Chapter 63
Viewers 2k

♎️Chapter 63




ဤတစ်ကြိမ်တွင်တော့ ယွမ်ယဲ့ အကြာကြီးတိတ်ဆိတ်သွားခဲ့သည်။ သည့်နောက် ယွိဖေးက ရုတ်တရက်ဝင်လာသည့် သီးသန့်မက်ဆေ့ချ်တစ်ခုရလိုက်၏။


"မင်းကိုဘယ်သူက ဖုယွမ်ကျိုးနဲ့ နှစ်ယောက်တည်းနေခိုင်းလို့လဲ"


ယွိဖေးကလှမ်းကြည့်ကာ ဖုယွမ်ကျိုးလက်ကိုချလိုက်ပြီး အေးဆေးသည့်အမူအရာဖြင့်စာပြန်ရိုက်လိုက်သည်။ 


"ငါ့ညီအစ်ကိုကို ဖယ်ထုတ်ဖို့လေ...ငါအားကျိုးနဲ့နှစ်ယောက်တည်းရှိနေတော့ဘာဖြစ်လဲ"


ဖုယွမ်ကျိုးက သူတို့နှစ်ယောက်ကို ဂိမ်းကစားရန်အကြောင်းပြချက်ဖြင့်အမြဲဆွဲခေါ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ရှဲ့လင်က ဂိမ်းကစားခြင်းမရှိသောကြောင့်ပင်။ 


ထို့ကြောင့် သူတို့ဘက်မှလည်း ဖုယွမ်ကျိုးကို ဂိမ်းဖြင့်မျှားထားနိုင်ပြီး သူသည်လည်း ရှဲ့လင်ကိုအာရုံစိုက်နိုင်တော့မည်မဟုတ်ပေ။


ဖုယွမ်ကျိုးကို တစ်ယောက်တည်းကသာဆွဲခေါ်ရန်မှာ ခက်ခဲသည်။ ယွမ်ယဲ့လည်းမကြာခဏဆိုသလို ငြင်းခံခဲ့ရသည်။ သို့သော် ယွိဖေး၏ကလေးဆန်သည့်အပြုအမူက ဖုယွမ်ကျိုးကိုစိတ်ပျော့သွားစေသည်။ ဂိမ်းကစားရန်မျှားခေါ်ခြင်းက ယုတ်မာသည့်အကြံအစည်ဖြစ်နေသလို သူသည်လည်းဖုယွမ်ကျိုးကို နေ့တိုင်းလိမ်ထား၍မရပေ။


သို့ဖြစ်၍ သူတို့နှစ်ယောက်ပူးပေါင်းခဲ့ကြပြီး ယွိဖေးကလည်း ဂိမ်းကစားရာအဖွဲ့ထဲသို့ဝင်လာခဲ့၏။ အဖွဲ့ဝင်များကလည်း ယွမ်ယဲ့ကြောင့် သူ့အားကြိုဆိုကြပြီး ထိုသူကလည်း ပေါ့ပေါ့ပါးပါးကစားရန်မှာထားခဲ့သည်။ အတန်းဖော်များကလည်း နားလည်မှုရှိကြပြီး ကစားနေစဥ် အကြောင်းအမျိုးမျိုးဖြင့် ခေါင်းရှောင်သွားလေ့ရှိကြ၏။


"နောက်ကျနေပြီ..." 


ယွမ်ယဲ့ကပြောလာပြန်သည်။

 "သူ့အိမ်မှာဆက်မနေနဲ့တော့..."


"ငါတို့ကနံရံလေးပဲခြားတာ...ကြိုက်တဲ့အချိန်ပြန်လို့ရတယ်.."


ယွမ်ယဲ့လည်း သူအိမ်ပြောင်းသွားပြီမှန်းသိပြီး လိပ်စာလည်းသိနေသောကြောင့် ယွိဖေးလည်း တိုက်ရိုက်ပြောလိုက်လေတော့သည်။ 

"...မင်းစိတ်ဆိုးချင်ရင် မင်းဟာမင်းအဝေးကြီးရောက်နေတာကိုပဲအပြစ်တင်.."


"နေဦး..." 


ယွမ်ယဲ့ကပြောပြီးသည်နှင့် ဂိမ်းထဲမှထွက်သွားပြီး ဖုန်းထဲမှသူ့အသံလည်းပြတ်တောက်သွားတော့သည်။ ယွမ်ယဲ့ကရုတ်တရက် ထွက်သွားသောကြောင့် ဖုယွမ်ကျိုးမှာနားမလည်နိုင်တော့ပေ။ ခဏအကြာတွင် အိမ်တံခါးမှဘဲလ်အသံပေါ်လာလေသည်။ တံခါးဖွင့်လိုက်သည့်အခါ ယွမ်ယဲ့ကတံခါးနားတွင်ရပ်နေခဲ့သည်။ အပြေးတပိုင်းလာခဲ့ရ၍ အသက်ရှူသံပင်ပြင်းထန်နေလေ၏။


"မင်းကဒီကိုဘာလာလုပ်တာလဲ..." 

ဖုယွမ်ကျိုး မျက်လုံးပြူးသွားခဲ့သည်။


"မင်းကိုလာတွေ့တာလေ..." 

ယွမ်ယဲ့မျက်နှာထားမှာ အေးစက်နေဆဲဖြစ်သော်ငြား ဖုယွမ်ကျိုးကိုမြင်လိုက်သည့်အခါ ၎င်း၏မျက်ခုံးများကပြေလျော့သွားခဲ့သည်။ 


"ငါအခုလေးတင်အပြင်ရောက်နေခဲ့တာ...ဒီနေရာနဲ့သိပ်မဝေးဘူး..."


ဖုယွမ်ကျိုး ယွမ်ယဲ့အိမ်ကိုသိသည်။ဤနေရာနှင့်နီးနီးလေးမဟုတ်ပေ။ ၎င်းကအိမ်မှလာခြင်းမဟုတ်လျှင် ယခုလေးတင် ဘာလုပ်နေခဲ့ပါသနည်း။


"မင်းအနှောင့်အယှက်ဖြစ်သွားပြီလား..." 

ယွမ်ယဲ့ကမေးလာလေပြီ။


"မဖြစ်ပါဘူး..." 

ဖုယွမ်ကျိုးကလည်း အမှန်အတိုင်းပြောလိုက်သည်။


"အိုကေ...ဒါဆိုဂိမ်းဆက်ကစားကြမယ်လေ..."


ယွမ်ယဲ့ကပြုံးပြလာပြီး ယွိဖေးကိုခပ်စူးစူးဖြင့်လှမ်းကြည့်လိုက်သည်။


ယွိဖေးသည်ကား အနှီသူကို ကလန်ကဆန်လုပ်တတ်လင့်ကစား အရှုံးကိုဝန်ခံရမည်ကိုလည်းမုန်းသေးသည်။ ရလဒ်ကယခုလိုဖြစ်သွားလေရာ မည်သူကမှ အမြတ်မထုတ်နိုင်တော့ပေ။


"နောက်ကျနေပြီ...အိပ်ရတော့မယ်...မင်းပြန်လိုက်ပါတော့လား..." 

ယွိဖေးကပြုံးပြုံးလေးဖြင့်နှင်ထုတ်၏။


"မင်းပဲပြန်လိုက်လေ..." 


ယွမ်ယဲ့က ပျင်းတွဲနေသည့်ပုံဖြင့် နံရံကိုမှီထားလိုက်သည်။ 

"Oh...ငါဒီနေ့မပြန်တော့ဘူး..ဒီတော့ မင်းတို့ညီအစ်ကိုအိမ်မှာလိုက်နေမယ်...ဘယ်လိုလဲ...မင်းအိမ်မှာ သုံးယောက်ခန်းရှိတယ်မလား..."


ယွိဖေး: "ရှိတယ်...ပြဿနာတွေလေ..."


"ဒါဆိုငါကဘာလုပ်ရမှာလဲ...ပြန်လို့လည်းမရတော့ဘူး..." 

ယွမ်ယဲ့ကလက်နှစ်ဖက်ဖြန့်ပြပြီး ၎င်းကအေးဆေးသည့်အမူအရာဖြစ်နေလေသည်။

 "မဟုတ်ရင်...ငါဖုယွမ်ကျိုးအိမ်မှာနေရမှာလား..."


"မရဘူး..." 


ဖုယွမ်ကျိုးပင်မပြောရသေးခင် ယွိဖေးကပြောလိုက်လေသည်။ 

"လုံခြုံရေးတွေကင်းလှည့်နေပြီ...မင်းပြန်လိုက်ပါ..."


ယွမ်ယဲ့က အရယ်တဝက်ဖြင့် ပြန်ချေပလေသည်။ 

"အဖေကငါ့ကိုနှင်ချလိုက်တယ်..တသက်လုံး အိမ်ပြန်မလာနဲ့တော့တဲ့...ငါအခုအိမ်ခြေရာမဲ့ဖြစ်နေပြီ..."


"Ah...မင်းအဖေကနှင်ထုတ်လိုက်တာလား..." 

ဖုယွမ်ကျိုးမှာ နောက်တကြိမ်ပါးစပ်အဟောင်းသားဖြစ်သွားရပြန်ပြီး စိုးရိမ်စွာဖြင့်မေးလိုက်လေ၏။ 


ယွမ်ယဲ့ကပုခုံးတွန့်ပြသည်။ 

"ဒီနေ့ ပိုက်ဆံတွေအကုန်သုံးလိုက်ပါပြီဆိုမှ...သူငါ့ကိုနှင်ချလိုက်တယ်..."


၎င်းက စကားပြောနေစဥ်တွင်ခေါင်းငုံ့ထားခဲ့သည်။ မျက်ခုံးများက မသိမသာစိတ်ဓာတ်ကျနေသလိုပင်၊၊ သနားစရာခွေးတစ်ကောင်လို ဖုယွမ်ကျိုးကိုတောင်းပန်နေခဲ့သည်။

 "ငါဒီမှာအိပ်ပါရစေ...မဟုတ်ရင် ငါဒီနေ့လမ်းပေါ်ထွက်အိပ်ရမှာ..."


ယွိဖေး: "ဟိုတယ်မှာသွားနေလို့ရတာပဲ..ပိုက်ဆံမရှိတော့ရင် ငါချေးပေးမယ်လေ...ဒီမှာယူလိုက်..."


"ငါ့မှာ ID ကတ်မပါလာဘူးလေ..." 

ယွမ်ယဲ့က ဂုဏ်ဆာနေသည့်အပြုံးဖြင့်တုံ့ပြန်လာလေသည်။


သို့သော်လည်း ဖုယွမ်ကျိုးက သူငယ်ချင်းဖြစ်သူ၏ဒုက္ခကို မျက်နှာလွှဲမထားနိုင်၍ မေးလိုက်လေသည်။ 

"မင်းဒီမှာနေလိုက်...ဒီမှာ..."


"ငါတို့ညီအစ်ကိုနဲ့သာနေလိုက်တော့..." 

ယွိဖေးကဖြတ်ပြောလာသည်။


"မင်းပဲအခုလေးတင် ငါ့ကိုမနေနဲ့ဆို.." 

ယွမ်ယဲ့ကလှည့်ကြည့်လာသည်။ 

"ပြီးတော့ မင်းအစ်ကိုကသဘောတူမတူမသိသေးဘူးလေ...သူကမနေနဲ့လို့ပြောရင် မင်းဘာလုပ်လို့ရမှာလဲ..."


"မင်းနေလို့ရပါတယ်..."


ရုတ်တရက် တံခါးအနောက်မှ ရှဲ့လင်အသံပေါ်လာခဲ့သည်၊ အနှီသူက အထဲဝင်လာပြီး အေးတိအေးစက်ဖြင့်ခပ်ပေါ့ပေါ့သာပြောလိုက်သည်။ 


"မင်း အိမ်ကိုလိုက်လာလို့ရတယ်..."


"အစည်းအဝေးပြီးသွားပြီလား..." 

ရှဲ့လင်ကအထဲဝင်လာသောကြောင့် ဖုယွမ်ကျိုးလည်းနှုတ်ဆက်လိုက်သည်။ ရှဲ့လင်က မည်မျှအတိုင်းအတာအထိ သူတို့ပြောနေကြသောစကားများကိုကြားသွားမှန်း မသိနိုင်ပေ။ သို့တစေ ဘုရားသိကြားမ၍ မပြောသင့်သည့်စကားမပြောမိပါချေ။


"ကျေးဇူးပါပဲ...စီနီယာ..." 

ယွမ်ယဲ့ကပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်သည်။


ယွမ်ယဲ့ပြဿနာကိုဖြေရှင်းလိုက်နိုင်သည့်တိုင် ဖုယွမ်ကျိုးမှာ ထိုသူအနားကိုကပ်သွားပြီး အသံတိမ်တိမ်ဖြင့်မေးလိုက်လေသည်။ 

"မင်းနဲ့မင်းအဖေ အဆင်ပြေကြရဲ့လား...မင်းအပြင်ထွက်လာတာ...အိမ်ကိုရောနှုတ်ဆက်ခဲ့သေးလား..."


"ဒီလိုပါပဲ..အကျင့်ဖြစ်နေပါပြီ..." 

ယွမ်ယဲ့ကမူ ဖြစ်နေကျလိုပင်။

 "ငါလည်းမနှုတ်ဆက်ခဲ့ဘူး...သူလည်းဂရုမစိုက်ဘူးလေ..."


"ဒါဆို အမေ့ကိုတော့ပြောခဲ့မှာပေါ့?"


"အမေကလည်း သူ့မိဘတွေအိမ်ပြန်သွားတယ်..အဖေကလည်း စိတ်ဆိုးလွန်းလို့ သောင်းကျန်းနေတယ်လေ.."


ယွမ်ယဲ့ကား မျက်နှာကြတ်ကိုကြည့်ကာသက်ပြင်းချလေသည်။ 

"ငါတကယ်မင်းကိုမနာလိုဖြစ်မိတယ်..ငါလည်းတစ်ယောက်တည်းနေချင်လိုက်တာ.." 


ထို့နောက် အနှီသူကရုတ်တရက်ရယ်လာပြန်သည်။ 

"စီနီယာ...အခန်းပိုကျန်သေးလား..ကျွန်တော့်ကိုငှားပါလား...တစ်ယောက်တည်းနေဖို့စီစဥ်နေလို့ပါ.."


ရှဲ့လင်ကသူ့ကိုကြည့်ပင်မကြည့်ပေ။ 

"မငှားဘူး..."


"အာ...စိတ်မကောင်းလိုက်တာ..." 


ယွမ်ယဲ့ကလည်း ကြိုတင်ခန့်မှန်းပြီးသားပင်။ သူစိတ်မပျက်သွားခဲ့သလို ဖုယွမ်ကျိုးကိုပင် ပြုံးပြလိုက်သေးသည်။ 

"ဒါဆို ဒီနားကအိမ်တစ်လုံးရှာရမယ်..မင်းနဲ့လည်းနီးသွားတာပေါ့...ဘာပဲဖြစ်ဖြစ် ငါပြိုင်ပွဲဝင်ထားတဲ့ပိုက်ဆံတွေရှိတာပဲ...ပိုက်ဆံကလုံးဝတော့မပြတ်ပါဘူး..."


ဖုယွမ်ကျိုး: "ဒါပေမဲ့ ဒီလိုမျိုးဆက်နေသွားလို့မဖြစ်ဘူးလေ...မင်းအိမ်မပြန်လို့မှမဖြစ်တာ.."


"ဒါပေါ့...ငါပြန်မှာပါ..ပြောင်းရွှေ့ဖို့ပစ္စည်းတွေပြန်ယူရမယ်လေ..." 

ယွမ်ယဲ့ကပြုံးလာချေ၏။


၎င်း၏ဆုံးဖြတ်ချက်ကြောင့် ဖုယွမ်ကျိုးလည်းမတတ်နိုင်တော့ပေ။ ယွမ်ယဲ့ကသူ့အဖေနှင့်အဆင်မပြေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သူသိထားခဲ့သည်။ ယွမ်ယဲ့အဖေက စစ်သားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ စည်းကမ်းတင်းကျပ်လွန်းသောကြောင့် ယွမ်ယဲ့တွင်လည်း စံထားလောက်သည့်စိတ်နေစိတ်ထားမျိုးရှိနေခဲ့ခြင်းပင်။


ယွမ်ယဲ့သည် ဂိမ်းကစားရခြင်းကိုနှစ်သက်ပြီး ပရိုဖက်ရှင်နယ်ကစားသမားတစ်ယောက် ဖြစ်လာချင်ခဲ့သည်။ သို့တစေ အဖေဖြစ်သူ၏မျက်လုံးထဲတွင်တော့ ၎င်းက ခွင့်မပြုနိုင်စရာကိစ္စတစ်ခုဖြစ်နေခဲ့သည်။


ထိုအချိန်က ဖုယွမ်ကျိုးသည် ငယ်ရွယ်သေးပြီး အရာအားလုံးကို ပေါ့ပြတ်ပြတ်သာသဘောထားခဲ့သည်။သူငယ်ချင်းများကို အားပေးအားမြှောက်လုပ်တတ်သောကြောင့် သူသည် ယွမ်ယဲ့အဖေ၏ အကျပ်ကိုင်မှုများနှင့် အေးစက်မှုတို့ကိုမုန်းတီးနေခဲ့သည်။ ယွမ်ယဲ့အဖေက ယွမ်ယဲ့အကြောင်းများကို သူ့အားပုံမှန်မေးလာတတ်သည့်တိုင် သူမပြောပြတတ်ပေ။


နောက်ပိုင်း၌ ယွမ်ယဲ့သည်လက်ဒဏ်ရာကြောင့် နိုင်ငံခြားသွားပြီးကုသခဲ့ရသည်။ မိသားစုထံမှ ပဲနိတစ်ပြားပင်မတောင်းခဲ့ပေ။ ဆုရထားသည့်ပိုက်ဆံများဖြင့်သာ နေစရိတ်နှင့် ဆေးကုသစရိတ်များကိုပေးချေခဲ့သည်။ ဖုယွမ်ကျိုးက ထောက်ပံ့ပေးခဲ့သော်လည်း ယွမ်ယဲ့သုံး မသုံးကိုမူ သူမသိခဲ့ရပေ။


ယွမ်ယဲ့နိုင်ငံခြားထွက်သွားချိန်တွင် ပါပါးယွမ်က ဖုယွမ်ကျိုးထံ နောက်တကြိမ်ဆက်သွယ်လာပြီး ဖုယွမ်ကျိုးနှင့်တွေ့ခွင့်တောင်းလာခဲ့သည်။


ယွမ်ယဲ့ထွက်သွားချိန်တွင် ပါပါးယွမ်ကအရိပ်ပင်ထွက်မပြခဲ့ဘဲ သူ့သားကိုတကယ်ဂရုမစိုက်သလိုနေခဲ့သည်။ ဖုယွမ်ကျိုးမှာလည်း မဝေဖန်ချင်ခဲ့ပေ။ အဖေနှင့်သားက ဆက်ဆံရေးကိုဖြတ်တောက်လိုက်ပြီဖြစ်ရာ လေဆိပ်အထိလိုက်မပို့ခဲ့ခြင်းက အကျိုးအကြောင်းသင့်သော်လည်း ယွမ်ယဲ့၏သူငယ်ချင်းအနေဖြင့် သူသတိထားနေမိပြီး ပါပါးယွမ်နှင့် မတွေ့ချင်ခဲ့ချေ။


သို့ထိတိုင် ပါပါးယွမ်ကသူ့ထံရောက်လာခဲ့ပြီး နှစ်ယောက်တွေ့ချိန်တွင် ဖုယွမ်ကျိုးလက်လျှော့လိုက်ရသည်။ ပါပါးယွမ်မှာ လွန်ခဲ့သောနှစ်နှစ်သုံးနှစ်ကထက်ပင် ပိုမိုအိုစာသွားပုံရပြီး ရှိခဲ့ဖူးသည့်အရှိန်အဝါနှင့်အေးစက်မှုတို့လည်းလျော့ကျသွားသလိုပင်။


"ဒီနှစ်တွေမှာ မင်း ယွမ်ယဲ့ကိုဂရုစိုက်ပေးခဲ့တဲ့အတွက်..ဦးလေးမင်းကိုကျေးဇူးတင်ပါတယ်ကွာ.."


ပါပါးယွမ်က သူ့အား တလေးတစားဦးညွတ်လာ၍ ဖုယွမ်ကျိုးက အမြန်တားလိုက်ရသည်။ ထို့နောက် သူက ဘဏ်ကတ်တစ်ကတ်လှမ်းပေးလာသည်။ သူဘဏ်ကတ်ကိုလှမ်းယူလိုက်သည့်အခါ ပိုက်ဆံအိတ်ထဲမှဓာတ်ပုံတစ်ပုံကိုမြင်လိုက်ရသည်။ ယွမ်ယဲ့ထရိန်နင်ဆင်းနေစဥ်ကဓာတ်ပုံပင်။


ဘဏ်ကတ်ထဲတွင် ပိုက်ဆံအမြောက်အမြားရှိနေသည်။ ဖုယွမ်ကျိုးက ယွမ်ယဲ့ထံပို့ပေးလိုက်သည့်ပိုက်ဆံအပါအဝင် ကျန်သည့်ပိုက်ဆံများကိုယွမ်ယဲ့ထံပို့ပေးရန် ပါပါးယွမ်ကသူ့အားတောင်းဆိုလာခဲ့၏။ ထိုသူသည် ယွမ်ယဲ့အနေနှင့်နိုင်ငံခြားတွင် ကုသမှုကောင်းကောင်းခံယူရန်နှင့် သူ့ကိုယ်သူဖိအားမပေးရန် မျှော်လင့်ထားပုံရသည်။


ထိုသူနှင့်စကားပြောပြီးနောက် ဖုယွမ်ကျိုးနှလုံးသားထဲတွင် ခံစားချက်အမြောက်အမြားရောထွေးနေခဲ့သည်။ ပိုက်ဆံတင်မက ယွမ်ယဲ့ကို နိုင်ငံခြားတွင်ကုသပေးနေသောဆရာဝန်ပင် ပါပါးယွမ်ကတဆင့်ခံဖြင့်ဆက်သွယ်ပေးထားခြင်းဖြစ်နေခဲ့သည်။ ထိုအကြောင်းကို ယွမ်ယဲ့ပင်မသိထားခဲ့ပါချေ။


သည်နှစ်များအတွင်း ပါပါးယွမ်သည် သားဖြစ်သူအပေါ်ဂရုစိုက်ပေးနေခဲ့သည်။ ယွမ်ယဲ့ထွက်သွားသောကြောင့် နောင်တရမိသော်လည်း ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာတို့ကိုခဝါချပြီး သားဖြစ်သူနှင့်ပြန်လည်ဆုံတွေ့နိုင်ရန်မကြိုးစားခဲ့ပေ။ ယွမ်ယဲ့ လက်တွင်ဒဏ်ရာရပြီး အလုပ်ထိခိုက်သွားမှ သူနောင်တရခဲ့သည်။ သို့ပါသော်လည်း နောက်ကျသွားခဲ့ပြီပင်။


ထိုအချိန်က ဖုယွမ်ကျိုးမှာအင်မတန်စိတ်ထိခိုက်ခဲ့ရပြီး ပြန်လည်မွေးဖွားလာခဲ့စဥ်ကထက်ပင် ပိုနာကျင်ခဲ့ရသည်။ သူ့အတွက် နောက်တကြိမ်ပြန်လည်စတင်ခွင့်ရခြင်းမှာ မဟာကံကောင်းမှုကြီးဖြစ်ပြီး ဖြစ်လာနိုင်သည့်ကိစ္စများကိုကာကွယ်နိုင်တော့မည်။ လူတိုင်းတွင် ယခုလိုအခွင့်အရေးမရှိပေ။ သူပင် အတော်လေးဒုက္ခခံရပြီးမှ နောက်တကြိမ်ပြန်မွေးဖွားခွင့်ကြုံခဲ့ရခြင်းဖြစ်သည်။


ထို့ကြောင့်ပင် သူ ယွမ်ယဲ့နှင့်အခြားသူများအပေါ်ဆက်ဆံရေးကိုတန်ဖိုးထားနေရခြင်းဖြစ်သည်။ သူပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ယွမ်ယဲ့ဘက်မှစာနာကြည့်ကာ ယွမ်ယဲ့ကို ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်သည်အထိ ကူညီပေးမည်ဟုတွေးခဲ့သည်။ နောက်သုံးနှစ်အကြာတွင် ယွမ်ယဲ့ကဒဏ်ရာရခဲ့ပြီး အကြောင်းအရင်းကိုသေချာမသိရသော်လည်း ဤဘဝတွင်တော့ ယွမ်ယဲ့အပေါ်တွင်ကောင်းကောင်းဆက်ဆံပေးမည်ဟု သံဓိဌာန်ချလိုက်သည်။


သည့်အပြင် သူသည် ယွမ်ယဲ့တို့သားအဖကြားမှဆက်ဆံရေးကို ပိုကောင်းလာစေချင်သည်။ ထိုအခါမှ အဖေဖြစ်သူကသားအပေါ်နားလည်ပေးလာပြီး သားဖြစ်သူ၏အိပ်မက်ကို တတ်နိုင်သမျှအမြန်ဆုံး အကောင်အထည်ဖော်ပေးလိမ့်မည်။ ယခုဘဝတွင် သားအဖကြားမှသံယောဇဥ်မှာယိမ်းယိုင်စပြုလာပြီဖြစ်၍ သူတားနိုင်ရန်နည်းလမ်းရှာဖွေရတော့မည်ပင်။


ယခင်ဘဝက သူ့မိဘများကိုစိတ်ထိခိုက်စေခဲ့၍ သူနောင်တရခဲ့ရသည်။ ယွမ်ယဲ့ကိုလည်း သူ့အတိုင်းမဖြစ်စေချင်ပါချေ။


ဖုယွမ်ကျိုးက ခဏမျှစဥ်းစားလိုက်ပြီး ယွမ်ယဲ့အားပြောလိုက်လေသည်။ 


"ငါ့ကိုမင်းအဖေရဲ့ WeChat ID ပေး...မင်းဒီည ဒီမှာရှိနေတယ်ဆိုတာ ငါသူ့ကိုပြောလိုက်မယ်..."


"သူ့ကို add မနေနဲ့...မလိုအပ်ဘူး..." 

ဤတစ်ကြိမ်သည် ဖုယွမ်ကျိုးဘက်မှ ပထမဆုံးတောင်းဆိုလာခြင်းပင်။


"မင်းငါ့ကိုမပေးရင်..." 

ဖုယွမ်ကျိုး ခြိမ်းခြောက်လိုက်ရ၏။ 

"နောက်ကျငါဂိမ်းဆော့ရင် မင်းကိုမခေါ်တော့ဘူး.."


"အဲဒီလိုတော့မလုပ်နဲ့လေ..." 

ယွမ်ယဲ့မှာ ကတိပေးလိုက်ရတော့သည်။ 

"ခဏစောင့်ဦး..အမေ့ကိုမေးပေးမယ်..ငါ WeChat မှာ အဖေ့ ID ကိုဖျက်ထားတယ်..."


ဖုယွမ်ကျိုး: "....." 

တော်သေးလို့...အရမ်းကြီးနောက်မကျသေးဘူး။


ယွမ်ယဲ့ကအမေ့ကိုမေးပြီးမှ ဖုယွမ်ကျိုးအားနံပါတ်ပေးလိုက်သည်။ ဖုယွမ်ကျိုးက ပါပါးယွမ်၏ WeChat ကို add လိုက်ပြီး သူကယွမ်ယဲ့၏အတန်းဖော်ဖြစ်ကြောင်း အရင်အတည်ပြုလိုက်သည်။ မထင်မှတ်ဘဲ အတည်ပြုချက်ကအောင်မြင်သွားခဲ့၏။


"ဟယ်လို...အတန်းဖော်လေး..."


"ဟယ်လို...အန်ကယ်..ကျွန်တော်ဖုယွမ်ကျိုးပါ..ယွမ်ယဲ့ရဲ့သူငယ်ချင်းပါ...ညဥ့်နက်မှနှောင့်ယှက်မိတာတောင်းပန်ပါတယ်ဗျ.."


ဖုယွမ်ကျိုး စာပြန်ရိုက်နေရင်း ပါပါးယွမ်၏ ကလေးများအပေါ်အလေးထားဆက်ဆံပုံကြောင့် နွေးထွေးသွားသလိုခံစားလိုက်ရ၏။ ကလေးတစ်ယောက်ကိုပင် ဟယ်လိုဟု နှုတ်ဆက်လာသေးသည်။


"မင်းကဖုယွမ်ကျိုးလား..." 

ပါပါးယွမ်ကမေးလာလေသည်။


"ဟုတ်ပါတယ်...ယွမ်ယဲ့ကပြောဖူးလို့လား..."


"အေး...အရင်ကတော့ပြောဖူးပါတယ်...ဟယ်လို..ယွမ်ကျိုး...နောက်ကျနေပြီ..WeChat တောင်လာပြောရတယ်ဆိုတော့ ဘာကိစ္စဖြစ်နေလို့လဲ...ယွမ်ယဲ့ကြောင့်လား..."


"ဟုတ်ကဲ့..ယွမ်ယဲ့က ဒီညကျွန်တော့်အိမ်မှာအိပ်မှာပါ..စိတ်မပူပါနဲ့လို့လာပြောတာပါ..."


ဖုယွမ်ကျိုးစာပို့လိုက်ပြီးနောက် တဖက်က မိနစ်အတန်ကြာသည်အထိစာမပြန်လာတော့ပေ။