♎️Chapter 62
ရှဲ့လင်သည် မတိုင်ခင်တည်းက သုံးရက်ကြာမည့်ဒိတ်မှာမပြီးသေးသည့်အကြောင်းနှင့် နောက်ပိုင်းတွင်ဆက်လုပ်ကြမည့်အကြောင်းကိုပြောခဲ့ဖူးသည်။
ဖုယွမ်ကျိုးကလည်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့ပါ၏။ အနှေးနှင့်အမြန် ရှဲ့လင်ဘက်မှ ထိုစကားမျိုးပြောလာမည်မှန်းသူတွေးထားနှင့်ပြီးသားပင်။ သို့သော်လည်း အိမ်မှပင်အပြီးမသွားရသေးခင် ရှဲ့လင်ကဆက်တွဲကြရန် စကားခေါ်လာခဲ့သည်။
တကယ်တမ်းတွင် သည်အတောအတွင်း ဖုယွမ်ကျိုးလည်း အများကြီးတွေးထားခဲ့သည်။ သူ့ထံတွင် ဖယ်ရိုမုန်းအာရုံခံမှုပြင်းထန်သည့်လက္ခဏာရှိနေကြောင်း သိပြီးတည်းက နောင်အနာဂတ်တွင်ကံကြမ္မာအရ အယ်လ်ဖာများနှင့်ပိုပြီးရင်းနှီးမှုယူရမည်ဖြစ်ကြောင်း တကြိမ်မကတွေးတောခဲ့သည်။ အခြားတစ်ယောက်ကို ရှာဖွေရန်မှာလည်း ခက်ခဲနေ၏။ အကြောင်းမှာ သူသည်စိတ်ပိုင်းဆိုင်ရာအရ ရှဲ့လင်အပေါ်မှီခိုမှုကြီးလွန်းနေသောကြောင့်ပင်။
မည်သူမဆို ကိုယ်ချစ်မြတ်နိုးရသူထက် ပိုတန်ဖိုးကြီးသည့်လူဟူ၍မရှိတတ်ပေ။ သူ ရှဲ့လင်ကိုကိုယ်ချင်းစာပေးနိုင်သည်။ ရှဲ့လင်သာ အခြားတစ်ယောက်နှင့်ပတ်သက်နှီးနွယ်ရန်အကြောင်းဖန်လာခဲ့ပါက ဖုယွမ်ကျိုးလည်းထိုသူနှင့်ဝေးရာတွင်နေရမည်သာ။ မည်သည့်ကိစ္စများပင်ဖြစ်လာပါစေ၊ သူသည်ကား ရှဲ့လင်ကို သူ့ချစ်သူထက် သူ့(ဖုယွမ်ကျိူး)အားပိုတန်ဖိုးထားပေးရန်တောင်းဆိုရဲသည်အထိ အရှက်မရှိသူမဟုတ်။
ဖုယွမ်ကျိုးမှာ တသက်လုံးတစ်ကိုယ်တည်းသမားအဖြစ်နေသွားရန်တွေးခဲ့ဖူးသည်။ သို့ထိတိုင် ယခုတော့ ဆရာဝန်ကသူ့အကြံကိုဖျက်ဆီးပစ်လိုက်ပေပြီ။ နောက်တကြိမ်စဥ်းစားပြီးသည့်နောက် သူနှင့်အဆင်ပြေသူက ရှဲ့လင်တစ်ယောက်သာရှိတော့၏။
ရှဲ့လင်နှင့်ပတ်သတ်လာလျှင် သူပိုပြီးစိတ်ရှည်လာတတ်သည်။ ယခုအချိန်မှတွေးကြည့်လျှင်ပင် သူရှဲ့လင်ကိုလက်မခံနိုင်လောက်သည်အထိ မဟုတ်တော့ပေ။
သူ့ဘက်တွင် အခြားအာရုံစိုက်စရာမရှိပါက သူရှဲ့လင်နှင့်စမ်းပြီးတွဲကြည့်နိုင်သည်။ ယခုတော့ သူတို့ကြားတွင် ယွိဖေး၊ ယွမ်ယဲ့နှင့် ရန်ရှူးထန်ပါရှိနေသေး၏။
ဖုယွမ်ကျိုးက ၎င်းတို့ကိုလက်မခံနိုင်ကြောင်း ဖော်ပြထားပြီးသော်လည်း အတိအလင်းမပြောရဲသေးပေ။ နောင်အနာဂတ်တွင် ၎င်းတို့နှင့်ဝေးကွာသွားပြီး သူငယ်ချင်းများပင်မဖြစ်နိုင်တော့မည်ကို သူစိုးရိမ်မိနေလေသည်။
ပြန်လည်မွေးဖွားလာ၍သာမဟုတ်ပါက သူ့စိတ်ကိုပြင်ဆင်ရသည်မှာ ဤမျှလောက်ခက်ခဲနိုင်မှန်း သူနားလည်ခဲ့မည်မဟုတ်ပေ။ ယခင်ဘဝက သူအလွန်အမင်းနောင်တရခဲ့ပြီးပြီ။ သူ ယွိဖေးနှင့်လမ်းခွဲခဲ့ရသည်။ ယွမ်ယဲ့ကလည်းနိုင်ငံခြားထွက်သွားခဲ့၍ တော်တော်နှင့်မတွေ့ဖြစ်ခဲ့ပေ။ ရန်ရှူးထန်နှင့်သူကလည်း သူစိမ်းများဖြစ်နေပြီး ယခုပြန်တွေးကြည့်သည့်အခါမှ သူ့နှလုံးသားက တဆစ်ဆစ်နာကျင်လာခဲ့ရသည်။ သူ့အနေဖြင့် ၎င်းတို့နှင့်ခင်မင်မှုကိုတန်ဖိုးထားပြီး နောက်တကြိမ်အထီးမကျန်လိုတော့ပါချေ။
သို့ပေသိ...တစ်ယောက်တည်းကိုသာရွေးချယ်ခွင့်ရမည်ဆိုပါက သူရှဲ့လင်ကိုသာရွေးချယ်မိပေမည်။ သူ့အတွက် ရှဲ့လင်ကအရေးအကြီးဆုံးပင်။ သူယွိဖေးကိုလည်းချစ်ခင်ပြီး ဂရုစိုက်ပေးခဲ့သည်။ သူ့စိတ်ထဲတွင်လေးလံနေခြင်းမျိုးမရှိသော်လည်း နောင်တွင် ယွိဖေးက အနုပညာလောကထဲသို့ဝင်သွားမည်ဖြစ်ပြီး သူ့ကြောင့်နှင့်ယွိဖေးအလုပ်ကို မထိခိုက်စေချင်ပေ။
သို့သော် သူတကယ်ပဲ ရှဲ့လင်နှင့်ဆက်နွယ်ချင်သည်။ သူအထက်တန်းကျောင်းပြီးသည့်အချိန်အထိလည်း စောင့်နိုင်သည်။ အထက်တန်းကျောင်း၏ သင်ခန်းစာများကမလွယ်ကူပေ။ ရှောင်ဖေးအတွက်ဆိုလျှင်ပိုခက်ခဲနိုင်ပြီး သူ ၏ခံစားချက်ကိုထည့်တွေးပေးရန်လည်းလိုအပ်သည်။
ဖုယွမ်ကျိုး အတန်ကြာသည်အထိစာမပြန်လိုက်ပေ။ တစ်ယောက်တည်း အတွေးကမ္ဘာတွင်နစ်နေပြီးမှ သက်ပြင်းချကာ WeChat တွင်စာပြန်ရိုက်လိုက်သည်။
"အိုကေ..."
ယင်းကသာမန်စကားလုံးလေးပင်ဖြစ်လင့်ကစား ဖုယွမ်ကျိုးမှာမူ စာတစ်ခါပြန်ရန် အတော်လေးစဥ်းစားလိုက်ရသည်။ သူရှဲ့လင်ကိုကတိပေးလိုက်သည်နှင့် ပြန်လှည့်၍ရတော့မည်မဟုတ်။ ရှဲ့လင်ပြောသည့်အတိုင်း ကျန်နေသည့်နှစ်ရက်အတွင်းဆက်တွဲကြည့်မှ သူရှဲ့လင်ကိုလက်ခံသင့်လား ငြင်းသင့်လား သိနိုင်မည်ဖြစ်သည်။
"ဒါပေမဲ့ ငါတို့နှစ်ယောက်တည်းအတူရှိဖို့အချိန်က သိပ်မကျန်တော့ဘူး..."
ဖုယွမ်ကျိုးကပြောလိုက်၏။
"ငါတို့ရှောင်ဖေးကိုတစ်ယောက်တည်းချန်ထားခဲ့လို့လည်းမရဘူး..အမေသိသွားရင် ငါတို့ကြားထဲကအကြောင်းကိုမေးလာနိုင်တယ်"
ရှဲ့လင်ကစာပြန်လာလေသည်။
"ပထမအပတ်နဲ့ နောက်လထဲမှာ...ရှောင်ဖေးနဲ့သူ့အမေက သူတို့အဖေကိုသွားတွေ့ကြမှာ..သူတို့ဒီပိတ်ရက်ကိုအတူရှိနေကြလိမ့်မယ်...ကိုယ်တို့ဒီပိတ်ရက်ကိုယူလိုက်လို့ရတယ်"
ဖုယွမ်ကျိုးက မှင်သက်သွားလေသည်။ ယွိဖေးက ထိုအကြောင်းကိုတစ်ခါမှမပြောဖူးဘဲ ရှဲ့လင်ကလည်း မတောင်းဆိုခင် ကြိုစီစဥ်ထားလိမ့်မည်ဟုမမျှော်လင့်ထားမိခဲ့ပေ၊၊ ၎င်းကလည်း ထိုသူ၏အကျင့်ပင်ဖြစ်ပြီး သူလုပ်ခဲ့သည့်အရာအားလုံးအပေါ်တွင်လည်း ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
ဤအချက်ကြောင့် ဖုယွမ်ကျိုးသဘောတူလိုက်ပြီး မအိပ်ခင် သူနှင့်ရှဲ့လင်တို့စကားခဏပြောခဲ့ကြသည်။
နောက်တနေ့တွင် သူတို့ပြောင်းရွှေ့ရသည်။ အားလုံးက ဝ်ိုင်းဝန်းကူညီပေးပြီး ပစ္စည်းအများစုကိုလည်းရှင်းလင်းထားပြီးဖြစ်၍ ဖုယွမ်ကျိုးတွင်လုပ်စရာသိပ်မရှိပေ။ ပစ္စည်းများပြောင်းရွှေ့နေကြသည့်လူများကိုသာ ထိုင်ကြည့်နေလိုက်သည်။
သူအပြင်ထွက်လာသည့်အခါ ရှဲ့လင်နှင့်ယွိဖေးကိုတွေ့လိုက်ရ၏။ ယနေ့မှစပြီး နံရံတစ်ချပ်လေးသာခြားတော့မည်ဖြစ်ပြီး သူတို့ပိုရင်းနှီးလာကြတော့မည်။
ရှဲ့လင်ကိုတွေ့လိုက်သည်နှင့် ဖုယွမ်ကျိုးမှာ သူစိတ်လှုပ်ရှားနေဆဲဖြစ်ကြောင်းသိလိုက်သည်။ သူ့လက်ဖဝါးတွင်ချွေးစိုနေပြီး အထူးသဖြင့် သူ့အမေရှိနေလေရာ မကောင်းသည့်အရာလုပ်နေသည့်လူတစ်ယောက်နှယ် ခံစားနေရပြီး အခြားသူများမမြင်တွေ့စေရန် ရှဲ့လင်နှင့်လျို့ဝှက်ချက်ကိုဖုံးထားခဲ့ရသည်။
ရှဲ့လင်က သူ့အနားမှဖြတ်သွားသည့်အခါ သူ့အတွေးများကိုသိနေသလို လက်ကိုဖွဖွလေးကိုင်လှုပ်သွားခဲ့သည်။ ယခုတော့ ဖုယွမ်ကျိုးမှာ ပိုပြီးအပြစ်ရှိသလိုခံစားလိုက်ရ၏။ သူ့ထံတွင်အပြစ်မရှိသလို ဟိုသည်ကြည့်နေရင်း မျက်နှာချင်းဆိုင်ရှိဗီလာမှပြတင်းပေါက်ထံ မထင်မှတ်ဘဲအကြည့်ရောက်သွားခဲ့သည်။ ရှန်းရှီကောက ထိုနေရာတွင်ရပ်နေပြီး အောက်ဘက်ကိုငုံ့ကြည့်နေခဲ့၏။
နှစ်ယောက်ကဝေးလွန်းနေခဲ့သည်။ ဖုယွမ်ကျိုးက ရှန်းရှီကောကိုသေချာမမြင်ရပေ၊၊ သို့ထိတိုင် ရှန်းရှီကောကသူ့ကိုကြည့်နေမှန်း သိနေပြီး ထိုသူကြည့်နေသည်ကိုလည်းခံစားရသည်။
တချိန်တည်းမှာပင် ဖုယွမ်ကျိုးခြေလှမ်းများလည်းရပ်သွားခဲ့သည်။ ရှန်းရှီကောသည်လည်း ဖုယွမ်ကျိုး သူ့အားတွေ့သွားမှန်းသိလိုက်၍ဖြစ်မည်။ ပြတင်းပေါက်မှခွာသွားပြီး တံခါးကိုမပိတ်ထားခဲ့ဘဲ အိမ်ထဲတွင်သာ သူ့ကိုယ်သူပိတ်လှောင်ထားခဲ့သည်။
ဖုယွမ်ကျိုး နေရခက်နေလေသည်။ သို့သော်လည်း သည်လောက်နှင့်သူစိတ်လှုပ်ရှားသွားခြင်းမရှိသောကြောင့် အေးအေးလူလူပင်ထွက်လာခဲ့လိုက်သည်။
အိမ်အသစ်ရောက်လာသည့်အခါ ဖုယွမ်ကျိုးက ကုမ္ပဏီမှဝန်ထမ်းများကို ပစ္စည်းများအားကူညီပြီးနေရာချခိုင်းခဲ့သည်။ ထုပ်ပိုးသိမ်းဆည်းထားသည့်ပစ္စည်းအပြင် တနေ့လုံးအချိန်ယူပြီးနေရာချလိုက်သည့်နောက် အားလုံးပြီးစီးသွားခဲ့လေသည်။
အပြင်တွင်မှောင်နေလေပြီ။ တစ်နေ့လုံးအလုပ်ကြိုးစားခဲ့ကြပြီး ဖုယွမ်ကျိုးလည်းပင်ပန်းနေပြီ။ ညစာကိုမူ ဘေးအိမ်တွင်သွားစားခဲ့၏။ ညစာစားပြီးသည့်နောက် အိမ်ပြန်အနားယူသည်။ ကုတင်ဘေးတွင်မှီရင်း Friend circle တွင်မွှေနှောက်လိုက်သည့်အခါ ရန်ရှူးထန်တင်ထားသည့်စာကိုတွေ့လိုက်ရ၏။
ရန်ရှူးထန်က Moment တွင်ပုံတင်သည့်အချိန် သိပ်မရှိသလို သူငယ်ချင်းလည်း များများစားစားမရှိ။ သည်တစ်ကြိမ်တွင်မူ အိမ်တွင်ကျင်းပသည့်မွေးနေ့ပါတီမှပုံများကို အတွဲလိုက်တင်ထားခဲ့သည်။ အချိန်များကုန်ခဲ့သည့်တိုင် လူတိုင်းကသူ့အားသဘောကျနေဆဲဖြစ်ပြီး မွေးနေ့ဆုတောင်းပေးထားကြသူများလည်းအများအပြားပင်။ ဖုယွမ်ကျိုးလည်း ၎င်းတို့ကိုကြည့်ကာ ပျော်ရွှင်နေမိလေသည်။
ခဏအကြာ၌ ရန်ရှူးထန်ကသူ့အားမက်ဆေ့ချ်ပို့လာ၏။
"ပြောင်းပြီးသွားပြီလား"
ဖုယွမ်ကျိုးက သက်ပြင်းချပြီး အီမိုဂျီပြန်ပို့လိုက်သည်။
"ဟုတ်တယ်..ပြောင်းရွှေ့လို့တော့ပြီးသွားပြီ...ယခုတော့ငါအိပ်ရာထဲမှာ ငါးဆားနူလိုလှဲနေရပြီ...မင်းဘယ်လိုထင်လဲ.."
"ပင်ပန်းနေပြီလား..."
"အေးပေါ့ဟ...အိမ်ပြောင်းရတာပင်ပန်းတယ်..."
ဖုယွမ်ကျိုးက ယုံကြည်ချက်ရှိဟန်အပြည့်ဖြင့်ပြောလိုက်၏။ သူအများကြီးမလုပ်ခဲ့သည့်တိုင် ပင်ပန်းနေဆဲ။
"အဲဒါမျိုးက အလုပ်ကြိုးစားတာပါ.."
ရန်ရှူးထန်ကအားပေးလာသည်။
"မင်းဒီနေ့ညရဲ့လကိုကြည့်ပြီးပြီလား..."
"မကြည့်ရသေးဘူး..."
ဖုယွမ်ကျိုး ယခုလေးတင်လိုက်ကာကိုဖွင့်လိုက်ချိန်မှာပင် အာရုံမထားမိပေ။
ထို့နောက် ရန်ရှူးထန်ကသူ့အား လပုံတစ်ပုံရိုက်ပို့ပေးလာသည်။ ယနေ့က ပြက္ခဒိန်တွင် ဆယ့်ငါးရက်မြောက်ဖြစ်ပြီး လပြည့်နေ့ပင်။ လမင်းကြီးကဝိုင်းစက်နေပြီး ရာသီဥတုမှာလည်းနေထိုင်ကောင်းလောက်သည်အထိအေးသည်၊ ညအချိန်မှာပင် အေးစိမ့်နေခဲ့၏။ လမင်းကြီးကအေးမြပြီး ဖြူဖွေးနေကာ ကောင်းကင်ယံ၌ ကွင်းကြီးတစ်ကွင်းပင်ပေါ်နေခဲ့သည်။
ရန်ရှူးထန်: "ငါအခုလေးတင်ဓာတ်ပုံရိုက်လိုက်တယ်..လမင်းကြီးကဒီနေ့အရမ်းလှနေတယ်"
ဖုယွမ်ကျိုးကစိတ်ဝင်စားသွား၍ လိုက်ကာဖွင့်ကြည့်လိုက်သည်။ ယနေ့ညတွင် လမင်းကြီးကပြည့်ဝိုင်းနေကာ အလင်းရောင်ကလည်းတောက်ပနေခဲ့သည်။ အင်မတန်လှလွန်းနေလေ၏။ သူသည်ကင်မရာဖြင့် လကိုဓာတ်ပုံအနည်းငယ်ရိုက်လိုက်ပြီး ပြန်ချလိုက်ချိန်တွင် ရန်ရှူးထန်ကသူ့အားစာထပ်ပို့လာ၏။
"ငါ့မိသားစုနဲ့ ဝိုင်နည်းနည်းလောက်သောက်ထားတယ်..နည်းနည်းမူးနေတော့ လကိုထွက်ကြည့်လိုက်တာ..ပြီးတော့ မင်းနဲ့မျှချင်လာလို့.."
-- အရမ်းလှလွန်းနေတဲ့လမင်းကြီးကို မင်းနဲ့အတူကြည့်ချင်တယ်။
-- ဘာလို့လဲဆိုတော့ ကိုယ်မင်းတစ်ယောက်တည်းကိုပဲသဘောကျလို့။
ဖုယွမ်ကျိုး ချက်ချင်းသဘောပေါက်လိုက်ပြီ။
ရန်ရှူးထန် အခြားသူများကို လပုံပို့ပေးလားသူမသိပေ။ ယခင်ကအတိုင်းဆိုလျှင် သူအမှုမဲ့အမှတ်မဲ့နေနိုင်သော်လည်း ယခုတော့ ရန်ရှူးထန်ကသူ့အားသဘောကျနေခဲ့သည်၊ ထပ်တွေးမိသည့်အခါ သူကသာ သူတော်ကောင်းယောင်ဆောင်နေသည်လား၊၊ ရန်ရှူးထန်ကသာ စိတ်ရင်းနှင့်ပြောနေသည်လား သူမသိနိုင်ပေ။
"လက တကယ်အကြီးကြီးပဲ"
သူသည်ကား မအူမလည်၊ မှန်တဝက်မှားတဝက်ဖြင့်ပြန်ဖြေလိုက်သည်။ လကတကယ်ကြီးမားပြီးတောက်ပနေသည်လေ။
သူပြောလိုက်သည့်စကားက ပြင်းထန်သွားပုံပင်။ တဖက်က သူ့ကိုစာမပြန်နိုင်ခဲ့ဘဲ အတန်ကြာမှအနှီသူက ပြန်ပြောလာခဲ့သည်။
"ငါ့မိသားစုကခေါ်နေပြီ..ငါသွားတော့မယ်နော်"
"ပျော်လိုက်ဦး"
ဖုယွမ်ကျိုးကလည်း စာပြန်လိုက်သည်။
ရန်ရှူးထန်: "အင်း...မင်းပေးထားတဲ့စာအုပ်တွေ ငါဖတ်နေပြီ...ငါအရမ်းကြိုက်တယ်...ကျေးဇူးပါပဲ....ငါဖတ်ပြီးမှမင်းကိုပြန်ပြောတော့မယ်...နောက်မှဆက်ပြောရအောင်"
ထိုအခါမှ သူသက်ပြင်းချလိုက်နိုင်သည်။ ခက်လွန်းလှချေ၏။ ယခုတော့ စကားကိုပင်ကြည့်ပြောနေရပြီ။ သိသာလွန်း၍မဖြစ်သောကြောင့် စကားထိန်းပြောရခြင်းကခက်ခဲလွန်းလှသည်။
ထို့နောက် သူ ဖုန်းကိုဆက်ကြည့်နေလိုက်သည်။ ခဏအကြာ၌ Group Chat မှအသံများက တောက်လျှောက်တက်လာလေ၏။ ယွမ်ယဲ့ကသူ့အား ဒီနေ့ဂိမ်းကစားမလားဟုမေးလာခြင်းပင်။
ယင်းက ဂိမ်းကစားသူများစုဝေးရာ စကားပြောရပ်ဖြစ်၏။ အဖွဲ့ဝင်ငါးယောက်၊ ခြောက်ယောက်ရှိပြီး ယွိဖေးအပါအဝင် တန်းခွဲ ၇ မှအတန်းဖော်များသာပါသည်။ ယွိဖေးသည်လည်း မကြာသေးခင်ကမှ ဂိမ်းကစားရာအဖွဲ့ထဲဝင်လာပြီး ၎င်းတို့နှင့်ကစားရန် full-level အကောင့်တို့ကိုဝယ်ခဲ့သည်။ သို့ဖြစ်၍ သူလည်းယွိဖေးနှင့်အတူ တဆင့်ချင်းကစားလာနိုင်ခဲ့၏၊ အစပိုင်းကနှင့်စာလျှင် စိတ်ချရသည့်အနေအထားကိုရောက်လာပြီဟုယူဆရနိုင်ပြီး ထိုနေ့က ဂိမ်းကစားခဲ့သည့်လူများအပေါ်လည်း အားမကိုးဘဲကစားနိုင်ခဲ့သည်။
ကံကောင်းစွာဖြင့် ယွိဖေးဖုန်းကသူ့ဖုန်းထက်ပိုကောင်းနေခဲ့ပြီး ပိုမိုမြန်ဆန်စွာကစားနိုင်သည်၊၊ သူ့လက်ထဲတွင်ပစ္စည်းကောင်းရှိသွား၍မဟုတ်ပါက အနှီသူ အသင်းဖော်များကို သေတွင်းထဲပို့လိုက်နိုင်အောင် သူကိုယ်တိုင်ခေါ်လာမိသလိုဖြစ်သွားနိုင်ပြီး ဖုယွမ်ကျိုးလည်းအရှက်ကွဲရနိုင်၏။
ယနေ့တွင်တော့ သူနှင့်ယွမ်ယဲ့ ယွိဖေးတို့သုံးယောက်တည်းသာ ဂိမ်းကစားခဲ့ကြသည်။ မည်သူမှမရောက်ကြသေး၍ ယွိဖေးကသူလာမည်ဟု Group ထဲတွင်စာပို့လာခဲ့သည်။ မိနစ်ဝက်အကျော်တွင် ဖုယွမ်ကျိုးတံခါးခေါက်သံကြားလိုက်ရပြီး တံခါးသွားဖွင့်ပေးလိုက်သည့်အခါ ယွိဖေးကတံခါးဝတွင်ပြုံးရင်း မတ်တပ်ရပ်နေခဲ့လေသည်။
"ကျိုးအာ..ငါရောမင်းနဲ့အတူဂိမ်းလာကစားလို့ရလား.."
ယွိဖေးမျက်ခုံးများက ကွေးညွတ်သွားပြီး ၎င်း၏မျက်လုံးအောက်မှ အနီရောင်ဖျော့ဖျော့မှဲ့လေးက သူ့အား နူးညံ့သည့်အသွင်ပိုဖြစ်လာစေခဲ့သည်။
"အိုကေ..."
ရှဲ့လင်ကဂိမ်းလာကစားခြင်းမရှိသည့်တိုင် ၎င်းကရောက်လာလိမ့်မည်ဟု ဖုယွမ်ကျိုးကခန့်မှန်းမိပြီး မေးလိုက်လေသည်။
"ရှဲ့လင်ရော... မလာဘူးလား..."
"သူကကျောင်းနဲ့ ဗွီဒီယိုခေါ်ပြီးအစည်းအဝေးလုပ်နေတယ်...ခဏနေမှရောက်လာမှာ..."
ဖုယွမ်ကျိုးက ရှဲ့လင်အကြောင်းကို အရေးတယူမေးမြန်းသည့်အခါ ယွိဖေးအပြုံးက မသိမသာမှိန်ဖျော့သွားခဲ့သော်လည်း သူ့ခံစားချက်တို့ကိုမသိသာစေဘဲ ဖုန်းကိုယမ်းပြရင်းပြုံးလာချေသည်။
"ကစားကြမယ်လေ.."
နှစ်ယောက်သား ဆိုဖာတွင်ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မမြင်ရတော့ပေ။ ယွမ်ယဲ့ကသူတို့ကို တိုက်ရိုက်စကားပြောနေခဲ့သည်။
ဂိမ်းတွင်ဆိုလျှင် ယွမ်ယဲ့ကဆရာတစ်ဆူပင်။ အကောင်းဆုံးထိန်းချုပ်ထားနိုင်ပြီး တိကျပြတ်သားသည့်ဆုံးဖြတ်ချက်ချနိုင်သည်။ ၎င်း၏ညွှန်ကြားမှုအောက်တွင် အသင်းက ပွဲတိုင်းဆက်နိုင်ခဲ့သော်လည်း ယနေ့ဂိမ်းအခြေအနေကမူသိပ်မလှပေ။
ယွမ်ယဲ့သည် ဂိမ်းကစားသည့်အခါတိုင်း လူများအပေါ်အညှာအတာမရှိတတ်သလို ပြိုင်ဖက်များလည်းမသက်သာပေ။ အသင်းဖော်များဘက်မှ ဒုက္ခခံရလျှင်ပင် ဖုယွမ်ကျိုးတစ်ယောက်အတွက်သာ ချွင်းချက်ဖြစ်နေပြီ ယွိဖေးဆိုလျှင်ပိုဆိုးသေးသည်။
မကြာသေးခင်ကအထိ ယွိဖေးက စကေးတက်အောင်ကစားထားသည့်တိုင် ယွမ်ယဲ့မျက်လုံးထဲတွင်မလုံလောက်သေးပေ။ အလှောင်ချည်းခံနေရပြီး ဖုယွမ်ကျိုးက ယွိဖေးကိုကာကွယ်ရန် ယွမ်ယဲ့ကိုဝင်တားရတတ်သည်။
"မင်းကိုလူချင်းသာမမြင်ဖူးထားရင် မွန်းစတားလို့ထင်မှာသိလား..."
ယွမ်ယဲ့က ယွိဖေးကို တိုက်ရိုက်ပင်ပြောချလိုက်သည်။
"မင်းကမျက်လုံးနဲ့ ကီးဘုတ်ကိုနှိပ်နေပြီး လက်နဲ့ဂိမ်းထဲကအသံကိုနားထောင်နေသလိုပဲ...ပြီးတော့ နားရွက်နဲ့ ဖုန်းကိုအကဲဖြတ်နေတယ်...မဟုတ်ရင်တော့ မင်းဦးနှောက်ကတစ်ခုခုမှားနေပြီထင်တယ်...မင်းနှိပ်နေတာတလွဲတွေချည်းပဲ..."
"အဲဒီလိုမပြောပါနဲ့..."
ဖုယွမ်ကျိုးကမူ ပုံမှန်အတိုင်း ယွိဖေးကိုကာကွယ်ပေးချင်နေဆဲ။
"မင်းယွိဖေးကိုပဲမပြောနဲ့လေ...ငါလည်းမှားတာပဲကို..."
"သူမှားလို့မင်းပါလိုက်မှားတာပေါ့.."
အနှီသူထံတွင် ယခုလို နှစ်ထပ်ကွမ်းစံနှုန်းသတ်မှတ်ချက်ရှိနေတတ်၏။
"အိုကေပါတယ်..ငါပိုကြိုးစားပါ့မယ်.."
ယွိဖေးကဂရုမစိုက်သလိုပြုံးလိုက်ပြီး ဖုန်းကိုချကာ ဖုယွမ်ကျိုးလက်ကိုဖွဖွလေးဆွဲလိုက်သည်။
"ငါ့ကိုအခုလေးတင်ကယ်လိုက်တာ ကျေးဇူးပါပဲ...မင်းပင်ပန်းနေပြီမလား...လက်ပေး...ငါမင်းကိုနှိပ်ပေးမယ်.."
"Ah..ငါ..."
ဖုယွမ်ကျိုးငြင်းလိုက်ချင်သော်လည်း ယွိဖေးကသူ့လက်ကိုစနှိပ်နေပြီ။ သူ့လက်များမှာလည်း တကယ်ကိုကျိန်းစပ်နေပြီး ယွိဖေးကလည်း ထိုနေရာများကို ကောင်းကောင်းနှိပ်ပေးနေခဲ့သည်။ ခံစားရကောင်းနေသောကြောင့် သူမရုန်းတော့ပေ။
"သက်သာလား..."
ယွိဖေးကပြုံးပြီး အသံတိုးတိုးဖြင့်မေးလာလေသည်။
"အင်း...ကောင်းတယ်...uh..နည်းနည်းဖွဖွလေး..."
"....."
ယွမ်ယဲ့က ခဏမျှအသံတိတ်နေပြီး နောက်မှဆက်ပြောလာသည်။ အသံကား သိပ်မကောင်းလှပေ။
"မင်းတို့နှစ်ယောက် အတူနေကြတာလား..."
"အင်း...ငါတို့နှစ်ယောက်ပဲစကားပြောနေတာကို မင်းသတိမထားမိဘူးလား...ငါနဲ့ယွမ်ယွမ်ကဖုန်းတစ်လုံးတည်းသုံးနေကြတာ..."
ယွိဖေးကပြုံးပြလိုက်သည်။
"နောက်လက်တစ်ဖက်ပေး...ယွမ်ယွမ်...ငါထပ်နှိပ်ပေးမယ်..."