♎️Chapter 65
KTV ရောက်သွားသည်နှင့် အရာအားလုံးက ရှဲ့လင်ထင်ထားခဲ့သည့်အတိုင်းပင်။ လူတိုင်းက သူနှင့်ယွမ်ယဲ့တို့နှစ်ယောက်ကို အတူတွဲပြီး အချစ်သီချင်းတစ်ပုဒ်ဆိုပေးရန်တောင်းဆိုလာကြသည်။ ဖုယွမ်ကျိုးကတော့ ငြင်းလိုက်လေ၏။ လေထုပိုဆိုးမလာရအောင် ယွမ်ယဲ့နှင့်အတူ အခြားသီချင်းတစ်ပုဒ်ကိုသာဆိုခဲ့သည်။ ဂိမ်းလောကတွင်မူ အဆိုပါသီချင်းက အလွန်တရာမှနာမည်ကြီး၏။ စာသားတစ်ကြောင်းနှစ်ကြောင်းဆိုရုံဖြင့် လူတိုင်းကတက်ကြွလာကြပြီး တီးလုံးသံနှင့်အတူ လေထုကပူနွေးလာခဲ့သည်။
သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်ဆိုကာ လူအုပ်ကြီးက ဂိမ်းတစ်ခုကိုထပ်ဆော့ကြပြန်သည်။ လူတစ်ယောက်ကို တစ်ပိုဒ်စီဆိုရမည်ဖြစ်ပြီး အဆိုမကောင်းလျှင် အရက်သောက်ရလိမ့်မည်။ ရှဲ့လင်ခန့်မှန်းထားခဲ့သည့်အတိုင်းပင် လူတိုင်းကအရက်သောက်ချင်နေခဲ့ကြသည်။
ဖုယွမ်ကျိုးက ကောင်းကောင်းသီဆိုခဲ့ပြီး နောက်ဆုံးတွင်မူ အပြစ်ပေးခံရမည့်အရေးမှလွတ်မြောက်သွားခဲ့သည်။ သူစိတ်ထဲမှ ကျိတ်ကာသက်ပြင်းချလိုက်ရင်း နံဘေးမှယွိဖေးအား မိုက်ခ်လှမ်းပေးလိုက်သည်။
ယွိဖေးကခပ်ပြုံးပြုံးပင်လှမ်းယူပြီး "မင်းတစ်ယောက်သာ" ဆိုသည့်သီချင်းကိုရွေးလိုက်၏။ ၎င်း၏အသံကယခင်တည်းက သာယာနာပျော်ဖွယ်ဖြစ်ကာ နားထောင်ကောင်းသည်။ လူတိုင်းကသူသီချင်းဆိုနေစဥ် စီးမြောနေခဲ့ကြ၏။ လူတစ်ယောက်ကို သီချင်းတစ်ပိုဒ်သာဆိုခိုင်းခဲ့သော်လည်း သီချင်းရပ်သွားမှ ၎င်းတို့အားလုံး ထိုစည်းမျဥ်းကိုသတိရသွားကြသည်။ ယွိဖေးကသီချင်းတစ်ပုဒ်လုံးကိုသီဆိုခဲ့ပြီး တခန်းလုံး လက်ခုပ်သံများဖြင့်ပြည့်နှက်သွားခဲ့၏။
"ဂျုနီယာလေး...မင်းကရုပ်လည်းချောသလိုအဆိုလည်းကောင်းတာပဲ...ဒီမှာအိုင်ဒေါလုပ်ပြီး ဝင်ဆိုပါလား...ကျိန်းသေနာမည်ကြီးမှာ.."
ယွိဖေး: "စဥ်းစားကြည့်လိုက်ပါ့မယ်...အနာဂတ်မှာအခွင့်အရေးရှိလာမယ်ဆိုရင်တော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်...ကျွန်တော်က ရုပ်ရှင်လိုင်းကိုဝါသနာပါလို့ပါ..."
"အခုနောက်ပိုင်း အိုင်ဒေါလုပ်တာကပိုလွယ်တယ်နော်...မင်းပိုနာမည်ရလာအောင် နှစ်မျိုးလုံးလုပ်ကြည့်ပါလား..."
"မပြောနေနဲ့တော့...ငါနှစ်လယ်စာမေးပွဲဖြေပြီးမှထပ်ပြောကြမယ်..နိုင်ငံရေးပညာရပ်က ရှုပ်ထွေးနေတာ...ခေါင်းတောင်မူးတယ်..."
"မင်းတော့သေပြီပဲ...စာမေးပွဲတောင်ဖြေစရာမလိုတော့ဘူး...ဂိမ်းကစားတဲ့နေရာမှာပဲအာရုံစိုက်လို့မရဘူးလား..."
ကျန်သည့်လူများကဝိုင်းရယ်ကြသည်၊ ယွိဖေးက မိုက်ခ်ကို ဘေးမှလူထံကမ်းပေးလိုက်ပြီး ဖုယွမ်ကျိုးအားပြုံးပြီးမေးလာ၏။
"ကျိုးအာ...ငါဆိုတာဘယ်လိုနေလဲ..."
ယွိဖေးကအခုလေးတင် အချစ်သီချင်းကိုဆိုခဲ့ပြီး ၎င်းကဆိုနေစဥ်တလျှောက်လုံး ဖုယွမ်ကျိုးထံ မကြာခဏလှမ်းကြည့်ခဲ့သည်။ ပုံမှန်ဟုထင်ရသော်လည်း သူ့မျက်လုံးများထဲတွင် အဓိပ္ပါယ်အမျိုးမျိုးရှိနေလေ၏။ သူမမြင်ခဲ့ရသော်လည်း ယွိဖေးက သာမန်လိုမေးလာပြန်သည်။
"သူ့ကိုသွားမေးမနေနဲ့..သူကအမှန်အတိုင်းပြောဖို့တောင်ဝန်လေးနေတာ..."
ယွမ်ယဲ့ကဖုယွမ်ကျိုးဘေးတွင်ဝင်ထိုင်ပြီး ကိုယ်စားပြန်ဖြေပေးလိုက်သည်။
"ငါပဲပြောလိုက်မယ်..မင်းဂိမ်းဆော့တာထက်တောင်ပိုဆိုးသွားသေးတယ်.."
"အော်...ဟုတ်လား"
ယွိဖေးကစိတ်မဆိုးသလိုပင်။
"အနည်းဆုံးတော့ သူများတွေလို နှစ်ခွက်အထိမသောက်ရပါဘူး..."
ထိုသူက ယွမ်ယဲ့ကိုစောင်းပြောနေခြင်းပင်။ အခုလေးတင် ယွမ်ယဲ့၏သီချင်းဆိုပုံက နားကွဲစရာအဖြစ် မဲပေးလိုက်ခံရပြီး ထိုသူမှာ အရက်နှစ်ခွက်သောက်လိုက်ရသည်။ အမှန်ပြောရလျှင် ယွမ်ယဲ့ဆိုပုံကလည်း အတော်လေးကောင်းပါသည်။ သို့သော်လည်း လူတိုင်းကသူ့အားစနောက်ချင်နေ၍ သူသီချင်းဆိုပုံကို နာဝင်ဆိုးသည်ဟု တမင်ပြောလိုက်ကြခြင်းဖြစ်၏။
ယွမ်ယဲ့ကပြုံးကာ ဖုယွမ်ကျိုးအနားကပ်မေးလိုက်သည်။
"ပြောစမ်းပါဦး...ငါဆိုတာအဲဒီလောက်တောင်ဆိုးနေတာလား..."
"ငါကရော...ယွမ်ယွမ် ငါဆိုတာကိုရောကြိုက်လား..."
ယွိဖေးကလည်း သူ့အနားကိုကပ်ကာမေးလာလေသည်။
ဖုယွမ်ကျိုးက အသံတိတ်နေပြီးမှ ရုတ်တရက် ခုန်ထလိုက်သည်။
"ငါသန့်စင်ခန်းခဏသွားလိုက်ဦးမယ်..."
ပြောပြီးသည်နှင့် သူတခါတည်းထွက်ပြေးလာခဲ့သည်။ ယွိဖေးနှင့်ယွမ်ယဲ့တို့နှစ်ယောက်လုံးမှာ ဘယ်ဘက်ကမှအနိုင်မရလိုက်သောကြောင့် ပါးစပ်ပိတ်ပြီးသာထိုင်ရင်း ကျန်နေခဲ့ကြလေသည်။
ရန်ရှူးထန်ကမူ သူတို့နှင့်ခပ်လှမ်းလှမ်းတွင်ထိုင်နေခဲ့သည်။ သူလှမ်းကြည့်လိုက်သည့်အချိန်တွင် ၎င်းတို့နှစ်ယောက်က ဖုယွမ်ကျိုးအားကပ်နေသည့်မြင်ကွင်းဖြင့်တိုးသွားပြီး မသိစိတ်အရ အလိုလိုနှုတ်ခမ်းကိုက်လိုက်မိသည်။ သူ့လက်ထဲမှရေခွက်ကိုပင် ပိန်လိမ်သွားသည်အထိဆုပ်မိသွားလေ၏။
"ရန်ရှူးထန်...မင်းအလှည့်ရောက်ပြီ...ငါတို့နဲ့လာဆိုလိုက်တော့!"
မိုက်ခ်က လက်ဆင့်ကမ်းရွေ့လာပြီး နောက်ဆုံးတွင်ရန်ရှူးထန်ရှိရာသို့သို့ရောက်လာခဲ့သည်။ ရန်ရှူးထန်ကမိုက်ခ်ကိုငုံ့ကြည့်ပြီး လှမ်းမယူလိုက်ပေ။
"ငါသီချင်းမဆိုတတ်ဘူး..."
"အားနာမနေနဲ့စမ်းပါ...အာ..ရွှယ်ရှန်း..ဒီလောကကြီးထဲမှာမင်းမလုပ်တတ်တာမရှိတော့ဘူးလေ!"
"....ငါတကယ်သီချင်းမဆိုတတ်ဘူး..."
သူသည်ကားစွယ်စုံရလူတော်မဟုတ်ပေ။
ရန်ရှူးထန်၏ရင်ထဲတွင် ဝမ်းနည်းသည့်ခံစားချက်တို့ပြည့်နှက်လာရလေ၏။
မဟုတ်ပါက သူသဘောကျနေသည့်လူအနောက်ကို လိုက်နိုင်မည်မလား။
"စည်းကမ်းအရ...မင်းသီချင်းမဆိုရင် ငါးခွက်သောက်ရမယ်...ဒီတော့ ရွှယ်ရှန်း...ငြင်းမနေပါနဲ့တော့..အမြန်ဆိုလိုက်...လုပ်စမ်းပါ...မင်းတကယ်ကြီးငါးခွက်သောက်မလို့လား..."
ရန်ရှူးထန် လက်ဆန့်လိုက်သော်လည်းမိုက်ခ်ကိုလှမ်းယူလိုက်ခြင်းမဟုတ်ပေ။ ထိုအစား စားပွဲပေါ်မှဘီယာခွက်ကိုသာလှမ်းယူလိုက်လေသည်။
သူတစ်ခွက်ပြီးတစ်ခွက်သောက်နေခဲ့သည်။ အားလုံးဆွံ့နေကြပြီး ဝိုင်းတားရန်ပင်မေ့နေခဲ့သောကြောင့် အနှီသူငါးခွက်လုံးသောက်ပြီးသည်အထိ ငေးနေမိခဲ့ကြလေသည်။
"ငါအပြင်ထွက်တော့မယ်..."
ရန်ရှူးထန်ကထလိုက်ပြီး နှုတ်ခမ်းပေါ်တွင်ကျန်နေသေးသည့် ဘီယာအကြွင်းအကျန်များကိုသုတ်လိုက်လေ၏။
"နင်တကယ်အဆင်ပြေရဲ့လား..."
တုမန်ကအသိပြန်ဝင်လာပြီး သူ့အားမေးလိုက်လေသည်။
"အဆင်ပြေပါတယ်.."
ရန်ရှူးထန်မှာ သူမအမေးကိုဖြေလိုက်ပြီးသည့်နောက် စက္ကန့်အတန်ကြာတွင် သူမူးနေလေပြီ။
အရက်မူးလာလျှင် လက်ရဲဇက်ရဲရှိလာတတ်သည်။ အစက ရန်ရှူးထန်မှာပုံမှန်ဖြစ်နေသေးသော်လည်း အချိန်တိုလေးအတွင်းမှာပင် သူ့စိတ်အခြေအနေက အဆုံးအထိတွန်းပို့ခံလိုက်ရပြီး နောက်ဆုံးတွင် အရက်ခွက်ရှိရာကိုပင်လက်မလှမ်းနိုင်တော့ပေ။
အရက်က သောက်တိုင်းလည်းမမူးနိုင်ဟု သူထင်ခဲ့သည်။ သူ့မိသားစုနှင့်မွေးနေ့ပွဲကျင်းပသည့်နေကသာ အရက်မူးပြီး ဖုယွမ်ကျိုးထံ လကိုဓာတ်ပုံရိုက်ပြီးပို့ခဲ့မိသည်။ ၎င်းက ထူးဆန်းနေလင့်ကစား အရက်မူးနေသည့်အခါ အသိတရားမရခဲ့ပေ။
ထိုနေ့ကလိုသာ သတ္တိရှိခဲ့ပါလျှင်...
ရန်ရှူးထန် မျက်ခုံးနှစ်ဖက်ကြားကိုဖိထားလိုကိမိသည်။ အရက်ရှိန်ကြောင့် သူ့အာရုံတိုင်းကထွေပြားနေလေ၏။ အရှေ့ဘက်ဆီမှမြင်ကွင်းတိုင်းမှာ နှစ်ထပ်ပုံရိပ်များဖြစ်နေပြီး ကော်ရစ်ဒါကျဥ်းကျဥ်းလေးမှာလည်း အလင်းရောင်သိပ်မရှိပေ။ အရာအားလုံးကနှေးကွေးနေပြီး အစစ်အမှန်ကမ္ဘာမဟုတ်သလို ဝေဝါးနေလေသည်။
သူ့လက်က မာကျောသည့်အရာတစ်ခုနှင့်တိုက်မိသွားခဲ့သည်။ အသားပေါ်တွင် ပြဲစုတ်ရာတစ်ခုထင်သွားသည့်တိုင် အရက်ကြောင့် နာကျင်မှုတစိုးတစ်စိကိုမျှမခံစားမိပေ။ သူနိုးနေသည်လား၊ အိပ်ပျော်နေခြင်းလား သူလည်းမပြောတတ်တော့ပေ။
ရုတ်တရက် ရန်ရှူးထန် လူတစ်ယောက်နှင့်တိုက်မိသွားပြန်သည်။ ၎င်းကသူ့အား အားသုံးပြီးမတ်မတ်ရပ်နေစေ၏၊၊ သူ့ခြေထောက်များကလမ်းလျှောက်နေဆဲဖြစ်လင့်ကစား လှုပ်ရှားမှုတို့ကဆန္ဒအလျောက်ပင်ဖြစ်ပြီး အသိစိတ်အရမဟုတ်တော့ပါချေ။
ဖုယွမ်ကျိုးက သန့်စင်ခန်းထဲမှထွက်လာပြီး နောက်ပြန်လှည့်လိုက်သည့်အခါ ရန်ရှူးထန်ကိုတွေ့လိုက်ရသည်။ သူအနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည့်အခါ ဝိုင်နံ့ဖျော့ဖျော့ရလိုက်လေ၏။ ၎င်းက မိုးရွာပြီးစ မြက်ခင်းစိမ်းနှင့်သစ်ပင်တို့၏စိမ်းစိုသည့်ရနံ့တို့ဖြင့် ရောနှောနေခဲ့သည်။ အယ်လ်ကိုဟော၏ ဖယ်ရိုမုန်းထုတ်လွှတ်မှုအပေါ်သက်ရောက်မှုကြောင့် ရန်ရှူးထန်မှာ လုံးဝမထိန်းချုပ်ထားနိုင်တော့ပေ။
ထိုအနံ့ကြောင့် ဖုယွမ်ကျိုး၏နှလုံးခုန်နှုန်းက ချက်ချင်းမြင့်တက်သွားခဲ့သည်။ အစပိုင်းတွင် သက်သောင့်သက်သာမရှိရုံဖြစ်သည့်တိုင် ရန်ရှူးထန်၏ဖယ်ရိုမုန်းကိုရလိုက်သည့်အခါ သူ့နဖူးမှာချွေးစို့လာရပြီး အနှီသူကိုချက်ချင်းတွန်းထုတ်လိုက်ရလေသည်။
"ရန်ရှူးထန်...မင်းသောက်လာတာလား...ရလား...သတိလေးကပ်စမ်းပါဦး.."
"...ဖုယွမ်ကျိုး...?"
ရန်ရှူးထန်က ခေါင်းငုံ့ပြီး ခပ်ဖြည်းဖြည်းသာတုံ့ပြန်လိုက်သည်။
"အင်း...မင်းအရင်ထလိုက်ဦး..."
ဖုယွမ်ကျိုးသည် အစက ထိုသူကိုတွန်းထုတ်နေရုံသာဆိုသော်လည်း ရန်ရှူးထန်ကသူ့နာမည်ကိုခေါ်ပြီးသည်နှင့် ချက်ချင်းရှေ့တိုးလာပြီး သူ့အားတင်းနေအောင်ဖက်ထားလေတော့သည်။ ၎င်းက မထင်ထားလောက်အောင်သန်လွန်းလှပြီး ဖုယွမ်ကျိုးမှာ တဒင်္ဂမျှ ထိုမသက်မသာအနေအထားဖြင့်ရှိနေရပြီးနောက် ကိုယ်တပိုင်းကိုဖြည်းဖြည်းချင်းရုန်းထွက်လိုက်ရသည်။
ရုတ်ချည်း သူ့ပါးပေါ်ကို အင်မတန်ညင်သာလှသည့်အနမ်းတစ်ပွင့်ကျလာခဲ့သည်။ ဖုယွမ်ကျိုးမျက်လုံးများက တခဏခန့်ပြူးကျယ်သွားခဲ့၏။ ရန်ရှူးထန်က သူ့အားနမ်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရန်ရှူးထန်ကတော့ တကယ်မူးနေပြီပဲ။ သူကမူးရင် ဒီလိုမျိုး ဘာမဆိုလုပ်တတ်တာလား။
"ဖုယွမ်ကျိုး..."
ရန်ရှူးထန်က သူ့အားအသံတိုးတိုးဖြင့်ခေါ်လာပြီး ဖျော့တော့စွာပြောလာခဲ့သည်။
"ငါလေ သဘောကျနေတာ..."
ချီး...သူပြောလိုက်လို့မဖြစ်ဘူး!
ဖုယွမ်ကျိုးမှာ ဦးခေါင်းခွံတစ်ခုလုံးထုံကျင်သွားခဲ့ပြီး သူ့ကိုဖက်ထားသည့်အားကလည်း ပိုတင်းကျပ်လာခဲ့သည်။ ကံကောင်း၍ အမူးသမားရန်ရှူးထန်မှာ အားရှိနေသော်လည်း ခြေမခိုင်ပေ။ မကြာခင် ရန်ရှူးထန်၏လက်ကိုဖယ်ထုတ်လိုက်နိုင်ပြီး အခြားတစ်ယောက်လိုဟန်ဆောင်လိုက်လေသည်။
"မင်းလူမှားနေပြီ! ငါကမင်းပြောနေတဲ့လူမဟုတ်ဘူး!"
ရန်ရှူးထန်၏ခြေလှမ်းများက ပရမ်းပတာဖြစ်နေပြီး မူးနေသောကြောင့် စဥ်းစားတွေးခေါ်ပုံမှာလည်းလျော့တိလျော့ရဲဖြစ်နေလေသည်။ တဖက်က ဗြောင်လိမ်လိုက်သည်နှင့် ၎င်းကရပ်သွားခဲ့လေ၏။
အခွင့်အရေးရသည်နှင့် ဖုယွမ်ကျိုးတစ်ယောက် ချက်ချင်းထွက်ပြေးလာခဲ့သည်။ အမူးပြေသွားလျှင် ရန်ရှူးထန်တစ်ယောက် ယခုအဖြစ်အပျက်ကိုမမှတ်မိပါစေနှင့်ဟုဆုတောင်းမိ၏။ ပေါ်သွားခဲ့ပါမူ ရှဲ့လင်နှင့် ယွမ်ယဲ့အပြင် ပြဿနာကဆုံးတော့မည်မဟုတ်ပေ။
ရန်ရှူးထန်က အတော်လေးမူးနေခဲ့သည်။ ဖုယွမ်ကျိုးမှာ ထိုသူကို အခန်းအပြင်ဘက်တွင်တစ်ယောက်တည်း မထားခဲ့နိုင်သောကြောင့် အခန်းကိုပြန်ရောက်သည်နှင့် အတန်းဖော်နှစ်ယောက်ကိုခေါ်ကာ ရန်ရှူးထန်ကိုချက်ချင်းပြန်ပို့ခိုင်းလိုက်သည်၊၊ သူကမူ စောစောပြန်နားချင်၍ အိမ်ပြန်နှင့်မည်ဟု အကြောင်းပြလိုက်၏။
"ငါလည်းမင်းနဲ့ပြန်လိုက်ခဲ့မယ်..."
ယွိဖေးသည်လည်း ဤနေရာကပျင်းစရာကောင်းသည်ဟုခံစားမိလာ၍ မနေချင်တော့ပေ။ ယွမ်ယဲ့လည်း ပြန်ချင်နေပြီဖြစ်သော်လည်း အခြားအတန်းဖော်များကသူ့အားဆွဲထားသောကြောင့် ယွိဖေးနှင့်ဖုယွမ်ကျိုးတို့နှစ်ယောက်သာပြန်လာခဲ့ရလေ၏။
သူတို့ KTV အပြင်ဘက်ရောက်သည့်အခါ လင်းထိန်နေခဲ့သောကောင်းကင်က မည်းမှောင်နေလေပြီ၊၊ တိမ်များလည်းအုံ့ဆိုင်းနေကာ အပူချိန်က တမဟုတ်ချင်းထိုးကျသွားခဲ့၏။ ရေခဲတမျှလေတို့က လမ်းပေါ်တွင်တိုက်ခတ်နေပြီး ဝတ်ထားသည့်အဝတ်အစားများပင်ပြားကပ်သွားလေသည်။
"ကျိုးအာ...အေးလား..."
ယွိဖေးက မေးလာရှာသည်။
ဖုယွမ်ကျိုး ပြန်ဖြေလိုက်၏။
"အိုကေပါတယ်...အမြန်ပြန်ရအောင်..."
"အင်းပါ..."
ယွိဖေးကပြုံးပြလာ၏။ ကြိုတင်ခေါ်ယူထားသည့်ကားက ရောက်လာတော့မည်။ သူတို့ KTV အဝင်ဝတွင်ရပ်နေစဥ် ယွိဖေးဖုန်းကမြည်လာခဲ့၏။
"အန်တီ့ဆီကလား..."
ယွိဖေးကမျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ခေါ်လာသူက ဖုယွမ်ကျိုးအမေဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
မာမားဖုက ဘာကြောင့် ယွိဖေးကိုခေါ်မှန်း ဖုယွမ်ကျိုးလည်းမသိပေ။ ယွိဖေးက အပြုံးမျက်နှာဖြင့်ဖုန်းကိုင်လိုက်၏။
"ဟယ်လို..အန်တီ..."
စက္ကန့်အနည်းငယ်အကြာတွင် ယွိဖေးမျက်နှာကပြောင်းလဲသွားခဲ့သည်။ သူ့မျက်နှာမှာ လုံးဝသွေးဆုတ်သွားပြီး ထိတ်လန့်နေသည့်အသံဖြင့်အော်ဟစ်လာသည်။
"အမေက ကားအက်ဆီးဒင့်ဖြစ်လို့"
ဘာ၊ အန်တီယွိက ကားအက်စီးဒင့်ဖြစ်လို့။
ဖုယွမ်ကျိုးလည်း ထိတ်လန့်သွားခဲ့သည်။ ယခင်ဘဝက ယခုလိုအဖြစ်အပျက်မျိုးရှိခဲ့သလား သူမမှတ်မိတော့ပေ။ သူသည် ယွိဖေးနှင့်မာမားယွိတို့ အပြန်အလှန်ဖုန်းပြောနေသည်ကို စိုးရိမ်ပူပင်စွာဖြင့်နားထောင်နေခဲ့သည်။ မာမားဖုက မာမားယွိအခြေအနေမှာ အသက်အန္တာရယ်မစိုးရိမ်ရကြောင်းပြောလာပြီး ခြေထောက်ကျိုးသွားရုံနှင့် အခြားဒဏ်ရာအသေးအဖွဲလေးများသာရသွားကြောင်း နှစ်သိမ့်ပေးလာခဲ့သည်၊ သို့သော်လည်း ဆေးရုံတွင်ရက်အနည်းငယ်နေပြီး ကုသမှုခံယူရဦးမည်။
တော်သေးတာပေါ့....
ဖုယွမ်ကျိုး၏ တဒိန်းဒိန်းဖြစ်နေခဲ့သည့်နှလုံးက ထိုအခါမှငြိမ်သက်သွားခဲ့သည်။ ယခုလေးတင် စက္ကန့်အနည်းငယ်ခန့်အတိုချုံးဖုန်းပြောနေစဥ်မှာပင် သူအတော်လေးစိတ်ပူနေခဲ့မိပြီး မာမားယွိ တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်နေခဲ့မိသည်။
ယခုလိုပြောင်းသွားရသည့်အကြောင်းအရင်းကိုသူမသိသော်လည်း တွေးနေရန်အချိန်မရှိပါချေ။ သူသည် မာမားယွိအပေါ် စိတ်ရင်းနှင့်ခင်မင်ပြီး ယွိဖေးက ဆေးရုံကိုချက်ချင်းသွားသည့်အခါ သူလည်းလိုက်သွားချင်ခဲ့သည်။
ယွိဖေးမျက်လုံးများကနီရဲနေပြီ။ သူ့မိဘများက သူကလေးအရွယ်တည်းက ကွာရှင်းခဲ့ကြပြီး သူကအမေဖြစ်သူနှင့်သာ ကြီးပြင်းလာခဲ့ရသည်။ အမေဖြစ်သူက အလုပ်များနေတတ်သော်လည်း တတ်နိုင်သမျှယွိဖေးနှင့်အတူ အချိန်ကုန်ခဲ့၏။ သို့ဖြစ်၍ သားအမိနှစ်ယောက်ကြားမှဆက်ဆံရေးက အလွန်အမင်းနက်ရှိုင်းခဲ့သည်။
"ရှောင်ဖေး...ရှောင်ကျိုးကို ဖုန်းပေးလိုက်ဦး...အန်တီသူ့ကိုပြောစရာရှိသေးလို့..."
ယွိဖေးက မာမားဖုပြောသည့်အတိုင်း ဖုယွမ်ကျိုးအားဖုန်းပေးလိုက်သည်၊ မာမားဖုကပြောလာ၏။
"ရှောင်ဖေးကပြောတယ်...မင်းတို့အိမ်ကအိမ်နဲ့နီးတယ်ဆို...ဒါဆို မားကို အိမ်ပြန်ပြီးစာရွက်စာတမ်းနည်းနည်းနဲ့ အဝတ်အစားလေးနည်းနည်းထည့်လာခဲ့ပေး...ဒီနေ့ညတော့ မား အန်တီယွိနဲ့အတူနေလိုက်မယ်...အလုပ်ကလည်းဆက်လုပ်ရဦးမှာဆိုတော့ မင်း မာမားကိုနည်းနည်းကူညီဦး..."
"ဟုတ်ကဲ့..."
ဖုယွမ်ကျိုး သဘောတူလိုက်ပြီးနောက် သူအိမ်ပြန်၍ယူစရာရှိသေးကြောင်းယွိဖေးကိုပြောလိုက်သည် သည်တခေါက်တွင် ယွိဖေးကသူနှင့်အတူ အဖော်မလိုက်လာတော့ပေ။ အနှီသူက ဆေးရုံတွင် အမေဖြစ်သူကိုသွားကြည့်ချင်နေမှန်း ဖုယွမ်ကျိုးချက်ချင်းသိလိုက်ပြီး ယွိဖေးကို သူနှင့်အတူလိုက်လာပေးရန်မတောင်းဆိုနေတော့ပေ။
သူဗီလာကိုပြန်ရန် ကားတစ်စီးခေါ်လိုက်သည်။ ကောင်းကင်မှာလည်း မှောင်သထက်မှောင်လာခဲ့ပြီ။ ညအတိုင်းပင်။ ရုတ်ချည်းပင် ကောင်းကင်ကလင်းကနဲဖြစ်သွားပြီး မိုးချုန်းသံက အနောက်မှထွက်ပေါ်လာခဲ့သည်။ မိုးရွာလာသည်။ မိုးရေစက်ကန့်လန်ကာသည်ကား ထူပိန်းလွန်းလှပြီး မိုးသီးအနည်းငယ်ပင်ပါလာလေ၏။
"ဒီနှစ်ရာသီဥတုကမကောင်းဘူး..."
ဒရိုင်ဘာက ကားမှန်သုတ်တံကိုဖွင့်လိုက်ပြီး ညည်းတွားလာလေသည်။
"နွေခေါင်ခေါင်ကြီးကို ဒီလိုမိုးကြီးတာမျိုး တစ်ခါတောင်မကြုံဖူးပါဘူး...အခုတော့ ဆောင်းတောင်ကုန်တော့မှာကို..မိုးကအခုထိရွာနေတုန်း.."
"ဂျိန်း..."
ရုတ်တရက် မိုးကြိုးပစ်ချလိုက်သံက ဖုယွမ်ကျိုးနားထဲကိုဝင်လာခဲ့ပြီး သူတုန်လှုပ်သွားခဲ့၏။
တချိန်တည်းမှာပင် သူ့မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုတို့အတိုင်းသားပေါ်လာခဲ့၏။ သူလက်သီး တင်းတင်းဆုပ်ထားမိပြီး သူ့ကိုယ်အတွင်းသားထဲမှ ချောက်ချားမှုတို့ကိုဖိနှိပ်ထားသော်လည်း အသုံးမဝင်တော့ပေ။
သူကြောက်နေခဲ့သည်။
အတိတ်ဘဝက သူမိုးချုန်းသံကိုမကြောက်ခဲ့ပေ။ ယခုတော့ သူ့ထံတွင် ထိုအကြောက်တရားမျိုးရှိလာပြီး အကြောင်းအရင်းရှိနေမှန်းလည်းသိနေခဲ့သည်။
"ရောက်ပြီ..."
ဒရိုင်ဘာက ဗီလာတံခါးအရှေ့တွင်ပင် သူ့ကိုချပေးလာပြီး ဖုယွမ်ကျိုးကိုမှာလိုက်သေးသည်။
"အထဲဝင်တော့...ဒီလိုရာသီမျိုးမှာအပြင်မထွက်နဲ့...ကောင်းကောင်းအနားယူ..."
"ဦးလေး...ကျွန်တော့်ကိုစောင့်နေလို့ရမလား...ကျွန်တော်ပြန်ထွက်ရမှာမလို့ပါ..ပစ္စည်းယူပြီးရင်ပြန်လာခဲ့ပါ့မယ်..ကျွန်တော်နောက်ထပ်သွားစရာရှိသေးလို့ပါ.."
ဖုယွမ်ကျိုးမှာ နှလုံးသားထဲမှ ဗျာများနေမှုကိုထိန်းချုပ်ပြီး အသံကိုတည်ငြိမ်အောင်ထိန်းထားလိုက်ရသည်။
"အိုး..ဆောရီးကွာ...ဦးလေးမှာလည်း အော်ဒါရှိသေးတယ်..မင်းကိုလိုက်ပို့ပေးလို့မရတော့ဘူး...တခြားကားကိုခေါ်လိုက်နော်..."
ဒရိုင်ဘာက သူ့အားတောင်းပန်စကားပြောလာ၍ ဖုယွမ်ကျိုးက ကားထဲမှထွက်ကာ မိုးရေထဲမှာပင် သော့ထုတ်လိုက်ရသည်။ သူသော့ကို အပေါက်ထဲသို့ ကြိမ်ဖန်များစွာထိုးသွင်းနေစေကာမူ တုန်ယင်နေသည့်လက်ကြောင့် ၎င်းကမဝင်နိုင်ဘဲ သူ့လက်ထဲမှချော်ထွက်သွားခဲ့သည်။
"ဂျောက်"
ဆိုသည့်အသံနှင့်အတူ သူ့အနောက်မှဗီလာတံခါးကပွင့်လာခဲ့၏။
သူချက်ချင်းအေးခဲသွားရကာ နောက်ပြန်လှည့်ကြည့်လိုက်မိသည်။
ရှန်းရှီကောကလည်း မိုးရေထဲတွင်ပင်ရပ်နေခဲ့သည်။ ထီးကိုင်ထားသည့်တိုင် ဖိနပ်မပါပေ။ ဖုယွမ်ကျိုးပြန်လာသည်ကိုမြင်၍ ခြေဗလာနှင့်ထွက်လာခြင်းဖြစ်လိမ့်မည်။ ၎င်း၏ ဖွေးဆုတ်နေသည့်အသားအရေကြောင့် တစ္ဆေတစ်ကောင်နှင့်ပင်တူနေပြီး သူ့အားညင်သာစွာခေါ်လာခဲ့၏။
"ယွမ်ကျိုး..."