Chapter 66
Viewers 2k

♎️Chapter 66




"ဂျိန်း!" 


ကျယ်လောင်လှသည့် မိုးချုန်းသံက ကောင်းကင်တခွင်ကိုရိုက်ခတ်သွားခဲ့သည်၊၊ ဖုယွမ်ကျိုးလက်တို့က တုန်ယင်နေပြီး သော့သည်ကား ၎င်း၏လက်ကြားမှချော်ထွက်ကာ လမ်းပေါ်ကျသွားပြီးနောက် သိပ်သည်းလှသည့်မိုးရေတို့ကြောင့် ခပ်လှမ်းလှမ်းသို့မျောသွားခဲ့သည်။


မိုးက သည်းကြီးမည်းကြီးရွာချနေပြီး မိုးသီးအချို့လည်းပါလာနေသည်။ မိုးရွာချနေသည့် မိနစ်ဝက်အတွင်းမှာပင် ဖုယွမ်ကျိုးတကိုယ်လုံးကအေးစက်နေကာ သူ့ကိုယ်ပေါ်သို့မိုးသီးအချို့ရိုက်ခတ်လာသည့်တိုင် နာကျင်မှုကိုမခံစားမိတော့ပေ။


အကြောက်တရားနှင့်အေးစက်မှုတို့ကြောင့် လက်များမှာ ဦးနှောက်၏အမိန့်ကိုမနာခံတော့ဘဲ သူ၏အရိုးအဆစ်တို့က ရှန်းရှီကောအရှေ့တွင် သံချေးကိုက်နေသည့်ဂီယာများလိုပင်၊၊ သူ့အား စက္ကန့်အနည်းငယ်ကြာသည်အထိ ကြည့်နေသောရှန်းရှီကောအရှေ့မှာပင် ကိုယ်ကိုဖြည်းဖြည်းချင်းကွေးကာ သော့ကိုကောက်လိုက်သည်၊၊ ပြီးနောက် တံခါးဘက်ကိုချက်ချင်းပြန်လှည့်လိုက်၏။


 ရှန်းရှီကောက ယူလာသည့်ထီးဖြင့် ဖုယွမ်ကျိုးကိုမိုးမစိုအောင်ကာပေးထားပြီး သူကိုယ်တိုင်ကမူ မိုးစိုခံနေခဲ့သည်။


"အဆင်ပြေရဲ့လား..." 


သူကဖုယွမ်ကျိုးကိုမေးလာခဲ့သည်။ ဖုယွမ်ကျိုးက ဘာကိုမှပြန်မပြောခဲ့ပေ။ ထီးအောက်ရောက်နေသည့်တိုင် သူ့တကိုယ်လုံးက မိုးရေများဖြင့်ရွှဲစိုနေခဲ့သည်။ အေးစက်မှုတို့က သူ့ကိုယ်ကိုဖောက်ထွင်းသွားပြီး မူးဝေမှုကိုပင်ခံစားလာရစေ၏။ သူအန်မိတော့မလိုဖြစ်နေပြီး သူ့ကိုယ်ပေါ်တွင်မည်သည့်ခုခံအားမှမကျန်တော့ပေ။


"ကိုယ်လုပ်ပေးမယ်.."


ရှန်းရှီကောက သူ့လက်ထဲမှသော့ကိုယူသွားခဲ့သည်။ ဖုယွမ်ကျိုးက မခုခံနိုင်တော့၍ ရှန်းရှီကောတံခါးဖွင့်ပေးသည်ကိုပင်ကြည့်နေလိုက်ရပြီး ခပ်အက်အက်အသံဖြင့်ပြောလိုက်လေ၏။ 


"အထဲအထိလိုက်မလာနဲ့.."


"အိုကေ..." 

ရှန်းရှီကောက မျက်လွှာချလိုက်သည်။ မိုးရေစက်တို့က ၎င်း၏မျက်တောင်မွှေးများထက်မှကျဆင်းနေခဲ့၏။ သူက ဖုယွမ်ကျိုးကို ထီးလှမ်းပေးလင့်ကစား ဖုယွမ်ကျိုးကမယူလိုက်ပေ။ သူကရပ်လိုက်ပြီး နောက်ဆုံး၌စကားတစ်ခွန်းကိုသာပြောလာခဲ့သည်။ 


"ရေသွားချိုးလိုက်တော့...အအေးမမိစေနဲ့နော်..."


ဖုယွမ်ကျိုးက ခပ်မဆိတ်ပင်နေလိုက်ပြီး သော့ကိုကိုင်ရင်း အထဲဝင်သွားလိုက်သည်။ သူအိပ်ချင်သလိုခံစားနေရပြီး တံခါးပိတ်ရန်ပင်မေ့သွားခဲ့၏။ ရှန်းရှီကောကသူ့အစားတံခါးပိတ်ပေးလိုက်ပြီး ထိုနေရာတွင်ပင်ရပ်ကာ ဖုယွမ်ကျိုးအိမ်ထဲရောက်သွားသည်အထိကြည့်နေခဲ့သည်။ အချိန်အတန်ကြာပြီးမှ သူ့ဗီလာကိုပြန်သွားလေ၏။


မာမားဖုက သူ့အားဖုန်းခေါ်လာခဲ့ပြီး ရာသီဥတုအခြေအနေမှာဆိုးရွားနေ၍ ဆေးရုံမလာရန်ပြောလာခဲ့သည်။ သူအအေးမိမည်ကိုစိုးရိမ်သောကြောင့် ရေနွေးနှင့်ချိုးပြီး အအေးမိသည့်ဒဏ်မှကာကွယ်ရန် နွေးသည့်သောက်စရာတစ်ခုသောက်ရန်လည်းမှာလာသေးသည်။


ဖုယွမ်ကျိုးသည်ကား ဖုန်းကိုဘေးပစ်ထုတ်ကာ ရေချိုးခန်းထဲသို့တန်းဝင်သွားခဲ့သည်။ ရွှဲနစ်နေသည့်အဝတ်အစားတို့ကိုချွတ်ပစ်ပြီး ရေနွေးထဲတွင်ခေါင်းစိုသွားသည်အထိ စိမ်နေလိုက်၏။ သူသည် ရေချိုးကန်ကိုမှီထားရင်း အားနည်းနေသလိုခံစားလိုက်ရသည်။ အချိန်အကြာကြီး မိုးရေထဲတွင်မနေခဲ့ရဖူးလင့်ကစား အအေးမိခြင်းထက်ပိုဆိုးနေသလိုခံစားနေရသည်။


အပြင်ဘက်တွင် မိုးချုန်းသံများကိုဆက်ကြားနေရဆဲဖြစ်၍ သူကြောက်နေမိသည်။ ရေချိုးကန်ထဲတွင် ကိုယ်ကိုကွေးထားပြီး အပြင်မထွက်ချင်တော့ပေ၊၊ သို့ထိတိုင် အချိန်အတော်ကြာသည်အထိ ရေချိုးခန်းထဲတွင်ထိုင်နေခဲ့ပြီးနောက် သူပိုပြီးမူးဝေလာခဲ့သည်။ သူရေချိုးကန်ထဲမှထွက်လိုက်ပြီး ရေလဲဝတ်ရုံကိုလဲလိုက်သည်၊၊ ဆံပင်ကိုလေမှုတ်ပြီးသည့်အခါ သူ့နှလုံးခုန်နှုန်းကပိုမြန်လာခဲ့၏။


လျှပ်စီးလက်ပြီးမိုးချုန်းသံများလွန်သွားချိန်တွင် ညရောက်သွားခဲ့ပြီ။ တစ်အိမ်လုံးနွေးထွေးနေသည့်တိုင် သူတစ်ယောက်တည်းသာရှိနေ၏။


မိုးရွာနေသံမှလွဲပြီး တအိမ်လုံးတိတ်ဆိတ်နေခဲ့သည်။ ဖုယွမ်ကျိုးကခေါင်းမူးနေသော်လည်း ကြောက်စိတ်မပြယ်သေးပေ။ 


ပြတင်းပေါက်က အကျယ်ကြီးဖြစ်၍ မြင်ကွင်းကောင်းရသည်။ သူ့အခန်းနှင့်မျက်နှာချင်းဆိုင်တွင် ရှန်းရှီကော၏ဗီလာရှိနေ၏။ ရုတ်တရက် ဖုယွမ်ကျိုးမြင်ကွင်းထဲကို ရှန်းရှီကောပုံရိပ်ကဝင်လာခဲ့သည်။ သူ့လိုပင် ရှန်းရှီကောသည်လည်း ပြတင်းပေါက်တွင်ရပ်ရင်း ဖုယွမ်ကျိုးအိမ်ဘက်သို့မျှော်ကြည့်နေခဲ့၏။


မိုးရွာနေ၍ မှုန်ပြပြလေးသာမြင်ရသည်၊၊ သို့သော်လည်း ရှန်းရှီကောက သူ့အား အသာလေးလက်ယမ်းပြနေသည်ကို ဖုယွမ်ကျိုးမြင်နေရ၏။


"ဂျိန်း!" 

မိုးချုန်းသံက ထပ်ပေါ်လာပြန်သည်။ ဖုယွမ်ကျိုးမှာ တုန်လှုပ်သွားရကာ ပြတင်းပေါက်ဘောင်ပေါ်ရှိသူ့လက်တို့သည်လည်း တင်းကျပ်သွားခဲ့လေသည်။


၎င်းက အတော်လေးရယ်စရာကောင်း၏။ ပြတင်းပေါက်နားတွင် ရပ်နေသည့်ရှန်းရှီကောကိုတွေ့လိုက်ရသည့်အခါ ခဏတဖြုတ်စိတ်သက်သာသွားသလိုပင်။ သူအကြောက်ဆုံးကရှန်းရှီကောပင်ဖြစ်ပြီး ထိုသူကပင် ယခုအခိုက်အတန့်လေး၌ သူ့အားစိတ်ပေါ့ပါးစေခဲ့သူလည်းဖြစ်နေပြန်သည်။


ဖုယွမ်ကျိုး ရှန်းရှီကောကိုသတ်ပစ်မိတော့မည်အထိ ဖြစ်ခဲ့ဖူးသည့်ညကလည်း မိုးသည်းနေခဲ့သည်။


ထိုအချိန်က သူသည် ရှန်းရှီကော၏ခဏလေးပိတ်လှောင်ထားမှုကိုခံခဲ့ရသည်။ သူ့အဖေက ဆေးရုံ၏အရေးပေါ်ခန်းတွင်လှဲနေရပြီး သူ့ဘဝကမူ အကြောင်းအရင်းသေချာမသိရဘဲသေဆုံးသွားခဲ့သည်။ သူကြောက်ရွံ့ပြီးစိုးရိမ်နေခဲ့သည်။ ချုပ်နှောင်ခံထားရသည့် ဗီလာမှလွတ်မြောက်သွားချင်သော်လည်း ရှန်းရှီကောကသူ့ကို အမြဲပြန်ဖမ်းနိုင်ခဲ့သည်။


ထိုညက ရှန်းရှီကောသည်သူ့လက်ကိုဆွဲပြီး ဗီလာကိုပြန်ခေါ်သွားခဲ့သည်။ ဖုယွမ်ကျိုးမှာ ဒေါသနှင့်မခံချင်မှုတို့ကို နှလုံးအပြည့်ခံစားနေရပြီး စိတ်နာသွားနိုင်လောက်မည့်စကားတို့ကို ကြမ်းကြမ်းတမ်းတမ်းပြောခဲ့၏။ ရှန်းရှီကောကိုပင် ထိုးမိခဲ့သေးသည်။


ရှန်းရှီကောက တချက်ပင်မလှုပ် ပြန်လည်းမထိုးခဲ့ပေ။ နောက်ဆုံးတွင် ဒေါသထွက်ရသူမှာဖုယွမ်ကျိုးကိုယ်တိုင်ပင်။ ရှန်းရှီကောကို ကော်လာမှဆွဲပြီး နံရံဖြင့်ကိုင်ဆောင့်ခဲ့သည်။ 'ဒုတ်' ဟူသောအသံက ခပ်တိုးတိုးထွက်လာပြီး ရှန်းရှီကောအင်္ကျီလည်းပြဲသွားခဲ့သည်၊၊ ၎င်း၏ရင်ဘတ်တွင်မူ 'ရှောင်ချီး' ဆိုသည့် အနက်ရောင်စာလုံးရှိနေလေ၏။


တက်တူးကိုမြင်လိုက်ရသည့်အခိုက် ဖုယွမ်ကျိုးဒေါသကအဆုံးစွန်အထိရောက်သွားခဲ့သည်။ သူသည်တချိန်က လူပေါင်းများစွာအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ မိဘလည်းအရှက်ရစေခဲ့သည်။ ရှဲ့လင်နှင့်ယွိဖေးကိုလည်း မျက်နှာမပြရဲသည်အထိဖြစ်ခဲ့ရသည်၊၊ သို့ထိတိုင် ရှန်းရှီကောအပေါ်တွင်မူ လုံးဝစိတ်မကောင်းဖြစ်မိမည်မဟုတ်ပေ။ နှစ်အကြာကြီး ခင်မင်လာခဲ့ကြသည့်တိုင် သူရှန်းရှီကောကိုနားမလည်နိုင်သေးပေ။ ဘာအတွက်ကြောင့် ရှန်းရှီကောက သူ့ကိုယခုလိုဆက်ဆံရပါသနည်း။


"မင်းဘာ သောက်ရူးထနေတာလဲ ဘာလို့ငါ့ကိုပိတ်လှောင်ထားတာလဲ ငါမင်းကိုဘာအကြွေးတွေတင်နေလို့လဲ..."


ဖုယွမ်ကျိုးက နီရဲနေသည့်မျက်လုံးများဖြင့် ရှန်းရှီကောကိုနံရံတွင်ဖိထားခဲ့သည်။ သူ့ကြောင့် ရှန်းရှီကော၏နှုတ်ခမ်းထောင့်က ကွဲသွားပြီး သွေးစို့သွားခဲ့၏။ ချောမောနေသည်ထက်ပိုသည့်မျက်နှာက တုန်လှုပ်နေသော်လည်း စကားတစ်ခွန်းပင်မတုံ့ပြန်ခဲ့ပေ။


ထိုသူက တချိန်လုံးနှုတ်ဆိတ်နေခဲ့သောကြောင့် ဖုယွမ်ကျိုးမှာ အချိန်တိုင်းဒေါသထွက်ခဲ့ရသည်။ အစက ရှန်းရှီကောတွင် ယခုလိုလုပ်ရလောက်သည်အထိ ဖုံးကွယ်ထားစရာရှိလိမ့်မည်ဟု သူယုံကြည်နေခဲ့သေးသည်။ ဖုယွမ်ကျိုးက အနှီသူနှင့် အေးအေးဆေးဆေးစကားပြောချင်သော်လည်း ရှန်းရှီကောက သူ့ကိုလုံးဝမရှင်းပြခဲ့ပေ၊၊ ယခုတော့ တဏှာရူးတစ်ကောင်သာဖြစ်ပြီး သူ့အားပိတ်လှောင်ထားခြင်းမှာ အကြောင်းအရင်းမရှိကြောင်း သူနားလည်လာခဲ့သည်။


"ငါ့ကိုလွှတ်ပေး..ရှန်းရှီကော..."


 ဖုယွမ်ကျိုး ချုပ်တည်းထားရသည့်ဒေါသနှင့် သနားကြင်နာမှုတို့ကိုစွန့်လွှတ်လိုက်ပြီ၊၊ ရှန်းရှီကောနှင့်စကားပြောနိုင်ရန် သူ၏မိုက်ရိုင်းသည့်ပုံစံကို တဖက်လှည့်ဖြင့်ဖော်ပြလိုက်လေသည်။


 "ငါအပြင်ထွက်သွားရင် မင်းနဲ့သူငယ်ချင်းတွေဆက်ဖြစ်နေမယ်...ငါမင်းကိုမမုန်းဘူး...ငါမင်းနဲ့ခင်မင်မှုကိုဆက်ထိန်းထားပေးမယ်..."


"ကိုယ်မင်းကိုလက်လွှတ်ပေးလိုက်ရင်လား.."


ရှန်းရှီကောက ရုတ်တရက်ပြုံးပြလာသည်၊၊ ၎င်း၏ ကြည်လင်နေသောမိုးကောင်းကင်အောက်မှပင်လယ်ပြာကဲ့သို့သောမျက်လုံးပြာတို့က အမြဲတစေနူးညံ့စွာဖြင့်သူ့အားကြည့်နေခဲ့ဖူးသော်လည်း ထိုအခိုက်အတန့်လေးတွင်မိုးတိမ်မည်းတို့ကဖုံးကာထားခဲ့သည်။


"ကိုယ်နားလည်ပါပြီ...မင်းကကိုယ်တို့ခင်မင်မှုကို ဂရုမစိုက်ဘူး...ကိုယ်နဲ့အဆက်အသွယ်ဖြတ်လိုက်ရင် မင်းကိုယ့်ကိုထားခဲ့တော့မှာလေ..."


ဖုယွမ်ကျိုးမှာ စိတ်တိုလွန်း၍ လက်များပင်တုန်လာခဲ့လေ၏။ ရှန်းရှီကောစကားကမှန်နေသည်၊၊ သို့ပါသော်လည်း ၎င်းကသူ့ဆန္ဒအတိုင်းမဟုတ်ပေ။ မည်သူကများ ယခုအခြေအနေရောက်အောင် လုပ်ခဲ့ပါသနည်း။


သူရှန်းရှီကောကို ခွင့်မလွှတ်ပေးချင်၍မဟုတ်။ သို့တစေ ရှန်းရှီကောကသူ့ကို အကြောင်းမရှိဘဲပိတ်ထားခဲ့သည်။ အကြောင်းအရင်းလည်းမပြောပြခဲ့ပေ။ သူအာပေါက်သည်အထိတောင်းပန်လျှင်ပင် အလုပ်မဖြစ်ခဲ့လေရာ သူလုံးဝရူးသွား၍သာမဟုတ်လျှင် မည်သူကများ ယခုလိုစိတ္တဇကောင်အနား၌နေချင်ပါမည်နည်း။


"မင်းကြားချင်တယ်ဆိုရင် ကိုယ်မင်းကိုပြောပြမယ်...ဘာလို့လဲဆိုတော့ မင်းထွက်သွားမှာစိုးလို့..မင်းကိုကိုယ့်အနားမှာပဲနေစေချင်တယ်..."


"မင်းကဒီလိုသောက်ရေးမပါတာတွေ လာလုပ်နေတာလေ...ငါကထွက်မသွားဘူးထင်နေလား..." 

ဖုယွမ်ကျိုးက အသံကိုမြှင့်လိုက်မိ၏။ 

"ငါမင်းကို အချစ်ဆုံးသူငယ်ချင်းလို့မှတ်ထားမိတာကို နောင်တရတယ်..ငါမင်းကို ငါ့ဘဝရဲ့အကောင်းဆုံးသူငယ်ချင်းလို့မှတ်ထားခဲ့တာ...ဒါပေမဲ့ မင်းကရော ငါ့ကိုဒီလိုဆက်ဆံနေတယ်လေ"


"သူငယ်ချင်းဆိုတော့လည်း...သူငယ်ချင်းပေါ့...."

 ရှန်းရှီကောကပြုံးလိုက်လေ၏။ 

"မင်းကိုယ့်အနားမှာမနေတာက မင်းအတွက်အရေးကြီးတဲ့လူတွေရှိနေလို့လေ..."


"မင်းရဲ့မိဘတွေ..မင်းနဲ့အတူအနာဂတ်မှာ မင်္ဂလာခန်းမထဲဝင်ပေးမယ့်ချစ်သူ...မင်းရဲ့သူငယ်ချင်းတွေ...ကိုယ်ကတော့တစ်ယောက်တည်းလေ..."


"သူတို့အားလုံးက မင်းကို ကိုယ့်အနားကနေခေါ်ထုတ်သွားကြမှာ...ဒါပေမဲ့ ရှောင်ချီး...မင်းသိလား..သူတို့ကမင်းကိုနာကျင်အောင်လုပ်လိမ်မ့ယ်..."


ရှန်းရှီကောအသံက တဖြည်းဖြည်းနဲ့တိမ်ဝင်လာခဲ့သည်။


"မှတ်မိလား...လွန်ခဲ့တဲ့နှစ်နှစ်က မင်းကားတိုက်မိမလိုဖြစ်ခဲ့တယ်...ပြီးတော့ မီးပွိုင့်နားမှာတင်ပဲ...ကိုယ်စစ်ကြည့်လိုက်တော့ ယွိဖေးပရိသတ်တစ်ယောက်ရဲ့ကားဖြစ်နေတယ်...သူက မင်းကိုသူ့ရည်းစားမှန်းသိတယ်လေ...ဒီတော့ မင်းကိုသေအောင်သတ်တာပေါ့..."


"မင်းမိဘတွေက မင်းကို ကုမ္ပဏီဆက်ခံဖို့အတင်းဖိအားပေးကြတယ်...ဒါပေမဲ့ မင်းကမလုပ်ချင်ဘူးလေ..မင်းမအောင်မြင်လို့ မင်းကိုအပြစ်ပြောကြတယ်..ဒီတော့ မင်းစိတ်ညစ်လာပြီး သူတို့နဲ့စကားများတယ်.."


"ရှဲ့လင်နဲ့ယွမ်ယဲ့လည်း မင်းကိုလုံးဝနားမလည်ဘူး...သူတို့လည်းမင်းကိုစိတ်ထိခိုက်အောင်လုပ်ကြတယ်..မင်းကိုစိတ်ညစ်အောင်လုပ်တယ်..ဝမ်းနည်းအောင်လုပ်တယ်..အန္တရာယ်တောထဲလည်းတွန်းပို့ခဲ့ကြတယ်..."


"ကိုယ်တစ်ယောက်ပဲ...ကိုယ်ပဲမင်းကိုကာကွယ်ပေးနိုင်တာ..မင်းဘာမှစိတ်ပူစရာမရှိဘူး...ဘာဒုက္ခမှလည်းမရောက်ဘူး..မင်းဒီမှာကိုယ်နဲ့ပျော်ပျော်ကြီးနေလို့ရတယ်..ဒီတော့ ကိုယ်မင်းကိုခေါ်ထားတာပေါ့..."


ဖုယွမ်ကျိုး မျက်လုံးမှိတ်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည်။ 


"ဘဝကအမြဲအဆင်ပြေနေတာမဟုတ်ဘူး...မင်းဒီလိုလုပ်ပေးလို့ ငါပျော်ရွှင်ရလိမ့်မယ်လို့ထင်နေရင် တွေးမနေနဲ့တော့...မင်းကအရူးထနေတာ..ဒါပေမဲ့ ဒါကလည်းမင်းရဲ့အကြောင်းပြချက်ပဲ...ငါမင်းကိုခွင့်လွှတ်ပေးလိုက်မယ်...ရှီကော...ငါပြန်ပါရစေ...ငါဘာမှမဖြစ်ခဲ့လိုနေပါ့မယ်.."


"တောင်းပန်ပါတယ်..မင်းကိုစိတ်ထိခိုက်အောင်လုပ်တာကိုယ်ပါ..ဒါပေမဲ့ ကိုယ်မင်းကိုလွှတ်မပေးနိုင်ဘူး..."


ရှန်းရှီကောအပြုံးက ခါးသက်သက်။ 


"ဆောရီးပါ..ရှောင်ချီး..ကိုယ်နောက်ကိုပြန်မလှည့်နိုင်ဘူး..."

"အဲဒါတွေတင်မဟုတ်သေးဘူး...နောက်တစ်ချက်ရှိသေးတယ်...ကိုယ်မင်းကိုဆုံးရှုံးလိုက်ရရင် ကိုယ်အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး..."

"ကိုယ်ကအရမ်းတကိုယ်ကောင်းဆန်တယ်..ကိုယ်မင်းနဲ့တွေ့ခဲ့ရလို့...ကိုယ်ကောင်းကောင်းအသက်ရှင်ချင်တယ်..ကိုယ်တောင်းပန်ပါတယ်..."


သည့်နောက် ရှန်းရှီကောက ဖုယွမ်ကျိုးမသိသေးသည့်အတိတ်ကသူလုပ်ခဲ့သမျှ အ​ကြောင်းတို့ကိုပြောပြလာခဲ့သည်။


ယွိဖေး အနုပညာလောကထဲသို့ဝင်သွားကာစအချိန်တွင် နာမည်ဆိုးရှိခဲ့သည်။ ရှန်းရှီကောကြောင့် အဓိကအရင်းခံ မဟုတ်လင့်ကစား ထိုသူက သူနှင့်ဖုယွမ်ကျိုးတို့နှစ်ယောက် ပြတ်သွားကြရန် မီးထိုးပေးခဲ့၏။


ဖုယွမ်ကျိုးက သူ့မိဘများနှင့် အေးစက်လာခဲ့သည်။ ရှန်းရှီကောကသတိမထားမိသလိုနှင့် အခြေအနေကိုပိုဆိုးစေခဲ့ပြီး ဖုယွမ်ကျိုးမိဘများကို ဒေါသထွက်လာရန် တမင်ဆွပေးခဲ့သည်။ သူနှင့်ဖုယွမ်ကျိုးတို့ကြားမှခင်မင်မှုကို ပိုခိုင်မာလာစေပြီး မိသားစုအကြားမှ ဝေးကွာမှုကမူ ပိုကျယ်ပြန့်လာခဲ့သည်။


ဖုယွမ်ကျိုးမိဘများ မတော်တဆမှုဖြစ်ခြင်းက ရှန်းရှီကော၏မူလရည်ရွယ်ချက်မဟုတ်ခဲ့ပေ။ သို့သော်လည်း တိုက်ဆိုင်သည့် ကံဆိုးမှုသက်သက်ပင်ဖြစ်ခဲ့ပြီး အချိန်ကာလလည်း သိပ်မကွာလိုက်ပေ။


အဖေဖြစ်သူ ထိခိုက်သွားသည့်နောက် ဖုယွမ်ကျိုးစိတ်အခြေအနေက အထိမခံနိုင်ဖြစ်နေပြီး ရှဲ့လင်ကိုနှစ်သိမ့်ပေးရန်လိုက်ရှာချင်ခဲ့သည်၊၊ သို့သော်လည်း ထိခွင့်လေးပင်မရလိုက်။ ရှန်းရှီကောက ရှဲ့လင်နှင့်ဖုယွမ်ကျိုးတို့ကြားတွင် ခပ်စိမ်းစိမ်းဖြစ်သွားစေခဲ့သည်။


ရှန်းရှီကောက ဇာတ်ကြောင်းကိုဖြည်းဖြည်းချင်းရှင်းပြနေခဲ့သည်။ တင်းတင်းစေ့ပိတ်ထားသည့်တံခါးမှ လေနှင့်မိုးအသံတို့ထိခတ်သံကိုကြားရနိုင်၏။ ဖုယွမ်ကျိုးမျက်နှာကသွေးမရှိတော့သလိုဖြစ်နေပြီး အကြောင်းစုံကြားလိုက်ရသည့်အခိုက်၌ သူတုန်လှုပ်နေခဲ့သည်။ ထိုအချိန်လေးမှာပင် သူရှန်းရှီကောအပေါ်မုန်းတီးမှုကအမြင့်ဆုံးသို့ရောက်သွားခဲ့သည်။ ယခင်က သဘောကျခဲ့ဖူးသလို မုန်းတီးလာခဲ့၏။ သူ့သူငယ်ချင်းရှန်းရှီကောကို လက်ရှိတွင် သူအလွန်မုန်းတီးနေခဲ့ပြီ။


"ဂျိန်း!"


မိုးကြိုးပစ်သံထွက်လာခဲ့သည်၊၊ ဖုယွမ်ကျိုးက ရှန်းရှီကောကိုတွန်းထုတ်လိုက်၏၊ သူ့မျက်လုံးများကနီရဲနေပြီး လည်ချောင်းကတင်းကြပ်နေလေသည်၊၊ သူရှန်းရှီကောကိုအော်ထုတ်လိုက်ချင်သော်လည်း သူ့အသံက ဤလောကကြီးထဲမှပျောက်ကွယ်သွားခဲ့၏။


လေကတဟူးဟူးတိုက်ခတ်နေသည်၊ လျှပ်စီးက အဆတ်မပြတ်လက်နေပြီး မိုးရေစက်တို့ကပြတင်းပေါက်ကိုရိုက်ခတ်နေခဲ့သည်။ အားလုံးက ထိတ်လန့်ဖွယ်ကောင်းနေသော်လည်း ရှန်းရှီကောမျက်လုံးတို့ကနူးညံ့နေခဲ့၏။ ဖုယွမ်ကျိုးကို ချစ်မြတ်နိုးစွာဖြင့်ကြည့်နေပြီး အသက်ရှူသံတို့ကတဖြည်းဖြည်းဖျော့တော့လာခဲ့သည်၊၊ ထို့နောက် ဖြည်းဖြည်းချင်းမျက်လုံးမှိတ်သွား၏။


၎င်း၏အသက်ရှူသံက အားနည်းလာခဲ့သည်။ ဖုယွမ်ကျိုးမှာ ဒေါသထွက်နေရာမှစိတ်ငြိမ်သွားပြီး ရီဝေဝေဖြစ်နေရာမှသတိလည်လာသည်။ ထို့ကြောင့် သူ့လက်ကိုလွှတ်လိုက်ကာ မျက်နှာကိုနှစ်ချက်ခန့်ပုတ်ရင်းခေါ်ကြည့်လိုက်၏။ 


"ရှန်းရှီကော? ရှန်းရှီကော!"


သူ လူကိုဖြင့်မသတ်ရဲပေ။ သူအသတ်ချင်ဆုံးလူသားက ရှန်းရှီကောဖြစ်ပြီး အရိုးထဲအထိစိမ့်နေအောင်မုန်းလင့်ကစား နှစ်ချို့နေသည့်ခင်မင်မှုကိုမဖြတ်တောက်နိုင်သေးပေ။ 


သူ့သူငယ်ချင်းဟောင်းက သူ့လက်ထဲတွင်ပင်သေသွားပါလျှင်...


 ထိုအသိစိတ်က ဖုယွမ်ကျိုးကိုကိုင်လှုပ်လိုက်၏။ သူအကြီးအကျယ်ထိတ်လန့်သွားခဲ့သည်။ လျှပ်စီးများကတဖျတ်ဖျတ်လက်နေပြီး နှလုံးသားကလေးလံနေသောကြောင့် သူ့တကိုယ်လုံးကိုအေးစက်လာစေခဲ့၏။


သူရှန်းရှီကောကို ရှေးဦးသူနာပြုနည်းဖြင့် နှလုံးပြန်ခုန်လာအောင်လုပ်ချင်သော်လည်း ဘယ်လိုလုပ်ရမှန်းမသိပေ။ ထို့ကြောင့် ကပျာကယာဖြင့် ရှန်းရှီကောရင်ဘတ်ကိုဖိထားကြည့်သည်။ ထင်သည့်အတိုင်း သူ့လက်တို့ကတုန်ယင်နေ၏။ ကယ်ဆယ်ရေးနည်းလမ်းကအလုပ်ဖြစ်သွား၍လား၊ ရှန်းရှီကောက သူ့အသံကိုကြားရ၍ပေလားမသိ။ သူကဖြည်းဖြည်းချင်းမျက်လုံးပွင့်လာခဲ့သည်။


၎င်း၏လည်ပင်းတွင် အစိမ်းရောင်နှင့်ညိုမည်းနေသည့်လက်ချောင်းရာများရှိနေသည်။  မျက်နှာကဖျော့တော့နေသော်လည်း ပြုံးနေပြီး ဖုယွမ်ကျိုးလက်ကိုကိုင်ကာပွတ်သပ်လိုက်သည်။ 


"နာနေလား..."


သူလည်ချောင်းနာနေ၍ အသံကခပ်အက်အက်ဖြင့်ဖြစ်နေသည်။ သို့သော်လည်း ယခုလေးတင်ကြုံတွေ့လိုက်ရသည့် သေခြင်းတရားကိုမကြောက်မိဘဲ ဖုယွမ်ကျိုးငိုလာမည်ကိုသာကြောက်နေမိလေသည်။


"ကိုယ်တောင်းပန်ပါတယ်...မငိုပါနဲ့ကွာ..."


သူတကယ်ကြီးငိုနေသည်ကိုတွေ့လိုက်ရသည့်အခါ ရှန်းရှီကောကချက်ချင်းထထိုင်လာသည်။ ဖုယွမ်ကျိုးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ကျောကိုပုတ်ပေးလာ၏။ 


"မင်းပျော်မယ်ထင်လို့ပါ..ကိုယ်မှားသွားပါတယ်...ကိုယ်မင်းကိုအဖော်လုပ်ပေးပါ့မယ်..."


အဆိုပါ မိုးသည်းနေသည့်ညကိုကြုံလိုက်ရပြီးသည့်နောက်ပိုင်း ဖုယွမ်ကျိုးသည် မိုးကြိုးပစ်သံများကို​ကြောက်တတ်လာသည်။ ညဘက်များဆိုလျှင်ပိုသိသာပြီး မိုးကြိုးပစ်သံကြားရတိုင်း သူကြောက်နေတတ်၏။


မိုးသည်းညတွင် သူ ရှန်းရှီကောကို သတ်ပစ်မိမလိုဖြစ်ခဲ့သည်။ မိုးကြိုးမုန်တိုင်းကျသည့်ညတွင် ဖုယွမ်ကျိုး၏အိပ်မက်ဆိုးတို့က ယောက်ယက်ခတ်နေတတ်သည်။ ရှန်းရှီကောသေသွားပြီဟုအိပ်မက်မက်တတ်ပြီး အိပ်မက်မှလန့်နိုးလာကာ မျက်လုံးဖွင့်လိုက်သည်နှင့် ရှန်းရှီကောအသက်ရှင်နေသေးရဲ့လားဟု လှည့်ကြည့်တတ်ပြီး ၎င်းကအသက်ရှူနေမှ ဆက်အိပ်နိုင်လေ၏။


ရှန်းရှီကောက သူ့ဘေးတွင်ရှိနေခဲ့သော်လည်း ထိုသူကိုမသတ်နိုင်ခဲ့ပေ။ ရှန်းရှီကောကို အချိန်မရွေးနေရာမရွေးမြင်နေရခြင်းက သူ့ကိုစိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးကျန်နေစေခဲ့သလိုပင်။ စိတ်ရှုပ်ထွေးမှုများနှင့် ဂရုလည်းမစိုက်နိုင်တော့ပေ။ သူပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း မိုးကြိုးမုန်တိုင်းကိုမကြုံတွေ့ရသေးသောကြောင့် ထိုကိစ္စကိုမေ့နေခဲ့မိခြင်းပင်။


ထိုအချိန်မှပင် သူမတော်တဆမှုဖြစ်ရသည့်အကြောင်းအရင်းက သူသိထားသည်ထက်ပိုနေပြီး သူ့အားပို၍ပင်ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။


သို့သော်လည်း ရှန်းရှီကောသူ့ကိုလက်ပြနေသည့်အခါ သူစိတ်အေးသွားရပြန်၏။ သူအကြောက်ရဆုံးလူက သူ့အားစိတ်ပေါ့ပါးစေခဲ့သည်။ အဆိုပါစိတ်ပိုင်းဆိုင်ရာလျော့ပါးသွားခြင်းက ဖုယွမ်ကျိုးကိုရှုပ်ထွေးသွားစေခဲ့သည်။ သူတဖက်လှည့်ကာပြတင်းပေါက်မှခွာမည်အပြု ရုတ်တရက် ခေါင်းမူးသည့်ဝေဒနာကပိုပြင်းထန်လာပြီး လဲကျသွားခဲ့လေသည်။