မည်။


****

ဖုယွမ်ကျိုးမျက်လုံးဖွင့်လိုက်မိသည် ညသန်းခေါင်သာရှိသေးသော်လည်း သူအိပ်မပျော်တော့ပေ။


သူကိုယ်တိုင်လည်း ဘာလုပ်ချင်နေမှန်းမသိ။ ခြေဗလာဖြင့်အခန်းပြင်ကိုထွက်လိုက်ပြီး ကော်ရစ်ဒါတွင် ဦးတည်ရာမဲ့လျှောက်သွားနေခဲ့သည်။ ဗီလာ၏ကော်ရစ်ဒါအဆုံးက ရှန်းရှီကောဗီလာနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။ သူဒုတိယထပ်တွင်မတ်တပ်ရပ်နေမိပြီး မမျှော်လင့်ဘဲ တဖက်ရှိရှန်းရှီကောကို မြင်လိုက်ရသည်။


မျက်နှာချင်းဆိုင်ဘက်မှ မီးများကိုမပိတ်ထားသေးသောကြောင့် အတွင်းဘက်မှအခြေအနေကိုသေချာမြင်နိုင်သည်။ ရှန်းရှီကောက ဆိုဖာကိုမှီထားပြီးအိပ်ပျော်နေပုံရသည်။ အပေါ်တွင်ထပ်ထားသည့်စောင်များက အောက်သို့လျှောကျနေ၏၊၊ အေးနေ၍ဖြစ်မည်။ ခြေထောက်လေးများကိုကွေးထားပြီး အနည်းငယ်သနားစရာကောင်းနေသလိုပင်။


ဖုယွမ်ကျိုးက စက္ကန့်အနည်းငယ်ကြာအထိမတ်တပ်ရပ်နေပြီးမှ အခန်းထဲသို့ပြန်ဝင်လာခဲ့လိုက်သည်။


ပိတ်ရက်ပြီးသည့်နောက် ပြောင်းရွှေ့ရမည့်ကိစ္စအပြင် ရန်ရှူးထန်၏မွေးနေ့ကိုပါ ဖုယွမ်ကျိုးသတိရလိုက်သည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က သူရန်ရှူးထန်ကိုလက်ဆောင်ပေးရန်စဥ်းစားနေခဲ့သည်။ အထူးသဖြင့် ခင်မင်မှုကို အလေးထားသည့်လက်ဆောင်မျိုးဖြစ်ချင်ခဲ့၏။ ကြာသပတေးနေ့ရောက်လျှင် ထိုသူကိုလက်ဆောင်ပေးရတော့မည်။


***


ဖုယွမ်ကျိုးက ရန်ရှူးထန်ကို တကယ်ကြီးလက်ဆောင်ပေးမည်ဖြစ်ကြောင်းသိလိုက်ရသည့်အခါ ၎င်းတို့၏ခင်မင်မှုကတိုးတက်လာပြီဟုထင်သွားကြပြီး တန်းခွဲ ၁ တတန်းလုံး ယုံကြည်ရမည်ထက် ထိတ်လန့်မှုကပိုသွားခဲ့ကြသည်။


အကြောင်းမှာ ဖုယွမ်ကျိုးက ရန်ရှူးထန်ကို သေတ္တာအလေးကြီးတစ်လုံး လက်ဆောင်ပေးလာသောကြောင့်ပင်။ အားလုံးက အထဲတွင် အန္တရာယ်ရှိသည့်ဗုံးတစ်လုံးများယူလာသလားဟု ထင်ခဲ့ကြသေးသည်။ အချို့လူများဆိုလျှင် အော်ကြီးဟစ်ကျယ်ပင်လုပ်လာကြသေး၏။ 


"အစ်ကိုယွမ်...ဒေါသကိုရှေ့ထားရင်မှားမယ်နော်!"


ဖုယွမ်ကျိုးမှာ စိတ်လေသွားရလေသည်။ သူမျက်လုံးသာလှိမ့်လိုက်မိပြီး ရန်ရှူးထန်ကိုဖွင့်ကြည့်ခိုင်းလိုက်သည်။


 ရန်ရှူးထန်ကလည်း သူ့ထံမှလက်ဆောင်ရလိမ့်မည်မထင်ထားခဲ့သောကြောင့် စားပွဲပေါ်မှသေတ္တာကြီးကိုဖွင့်ကြည့်လိုက်သည်။ အတွင်းထဲ၌ရှိနေသည်က စာရေးသူ၏လက်မှတ်ပါပြီး လက်ကျန်မရှိတော့သည့် ပြင်သစ်စာအုပ်များဖြစ်နေလေ၏။


သူ့မွေးနေ့ပွဲလုပ်ခဲ့စဥ်က ရန်ရှူးထန်၏အကြိုက်ကို သူလေ့လာကြည့်ခဲ့မိသည်။ သူက ပြင်သစ်စကားတတ်ပြီး စာရေးဆရာကိုလည်းသဘောကျတတ်၏၊၊ သို့ဖြစ်၍ သူလက်ကျန်ပင်မရှိတော့သည့်စာအုပ်များကိုသွားဝယ်လာပြီး စာရေးဆရာလက်မှတ်ပါသည့်စာအုပ်ကို ရန်ရှူးထန်အားလက်ဆောင်ပေးလိုက်သည်။


ရန်ရှူးထန်က စစ်တုရင်ကစားနည်းကိုလည်းနှစ်သက်လေရာ စစ်တုရင်ကစားစရာအစုံလိုက်ကိုဝယ်ပေးရန်စဥ်းစားခဲ့သေးသည်။ သူတို့နှစ်ယောက်က စစ်တုရင်ကစားနည်းကြောင့်ခင်မင်ခဲ့ကြသော်လည်း ရန်ရှူးထန်ကသူ့အားသဘောကျနေကြောင်းသိလိုက်ရသည့်အခါ ဝယ်ပေးလိုက်ပါက တမျိုးထင်စရာဖြစ်သွားနိုင်သောကြောင့် နောက်ဆုံး၌ ထိုအကြံကိုလက်လျှော့လိုက်ရလေသည်။


ရန်ရှူးထန်ကကြောင်များကိုလည်းသဘောကျသည်။ ကံမကောင်းစွာပင် ရန်ရှူးထန်ကကြောင်မွှေးနှင့်ဓာတ်မတည့်ပေ။ အိမ်တွင်လည်းကြောင်မရှိသောကြောင့် ပေးစရာမရှိတော့ဘဲ နှစ်ကြိမ်နှစ်ခါစဥ်းစားပြီးမှ ယခုလိုလက်ဆောင်မျိုးကိုပေးလိုက်ရလေသည်။


ဖုယွမ်ကျိုးတစ်ယောက် လက်ဆောင်ပေးရာတွင်သတိထားခဲ့ရသည်။ ယခင်ဘဝက သူယွိဖေးနှင့်တွဲနေစဥ်တွင် ပွဲတော်ရက်ရောက်မှသာ သူမကိုလက်ဆောင်ပေးတတ်သည်။ အခြားသူများကိုဆိုလျှင် နှစ်တိုင်းမွေးနေ့မရောက်ခင် လက်ဆောင်ကြိုပေးတတ်၏။


လက်ဆောင်ပေးရခြင်းက အင်မတန်ကရိကထများသည့်အရာမျိုးပင်။ ဤဘဝအတွက် လက်ဆောင်ပေးရန်စဥ်းစားရာတွင် ဖုယွမ်ကျိုးမှာ ဦးနှောက်ကိုနှိပ်စက်နေရသလိုပင်။


ရှဲ့လင်ထံမှလည်း မျက်မုန်းကျိုးခံရနိုင်သည်။ သူတို့က အချိန်အတန်ကြာအောင် အချင်းချင်းသိလာခဲ့ကြပြီး ပွဲတော်ရက်များရောက်တိုင်း ရှဲ့လင်ကသူ့အားလက်ဆောင်ပေးတတ်သောကြောင့် ရှဲ့လင်ကိုပြန်ပေးရန်လက်ဆောင်ကို သူအချိန်ယူပြီးစဥ်းစားရတော့မည်။


ရန်ရှူးထန်ကလက်ဆောင်ကိုမြင်သည့်အခါ ဖုယွမ်ကျိုးမှာ အတော်လေးရွေးချယ်ခဲ့ရမည်မှန်း ချက်ချင်းသိလိုက်၏။ သူ့မှာစိတ်လှုပ်ရှားရလွန်း၍ မျက်လုံးရောမျက်နှာပါနီမြန်းသွားခဲ့လေသည်။ သူသည်ကား နူးညံ့စွာပြောလိုက်လေ၏။


 "ကျေးဇူးပဲ...ငါတကယ်ကြိုက်တယ်..."


"မင်းသဘောကျရင်ပြီးတာပါပဲ..." 


ဖုယွမ်ကျိုးကလည်း သူ့လက်ဆောင်ကိုသဘောကျနေ၍ ဝမ်းသာသွားခဲ့သည်။


"ဒါပေမဲ့ လက်ဆောင်ကအရမ်းတန်ဖိုးကြီးတယ်..ငါလက်မခံနိုင်ဘူး..." 

ရန်ရှူးထန်က ဖုယွမ်ကျိုးဘက်ကို သေတ္တာပြန်တွန်းပေးလိုက်ပြီး စာအုပ်အစုံလိုက်၏တန်ဖိုးကိုလည်းသူသိလိုက်သည်။ 


"မင်းကငါ့ကိုမွေးနေ့လက်ဆောင်ပေးတယ်ဆိုရင်ပဲ စိတ်ရင်းကိုလက်ခံလိုက်ပြီးပါပြီ..."


"ဘာတွေပြောနေတာလဲ...စိတ်ကစိတ်...လက်ဆောင်ကလက်ဆောင်လေ...မရောပစ်နဲ့..." 


ဖုယွမ်ကျိုးကလက်ခါပြီးငြင်းလိုက်သည်။ 

"ငါကတောင် မင်းကိုကျေးဇူးတင်ရဦးမှာ..ငါ့ကိုလေ့ကျင့်ခန်းစာအုပ်တွေပေးတာကျေးဇူးပါပဲ..ငါဒီတခေါက် နှစ်လယ်စာမေးပွဲမှာလုပ်နိုင်ခဲ့တယ်...တန်းခွဲ ၁ ကိုတောင်မီခဲ့တယ်.." 


သူသည်ပြုံးပြလိုက်ပြီး တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်လေ၏။ 

"ထျန်းဟွတက္ကသိုလ် မဟုတ်ရင် ပေကျင်းတက္ကသိုလ်ကိုတောင်တက်နိုင်မယ်ထင်တယ်..ငါ့ကိုစာပြပေးတဲ့အတွက်ကျေးဇူးပါပဲကွာ...ဒီစာအုပ်တစ်စုံစာနဲ့တောင်လောက်မယ်မထင်ဘူး..."


"ကျေးဇူးပဲ..." 

နောက်ဆုံး၌ ရန်ရှူးထန်က စာအုပ်ကိုလက်ခံလိုက်ပြီး ကတိပေးလိုက်၏။ 

"နောင်လည်း မင်းအတွက်လေ့ကျင့်ခန်းစာအုပ်တွေကိုစီစဥ်ပေးဦးမှာပါ..." 


ပြောပြီးသည့်နောက် သူရပ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာ တွေဝေနေပြီးမှ သူထုတ်မေးလိုက်ရ၏။ 

"ပိတ်ရက်မွေးနေ့လုပ်ရင် ငါ့မိသားစုကလည်းအိမ်ကိုလာကြမှာ..မင်းရောလာကစားဦးမလား..."


ကိုယ်တိုင် ဖိတ်ကြားခြင်းပင်။ ဖုယွမ်ကျိုးနှလုံးက ဒိတ်ကနဲဖြစ်သွားပြီး ယဥ်ယဥ်ကျေးကျေးပင်ငြင်းလိုက်ရ၏။ 


"ဒီတစ်ပတ်တော့မရလောက်ဘူး..ငါအိမ်ပြောင်းရမှာ..လုပ်စရာတွေအများကြီးပဲ..." 

သူလိမ်ပြောနေခြင်းမဟုတ်ပေ။သူတိုက်ခန်းကိုသန့်ရှင်းပြီး ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။


"အယ်...အစ်ကိုယွမ်ကဘာလို့အိမ်ပြောင်းမှာလဲ...ဗီလာအကြီးကြီးနဲ့ဇိမ်ရှိနေတာပဲကို...ဘာလို့ပြောင်းချင်ရတာလဲ..." 

အမျိုးသားနေ့ပိတ်ရက်က အိမ်လာလည်ဖူးသည့် အတန်းဖော်တစ်ယောက်ကမေးလာခြင်းပင်။


"ငါအပြင်မှာတစ်ယောက်တည်းနေတော့မှာ..." 

ဖုယွမ်ကျိုးက ရယ်လိုက်လေသည်။ 

"ဘယ်လိုလဲ...လာကစားချင်လား.."


"မိုက်တယ်...တစ်ယောက်တည်းနေမှာလား...အရမ်းလန်းတယ်! ကျိန်းသေပေါက်လာခဲ့မယ်!"


အတန်းဖော်များက တစ်ယောက်ပြီးတစ်ယောက်တုံ့ပြန်လာကြပြီး နောက်တစ်ပတ်အိမ်ပြောင်းမည့်အချိန်ကိုပင်မစောင့်နိုင်ကြတော့ပေ။ ဖုယွမ်ကျိုးသည် အားလုံးသာပါလျှင် ရန်ရှူးထန်လည်းပါလာလိမ့်မည်ဟုတွေးပြီးမေးလိုက်လေ၏ ။


"မင်းရော...လာကစားဖို့အချိန်ရလား..."


"အိုကေ...ကျေးဇူးပဲ..." 

ရန်ရှူးထန်ကလည်းမငြင်းတော့ပေ။


မျက်တောင်တခတ်အတွင်း သောကြာနေ့ညကိုရောက်လာခဲ့ပြီ။ ဖုယွမ်ကျိုး အခန်းထဲတွင်ပစ္စည်းရေနေစဥ် ရှဲ့လင်ထံမှ WeChat မက်ဆေ့ချ်တစ်စောင် ရုတ်တရက်ရောက်လာခဲ့၏။


"ငါမနက်ဖြန်ပြောင်းတော့မယ်..."


"မဆိုးပါဘူး" 

ဖုယွမ်ကျိုးက အီမိုဂျီသာပြန်ပို့လိုက်သည်။ 

"ငါတော့အရမ်းစိတ်လှုပ်ရှားနေပြီ"


ရှဲ့လင်: "ကိုယ်တို့ပဲ ဒီမှာကျန်နေခဲ့ရမှာ" 


ဖုယွမ်ကျိုး တောင့်တင်းသွားသည်။ ထိုစကားက အဓိပ္ပါယ်နှစ်ခွထွက်နေ၍ သူကြောင်အသွားခဲ့သည်။ "ရှောင်ဖေးနဲ့အန်တီလည်းရှိနေမှာလေ"


ရှဲ့လင်: "ကိုယ်တို့အခွင့်အရေးရပြီလေ..ကျန်နေတဲ့နှစ်ရက်အတွက် ဆက်တွဲကြမလား"