Chapter 64
Viewers 2k

♎️Chapter 64




ပါပါးယွမ်က အချိန်အတန်ကြာသည်အထိ စာမပြန်လာခဲ့သောကြောင့် ဖုယွမ်ကျိုးမှာ အနည်းငယ်ထူးဆန်းနေသလိုခံစားလိုက်ရသည်။ သို့သော် တဖက်မှချက်ချင်းစာပြန်လာ၏။ 


"ဆောရီး...အခုလေးတင်ဖုန်းဝင်လာလို့..."


"ရပါတယ်ဗျ!" 

ဖုယွမ်ကျိုးက ချက်ချင်းစာပြန်ရိုက်လိုက်သည်။


"အရေးမကြီးပါဘူး...ပြီးသွားပါပြီ" 

ပါပါးယွမ်က စာဆက်ပို့လာခဲ့သည်။ 

"ယွမ်ယဲ့ကဒီညမင်းအိမ်မှာအိပ်မှာဆိုတော့ သူဘယ်မှာအိပ်မှာလဲ" 


ပါပါးယွမ်က သူ့အိမ်တွင်နေရာမရှိတော့ဟုထင်နေပုံပင်။ 

"မင်းအိမ်မှာ...အခန်းပိုရှိသေးလို့လား"


"သူဘေးအိမ်မှာအိပ်မှာပါ...အိမ်နီးချင်းတွေကလည်း ကျွန်တော့်သူငယ်ချင်းတွေပဲလေ...သူတို့လည်းယွမ်ယဲ့ကိုသိကြတယ်"


ဖုယွမ်ကျိုး: "ဒီနေ့ ကျွန်တော်အိမ်အသစ်ပြောင်းလာတော့ ယွမ်ယဲ့ကိုကစားဖို့ခေါ်လိုက်တာ..မိုးချုပ်သွားတယ်လေ...သူ့ကိုဒီမှာနေခိုင်းရင် အန်ကယ်နဲ့အန်တီတို့စိတ်အနှောင့်အယှက်မဖြစ်ပါဘူးနော်"


သူအမှန်အတိုင်းမပြောပြလိုက်ပေ၊၊ ဥပမာ ယွမ်ယဲ့က သည်နေရာအထိသူ့ခြေထောက်နှင့်သူရောက်လာပြီး အိမ်မပြန်ချင်ဖြစ်နေပါသည်ဟုပြောလိုက်ပါက ပါပါးယွမ်ဒေါသထွက်သွားနိုင်သောကြောင့် သူရှင်းပြလိုက်ရခြင်းပင်။


"မဖြစ်ပါဘူး" 

ပါပါးယွမ်ကလည်း စာပြန်လာခဲ့သည်။ 

"သူကပဲမင်းကိုဒုက္ခပေးတာ..မင်းပဲပြောလိုက်တော့"


သူပျော်နေသော်လည်း ကျန်သည့်သူများမှာမပျော်နိုင်ပေ။ ယခုအချိန်တွင် ဤကိစ္စအပေါ်အာရုံစိုက်နေသူကသူတစ်ယောက်တည်းသာဖြစ်ပြီး ယွမ်ယဲ့ကို သူ့အဖေနှင့်ပြေလည်သွားရန် အကောင်းဆုံးကြိုးစားပြီးဆွဲခေါ်နေရလေ၏။ 


"သူကကျွန်တော့်ကိုအိမ်စာတွေလည်းကူလုပ်ပေးပါတယ်...မေးခွန်းတွေကိုလည်းလေ့ကျင့်ပေးတယ်...ဒီနေ့ကပထမဆုံးမဟုတ်တော့ ကျွန်တော်တို့အချိန်တွေအများကြီးဖြုန်းမိသွားတာပါ"


တဖက်က တိတ်ဆိတ်သွားပြန်ပြီး ခဏကြာမှစာပြန်လာလေ၏။ 

"တကယ်လား သူကမင်းကိုသင်ပေးတယ်ပေါ့ ဂိမ်းဆော့တာပဲမဟုတ်ဘူးလား"


"တကယ်ပြောတာပါ...ကျွန်တော်ဓာတ်ပုံရိုက်ပြီးပို့ပေးမယ်" 

မှတ်စုထုတ်ထားသည့်ဓာတ်ပုံများနှင့် မေးခွန်းဟောင်းများကိုဓာတ်ပုံရိုက်ကာ အနှီသူထံပို့ပေးလိုက်လေ၏။


တကယ်တမ်းတွင် ယနေ့ သူတို့စာမလုပ်ခဲ့ကြပေ။ ပါပါးယွမ်ပြောသလို သူတို့တနေ့လုံးဂိမ်းဆော့နေခဲ့ကြသည်။ သို့သော်လည်း သူပြောသမျှတိုင်းက မှားနေခဲ့ခြင်းမျိုးမဟုတ်ပေ။ သူနှင့်ယွမ်ယဲ့တို့က ကျောင်းတွင် စားပွဲတစ်လုံးတည်းတွင်အတူထိုင်ကြသည်။ ရင်းနှီးနေကြပြီဖြစ်၍ ယွမ်ယဲ့ကသူ့ကို လက်ချာပေးတတ်၏။ အစပိုင်းတွင် ခေါင်းမူးခဲ့ရသော်ငြား ယခုတော့ ဖုယွမ်ကျိုးမှာအခြေခံများကိုပိုင်နိုင်နေပြီ။ ယွမ်ယဲ့စကားများကိုနားလည်နေပြီဆိုသော်လည်း ပုစ္ဆာများကိုဖြေရှင်းရာတွင် အခက်အခဲရှိနေဆဲဖြစ်သောကြောင့် ယွမ်ယဲ့ကသူ့ကို မှတ်စုထုတ်ပေးနေရဆဲပင်။


ပါပါးယွမ်က ဓာတ်ပုံများကိုအသေအချာကြည့်နေသည်။ မိနစ်အနည်းငယ်ကြာသည်အထိ စာမပြန်မိသေးဘဲ နောက်မှဖုယွမ်ကျိုးကို စိတ်ရင်းဖြင့်ကျေးဇူးတင်လာလေသည်။ 


"ယွမ်ယဲ့ကိုပိုတော်လာအောင်လုပ်ပေးလို့ ကျေးဇူးပါပဲကွာ"


"အန်ကယ်ကတော့ ပြောင်းပြန်တွေပြောနေပြန်ပြီ...ယွမ်ယဲ့ကမှ ကျွန်တော့်ကိုအဆင့်တွေတက်အောင်လုပ်ပေးခဲ့တာပါ" 

ဖုယွမ်ကျိုးက စာဆက်ရိုက်လိုက်သည်။ 

"နှစ်လယ်စာမေးပွဲတုန်းကဆိုရင်...ယွမ်ယဲ့ကဒုတိယအဆင့်ရတာ...သူကအရမ်းတော်ပြီးအဆင့်တွေလည်းကောင်းတယ်...ကျွန်တော်ကသူ့ကိုဘာမှသိပ်မကူညီခဲ့ပါဘူး"


"မဟုတ်တာတွေ...သူကကျောင်းကိုလည်းစောစောသွားတယ်..မနက်လည်းအစောကြီးထတယ်..စာကိုလည်းအာရုံစိုက်ထားတယ်...စာမေးပွဲတွေ ကျောင်းပွဲတွေမှာလည်း ဝင်ပါတတ်လာတယ်..အဲဒါတွေအကုန်လုံးမင်းကြောင့်လို့သူပြောတယ်...မင်းကမှသူ့ကိုပြောင်းလဲပေးလိုက်တာ"


ဖုယွမ်ကျိုး ဆွံ့အနေလေသည်၊၊ ပြန်စဥ်းစားကြည့်မှဟုတ်နေသလိုပင်။ ယွမ်ယဲ့က ဆံပင်အနက်နှင့်ပိုကြည့်ကောင်းသည်ဟုပြောဖူး၍ နောက်နေ့တွင် ယွမ်ယဲ့ကဆံပင်ကိုအနက်ရောင်ဆိုးလာခဲ့သည်၊၊ ထိုသူက ကျောင်းကိုလည်းအချိန်မီရောက်လာနေခဲ့ပြီး သူပင် မည်သည့်အချိန်ကမှန်း ကောင်းကောင်းမမှတ်မိတော့ပေ။


သို့သော် သူသိနေသည်။ ယွမ်ယဲ့ ကျောင်းကိုစောစောလာခြင်းက စာကြိုးစားချင်၍မဟုတ်၊ သူနှင့် အချိန်ကြာကြာပိုရှိချင်၍သာ။


ဖုယွမ်ကျိုးမှာ စက္ကန့်အနည်းငယ်ကြာအထိ ပြောရမည့်စကားကိုရှာမတွေ့ဖြစ်နေခဲ့သည်။ ပါပါးယွမ်က သူ့သားကိုပိုကောင်းလာအောင် သူ့သူငယ်ချင်းကကူညီပေးနေသည်ဟုအထင်လွဲနေခြင်းကို သည်အတိုင်းထားသင့်သည်ဟုခံစားလိုက်ရ၏။


"အသေးအဖွဲလေးတွေပါ"


ထို့ကြောင့် သူသည် မျက်နှာတစ်ချက်လေးပင်မပြောင်းဘဲဝန်ခံလိုက်၏။ 


"ယွမ်ယဲ့ကကျွန်တော့်ကိုပိုပြီးကူညီပေးခဲ့တာပါ..သူကတကယ်တော်ပါတယ်..ကျွန်တော်သူ့ကိုသူငယ်ချင်းလိုသဘောထားတယ်...ပြီးတော့..."


နောက်ဆုံးတွင် အချိန်ကျပြီဟုခံစားမိလိုက်သောကြောင့် ပါပါးယွမ်ကိုဆက်သွယ်လိုက်ရသည့်အဓိကအကြောင်းအရင်းကို ဖွင့်ထုတ်လိုက်ရလေသည်။


"ကျွန်တော် အန်ကယ်ရဲ့ WeChat ID ကို add လိုက်တာက သူစိတ်အခြေအနေမကောင်းသလိုခံစားမိလို့ပါ..မေးကြည့်လိုက်တော့ အန်ကယ်နဲ့စကားများထားတယ်လို့ကြားလို့ပါ...ကျွန်တော်စိတ်မကောင်းဖြစ်မိသွားတယ်...ကျွန်တော်ကပဲသူ့ကိုယ်စားတောင်းပန်ပါတယ်...ဖြစ်နိုင်ရင် သူ့ကိုခွင့်လွှတ်ပေးပြီး ပြန်ပြေလည်လိုက်ကြပါ"


"အိုကေလေ...အန်ကယ်စဥ်းစားကြည့်လိုက်ပါ့မယ်" 

ပါပါးယွမ်က စာပြန်လာပြီး စကားခေါင်းစဥ်ပြောင်းလိုက်၏။ 

"မင်းကတွေးတတ်တာပဲ"


"ကျေးဇူးပါ...အန်ကယ်"


ဖုယွမ်ကျိုးသည် စာပြန်ရိုက်လိုက်ပြီး တချိန်တည်းမှာပင် ပါပါးယွမ်က ယခင်ဘဝကနှင့်မတူသလိုခံစားမိလိုက်သည်။ ထိုသူသည် သူ့အား သားဖြစ်သူ၏အခင်ဆုံးသူငယ်ချင်းဟုပင်ထင်နေသေး၏။ တကယ်တမ်းတွင်မူ သူတို့နှစ်ယောက်လုံး စာကောင်းကောင်းမလုပ်ခဲ့ကြပါချေ။


သို့သော်လည်း စကားအချို့ အပြန်အလှန်ပြောခဲ့ကြပြီးနောက် သူသည် ပါပါးယွမ်၏အတွေးကို အတော်ကြီးပြောင်းလဲပေးနိုင်ခဲ့သည်။ တဖက်လူက ကြမ်းတမ်းပြီးအပြောအဆိုမတတ်သည့်လူဖြစ်နေလျှင်ပင် စကားအပြန်အလှန်ပြောပြီးသည့်နောက်တွင်မူ ထိုသူက ကိုယ့်ကလေးကိုချစ်သော သာမန်အဖေတစ်ယောက်ပင်ဖြစ်ကြောင်းသိလိုက်ရလေသည်။


ပါပါးယွမ်: "နောက်လည်း အန်ကယ်မင်းနဲ့စကားပြောလို့ရလား..အန်ကယ်က ယွမ်ယဲ့ရဲ့လက်ရှိအခြေအနေကိုသိချင်လို့ပါ..အိမ်မှာဆို သူနဲ့စကားမပြောဖြစ်ဘူးလေ"


"ရတာပေါ့...ကိစ္စမရှိပါဘူးဗျ!"


ဖုယွမ်ကျိုးသည်ကား သူမျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့၍ အပျော်ကြီးပျော်နေလေ၏။ ဤပုံစံဖြင့်ပင် ယွမ်ယဲ့ဂိမ်းကစားသည့်အပေါ်မှ ပါပါးယွမ်၏အမြင်ကိုပြောင်းလဲပေးနိုင်ရန်လုံလောက်နေပြီ၊ ယွမ်ယဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် သူထောက်ပံ့ပေးလျှင်လည်း မည်သည့်စကားမှထပ်ပြောလာတော့မည်မဟုတ်ပေ။


နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးကြသည့်အခါ ယနေ့စကားပြောခြင်းကိုလက်စသတ်လိုက်ကြသည်။ သုံးယောက်က ဘေးအိမ်သို့ထွက်သွားကြပြီး ဖုယွမ်ကျိုးကမူ အိပ်ရာဝင်ခဲ့သည်။ 


****


နောက်တနေ့နံနက်အစောပိုင်း၌ ယွမ်ယဲ့ကသူ့အားလာရှာလေ၏။


"ငါဒီနားကအိမ်ကိုသွားကြည့်မလို့..."


ယွမ်ယဲ့က ဖုယွမ်ကျိုးကို တောက်ပသည့်အပြုံးဖြင့်ပြောလိုက်လေ၏။ ထိုသူသွားတော့မည်အလုပ်တွင် ဖုယွမ်ကျိုးကအမြန်ထပြီးတားလိုက်ရသည်။ သိမ်းသွင်းပြောဆိုပြီး ယွမ်ယဲ့အကြံကိုလက်လျှော့ခိုင်းလိုက်ကာ အိမ်ပြန်ခိုင်းလိုက်လေသည်။


"မင်းအဖေကလူကောင်းပါ...ငါမနေ့ကသူနဲ့စကားပြောကြည့်သေးတယ်...သူကမင်းကိုအရမ်းဂရုစိုက်တယ်...သူ့ကိုရှေးရိုးစွဲတယ်လို့မတွေးပါနဲ့တော့..."


ယွမ်ယဲ့က လက်မခံချင်သလို မျက်နှာကိုစူပုပ်ထားခဲ့သော်လည်း သူနှင့်စကားပြောနေသူက ဖုယွမ်ကျိုးဖြစ်နေ၍ တိုက်ရိုက်မငြင်းဘဲယောင်ဝါးဝါးသာ ပြန်ပြောလာသည်။ 


"မင်းကသူ့ဘက်ကလိုက်နေတာလား.."


"မဟုတ်ပါဘူး..သူကမင်းကို ပြောစကားနားမထောင်ဘူးလို့ထင်နေရုံပါ.." 

ဖုယွမ်ကျိုးက သူ့ပုခုံးကိုပုတ်လိုက်သည်။

 "ပြန်ရောက်ရင် လိမ္မာပြလိုက်..မနေ့ညက ငါ့ကိုစာကူကျက်ပေးနေတယ်လို့ပြောလိုက်...ကျန်တာဘာမှမပြောနဲ့..."


ယွမ်ယဲ့ကပုခုံးတွန့်ပြလာသည်။

"သူယုံမှာမဟုတ်ဘူး..."


ဖုယွမ်ကျိုး: "ဘာပဲဖြစ်ဖြစ်...ငါကတော့သူယုံအောင်လုပ်လိုက်နိုင်ပြီ...မင်းဂိမ်းဆော့တာကအကြောင်းမဟုတ်ဘူး..ဒါပေမဲ့ မင်းအဖေလက်ခံလာအောင် ဖြည်းဖြည်းချင်းစီလုပ်ပြဖို့လည်းလိုသေးတယ်...ငါမင်းအတွက်ကူပြောပေးပါ့မယ်..."


ရုတ်တရက် ယွမ်ယဲ့ကရယ်လာပြီး လေသံကိုဆွဲပြောလိုက်သည်။

"ဝေ့...မင်းကငါ့အပေါ်အရမ်းကောင်းပေးနေတာပဲ..."


"ငါကမင်းကိုသူငယ်ချင်းတစ်ယောက်အနေနဲ့ကူညီပေးရုံပါ...အပန်းမကြီးပါဘူး...လျှောက်တွေးမနေနဲ့..." 

ဖုယွမ်ကျိုးက အမူအရာတစုံတရာမပြဘဲပြောလိုက်လေသည်။


"ကောင်းပြီလေ..မင်းပြောတာဆိုတော့လည်း ငါပြန်တော့မယ်..မနက်ဖြန်မှကျောင်းမှာတွေ့ကြတာပေါ့..."


ယွမ်ယဲ့က ထွက်သွားပြီးမှ ရုတ်တရက်ပြန်လှည့်လာပြန်ပြီး တံခါးဝတွင်ကိုယ်တပိုင်းထွက်ကာ ဖုယွမ်ကျိုးကိုပြုံးပြလာလေသည်။ "ချစ်တယ်နော်" ပြောပြီးနောက် ဖုယွမ်ကျိုးထရိုက်မည်စိုး၍ မည်သူမှလိုက်မမီနိုင်မည့်အမြန်နှုန်းဖြင့်ထွက်ပြေးသွားလေသည်။.


ဖုယွမ်ကျိုး: "....." ငိုးတဲ့မှ!


****


နောက်ထပ် ရက်သတ္တပတ်မှာလည်း မျက်တောင်တခတ်အတွင်းကုန်ဆုံးသွားပြန်ပြီး တစုံတရာမဖြစ်ခဲ့သလိုပင်။ ပါပါးယွမ်က သူနှင့်အကြိမ်ရေအနည်းငယ်ခန့်စကားပြောလာခဲ့သည်။ အများစုက ယွမ်ယဲ့အကြောင်းများသာဖြစ်ပြီး ရံဖန်ရံခါတွင်လည်း ယွမ်ယဲ့အကြောင်းမပါတတ်ပြန်ချေ။ ဖုယွမ်ကျိုးအကြောင်းကိုသာ မေးတတ်ပြန်သည်။


ဖုယွမ်ကျိုးကမူ အပျော်ကြီးပျော်နေခဲ့သည်၊ သူသည်လည်း ဂိမ်းကစားရခြင်းကိုနှစ်သက်ကြောင်း ပါပါးယွမ်ကိုပြောပြနေပြီး အရည်အချင်းရှိသလောက် နာမည်ကြီးနေသည့် ပရိုဖက်ရှင်နယ်ဂိမ်းပြိုင်ပွဲတွင်လည်းဝင်ပြိုင်နိုင်ကြောင်းပြောပြလိုက်သည်၊ ယခုနောက်ပိုင်း နိုင်ငံနှင့်လူအများကလည်း e-sport ကစားသမားများကိုအသိအမှတ်ပြုပေးလာကြသည်။ တိုးတက်မှုကြီးကြီးမားမားရနိုင်မည့် တရားဝင်လုပ်ငန်းတစ်ခုဖြစ်လာမည့်အပြင် အဓိကအားကစားနည်းအဖြစ်တိုးတက်လာပေမည်။


၎င်းကိစ္စနှင့်ပတ်သတ်ပြီး ပါပါးယွမ်ကဘာမှမပြောတော့လင့်ကစား ဖုယွမ်ကျိုးကစိတ်မပျက်သွားပေ။ ယခုလိုအခြေအနေမျိုးက တဆင့်ချင်းစီအချိန်ယူဖြေရှင်းသွားရမည်ဖြစ်ကြောင်း သူသဘောပေါက်နားလည်ထားလေသည်။


ပိတ်ရက်ရောက်သည့်အခါ ဖုယွမ်ကျိုးက ၎င်း၏သူငယ်ချင်းများကို အိမ်အသစ်သို့ဖိတ်ခေါ်လာခဲ့သည်။ အားလုံးက အမျိုးသားနေ့တွင်အိမ်လာလည်ခဲ့ကြသူများပင်ဖြစ်ပြီး ယွမ်ယဲ့နှင့်ရန်ရှူးထန်တို့လည်း ရောက်လာခဲ့ကြသည်။


"ဒီအတောအတွင်း မင်းတို့သားအဖေတွေဘယ်လိုလဲ...စကားများနေကြတုန်းပဲလား..."


ဖုယွမ်ကျိုး လွန်ခဲ့သည့်နှစ်ရက်ကကျောင်းတက်နေစဥ်တွင်မမေးလိုက်ရ၍ ယွမ်ယဲ့ကိုတွေ့သည်နှင့် ထိုအကြောင်းကိုတန်းမေးလိုက်သည်။ 


"အဆင်ပြေပါတယ်..." 

ယွမ်ယဲ့က တုံဏှိဘာဝေနှင့်ပင်။ 


"မင်းတို့နှစ်ယောက် ငါ့နောက်ကွယ်မှာဘာတွေပြောဖြစ်ကြလဲ...သူ...မနေ့ကငါ့ကို ကစားနေတဲ့ဂိမ်းအကြောင်းလာမေးတယ်...ပြီးတော့မင်းနဲ့အတူ ဂိမ်းကောင်းကောင်းကစားရဲ့လားတဲ့..."


"အခြေအနေကောင်းပုံပါပဲ..." 

ဖုယွမ်ကျိုးသည် ဗျူဟာအကျိုးသက်ရောက်မှုကြောင့် အင်မတန်ပျော်ရွှင်နေလေ၏။ 


"ဆက်ကြိုးစားထား...!"


"အင်း..."


ယွမ်ယဲ့က ခေါင်းညိတ်ပြလာသည်။ ဖုယွမ်ကျိုးက စိတ်ပေါ့ပါးသွားပြီး အခြားသူများကိုလိုက်နှုတ်ဆက်ကာ နေရာဝင်ထိုင်နေရင်း ဖုယွမ်ကျိုး၏ကျောပြင်ကိုကြည့်နေခဲ့သည်။ ထို့နောက် မနေ့ညက သူ့အဖေစကားများကိုပြန်လည်ကြားယောင်လာခဲ့၏။


"ဖုယွမ်ကျိုးဆိုတဲ့ကလေးက မဆိုးဘူးပဲ..." 

ထိုစကားကိုပြောလာခဲ့စဥ်တွင် သူ့အဖေအသံက ထူးထူးဆန်းဆန်းတည်ငြိမ်နေခဲ့သည်။

 "မင်းသူ့ကိုပိုပြီးဂရုစိုက်ပေးလိုက်..."


ပြောစရာမလိုပါချေ၊ သူ့ဘက်ကအမြဲ ဖုယွမ်ကျိုးအပေါ် ကောင်းပေးခဲ့သည်ပင်။


ယွမ်ယဲ့ ခေါင်းပြန်လှည့်လိုက်ပြီး နံရံကိုပျင်းတွဲတွဲဖြင့်မှီထားမိသည်။ ၎င်း၏တွန့်ကုပ်နေခဲ့သောမျက်ခုံးများက မသိစိတ်အရပြေလျော့သွားခဲ့ပြီး နူးညံ့သည့်အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။


ရောက်လာကြသည့်အတန်းဖော်ဧည့်သည်တိုင်း လက်ဆောင်တစ်မျိုးစီယူလာပေးကြသည်။ တုမန်ကမူ ချက်ပြုတ်ရမည့် ပစ္စည်းများစွာသယ်လာခဲ့လေ၏။ 


နေ့လည်ပိုင်း၌ ဖုယွမ်ကျိုးအိမ်တွင်ချက်ပြုတ်စားရန် သူတို့မနေ့ညက ဆွေးနွေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် စုပေါင်းချက်ပြုတ်ခြင်းက စိတ်ဝင်စားစရာကောင်းသည်ဟုယူဆသောကြောင့်ပင်။


"မင်းတို့ငါ့မီးဖိုချောင်ကိုတော့ မီးမရှို့ဘူးမလား..."


ဖုယွမ်ကျိုးက မီးဖိုးချောင်တံခါးနားတွင်ရပ်ရင်း မယုံသည့်အသံဖြင့်မေးလိုက်လေသည်။


သူကိုယ်တိုင်လည်း မချက်ပြုတ်တတ်ပေ။ ခေါက်ဆွဲပြုတ်နည်းတစ်မျိုးသာသိထားသည်။ ထိုအခါမှ သူညနက်သန်းခေါင်ဗိုက်ဆာလာလျှင် ပြုတ်စားနိုင်မည်ဖြစ်သည်၊ သို့သော်လည်း အိမ်အကူအဒေါ်ကိုထချက်ခိုင်းပါက ရှက်စရာကောင်းနိုင်၍ သင်ထားခဲ့ခြင်းသာဖြစ်လေသည်။


"မပူပါနဲ့...ငါတို့အရင်ကလည်းချက်ဖူးပါတယ်...ပြီးတော့ အိမ်အကူအဒေါ်လည်းရှိတာပဲဟာ..."


တုမန်ကသူ့ကိုတွန်းကာ နှင်ထုတ်လေ၏။

 "ဟင်းတွေပဲသွားရွေးထားစမ်းပါ..ဟင်းကရွေးမှဖြစ်မယ်..."


ဖုယွမ်ကျိုးသည်ကား ဟင်းလည်းမရွေးတတ်ပါချေ။ အခြားသူများထံမှ တော်ရုံသင့်ရုံသင်ထားခြင်းဖြစ်ပြီး ပုံမှန်ဟင်းချက်ရခြင်းကိုမူ စိတ်မဝင်စားပေ။ 


အားလုံးကမနက်ပိုင်းတွင်အလုပ်များနေခဲ့ကြပြီး နောက်ဆုံးတွင် ဟင်းများကိုလည်း ရွေးချယ်နိုင်ခဲ့ကြသည်။ 


အံ့အားသင့်စရာကောင်းလောက်သည်အထိ အတန်းဖော်များ၏ဟင်းချက်စွမ်းရည်က ပြောင်မြောက်လွန်းလှသည်။ အထူးသဖြင့် ကြက်သံပုရာပေါင်းဖြစ်ပြီး ဖုယွမ်ကျိုးက ထိုဟင်းကိုကလေးအရွယ်တည်းကနှစ်သက်လာခဲ့ခြင်းဖြစ်သည်။  သူသည်ကား မြိန်ရေယှက်ရေစားနေရင်းမေးလိုက်လေ၏။

 "ကြက်သံပုရာပေါင်းကိုဘယ်သူလုပ်တာလဲ...စားလို့ကောင်းတယ်.."


တုမန်: "ရှူးထန်ချက်တာလေ..."


"ဖာ့ခ်...တကယ်ကြီးလား...ဆရာကြီးရန်က ဒါမျိုးလည်းချက်တတ််ပေါ့"


"အေး...စားပွဲတဝက်လောက်က သူပဲချက်ထားတာ..."


"ဝိုး...ဆရာကြီးကိုလေးစားသွားပြီ...မေးပါရစေဦး...လောင်သာ့...ခင်ဗျားဘာလုပ်တတ်သေးလဲ...မလုပ်တတ်တာရောရှိသေးလား..."


ထမင်းစား စားပွဲတစ်ခုလုံးဝက်ဝက်ကွဲနေပြီး ဖုယွမ်ကျိုးလည်း အတော်လေးအံ့အားသင့်သွားခဲ့သည်၊ သူရန်ရှူးထန်အကြောင်းကို လုံးဝမသိသေးသလိုပင်။ နှစ်ဘဝကုန်သွားပြီးသည့်တိုင် ရန်ရှူးထန်ဟင်းချက်တတ်မှန်းသူမသိခဲ့ဘဲ ၎င်း၏ဟင်းချက်စွမ်းရည်ကလည်း လက်ဖျားခါနေရဆဲပင်။


"ရှူးထန်နဲ့ရတဲ့လူကတော့ အနာဂတ်မှာစိတ်ချမ်းသာရမှာပဲ..." 

တစ်ယောက်က ပြုံးပြုံးကြီးမှတ်ချက်ဝင်ပေးသွားခဲ့သည်။


ရန်ရှူးထန်က မတုံ့ပြန်သည့်တိုင် နားရွက်လေးများကနီသွားခဲ့သည်။ ဖုယွမ်ကျိုးမှာ ဒိတ်ကနဲဖြစ်သွားရကာ ရန်ရှူးထန်၏ကြက်သံပုရာပေါင်းက တိုက်ဆိုင်ခြင်းမဟုတ်သလိုခံစားလိုက်ရ၏။ သည့်အပြင် ကြက်သံပုရာပေါင်းက ၎င်းတို့ဘက်တွင်ချထားပေးခြင်းပင်။


ပုံမှန်တွင် မေးရန်မဖြစ်နိုင်သော်လည်း အချိန်တစ်ခုကြာပြီးနောက် ၎င်းကိစ္စကထူးဆန်းလာခဲ့သည်။ ညစာစားပြီးနောက် တစ်ယောက်က KTV တွင်သီချင်းသွားဆိုရန်အကြံပေးလာခဲ့၏။ အိမ်အကူအဒေါ်ကို ပန်းကန်နှင့်တူများဝိုင်းဆေးပေးလိုက်ကြပြီး သူလည်းထွက်ခွာရန်အသင့်ဖြစ်နေလေပြီ။


ရှဲ့လင်က ကိစ္စတစ်ခုကြောင့် လိုက်မလာနိုင်ပေ။ အားလုံးထွက်သွားကြသည့်အခါ ထိုသူကဖုယွမ်ကျိုးတစ်ယောက်တည်းကိုပဲ လွတ်ရာဆွဲခေါ်လာပြီး အသေအချာမှာလိုက်၏။ 


"မသောက်နဲ့နော်...ကိုယ်ပြန်စစ်မှာ..."


"အေးပါ..."


ဖုယွမ်ကျိုးခေါင်းညိတ်ပြလိုက်သည်။ သူအစားများသွားသည်ထင်၏။ အစာအိမ်ကမအီမသာဖြစ်နေပြီး သောက်နိုင်မည်မထင်ပေ။


ရှဲ့လင်: "သူတို့နဲ့အရမ်းမကပ်နေနဲ့ဦးနော်..."


၎င်းက အတော်လေးမျက်နှာပျက်ရမည့်ကိစ္စပင်။ KTV လိုနေရာမျိုးတွင် ဘယ်လိုလုပ်ခွာနေနိုင်ပါမည်နည်း...ထိုသို့တွေးလိုက်သော်လည်း ဖုယွမ်ကျိုးသဘောမတူလျှင် ရှဲ့လင်ကပေးသွားတော့မည်မဟုတ်၍ ခေါင်းညိတ်ပြီးလက်ခံကြောင်းပြလိုက်သည်။ 


"အိုကေ..."


ရှဲ့လင်: "သူများတွေနဲ့အချစ်သီချင်းလည်းမဆိုရဘူးနော်..."


ဖုယွမ်ကျိုး: "...." 

ဖုယွမ်ကျိုးသည်ကား သီချင်းမဆိုတတ်ပေ။ သို့ထိတိုင် ရှဲ့လင်ကိုစိတ်အေးသွားအောင်လုပ်ပေးရန်လိုသည်။


"ပျော်ခဲ့..." 

ရှဲ့လင်က သူ့ဆံပင်ထိပ်ဖျားလေးများကို ပွတ်သပ်ပေးလိုက်သည်။ 

"ကိုယ် မင်းပြန်လာတာကိုစောင့်နေမယ်.."


ဖုယွမ်ကျိုးက ကယ်ရာမဲ့နေဟန်ဖြင့်ခေါင်းညိတ်ပြလိုက်ပြီး အခြားသူများနောက်သို့လိုက်သွားလိုက်လေသည်။